
Ep 828-832
အပိုင်း (၈၂၈)
ရွှယ်ရုံအာ၏ သေဆုံးခြင်း (၉)
“ရှင်…”
ရဲ့ချီမှာ အံ့အားသင့်ကာ သူမရဲ့မျက်နှာမှာ တုန်လှုပ် ချောက်ချားမှုများ ပြည့်နှက်နေခဲ့တယ်။
“နင်လည်း သူ့ကို သိနေပုံပဲ”
ကျွင်းဖန်လျန်လည်း ရဲ့ချီကို တစ်ချက်မျှ စောင်းငဲ့ ကြည့်လိုက်ပါတယ်။
ရဲ့ချီလည်း ခပ်မြန်မြန် ခေါင်းညိတ် လိုက်ပါတယ်။
“စားသောက်ဆိုင်မှာ သတင်း လာပို့တဲ့လူပဲ”
သူတို့ရှေ့မှာ ရှိနေတဲ့လူက ရုံအာရဲ့အိမ် မီးလောင်တယ်လို့ သတင်းလာပို့တဲ့ ယောက်ျား ဖြစ်နေတော့ ရဲ့ချီ မှတ်မိနေခြင်းပါ။ ထိုလူ့ကို အိမ်တော် ခေါ်လာတာ မြင်ချိန်မှာ ရွှယ်ရုံအာရဲ့ ဖြူဖပ်ဖြူရော် မျက်နှာမှာ စိတ်ပျက်ကြေကွဲမှုများ ပြည့်နှက်နေတာကိုတော့ ရဲ့ချီ အမှတ်မထားမိပါဘူး။
“နင်က သူ့ကို သတင်းလာပေးသူ အဖြစ်ပဲ သိခဲ့တာ … တကယ်တမ်းတော့ ဒီလူက ရွှယ်ရုံအာရဲ့ ဦးလေး”
ကျွင်းဖန်လျန်လည်း မဲ့ပြုံး ပြုံးကာ မဖော်မရွေ ပြန်ပြော လိုက်ပါတယ်။
မိုးကြိုးပစ် ခံလိုက်ရသလို ရဲ့ချီရဲ့စိတ် ဗလာနတ္တိ ဖြစ်သွားရပါတယ်။ သူမလည်း ရွှယ်ရုံအာကို အသက်ခန္ဓာ ကင်းမဲ့စွာ တစ်ချက်မျှ ကြည့်လိုက်ပါတယ်။
“ဒီကမ္ဘာလောကကြီး ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ ငါ့ကို ပြောစမ်းပါ … ဒီလူနဲ့ နင်က ဘယ်လို ဆက်စပ်လဲ ဖြေစမ်းပါ”
ဒီလူက ရွှယ်ရုံအာရဲ့ ဦးလေး ဆိုရင် သူမရဲ့ အမေကို မကယ်တင်ဘဲ ဘာကြောင့်များ ရုံအာကို သတင်း လာပေးရလဲ။ ဒီလူရဲ့ စကားကြောင့် ဟောင်ဟောင်ကို သူမလည်း နားလည်မှု လွဲခဲ့ရတယ်။ ဒါကြောင့် ဒီအချက်ကို မေ့လျော့ ထားလို့ မရဘူး။
“ရုံအာ … ငါ့ကို ကယ်ပါ”
သွေးအိုင်ထဲမှာ လဲလျောင်းနေတဲ့ ရွှယ်ရုံအာကို မြင်တော့ စိုးထိတ်နေနဲ့ အမျိုးသာက အလျင်စလို ပြောတော့တယ်။
“ငါက နင့်ဦးလေးပါ၊ ငါသေမှာကို ဒီအတိုင်း လက်ပိုက် မကြည့်ပါနဲ့… ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်သူက နင်…၊ ငါနဲ့ ဘာမှ ပတ်သက် ဆက်နွှယ်မှု မရှိဘူး”
ရွှယ်ရုံအာရဲ့ ခန္ဓာကိုယ်ဟာ တွန့်ခနဲ ဖြစ်သွားရပါတယ်။ စကားတစ်ခွန်းမှ မဆိုဘဲ သူမရဲ့နှုတ်ခမ်းကိုသာ ဖိကိုက်ထားပါရဲ့။ စိတ်ပျက် ကြေကွဲမိသည့် အပြင် အောက်ငိုက်စိုက်ထားတဲ့ မျက်ဝန်းများက ကွယ်ဝှက်လို့ မရတဲ့ အမုန်း အာဃာတများ တောက်လောင် နေခဲ့ပါတယ်။
“ရဲ့သခင်မ… ကျုပ်ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
