
Ep 838-842
အပိုင်း(၈၃၈)
ထျန်းယွင် တိုင်းပြည်
မြို့ပြင် ဂိတ်တံခါးမှာ အစောင့်နှစ်ဦးက မလှုပ်မယှက်နဲ့ တောင်များ သဖွယ် မြို့နံရံအနားမှာ မတ်တတ် ရပ်နေခဲ့ပါတယ်။ အဝင် အထွက် လူများရဲ့ တံဆိပ်ပြားများကို စစ်ဆေးတဲ့ အမှုထမ်း တစ်ယောက် ရှိနေပါသေးတယ်။ ဒီတံဆိပ်ပြားက ထျန်းယွင် တိုင်းပြည်အတွင်းမှာ အမျိုးမျိုးသော အဆင့်အတန်းများ ဖော်ပြလေ့ရှိသလို ရန်သူတိုင်းပြည်မှ ခိုးဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
ရဲ့ကျင်းချန်းလည်း မြင်းဇက်ကြိုးကို ဆွဲကိုင်ကာ ဂိတ်တံခါး အပြင်ဘက်မှာ ရပ်နေလိုက်ပါတယ်။ အစောင့်နှစ်ဦးက ရဲ့ကျင်းချန်းကို မှတ်မိသွားလို့ ထင်ပါတယ်… ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတယ်။
“အန်… အကြီးဆုံးရဲ့သခင်လေး၊ သခင်လေးက သူ့ခွင့်ပြုချက်မရဘဲ အကြီးဆုံး သခင်လေးကို ပေးဝင်ခွင့် မပြုဖို့ အမိန့်ပေးထားပါတယ်”
ရဲ့မိသားစုဟာ ထျန်းယွင် တိုင်းပြည်မှာ နံပါတ်၁ မဟာမျိုးနွယ်ဝင်ဖြစ်နေတော့ ရဲ့ကျင်းရွှမ် ၏ စကားက အစောင့်နှစ်ဦးအတွက်တော့ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရဲ့ကျင်းရွှမ်၏ ခွင့်ပြုချက် မရှိဘဲ ရဲ့ကျင်းချန်းကို မြို့တော်ထဲ ဝင်ခွင့် မပြုရဲဘူး။
ရဲ့ကျင်းချန်း၏မျက်နှာက တဖြည်းဖြည်းချင်း သုန်မှုန်လာပြီး သွေးအေးစွာ ပြောလိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ် ငါက ရဲ့မိသားစုဝင်။ ငါ့ကို မြို့ပြင်မှာ ပိတ်လှောင် တားဆီးတာကို ရဲ့မိသားစု သခင်က ကျေနပ်မယ်များ ထင်နေလား”
အစောင့်လည်း သရော်လိုက်တယ်။
“ခင်ဗျားကို ရဲ့မိသားစုထဲက မောင်းထုတ်လိုက်တာကို လူတိုင်းနီးပါး သိပါတယ်…ခင်ဗျားက ရဲ့မိသားစုဝင် မဟုတ်တော့ဘူး၊ မြို့တော်ထဲ ဝင်ခွင့် ပြုသင့် လား မပြုသင့်လားဆိုတာ ငါတို့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်… ငြင်းဆန်လို့လဲ ရပါတယ်”
ရဲ့ကျင်းချန်းလည်း မျက်မှောင်ကြုတ်ကာ သရော်လိုက်ပါတယ်။
“ဒါက ရဲ့မိသားစု အကြီးအကဲတွေ ဆုံးဖြတ်ထားတာ… ငါ့အဖေရဲ့ အမိန့် မဟုတ်ဘူး၊ ရဲ့မိသားစုထဲက ဖယ်ထုတ်တယ်လို့ ငါ့အဖေ အမိန့်မပေးသ၍ ငါက ရဲ့မိသားစုဝင်ပဲ”
အစောင့်က သူ့ကို မကျေလည်မှန်း သိသားလွန်းပါတယ်။ ထေ့ငေါ့သော စကားများ ပြောဖို့ ကြံရွယ်နေတုန်းမှာ သိပ်မဝေးတဲ့ တစ်နေရာမှ မြင်းခွာသံကို ကြားလိုက်ရပါတယ်။ ချက်ချင်းပဲ အားလုံးရဲ့ အကြည့်က အသံရဲ့ဇာစ်မြစ်ပေါ် ကျရောက်သွားတော့တယ်။
ကောင်းကင်ယံမှာ မြင်းခွာသံ ဖုန်မှုန့်များ မုန်တိုင်းထန်နေတော့တယ်။
ကျာပွတ်ကို တဖျတ်ဖျတ်လှုပ်ကာ မြင်းစီးလာတဲ့ အလွန်အမင်း ချောမောလှပသော မိန်းကလေးကို တွေ့လိုက်ရပါတယ်။ သူမရဲ့ အလှက သိမ်မွေ့တဲ့ အလှမျိုးတော့ မဟုတ်ဘူး၊ စစ်သူကြီးတစ်ဦးရဲ့ မဟာဆန်တဲ့ ပုံစံမျိုးပါ။
သူမ၏ ဝတ်စုံက ပါးလွှားတဲ့ ခရမ်းရောင် ပိုးထည် ဖြစ်နေတော့ လေမှာ တလွင့်လွင့် ဖြစ်နေပါတယ်။ မြို့ဂိတ်အနားကို ရောက်တော့ သူမလည်း အလျင်စလို မြင်းဇက်ကြိုးကို ဆွဲကာ ရပ်တန့်လိုက်ပါတယ်။။ တစ်ချိန်တည်းမှာပဲ သူမ၏ သက်တော်စောင့်များက သူမနဲ့ တပ်ကြပ်မကွာ လိုက်ပါလာပြီး ထိုက်တောင်ကဲ့သို့ သူမရဲ့ နောက်မှာ မားမားမတ်မတ် ရပ်တည်နေခဲ့ပါတယ်။