ရွှယ်ရုံအာဘက်က တုံ့ပြန်မှု ကင်းမဲ့တော့ သူလည်း ကျွင်းဖန်လျန် အရှေ့မှာ ဒူးထောက် လိုက်ပါတယ်။
“ရွှယ်အိမ်တော်ကို ပြန်ဖို့အတွက် ရဲ့သခင်မ ချွေးမ ဖြစ်ကို ဖြစ်ရမယ်လို့ ဒီနေ့ ပြောခဲ့ပါတယ်၊ ပြီးတော့ ကျုပ်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်လို့ ပြောခဲ့ပါသေးတယ်၊ ဒါကြောင့်… ကျုပ်က သူမရဲ့ စကားကို နားထောင်ပြီး မီးလောင်တဲ့ သတင်းကို ပေးခဲ့တာပါ၊ မီးရှို့တဲ့လူက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကလေးမလေးလို့ တမင်တကာ ပြောခဲ့တာပါ”
ကျွင်းဖန်လျန်ရဲ့မျက်ခုံးများက မြှင့်တက် သွားရပါတယ်။
“ဒါဆို ဘယ်သူ မီးရှို့လဲ ရှင် သိလား”
“ကျုပ် သိပါတယ်”
သူ့မှာ ဘာဆိုဘာမှ မခြွင်းချန် ထားရဲပါဘူး။
“ရွှယ်ရုံအာ… သူမကိုယ်တိုင် မီးရှို့ခဲ့တာပါ … သူ့အမေကလည်း သူမကြောင့် မီးထဲပါသွားတာပါ”
ရွှယ်အိမ်တော်က သူမကို လက်ခံမယ်လို့ ပြောထားသော်လည်း နေထိုင်မကောင်း ဖြစ်ကာ အိပ်ရာထဲ လဲလျောင်းနေတဲ့ မိခင်ဖြစ်သူကို လက်မခံနိုင်ဘူးလို့ အတိအလင်း ပြောထားခဲ့တယ်။ ဒါပေမဲ့လည်း မိခင်ဖြစ်သူရဲ့ ဝေဒနာ ပြင်းပြစွာ ခံစားနေရတဲ့ အသံကို ကြားဖြစ်အောင် ကြားလိုက် ရပါသေးတယ်။ သူမက ရွှယ်ရုံအာရဲ့ နာမည်ကို အော်ခေါ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မီးရှို့တဲ့လူက သူ အမြဲ ဂုဏ်ယူခဲ့ရတဲ့ သူ့သမီးမှန်း မသိခဲ့ပါဘူး။
ထိုလူရဲ့ စကားကို ကြားလိုက် ရပြီးနောက်မှာ ရဲ့ချီခန္ဓာကိုယ်က အေးခဲသွားရပါတယ်။ သူမလည်း ရွှယ်ရုံအာကို မယုံကြည်နိုင်စွာ ကြည့်ကာ ခပ်ဩဩ အသံနဲ့ ပြန်မေးလိုက်ပါတယ်။
“နင်ကိုယ်တိုင် မီးရှို့ခဲ့တာလား”
“ငါ မဟုတ်ဘူး”
ရွှယ်ရုံအာမှာ ဘယ်ကမှန်း မသိတဲ့ ခွန်အားများ ရရှိလာပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“ငါ မဟုတ်ဘူး၊ ငါ မီးမရှို့ဘူး”
“ရွှယ်ရုံအာ… နင် အခုအချိန်အထိ ဝန်ခံသေးဘူးလား၊ ငါတို့ ရွှယ်အိမ်တော်ကို မီးရှို့လိုက်ရင် သခင်မလေးရဲ့ချီက သနားမယ်၊ နင်လည်း ရဲ့အိမ်တော်မှာ နေထိုင်ခွင့် ရမယ်လို့ နင် ပြောခဲ့တာ မဟုတ်ဘူးလား၊ ရဲ့အိမ်တော်ထဲ ဝင်နိုင်ရင် ရှောင်သခင်လေးကို သွေးဆောင် ဖြားယောင်းမယ်လို့ ပြောခဲ့တယ်လေဟာ…”
ထိုလူက ရွှယ်ရုံအာကို ခက်ထန်စွာ ကြည့်လိုက်ပါတယ်။ ဒီမိန်းမ အမှန်အတိုင်း ဝန်မခံရင်တော့ ဒီပြဿနာထဲ ရွှယ်မိသားစု ဒုက္ခရောက်ပြီပဲ။