ထိုအမျိုးသမီးကို တွေ့တော့ ရဲ့ကျင်းချန်းမှာ အသက်ရှူနှုန်း ရပ်တန့် သွားရပါပြီး သူ့လက်ထဲမှ မြင်းဇက်ကြိုးကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပါတယ်။
ထျန်းယွင် တိုင်းပြည်ရဲ့ နံပါတ်၁ အလှလေး ကျန်းမုံ့ယောင်ပါ။ တော်ဝင်မြို့တော် တစ်ခုလုံးမှာ နံပါတ်၁ ပါရမီရှင်လည်း ဖြစ်နေပြန်ပါတယ်။ ပါရမီရှင် လူငယ်လေးများ၏ ရည်ရွယ်သူလို့လဲ ပြောလို့ ရပါတယ်။
ဒါပေမဲ့လည်း နံပါတ်၁ အလှလေးက ရဲ့ထန်ဝမ်ကို ရွေးချယ်ခဲ့တော့ ရဲ့ကျင်းရွှမ်အတွက် ကြွားလုံးထုတ်စရာ အခြေခံ အကြောင်းအရာ ဖြစ်လာတာပေါ့။
“ရဲ့ကျင်းချန်း… ရှင် ပြန်လာရဲမယ်လို့ မထင်ခဲ့မိဘူး”
ကျန်းမုံ့ယောင်လည်း ပြုံးကာ သုန်မှိုင်သော မျက်ဝန်းများဖြင့် ရဲ့ကျင်းချန်းတို့ ဇနီးမောင်နှံကို ကြည့်နေလိုက်ပါတယ်။
“အရင်တုန်းကလည်း ကျွန်မရဲ့ တော်ဝင်ဒေါ်လေးကို ငြင်းဆန်ပြီး ကျွင်းဖန်လျန်ကို ရွေးခယ်ခဲ့တာ နောင်တ ရမိရဲ့လား”
ကျန်းမုံ့ယောင်၏ ခပ်မာမာ အပြောကြောင့် ရဲ့ကျင်းချန်းလည်း သွေးအေးစွာ သရော်လိုက်ပါတယ်။ သူ့အသံက တုန်လှုပ်ခြင်း အလျင်မရှိဘဲ ဆုံးဖြတ်ချက် ခိုင်မာနေပါတယ်။
“ငါ့အတွက်တော့ ကျွင်းအာက ငါ့ဘဝနဲ့ ရင်းပြီး ကာကွယ်ပေးချင်တဲ့ ဇနီး၊ သူမကို ဘယ်သူမှ မယှဉ်နိုင်ဘူး”
ထျန်းယွင် တိုင်းပြည်ရဲ့ တော်ဝင်ကြင်ယာတော် ဖြစ်တော့လဲ ဘာလုပ် ရမှာလဲ။ သူက ဒီရာထူး ဂုဏ်ပုဒ်ကို တန်ဖိုး မထားပါဘူး။
သူ့နှလုံးသားကို ပိုင်ဆိုင်တဲ့ မိန်းကလေးက ကျွင်းအာ… သူ့နှလုံးသားကလဲ သူမတစ်ယောက်တည်းကိုပဲ လိုအပ်ပါတယ်။
“ကောင်းပြီလေ…အနာဂတ်မှာ ဒီစကားမျိုး ဆက်ပြောနိုင်ဖို့ မျှော်လင့်ပါတယ်”
ကျန်းမုံ့ယောင်လည်း သွေးအေးစွာ ပြုံးလိုက်ပြီး မြို့ဂိတ် အစောင့်ဘက် လှည့်ကြည့်လိုက်ပါတယ်။
“ရှင်က တော်ဝင်မြို့တော်ကို ပြန်လာတော့လဲ ဝင်ခွင့် ပြုရတာပေါ့… မြို့တော်မှာ ဘယ်လိုမျိုး ပြဿနာ ရှာမလဲ ကြည့်ရတာပေါ့”
ဒီစကားကို ပြောပြီးနောက် ကျန်းမုံ့ယောင်လည်း သူမလက်ထဲမှာ ရှိနေတဲ့ ကျာပွတ်ကို ဝေ့ယမ်းကာ ထေ့ငေါ့သော စကားများကို ချန်လှပ်ခဲ့ပါတယ်။
“ရဲ့ကျင်းချန်း၊ ကျွင်းဖန်လျန်… ရှင်တို့တွေ ကျွန်မကို ကျေးဇူးတင်သင့်တယ်… ကျွန်မ မရှိရင် တော်ဝင်မြို့တော်ထဲ ဝင်ခွင့် ရမှာ မဟုတ်ဘူး”
***
အပိုင်း(၈၃၉)
အစမှ အဆုံးအထိ ကျန်းမုံ့ယောင်က ယွမ်လော့ဖုန်းနဲ့ တခြားသူများကို လုံးဝကို မကြည့်ခဲ့ပါဘူး။ တခြားသူများက သူမရဲ့ အကြည့်နဲ့ မထိုက်တန်ဘူးလို့ တွေးထင်နေပုံပဲ။
ရဲ့ကျင်းချန်းလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ကာ ပထမဆုံးအကြိမ် အာဏာကင်းမဲ့သလို ခံစားရပါတယ်။
“အစ်ကို”
ကျွင်းဖန်လျန်လည်း မျက်ခုံး ပင့်လိုက်ပါတယ်။
“သူ့စကားကို ဂရုစိုက်မနေပါနဲ့ အစ်ကိုရယ်၊ ကျန်ခဲ့တဲ့ နှစ်တွေမှာ ဒီထက်ပိုဆိုးရွားတဲ့ ထေ့ငေါ့မှုတွေကို ကျွန်မတို့တွေ ကြုံတွေ့ခဲ့ ပြီးပါပြီ…ကျွန်မက သာမန်လူတွေရဲ့ အကြည့်ကို ဂရုမစိုက်ပါဘူး၊ အစ်ကိုနဲ့ အတူတူ ရှိခွင့် ရရင် ကျွန်မက ဘာဆိုဘာမှ မကြောက်လန့်ပါဘူး”