ရဲ့ချီမျက်နှာမှာ အပြုံး ဖြစ်ပေါ်လာပြီး ဒီအပြုံးက နာကြည်း မုန်းတီးတဲ့ မဲ့ပြုံးမျိုးပါ။
***
အပိုင်း (၈၂၉)
ရွှယ်ရုံအာ၏ သေဆုံးခြင်း (၁၀)
“ဒီနေ့ ဘာကြောင့် နောက်ကျနေလဲ သံသယ ဖြစ်မိတာ မမှားဘူးပဲ … ရုတ်တရက် ကိစ္စ ပေါ်လာလို့ နောက်ကျနေတာလို့ နင် ငါ့ကို ပြောခဲ့ဖူးတယ်၊ လူသတ် မီးရှို့နေလို့ ကြာနေတာပဲ”
ထိုစကားကို ပြောရင်း ရဲ့ချီလည်း ရွှယ်ရုံအာ အနားကို ဖြည်းဖြည်းချင်း လမ်းလျှောက် လိုက်ပါတယ်။
ရွှယ်ရုံအာရဲ့မျက်နှာမှာ နာကျင်မှုများ ဖြစ်တည်လာခဲ့တယ်။
“ချီချီ…နင် ငါ့ကို မယုံကြည်ဘူးလား”
ရဲ့ချီလည်း ထေ့ငေါ့လိုက်တယ်။
“ငါ နင့်ကို မယုံကြည်ဘဲ နေပါ့လား၊ နင့်ကို ယုံကြည်ပေးခဲ့လို့ အစ်ကိုကြီး၊ အစ်ကိုငယ်နဲ့ မရီးတို့က ငါ့ကို စိတ်ပျက်သွားခဲ့တယ်၊ နင့်ကို ယုံကြည်ပေးခဲ့လို့ နင် ငါ့ကို တစ်ချိန်လုံး အသုံးချခဲ့တယ်၊ အစ်ကိုကြီး ပြောတာ မှန်တယ်… ငါ့လို လူစားမျိုးက လိမ်လည် လှည့်ဖြားသူနဲ့ပဲ ထိုက်တန်ပါတယ်”
ထိုအချိန်ခဏလေးအတွင်း ရဲ့ချီအသံမှာ စိတ်ပျက်ကြေကွဲနေမှန်း သိသာ ထင်ရှားနေပါတယ်။ သူမရဲ့ နှလုံးသားကို သူမ အယုံကြည်ရဆုံး သူငယ်ချင်းက ခွဲသွားခဲ့တာပဲ။
“ရွှယ်ရုံအာ… နင့်ကိုယ်နင် ကာကွယ်တဲ့ စကားမျိုး ပြောမနေနဲ့၊ အစ်ကိုကြီးတို့၊ အစ်ကိုငယ်တို့၊ မရီးတို့ ပြောတာ ဆိုရင်တော့ နင့်ကို တစ်ကြိမ်လောက်တော့ ယုံကြည်ပေးမိမှာပါ၊ အခုတော့ မွေးစား အမေ ကိုယ်တိုင် ဒီလူကို ခေါ်လာတာ ဆိုတော့ ငါနင့်ကို ဆက်ပြီးတော့ မယုံကြည်နိုင်တော့ဘူး”
ရဲ့ချီလည်း သွေးအေးစွာ ပြောလိုက်ပါတယ်။
“ဒီပြင်… ဒီလူကြီးကို ငါ သေချာပေါက် မှတ်မိနေတယ်၊ နင့်ကျောပေါ်မှာလဲ ကောက်ရိုးမျှင်တွေကို မြင်ခဲ့ဖူးတယ်၊ ဒီကောက်ရိုးမျှင်တွေက နင် ပြစ်မှု ကျူးလွန်ထားကြောင်း သက်သေပြနေတာပဲ”
ရွှယ်ရုံအာမှာ အားအင်ချည့်နဲ့ လာရပါတယ်။ သူမ ဖြေရှင်းချက် ပေးနေလဲ အသုံးမဝင်မှန်း နားလည်လိုက်ပါပြီ။ ရုတ်တရက် သူမလည်း ဟားတိုက် ရယ်မောလိုက်ပါတယ်။ သူမရဲ့ ရယ်သံဟာ ချောက်ချားဖွယ် ကောင်းလှပါတယ်၊ တစ္ဆေ တစ်ကောင်ရဲ့ ညည်းညူ ငိုကြွေးသံက လေထဲ ပျံ့လွင့်နေသလိုပါပဲ။
“ဟုတ်တယ်… ဟုတ်တယ်… ငါ လုပ်ခဲ့တာ… အဲ့တော့ ဘာဖြစ်လဲ…ငါ့ကံတရားက အလွန်အမင်း ပူဆွေးဖို့ ကောင်းလွန်းတယ်၊ ငါ့အဖေအရင်းက ငါ့ကို မလိုချင်ခဲ့ဘူး၊ နေထိုင်မကောင်းတဲ့ မိခင်နဲ့ ငါက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မှီခိုရင်း နေထိုင်ခဲ့ရတယ် ရွှယ်အိမ်တော်ကို ပြန်နိုင်ဖို့ ငါ ဘယ်လောက်အထိ ကြိုးစားခဲ့ရလဲ နင် သိလို့လား”
သူမလည်း ဆက်ပြောလိုက်တယ်။
“ငါ့သာ ယွမ်ရှောင်ရဲ့ ဇနီး ဖြစ်ခွင့်ရရင် ရဲ့သခင်မ ရဲ့ ကာကွယ်မှုကို ပိုင်ဆိုင်ရပြီ… ဒါဆို ရွှယ်မိသားစုက ငါ့ကို အထင်မသေးဘဲ ပြန်လက်ခံနိုင်တယ်၊ ငါ့ကံတရားသာ မဆိုးရွားခဲ့ရင် ငါ ဒီလိုမျိုး လုပ်ပါ့မလား… ရဲ့ချီ… နင့်ကို ငါ အထင်ကြီး လေးစားမိတယ်… နင်က မိဘမဲ့ တစ်ယောက် ဖြစ်ပေမဲ့ ကံကောင်း ထောက်မစွာနဲ့ ရဲ့မိသားစုက ခေါ်ယူ မွေးစားခဲ့တယ်… ဘာကြောင့်များ ငါက ဒီလို ကံမကောင်းရတာလဲ”
အခုအချိန်အထိ ရွှယ်ရုံအာက အခြေအနေ အားလုံးကို ကံတရားအပေါ် ပုံချနေခဲ့ပါတယ်။ လုံးဝ သူမရဲ့ လုပ်ရပ်ကို ပြန်လည် သုံးသပ်ခြင်း မရှိခဲ့ပါဘူး။
ရဲ့ချီလည်း သူမရဲ့မျက်ဝန်းများကို ပိတ်ထားလိုက်ပါတယ်။ သူမရဲ့ မျက်ဝန်းများကို ပြန် ဖွင့်ဖို့ အချိန်အတော် ယူလိုက်ရပါတယ်။
“မွေးစားအမေ…ချီချီက ဟောင်ဟောင်ကို မှားယွင်း စွပ်စွဲ ခဲ့မိရင် သူမကိုယ်စား ဘာစကားတစ်ခွန်းမှ မပြောပေးဘူးလို့ ပြောခဲ့ဘူးပါတယ်၊ သူမကို သတ်ချင်သတ်၊ အပိုင်းပိုင်း ခုတ်ထစ်ရင်ခုတ်ထစ် ကြိုက်သလို စီရင်လိုက်ပါ… ချီချီ ဝင်မစွက်ဖက်ပါဘူး”
“မို့အာ… နင့်ညီမကို ခေါ်သွား… ဒီကိစ္စကို ငါတို့ဘာသာ ဖြေရှင်းမယ်”
ကျွင်းဖန်လျန်လည်း သက်ပြင်းချလိုက်တယ်။
“ဟုတ်ကဲ့”
ရဲ့ရှီမို့လည်း ရဲ့ချီကို တစ်ချက်မျှ ကြည့်လိုက်ပါတယ်။
“သွားမယ်”
ဒီနေ့ ကိစ္စရပ်ကြောင့် ရဲ့ချီ ပြောင်းလဲသွားမယ်လို့ သူ အခိုင်အမာ ယုံကြည်ထားပါတယ်။ အရင်ကလို တခြားသူ တစ်ယောက်ကို အလွယ်တကူ ယုံကြည်တော့မှာ မဟုတ်ဘူး။
“ချီချီ”
ရွှယ်ရုံအာလည်း ကြောက်စိတ် မွှန်ထူသွားပြီး ရဲ့ချီကို လှမ်းဆွဲလိုက်ပါတယ်။
“မသွားပါနဲ့… ငါ… ငါမှားမှန်း သိပါပြီ…. ငါ့အမှားကို တကယ် သိပါပြီ… ငါ… ငါ မသေချင်သေးဘူး… ငါ့ကို မစွန့်ပစ်ပါနဲ့ဟာ…. ငါ….တောင်းဆိုပါတယ်”
အရင်ကဆိုရင်တော့ ရဲ့ချီက ရွှယ်ရုံအာအတွက် တောင်းဆိုပေးမှာပါ။ အခုတော့ သူမရဲ့ခြေလှမ်းများဟာ တွေဝေခြင်း မရှိဘဲ ရဲ့ရှီမို့နောက်ကို လိုက်ပါသွားခဲ့တယ်။
“ဖုန်းအာ”
ကျွင်းဖန်လျန်လည်း ခပ်ရေးရေးမျှ ပြုံးလိုက်ပါတယ်။
“သူ့ကို ဘယ်လိုမျိုး ပြစ်ဒဏ်ပေးချင်လဲ”
ယွမ်လော့ဖုန်းလည်း မေးငေါ့လိုက်တယ်။
“သူ့က ငါ့လူကို သွေးဆောင်ချင်တယ် ဆိုတော့ သူမက လင်လိုချင်နေမှန်း သိသာတယ်၊သူမက ဆောင်ကြာမြိုင်ကို စိတ်ဝင်စားလောက်တယ်”