သူမရဲ့စကားက ရဲ့ကျင်းချန်း၏နှလုံးသားကို ပိုနာကျင်စေသော်လည်း သူ ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ ဘာလိုပဲ ဖြစ်ဖြစ် သူ ပိုင်ဆိုင်ခဲ့တဲ့ အခွင့်အာဏာကို ပြန်ယူမယ်။ ဘယ်သူမှ သူ့ဇနီးကို စော်ကား မော်ကား ပြောဆိုခွင့် မပြုနိုင်ပါဘူး။
“မကျေမနပ် ပြောဆိုသံ”
ရဲ့ချီလည်း မြေကြီးပေါ် တံထွေး ထွေးချလိုက်ပါတယ်။ သူမရဲ့မျက်နှာက ဒေါသစိတ်ကြောင့် နီရဲတွတ်နေခဲ့ပါတယ်။
“ဘဝင်မြင့်နေတဲ့ ကျန်းမုံ့ယောင်နဲ့ ဂြိုလ်ကောင် ရဲ့ထန်ဝမ်တို့က လိုက်ဖက် လွန်းပါတယ်”
အရင်တုန်းကဆိုရင်တော့ ရဲ့ရှီမို့က ရဲ့ချီကို သေချာပေါက် ပြစ်တင် ပြောဆိုမိမှာပါ၊ ဒါပေမဲ့ ဒီနေ့တော့ ထူးထူးဆန်းဆန်း စကားတစ်ခွန်းမှ ဝင်မပြောတော့ပါဘူး။ ရဲ့ချီ ပြောလိုက်တဲ့ စကားက သူပြောချင်နေတဲ့ စကား ဖြစ်နေလို့ပါ။
“သွားမယ်”
ရဲ့ရှီမို့လည်း သူ့နှလုံးသားထဲမှ ဒေါသစိတ်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပါတယ်။၊ သူ့မျက်ဝန်းများက အေးတိအေးစက် ဖြစ်နေတာပေါ့။
“ရဲ့မြို့တော်ကို ပြန်ရောက်တဲ့ အချိန်အထိ စောင့်ဆိုင်းနေလိုက်… ငါတို့ကို စော်ကားမော်ကား ပြောဆိုသူတိုင်းကို တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းမယ်”
ကျန်းမုံ့ယောင်၏စကားကြောင့် မြို့စောင့် နှစ်ဦးက သူတို့ကို မတားဆီးတော့ဘဲ မြို့တံခါးကို ဖြတ်ကျော်ခွင့် ပေးလိုက်ပါတယ်။
ရဲ့အိမ်တော်…
ပင်မ ခန်းမဆောင်အတွင်းမှာ ရဲ့ကျင်းရွှမ်က စားပွဲခုံကို လက်ဝါးဖြင့် ရိုက်ချပြီး မတ်တတ် ထရပ်လိုက်ပါတယ်။ သူ့နဖူးမှာ သွေးပြန်ကြောများ အတိုင်းသား ပေါ်နေပါတယ်။
“မျိုးမစစ်ကောင် ရဲ့ကျင်းချန်း… ရဲ့မိသားစုကို ပြန်လာရဲသေးတယ်၊ သူ့ကို ဖိတ်ကြားဖို့ လူလွှတ်တုန်းက မလာဘဲ ခေါ်ဖို့သွားတဲ့လူကို ရိုက်နှက် ပြန်လွှတ်လိုက်ပြီးတော့… အခုတော့ ကိုယ့်သဘောနဲ့ ကိုယ် ပြန်လာတယ်… ဒါက ဘာသဘောလဲ”
ဒီအကြောင်းကို တွေးလေလေ… ပိုပြီးတော့ ဒေါသ ထွက်လာရပါတယ်။ သူ့ဘက်က အကြိမ်ပေါင်းများစွာ ချင့်ချိန် စဉ်းစားခဲ့လို့သာ အမြဲတမ်း ရဲ့ကျင်းချန်းကို စောင့်ကြည့်ဖို့ လူလွှတ်ထားခဲ့တာ…။
“အဖေ”
ရဲ့ထန်ဝမ်လည်း ရဲ့ကျင်းရွှမ်ကို တစ်ချက်မျှ ကြည့်လိုက်ပါတယ်။ ရက်စက် ယုတ်မာမှုများက သူ့မျက်ဝန်းမှာ ဖြာလဲ့နေခဲ့ပါတယ်။
“ကျွင်းဖန်လျန်ရဲ့ ပျောက်ဆုံးနေတဲ့ သားလဲ သူတို့နဲ့အတူတူ ပြန်လာတယ် ကြားတယ်”
“ဟွန့်”
ရဲ့ကျင်းရွှမ်လည်း သရော်လိုက်ပါတယ်။
“သူလည်း မျိုးမစစ်ကောင်၊ ရဲ့ကျင်းချန်းက အမှန်အကန်ကို လိပ်ကြီး၊ မျိုးမစစ်ကောင်ကို မွေးထားတဲ့ မိန်းမပျက်ကို လက်ထပ်ခဲ့သေးတယ်၊ သူလို့ လူမျိုးက ရဲ့မိသားစု မျိုးဆက် ဖြစ်ဖို့ မထိုက်တန်ဘူး၊ ကျက်သရေတုံးလွန်းတယ်”
ဒီကုန်းမြေစုမှာ အမျိုးသားများက ကိုယ်လုပ်တော်များ ယူခွင့် ရှိပြီး ဇနီးနှစ်ယောက်လည်း ထားခွင့် ရှိပါသေးတယ်။ဒါပေမဲ့ အမျိုးသမီးများက ဒီလိုလုပ်ဆောင်ခွင့် မရှိဘူး။ အမျိုးသမီးများက ခင်ပွန်းသည်ကို သေသည်အထိ သစ္စာစောင့် သိရပါမယ်။ သူတို့တွေ ကွာရှင်းခဲ့ရင်တောင် သူမ တစ်ဘဝလုံး တစ်ကိုယ်တည်း နေထိုင် ရပါမယ်။
“ဘကြီး ဘာတွေများ တွေးနေလဲ နားမလည်နိုင်ဘူး၊ အရင်တုန်းက တော်ဝင်မင်းသမီးက သူ့ကို လက်ထပ်ချင်ခဲ့လည်း ငြင်းပယ်ပြီး မိန်းမပျက်ကို လက်ထပ် သွားခဲ့တယ်၊ တော်ဝင်မင်းသမီးကလည်း လက်မထပ်ဘဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာ သူ့ကို စောင့်မျှော်နေတာလား”
ရဲ့ကျင်းရွှမ်လည်း သရော်ပြုံး ပြုံးလိုက်ပါတယ်။
“သူက မင်းသမီးကြင်ရာတော် ဖြစ်ခဲ့ရင် ဒီနေ့လို အခြေအနေမျိုး ငါ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး၊ ရဲ့ကျင်းချန်းက တုံးအလွန်းပါတယ်… ကောင်းမွန်တဲ့ ကြင်ရာတော် ရာထူးကို စွန့်လွှတ်ပြီး မိန်းမပျက်ကို ရွေးချယ်သွားတယ်”
“အဖေ ကျွန်တော် ကြားထားတာတော့ မျိုးမစစ်ကောင်မှာလဲ စေ့စပ်ထားတဲ့ မိန်းကလေး ရှိတယ် ကြားတယ်… အဲဒီမိန်းကလေးက မင်းသမီးကျန်းမုံ့ယောင်ထက် လှပချောမောတယ်တဲ့”
ရဲ့ထန်ဝမ်မျက်နှာဟာ သုန်မှုန်နေခဲ့ပါတယ်။
သူလည်း မျိုးမစစ်ပဲ… ဒါပေမဲ့ အလှလေးက သူ့ရင်ထဲ သူမရဲ့ဆန္ဒအလျောက် ခိုလှုံခဲ့တယ်။ သူမ ကန်းနေလို့လား။
“လှပချောမောတော့လဲ ဘာဖြစ်လဲ”
သူ့သားစကားက သူ့စိတ်ဘဝင်ကို မကြည်ရွှင် စေပါဘူး။ သူ့မျက်နှာက ချက်ချင်း ရှုံ့မဲ့ သွားတော့တယ်။
“လှပ ချောမောလဲ မင်းသမီးမုံံ့ယောင်နဲ့ ယှဉ်လို့ မရပါဘူး၊ ဝမ်အာ… မင်းအဲလို မိန်းကလေးကို စိတ်ဝင်စားလို့ မရဘူးနော်၊ မင်းက ရဲ့အိမ်တော် ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ… မင်းသမီးမုံ့ယောင်သာ မင်းနဲ့ လိုက်ဖက်ညီတယ်”
***
အပိုင်း(၈၄၀)
ရဲ့ထန်ဝမ်လည်း ခေါက်ထားတဲ့ ယပ်တောင်ကို ဖြန့်လိုက်ပါတယ်။
“အဖေ…စိတ်မပူပါနဲ့… ကျွန်တော်က လှပတဲ့ မိန်းမပျိုလေးတွေကို စွဲလမ်းတတ်သူ မဟုတ်ပါဘူး၊ ကျွန်တော် ဘာကို လိုချင်မှန်း ကျွန်တော် သိပါတယ်၊ အသုံးမဝင်တဲ့ မျိုးမစစ်ကောင်ကို သဘောကျ နှစ်ခြိုက်တဲ့ မိန်းကလေးအတွက် စိတ်မကောင်း ဖြစ်မိလို့ပါ”
“ကျွန်တော် ကြားမိတာတော့ မျိုးမစစ်ကောင်က စိတ်စွမ်းအား မကျင့်ကြံနိုင်လို့ သူတို့ကလန်ထဲက မောင်းထုတ်ခံရတယ်တဲ့”
မျိုးမစစ်ကောင်က လှပတဲ့ မိန်းကလေးကို ပိုင်ဆိုင်ဖို့ မထိုက်တန်ပါဘူး။ အကျည်းတန်တဲ့ မိန်းကလေးပဲ သူနဲ့ လိုက်ဖက် ညီတယ်။
ရဲ့ကျင်းရွှမ်လည်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။
“ရဲ့မိသားစု သူလျှိုတွေ ပြောတာတော့ မင်းသမီးမုံ့ယောင် ပြန်လာ နေပြီတဲ့… မင်း သူမကို သွားရောက် တွေ့ဆုံသင့်တယ်… ပြီးတော့ အဖေ ကြားထားတာတော့ ဧကရီ နေမကောင်းလို့ မင်းသမီးမုံ့ယောင်က သူမအတွက် ဆေးမြစ် သွားရှာတာတဲ့၊ ဒါမှလည်း ဧကရီရဲ့ ရောဂါကို ကုသပေးနိုင်မှာလေ၊ ငါတို့ ရဲ့မိသားစုမှာ နှစ်တစ်ထောင် သွေးချင်းဆင်း ရှိတော့ မင်းသမီးမုံ့ယောင်ကို လက်ဆောင် ပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ အဖေ”
ရဲ့ထန်ဝမ်လည်း ခေါင်းငုံ့ကာ ခွန်းတုံ့ပြန် လိုက်ပါတယ်။
***
ရဲ့ဝမ်ထန်က အဝေးကို ထွက်ခွာသွားပြီး သိပ်မကြာခင်မှာဘဲ တံခါးအပြင်ဘက်မှ စကားပြောသံများကို ကြားလိုက်ရပါတယ်။ ရဲ့ကျင်းချန်းက ခပ်တိုးတိုး ပြောနေသော်လည်း ကြားဖြစ်အောင် ကြားလိုက် ရပါသေးတယ်။
ရဲ့ကျင်းရွှမ်၏မျက်နှာက မည်းမှောင်သွားပြီး တုန်လှုပ် ချောက်ချားဖွယ် ကောင်းအောင် ပြုံးလိုက်ပါတယ်။ ဘာဆိုဘာမှ မတွေးတောဘဲ ပင်မဆောင် အပြင်ဘက်ကို ထွက်လာလိုက်ပါတယ်။