“ကောင်းတယ်”
ကျွင်းဖန်လျန်လည်း ချက်ချင်း စားပွဲခုံကို ရိုက်ချလိုက်ကာ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
“ဒီမိန်းမက လက်ပြတ်သွားပေးမယ့် ရုပ်ရည်က မဆိုးပါဘူး… သူမက ငွေစ ၂၀ကျော်နဲ့ ရောင်းလို့ ရနိုင်တယ်”
သူမကို ဆောင်ကြာမြိုင် ပို့မယ်လဲ ကြားရော် ရွှယ်ရုံအာမှာ ကိုယ်လွတ်ရုန်းဖို့ ကြိုးစားတော့တယ်။ ရဲ့ကျင်းချန်းက သူမရဲ့ခွန်အားများကို ရိုက်မချိုးခင် သူမမှာ ထွက်ပြေးဖို့ အချိန်တောင် မရလိုက်ပါဘူး။
“ ပန်းအရက် စံအိမ်တော်မှာ သူမကို ရောင်းစားမယ်၊ ပြီးတော့ သူမကို ကောင်းကောင်း ဂရုစိုက်ဖို့ပြ ပြောလိုက်စမ်း”
***
အပိုင်း(၈၃၀)
ရဲ့မိသားစုမှ တစ်စုံတစ်ယောက် (၁)
“အမိန့်တော် အတိုင်း ဖြစ်စေရပါမယ်”
သူ့စကားကို ကြားပြီးသည့်နောက် အစောင့်က ချက်ချင်း မတ်တတ် ထရပ်ကာ အုတ်နံရံကို မကျော်လွှားခင် သူမကို ပခုံးပေါ် ထမ်းတင်သွားခဲ့ပါတယ်။
ရွှယ်ရုံအာရဲ့နှလုံးသားက ပြန်လည်တည်ငြိမ် လာခဲ့ပါပြီ။ ချက်ချင်းလက်ငင်း ကျွင်းဖန်လျန်က သူမကို မသတ်သ၍ သူမမှာ လွတ်မြောက်နိုင်တဲ့ အခွင့်အရေး ရှိပါသေးတယ်။ သူမအတွက်လည်း ပြန်လည် လက်တုံ့ပြန်နိုင်မှာပါလေ။ ကံဆိုးရှာတော့ သူမရဲ့ စိတ်ကူးယဉ် အိပ်မက်က လှပပေးမယ်…လက်တွေ့ဘဝက ခက်ခဲ ကြမ်းတမ်း လွန်းပါတယ်။
ကျွင်းဖန်လျန် ပြောခဲ့တဲ့ သေချာ ဂရုစိုက် ဆိုတဲ့ စကားကို သူမ သတိလက်လွတ် ဖြစ်ခဲ့မိပါတယ်။
ပန်းအရက် အပျော်စံအိမ်တော်ကို ရောက်လာမှ အိပ်မက်ဆိုးရဲ့ အမှန်တကယ် အဓိပ္ပါယ်ကို နားလည်လာခဲ့ပါတယ်။
ဝံပုလွေလို ကျားရိုင်းလို ယောက်ျားတွေက သူမကို အားကုန်သုံးပြီး ညဉ်းပန်း နှိပ်စက်နေတယ်။ ဒီပြင့် သူမရဲ့ ခွန်အားကို ရိုက်ချိုးထားတော့ ဒီညဉ်းပန်းနှိပ်စက်မှုကို သူမ ခံနိုင်ရည် မရှိပါဘူး။ ဒီလူတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်မဲ့ စွာ ရွှယ်ရုံအာဆိုတဲ့ သူမက လောကကြီးထဲက ထွက်ခွာခဲ့ရပါတယ်။
ရဲ့ချီမှာ ရွှယ်ရုံအာ ကွယ်လွန်သွားတဲ့ သတင်းကို ကြားခဲ့သော်လည်း ကျွင်းဖန်လျန်ရဲ့ ကိုယ်ဝန်ရှိခြင်း မင်္ဂလာသတင်းကြောင့် ပျော်လွန်းလို့ မျက်ရည်လည်မိပါတယ်။ စာရိတ္တ မကောင်းတဲ့ မိန်းမ အကြောင်းကို ဂရုစိုက်နေဖို့ အချိန် မရှိပါ့မလား။