ခြံဝင်းအတွင်းမှာ ရဲ့ကျင်းချန်း၏ မျက်ဝန်းများက သူ့ဒေါသစိတ်ကို ဖော်ပြနေလေရဲ့။ အေးစက်သော မျက်ဝန်းများက ပင်မဆောင်ထဲမှ ထွက်လာတဲ့ အမျိုးသားကို မဖော်မရွေ ကြည့်နေခဲ့ပါတယ်။
“ရဲ့ကျင်းရွှမ်… မင်း ဘာသဘောလဲ၊ ငါ့ကို ဝင်ထွက်ခွင့် ပိတ်ပင်ထားရဲတယ်၊ ငါက မင်းရဲ့ အစ်ကိုကြီးဆိုတာ မမေ့ပါနဲ့”
ရဲ့မိသားစု ငြိမ်းချမ်းဖို့အတွက် သူ့ဒေါသစိတ်ကို နှစ်ပေါင်းများစွာ ကြာညောင်းသည့် တိုင်အောင် မျိုသိမ်ခဲ့ ရပါတယ်။ ဒီတစ်ကြိမ်တော့ သူ ပိုင်ဆိုင်သင့်တဲ့ အရာများကို အလွယ်တကူ မစွန့်လွှတ်တော့ပါဘူး။ သူ ပိုင်ဆိုင်သင့်တာကို ပြန်လည် ရယူတော့မယ်။
ရဲ့ကျင်ရွှမ်လည်း မဲ့ရွဲ့လိုက်ပါတယ်။
“အစ်ကိုကြီး… ကျွန်တော့်ကို အထင်လွဲမှားနေပြီ။ ဝင်ထွက်ခွင့်ကို ကျွန်တော် မပိတ်ခဲ့ပါဘူး။ အစ်ကို တစ်ဘဝလုံး ရဲ့အိမ်တော်ကို ထပ်မလာတော့ဘူးလို့ ပြောခဲ့တာ အစ်ကို ကိုယ်တိုင်ပါ၊ ရဲ့မိသားစု အစောင့်တွေက အစ်ကို့ရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးတာပါ”
ပြောချင်တာက ဝင်ထွက်ခွင့်ကို ပိတ်ပင် တားဆီးတာ ရဲ့ကျင်းရွှမ် မဟုတ်ဘဲ သူကိုယ်တိုင်လို ပြောချင်တာလား။
ရဲ့ကျင်းချန်းလည်း အေးတိအေးစက် ပြောလိုက်ပါတယ်။
“ရဲ့မိသားစုထဲက ငါ ထွက်သွားရတဲ့ အကြောင်းအရင်းကို မမေ့ပါနဲ့၊ ကျွင်းအာကို မင်းတို့ကို နှိပ်စက်ခဲ့လို့ ငါ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာ”
“အစ်ကိုကြီးတို့ ပြန်လာချင်လည်း ကျွန်တော့်အတွက်တော့ သိပ် ကိစ္စမရှိပါဘူး၊ ဒါပေမဲ့…”
ကျွင်းဖန်လျန်ရဲ့ ဘေးနားမှာ ရပ်နေတဲ့ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ကို ကြည့်ကာ ချောက်ချားဖွယ် ကောင်းအောင် ပြုံးလိုက်ပါတယ်။
“ဒီလူတွေက ရဲ့မိသားစုဝင် မဟုတ်ဘူး၊ သူတို့က ရဲ့အိမ်တော်ကို ဝင်ရောက်ဖို့ အခွင့်အရေး မရှိဘူး”
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။ သူမရဲ့မျက်ဝန်းနက်များက ကြည်လင် ရှင်းသန့်နေခဲ့တယ်။
“ရဲ့ကျင်းချန်းက ငါ့ယောက္ခမ ဆိုတော့ ယွမ်ရှောင်နဲ့ ငါက ဘာကြောင့်များ ရဲ့အိမ်တော်ကို မဝင်နိုင်စရာ အကြောင်း ရှိလို့လဲ”
“ဟား…”
ရဲ့ကျင်းရွှမ်လည်း သရော်လိုက်ပါတယ်။
“ဒီမျိုးမစစ်က ကျွင်းဖန်လျန်နဲ့ တခြားယောက်ျား မွေးထားတဲ့သား ဆိုတာ သိတဲ့လူ အများကြီးပါ၊ ငါတို့ ရဲ့မိသားစုက ဒီမျိုးမစစ်ကောင်ကို လက်မခံနိုင်ဘူး၊ အခုချက်ချင်း ထွက်သွားလိုက်စမ်းပါ”
“ဟောင်ဟောင်”
ယွမ်လော့ဖုန်းလည်း အော်ခေါ်လိုက်တယ်။
ချက်ချင်းပဲ အနီရောင်ဝတ်ရုံနဲ့ မိန်းကလေး ရောက်ရှိလာတယ်၊ အလင်းကဲ့သို့ လျင်မြန်သောနှုန်းနဲ့ ရဲ့ကျင်းရွှမ် အရှေ့ကို ရောက်ရှိသွားကာ ပါးရိုက်လိုက်တော့တယ်။ ဖြန်းခနဲ အသံနဲ့အတူတူ အရိုက်ခံရသူမှာ တုံ့ပြန်ဖို့ အချိန်လေးတောင် မရလိုက်ပါဘူး။
အသိစိတ် ပြန်ဝင်လာတော့ ရဲ့ကျင်းရွှမ်၏မျက်ဝန်းမှာ ဒေါသများ ဖုံးလွှမ်း သွားတော့တယ်*
“ငါ့ကိုများ ရိုက်ရဲတယ်… အတင့်ရဲလှချည်းလား… ကောင်မစုတ်လေး နှစ်ယောက်ကို ချက်ချင်း ဖမ်းချုပ်ဖို့ ငါ အမိန့်ပေးတယ်”
ရဲ့ကျင်းချန်းက အေးအေးလူလူ မတ်တတ် ရပ်နေပြီး တစ်ချက်လေးတောင် မလှုပ်ပါဘူး။
“တော်လွန်းတယ်… အံ့ဩဖို့ ကောင်းလွန်းပါဘိ…ရဲ့မိသားစုကို သစ္စာဖောက်တဲ့ စည်းကမ်းဖောက်ဖျက်သူကို ချုပ်နှောင်စမ်း”
***
အပိုင်း(၈၄၁)
ယွမ်လော့ဖုန်းကသာ ဟောင်ဟောင်ကို အမိန့်ပေးခဲ့တာပါ… ဒါပေမဲ့ သူ့နှုတ်မှာတော့ ရဲ့ကျင်းချန်းကို မိသားစု သစ္စာဖောက်လို့သာ သုံးနှုန်းခဲ့တယ်။ အစောင့်အားလုံးက တစ်ယောက်ကို တစ်ယောက် မသေချာ မရေရာစွာ ကြည့်ရင်း လှုပ်တောင် မလှုပ်ရဲရှာဘူး။
ရဲ့ကျင်းချန်းကို ရဲ့မိသားစုမှ ကန်ထုတ်ခဲ့သော်လည်း သူက ရဲ့မိသားစု၏ သခင်လေး ဖြစ်နေတုန်းပါ။သူတို့ရဲ့ အတင်းတွန်းအားပေးပြီး ရန်လုပ်ရဲပါ့မလား။
မလှုပ်မယှက် ရပ်နေတဲ့ အစောင့်များကို ကြည့်ရင်း ရဲ့ကျင်းရွှမ်မှာ ပို ဒေါသ ဖြစ်လာရပါတယ်။ ထိုအချိန်မှာ ယွမ်လော့ဖုန်းရဲ့ လေးတိလေးတွဲ အသံကို ကြားလိုက်ရပါတယ်။
“ရှင့်ကို ရိုက်တော့ ဘာဖြစ်လဲ… ရှင်က ရဲ့မိသားစု မျိုးဆက်ကို သိက္ခာ ကျဆင်းစေတော့ ရိုက်သင့်တယ်”
ရဲ့ကျင်းရွှမ်မှာ တအံ့တဩ ဖြစ်သွားရပါတယ်။
“မင်း… မင်း ဘာပြောချင်တာလဲ”
“ပြောချင်တာက ရှင်းပါတယ်… ယွမ်ရှောင်က ရဲ့ကျင်းချန်းရဲ့ သားအရင်း”
ဝုန်း…
နေသာတဲ့ နေ့မှာ မိုးကြိုးပစ်ချလိုက်သလိုပါပဲ ရဲ့ကျင်းရွှမ်မှာ ကြောင်တောင်တောင် ဖြစ်သွား ရပါတယ်။ ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပါတယ်။ ယွမ်ရှောင်ရဲ့ အဖေက ဘယ်သူလဲဆိုတာ တခြားသူက သူတို့ထက် ပိုသိပါ့မလား။ ရှောင်အိမ်တော်မှ ထွက်ခွာ လာပြီးမှ ရဲ့ကျင်းချန်းနဲ့ ဆုံတွေ့ခဲ့တာပါ။ ယွမ်ရှောင်က သူ့သား ဖြစ်နိုင်ပါ့မလား။
“ဖုန်းအာ…”
ကျွင်းဖန်လျန်လည်း ဆက်မပြောဖို့ ဟန့်တားလိုက်ပါတယ်။
အခုအချိန်အထိ ယွမ်ရှောင်က တည်ငြိမ်နေတုန်းပါ။ သူ့အတွက်တော့ ယွမ်လော့ဖုန်းကို အကြွင်းမဲ့ ယုံကြည်ထားတယ်။
“မဖြစ်နိုင်ဘူး၊ လုံးဝကို မဖြစ်နိုင်ဘူး”
ရဲ့ကျင်းရွှမ်မှာ နောက်ကို ခြေနှစ်လှမ်း ဆုတ်သွား ရပါတယ်။
“မျိုးမစစ်ကောင်က အစ်ကို့ရဲ့ ကလေး ဖြစ်နိုင်ပါ့မလား… သူက လုံရှောင်ကုန်းမြေစုကလူ”
ယွမ်လော့ဖုန်းလည်း ရဲ့ကျင်းရွှမ်အနား ခြေနှစ်လှမ်း တိုးလိုက်ပါတယ်။
“လုံရှောင်တိုင်းပြည်မှာ အဖေတို့ ချစ်ကြိုက်ပြီး ယွမ်ရှောင်ကို မွေးဖွားလာတာ ရှင် မသိဘူးမလား၊ ကျွန်မရဲ့ စကားကို သက်သေပြဖို့က လွယ်ကူပါတယ်… သွေရင်းသားရင်း စစ်ဆေးကြည့်ပြီး သက်သေပြလို့ ရပါတယ်”
ရက်စက် ယုတ်မာမှုများကို သူ့မျက်ဝန်းမှာ မြင်နေ ရပါတယ်။ သူတို့ကို သားကို ထိခိုက်မှာ စိုးရိမ်လို့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ခြင်းလား။
ရဲ့ကျင်းရွှမ်က ယွမ်လော့ဖုန်း၏ စကားကို ယုံကြည်သွားမှန်း သိသာ ထင်ရှား လွန်းပါတယ်။ သူမက သွေးရင်းသားရင်း စစ်ဆေးဖို့တောင် ပြောနေပြီဆိုတော့ အလိမ်အညာ မဖြစ်နိုင်ပါဘူး။
ကျွင်းဖန်လျန်မှာ စိုးရိမ် ဗျာပါဒ များလာရပါတယ်။ စစ်ဆေးကြည့်ရင် ယွမ်ရှောင်က သူ့သား မဟုတ်မှန်း သိသွားနိုင်တယ်။ အဲအခါမှ ပြဿနာကို ဖြေရှင်းဖို့ ခဲယဉ်းသွားနိုင်တယ်။
သူမရဲ့ အတွေးစိတ်မှာ ကြားလိုက်ရတဲ့ အသံကြောင့် မှင်တက်သွားရတယ်။
“စိတ်မပူပါနဲ့… အမေ ပိုင်ဆိုင်တာကို ပြန် ရယူပေးမယ်”
ကျွင်းဖန်လျန်လည်း တအံ့တဩ မော့ကြည့်လိုက်တော့ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရပါတယ်။