အမှန်ပဲပေါ့။ ဒီလအနည်းငယ်အတွင်း ယွမ်လော့ဖုန်းရဲ့ ကုသမှုကြောင့် ကျွင်းဖန်လျန်မှာ ရောဂါ အရှင်း သက်သာ သွားပြီး ကိုယ်ဝန် ရနေပါပြီ။ ဒီမင်္ဂလာ သတင်းကြောင့် ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်မှာ ယွမ်လော့ဖုန်းကို စိတ်ရင်းနဲ့ အလိုက်လိုက် အကြိုက်ဆောင်မိပါရဲ့။ ကျေးဇူးတင်စကား ပြောဖို့တောင် စကားလုံး ရှာ မရပါဘူး။
“စကားလုံးများက ပါးစပ်မှာ အရည်ပျော်သွားသလို၊ လက်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား ရတယ်”
ရဲ့ချီလည်း အစတုန်းကလို ယွမ်လော့ဖုန်းကို ဟော့ဟောရမ်းရမ်း မပြုမူရဲတော့ပါဘူး။ ကျွင်းဖန်လျန်ကို ကူညီပေးလို့ ယွမ်လော့ဖုန်းကို ကျေးဇူးတင်နေမိပါရဲ့။ ရွှယ်ရုံအာကြောင့် သူမက ယွမ်လော့ဖုန်းကို အထင်မှားခဲ့မိလို့ပါ၊ ရွှယ်ရုံအာရဲ့ စရိုက်အမှန်ကို သိသွားပြီးတည်းက ယွမ်လော့ဖုန်းကို ဆက်လက်ပြီး အပြစ်ရှာနေဖို့ မလိုအပ်တော့ပါဘူး။
ဒါပေမဲ့လည်း ဒီရက်ပိုင်းအတွင်းမှာ သူမလည်း အမှားအများကြီး ကျူးလွန်ခဲ့မိပါတယ်။ ဒါကြောင့် အခုအချိန်အထိ ယွမ်လော့ဖုန်းရဲ့ မျက်နှာကို တည့်တည့် မကြည့်ရဲသေးပါဘူး။
ယခုအချိန်မှာတော့ ရဲ့အိမ်တော်၏ ခြံဝင်းအတွင်းမှာ ရဲ့ချီက ကျွင်းဖန်လျန်အတွက် ဟင်းလျာများကို ပြင်ဆင်ရင်း မီးဖိုချောင်ထဲ အလုပ်များနေစဉ် ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရပါတယ်။
“ရဲ့ချီ… အမေ ဘယ်မှာ ရှိနေလဲ”
ရဲ့ချီလည်း ထိတ်လန့်သွားပြီး ချောမောလှပတဲ့ မိန်းကလေးရဲ့မျက်နှာကို မော့ကြည့်လိုက်ပါတယ်။ သူမလည်း နားမလည်နိုင်စွာ ပြန်မေးလိုက်ပါတယ်။
“ငါ့ကို မေးနေတာလား”
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ မျက်စိ မှိတ်ပြလိုက်ပါတယ်။
“ ငါ… အမေ့ကို ရှာချင်လို့”
ရဲ့ချီလည်း ချက်ချင်း အသိဝင်လာသော် စိတ်က အနည်းငယ် ဒွဟ ဖြစ်နေတုန်းပါ။
“ဧည့်တွေ အဆောင်မှာ ရှိလောက်တယ်။ ရဲ့မိသားစုက တစ်စုံတစ်ယောက် ရောက်နေတယ် ကြားတယ်… အခုအချိန်လောက်ဆို ဧည့်သည်နဲ့ စကားလက်ဆုံ ကြနေမှာ သေချာတယ်”
“ငါ သိပြီ”
ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းလည်း ကျောခိုင်းကာ ခန်းမဆောင်ကို ဦးတည် ထွက်ခွာလာခဲ့တယ်။
ရုတ်ခြည်း သူမရဲ့ နောက်ကျောဘက်မှ နူးညံ့ သိမ်မွေ့သော အသံကို ကြားလိုက်ရတော့ သူမရဲ့ ခြေလှမ်းများ ရပ်တန့်သွားခဲ့တယ်။
“ငါ တောင်းပန်ပါတယ်”
ရဲ့ချီက ခေါင်းငုံ့ကာ တောင်းပန်စကား ပြောနေခဲ့ပါတယ်။
“ငါ့ကို ခွင့်မလွှတ်နိုင်မှန်း သိပါတယ်၊ ဒါပေမဲ့လည်း ငါ နင့်ကို တောင်းပန်ချင် နေတုန်းပဲ၊ ငါက အရမ်းကို တုံးအခဲ့လို့ ရွှယ်ရုံအာရဲ့ လှည့်ကွက်မှာ ရှုံးနိမ့်ခဲ့မိပါတယ်၊ ဒါကြောင့်လည်း နင် ငါ့ကို မုန်းနေမှာပါ…”
ယွမ်လော့ဖုန်းက ရဲ့ချီကို ကျောခိုင်းထားပြီး မတူမတန်ဟန် အသံနဲ့ ပြောလိုက်ပါတယ်။
“အမေ့ကြောင့် နင့်ကို အကြံဉာဏ် ပေးလိုက်မယ်၊ ဒီလောကကြီးမှာ ဘယ်သူမဆို နင့်ကို အန္တရာယ် ပေးနိုင်တယ်၊ ဒါပေမဲ့ နင့်မိသားစုကတော့ ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး”
ဒီလောကကြီးမှာ ဘယ်သူမဆို နင့်ကို အန္တရာယ် ပေးနိုင်တယ်၊ ဒါပေမဲ့ နင့်မိသားစုကတော့ ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး တဲ့လား။
ရဲ့ချီလည်း မှင်တက်သွားပြီး ဝေးကွာသွားတဲ့ ယွမ်လော့ဖုန်းရဲ့ ပုံရိပ်ကို ငေးမောကြည့်လိုက်ပါတယ်။ အချိန်အတော်ကြာသည် အထိ သူမ သတိ မဝင်မိပါဘူး။
***
ခန်းမဆောင်…
ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်က ခေါင်းဆောင် အကြီးအကဲ နေရာမှာ ထိုင်နေပြီး သူတို့အောက်မှာ ထိုင်နေတဲ့ သက်လတ်ပိုင်း အမျိုးသားကို သွေးအေးစွာ ကြည့်နေလိုက်ပါတယ်။
လူလတ်ပိုင်း အမျိုးသားက သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို အောက်ချထားလိုက်ပြီး ခပ်ရေးရေးမျှ ပြုံးလိုက်ပါတယ်။
“ပထမ သခင်ကြီး၊ ပထမ သခင်မ၊ ဒုတိယ သခင်နဲ့ သခင်မတို့က ကလန်ကို ပြန်လာခွင့် ပြုလိုက်ပါပြီ၊ ရဲ့မြို့တော်က ခေတ္တာ ခဏတော့ ကျွန်တော် ကြီးကြပ်ထားပါမယ်”
ရဲ့ကျင်းချန်းရဲ့ မျက်နှာသွင်ပြင်ကတော့ မကောင်းပါဘူး။ သူလည်း စိတ်ပျက်လက်ပျက် ထေ့ငေါ့လိုက်ပါတယ်။
“ဒီလူတွေက ဒီလောက်အထိ ကြင်နာတတ်တယ်လား၊ ရဲ့ကုန်သွယ်ရေး လုပ်ငန်းကို မျက်စိကျနေလို့ … ငါ့နေရာကို အစားထိုးချင်နေတာ မလား၊ ရဲ့မြို့တော်က ခြေတစ်လှမ်းမှ မလှမ်းနိုင်ဘူး”
ရဲ့မိသားစု ကုန်သွယ်ရေးလုပ်ငန်းက လက်ရှိအချိန်မှာ စိတ်ဝိညာဉ် စုစည်း ဆေးရည်ကို ပိုင်ဆိုင်ထားတော့ ကုန်သွယ်ရေးလုပ်ငန်းက အကျိုးအမြတ် အတော်များများ ရတယ်။လောဘကြီးတဲ့ သူ့ညီလေးက ဒီအခွင့်အရေးကို လက်လွတ်ခံပါ့မလား။ ဒါကြောင့်လည်း သူ့နေရာကို အစားထိုးဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်တာပေါ့။
***
အပိုင်း(၈၃၁)
ရဲ့မိသားစုမှ တစ်စုံတစ်ယောက် (၂)