စိတ်စွမ်းအား ကူးပြောင်းမှု…
ချွေးမလေးနဲ့ ပတ်သက်ပြီး မသိသေးတဲ့ ကိစ္စလေးတွေ ရှိနေသေးတာပဲ။
“ငါအခု အကြီးအကဲတွေနဲ့ ဆွေးနွေးလိုက်ဦးမယ်၊ စမ်းသပ်ဖို့ကို နောက်နေ့မှ သတ်မှတ်မယ်”
ရဲ့ကျင်းရွှမ်လည်း ယွမ်လော့ဖုန်းကို သံသယ မျက်ဝန်းများဖြင့် ကြည့်လိုက်ပါတယ်။
“မျိုးမစစ်ကောင်က ငါ့အစ်ကိုရဲ့သား မဟုတ်ရင်တော့ မင်းတို့တွေ ထွက်သွားရမယ်”
ထိုစကားကို ပြောလိုက်ပြီးနောက် ရဲ့ကျင်းရွှမ်လည်း ထွက်ခွာ သွားတော့တယ်။
ခြံဝင်းအတွင်းမှာ ယွမ်လော့ဖုန်းတို့ အုပ်စုပဲ ကျန်ခဲ့သော်လည်း စိတ်မချရလို့ အတားအဆီး အစီအရင် ချထားလိုက်ပါတယ်။ အပြင်မှ တခြားသူတွေက သူမတို့ ပြောထားကို ကြားနိုင်မှာ မဟုတ်ဘူး။
“အဖေနဲ့ အမေမှာ မေးစရာ အများကြီး ရှိတယ်မလား… အခု မေးလို့ ရပါပြီ”
ယွမ်လော့ဖုန်းလည်း ပခုံး တွန့်လိုက်ပါတယ်။
“မေးသမျှကို ဘယ်သူမှ ကြားနိုင်မှာ မဟုတ်ဘူး။
ရဲ့ကျင်းချန်းတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တယ်။
“ရဲ့အိမ်တော်မှာ အေးအေးဆေးဆေး နေထိုင်လို့ ရအောင် လုပ်ခဲ့ပေးမယ်… အမှန်တကယ် သွေးရင်းသားရင်း စစ်ဆေးရင် ဘယ်လို ရင်ဆိုင်မလဲ”
***
အပိုင်း(၈၄၂)
ယွမ်လော့ဖုန်းလည်း ပြုံးနေလိုက်ပါတယ်။
“ကျွန်မက သမားတော် တစ်ယောက်ဆိုတာ မမေ့သင့်ပါဘူး… သွေးနှစ်ခုရော သွားရင် သူတို့တွေ ငြင်းဆန်လို့ မရတော့ဘူး၊ သွေးရင်းသားရင်း စစ်ဆေးမှုက ပြဿနာ မရှိဘူး”
ကျွင်းဖန်လျန်လည်း ပြန်မမေးခင်မှာ အချိန် အကြာကြီး တိတ်ဆိတ်နေမိပါတယ်။
“ဖုန်းအာ… သမီး ဒီလိုတွေ လျှောက်လုပ်နေတာ အမေတို့ရဲ့ မမွေးဖွားရသေးတဲ့ ကလေးကို ကာကွယ်ပေးချင်လို့လား”
ဒီကောင်မလေးက ဉာဏ်ကောင်းတော့ ကျွင်းဖန်လျန်က ကိုယ်ဝန်ကိစ္စကို ဖော်ပြချင်တာကို မခန့်မှန်းမိဘဲ နေပါ့မလား။ သူမ ဒီလိုလုပ်ရင် ကျွင်းဖန်လျန်နဲ့ အပေါင်းအပါတွေက သူမကို အသက်ချမ်းသာခွင့် ပြုမှာ မဟုတ်ဘူး။
“ဟုတ်ပါတယ်”
ယွမ်လော့ဖုန်းလည်း မငြင်းဆန်ပါဘူး။
“ဖုန်းအာ… သမီး ဒီလိုလုပ်ပေးဖို့ မလိုအပ်ပါဘူး… ရှောင်အာနဲ့ သမီးကလည်း အမေ့အတွက် အရေးကြီးတယ်၊ သမီးတို့ကို မစွန့်စား စေချင်ဘူး၊ အမေ့ကြောင့် သမီးတို့ ဒုက္ခရောက်မှာကို စိတ်အေးချမ်းစွာ နေနိုင်ပါ့မလား”
ယွမ်လော့ဖုန်းလည်း ကျွင်းဖန်လျန်ရဲ့ ဝမ်းဗိုက်ကို သူမရဲ့ လက်ချောင်းများကို ခပ်ဖွဖွလေး ပွတ်သပ်ရင်း ပြုံးလိုက်ပါတယ်။
“ရဲ့မိသားစုကို ရင်ဆိုင်တိုက်ခိုက်ပေးတာက ကျွန်မရဲ့ မမွေးဖွားရသေးတဲ့ မောင်လေး၊ ညီမလေးကို လက်ဆောင်ပေးတာပါ”
မောင် နဲ့ ညီမ ဟုတ်လား။
ကျွင်းဖန်လျန်နဲ့ ရဲ့ကျင်းချန်းလည်း ပျော်ရွှင်မြူးထူးသော မျက်ဝန်းများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တယ်။
“သမီးရဲ့အမေက လိင်မတူညီတဲ့ အမွှာကို ကိုယ်ဝန်ဆောင် ထားတယ်လို့ သမီး ပြောချင်တာလား”
ရဲ့ကျင်းချန်းမှာ ပျော်ရွှင်လွန်းလို့ ကျွင်းဖန်လျန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှိုက် လိုက်ပါတယ်။
“အမှန်ပါပဲ”
ယွမ်လော့ဖုန်းလည်း သူမရဲ့ မျက်ခုံးကို မသိမသာ ပင့်တင်လိုက်တယ်။
“အမေက အခု ကလေးနဲ့ဆိုတော့ ခန္ဓာကိုယ် ကျန်းမာပြီး စိတ်ချမ်းသာမှ ဖြစ်မယ်၊ ယွမ်ရှောင်နဲ့ ကျွန်မ အတွက် စိတ်မပူလေနဲ့၊ ရဲ့မိသားစုမှာ သူတော်စင် အဆင့် ကျင့်ကြံသူ မရှိရင်တော့ ကျွန်မတို့အတွက် အန္တရာယ် မရှိဘူး”
အမှန်ပြောရရင် သူမကိုယ်တိုင်လည် ယွမ်ရှောင် ရောက်ရှိနေတဲ့ စိတ်စွမ်းအား အဆင့်ကို မသိပါဘူး။ ဒါကြောင့်လည်း သူတော်စင် အဆင့် ကျင့်ကြံသူကို ယွမ်ရှောင်က ရင်ဆိုင်နိုင်လား သူမ မသိပါဘူး။ ရဲ့မိသားစုမှာ သူတော်စင် အဆင့် ကျင့်ကြံသူ မရှိရင်တော့ ယွမ်ရှောင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။
ကျွင်းဖန်လျန်ရဲ့ ကျင့်ကြံဆင့်က သိပ်မဆိုးရွားသော်လည်း အခုအချိန်မှာ ကိုယ်ဝန်နဲ့ဆိုတော့ ခွန်အား ယုတ်လျော့နေမှာပဲ။ တခြားသူတွေသာ သူမရဲ့ ကိုယ်ဝန်ကိစ္စကို သိသွားခဲ့ရင် သေချာပေါက် ပြဿနာ ရှာမှာပဲ။
ဒီလိုဆိုရင်တော့ ပြဿနာကို သူမတို့ကိုယ်တိုင် ဆွဲခေါ်သွားတာ အကောင်းဆုံးပဲ။
ကျွင်းဖန်လျန်မှာ စိတ်လှုပ်ရှား ရပါတယ်။ဒီလို ချွေးမလေးကို ပိုင်ဆိုင်ရတာ သူမတစ်သက်တာမှာ နောင်တ ရမှာ မဟုတ်ဘူး။
“ကျွင်းအာ…. စိတ်ချပါ… ကိုယ်က ရှောင်အာ နဲ့ ဖုန်းအာကို ကာကွယ်ပေးမှာပါ…. သူတို့ကို ထိရဲတဲ့ ဘယ်သူကိုမဆို ကိုယ် ပြန်လည် ရင်ဆိုင်သွားမယ်…. ရန်သူက ရဲ့မိသားစု တစ်ခုလုံး ဆိုရင်တောင် ကိုယ် ဂရုမစိုက်ဘူး”
ကျွင်းဖန်လျန်လည်း မျက်ခုံးပင်က မထင်မရှား ပြုံးလိုက်ပါတယ်။
“ရဲ့အိမ်တော်ကို မပြန်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ၊ ဒီလူတွေရဲ့ လှောင်ပြောင် ထေ့ငေါ့မှုကို ခံစားတွေ့ကြုံရမှာပဲ ဒါကြောင့် အရင်လိုတော့ တိတ်တိတ်လေး သည်းခံတော့မှာ မဟုတ်ဘူး၊ ကျွန်မကို နှိပ်စက် အနိုင်ကျင့်သူကို အဆ တစ်ရာ ပြန်လက်တုံ့ပြန်မယ်”
လူတစ်ယောက် သူတို့အနားကို အလျင်စလို ရောက်ရှိလာတယ်။ သူ့ကိုမြင်တော့ ယွမ်လော့ဖုန်းလည်း အတားအဆီးကို ဖယ်ရှားကာ ကျွင်းဖန်လျန် ဘေးနား သွားလိုက်ပါတယ်။
“အကြီးဆုံး သခင်လေး”
အစေခံက သုတ်သုတ်ပျာပျာ သတင်းပို့ပါတယ်။
“အကြီးအကဲတွေက သခင်လေးကို တွေ့ချင်နေပါတယ်”
ရဲ့ကျင်းချန်းလည်း မျက်မှောင် ကြုတ်လိုက်လေတယ်။
“ကောင်းပြီလေ… ခဏနေရင် ငါ လိုက်လာခဲ့မယ်”
“ကျွင်းအာ ကိုယ် ပြန်လာခဲ့မယ်နော်၊ ရဲ့အိမ်တော်ထဲက တစ်စုံတစ်ယောက်က မင်းကို စော်ကားမော်ကား တိုက်ခိုက်ရင် ပြန်တိုက်ခိုက်ရမယ်နော်၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် မင်းဘက်က ရပ်တည်ပေးမှာပါ”
ကျွင်းဖန်လျန်လည်း ခေါင်းညိတ်ကာ သူမရဲ့ ဝမ်းဗိုက်ကို မသိစိတ် လှုံ့ဆော်မှုကြောင့် ပွတ်သပ်နေမိတယ်။ ဒါပေမဲ့လည်း ရဲ့မိသားစုမှ တခြားသူ ရှိနေမှန်း သတိရသွားတော့ သူမရဲ့လက်ကို ပြန်လည် ရုပ်သိမ်း လိုက်ပါတယ်။
“ကိုယ် ပြန်လာတာကို စောင့်မျှော်နေနော်”
ကျောခိုင်း မထွက်ခွာခင်မှာ ရဲ့ကျင်းချန်းက သူမရဲ့ဦးခေါင်းကို ပုတ်ကာ စကားပြောလိုက်ပါတယ်။
“ငါ့ကို လမ်းပြ”
“သခင်လေး… ကျွန်တော့် နောက်ကို လိုက်ခဲ့ပေးပါ”
အစေခံက အရှေ့ဘက်မှ ဦးဆောင် ထွက်ခွာ သွားပါတယ်။
အစေခံ၏စကားများက အလွန်အမင်း ယဉ်ကျေးသော်လည်း သူ့မျက်နှာက အထင်မြင်သေးမှုကို ဖော်ပြနေပါတယ်။
***
Bạn đang đọc truyện trên: Truyen247.Pro