“ပထမ သခင်လေး နဲ့ ဒုတိယ သခင်လေးက ရဲ့မိသားစုရဲ့ အနာဂတ် ခေါင်းဆောင်ပါ၊ သူက ခင်ဗျားကို ရဲ့မြို့တော်က ထွက်သွားစေချင်တာကို ခင်ဗျားက အမိန့်မနာခံဘဲ နေရဲတယ်လား၊ အမှန်ပြောရရင် ခင်ဗျားကိုယ် ခင်ဗျားသာ အပြစ်တင်နေလိုက်တော့။ နဂိုတည်းက ကိုယ်ဝန်မဆောင်နိုင်တဲ့ မိန်းမကို လက်မထပ်ခဲ့သင့်ဘူး၊ အခုတော့ ခေါင်းဆောင်နေရာက ဒုတိယသခင်လေး လက်ထဲ ရောက်သွားပြီ”
ရဲ့မိသားစုမှ ဒုတိယသခင်လေးရဲ့ အာဏာ အားကိုးနဲ့ လူလတ်ပိုင်း အမျိုးသားက ရဲ့ကျင်းချန်းကို ထင်ရာစိုင်း စကားပြောနေခဲ့ပါတယ်။
ပါရမီ နဲ့ စွမ်းအားကို ယှဉ်လိုက်ရင် ရဲ့ကျင်းချန်းက ငြင်းလို့ မရနိုင်လောက်အောင် တခြားသူထက် သာလွန်တယ်။ ကံဆိုးချင်တော့ သူ့အမှားက ကိုယ်ဝန်မဆောင်နိုင်တဲ့ မိန်းမ တစ်ယောက်ကို လက်ထပ် လိုက်ခြင်းပါပဲ။ ရဲ့မိသားစု၏ အနာဂတ်ခေါင်းဆောင်မှာ ဆက်ဆံသူ မရှိလို့ ဖြစ်ပါ့မလား။
ရဲ့ကျင်းချန်းလည်း ထေ့ငေါ့လိုက်ပါတယ်။
“ငါ့ကို ရဲ့အိမ်တော်က မောင်းထုတ်ခဲ့တယ်… အခုတော့ ငါ့ကို ရဲ့ကုန်သွယ်ရေးလုပ်ငန်းထဲကနေ ကန်ထုတ်ချင် ပြန်ပြီလား၊ ငါ့ညီက စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ဓာတ်ကျနေလို့ မင်းက ဒီလိုစကားမျိုး ပြောရဲတာမလား”
လူလတ်ပိုင်း အမျိုးသားက ဂရုမစိုက်တဲ့ အပြင် ဟားတိုက် ရယ်မော လိုက်ပါသေးတယ်။
“သခင်လေး… ခင်ဗျားက စိတ်ဝိညာဉ် စုစည်းဆေးရည်ကို အပြင်ထုတ်ရောင်းလိုက်တာ မိုက်မဲမှုပဲ၊ ရဲ့ကုန်သွယ်ရေး လုပ်ငန်းကို ငါသာ ကြီးကြပ်ရရင် ဒီဆေးရည်နဲ့ ရဲ့မိသားစုရဲ့ ခွန်အားကို တိုးတက်အောင် အကုန်သုံးမယ်၊ ဆေးဖော်စပ်သူကိုလည်း ငါ့ဘက် ပါလာပြီး ငါကို ခစားအောင် စီစဉ်မယ်”
“ဟား…”
ရဲ့ကျင်းချန်းက သွေးအေးစွာ ရယ်မောလိုက်သော်လည်း ရယ်သံမှာ ဒေါသ ရောစွက်နေခဲ့တယ်။
“ဆေးဖော်စပ်တဲ့ ပညာရှင်က ရဲ့မိသားစုမှာ ကျွန်ခံမယ်လို့ တွေးနေတာလား”
“သခင်လေး သူ့ကို မလွှမ်းမိုးနိုင်တာက အာဏာ မရှိတာကို ပြသနေတာပဲလေ”
ထိုလူက ပြုံးကာ ဖြည်းဖြည်းချင်း မတ်တတ် ထရပ်လိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ်ပါ… ခင်ဗျားက ရဲ့အိမ်တော်မကြီးမှ ကန်ထုတ်ခံခဲ့ရတဲ့လူ၊ ကြင်နာ သနားတတ်တဲ့ စိတ်နှလုံးရှိတဲ့ ဒုတိယသခင်လေးက ပြန်လာခိုင်းလို့သာပေါ့… မဟုတ်ရင်တော့ ခင်ဗျား အရည်အချင်းနဲ့ အိမ်တော်ကြီးကို ခြေတစ်လှမ်းတောင် လှမ်းခွင့် ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒုတိယသခင်လေးက ခင်ဗျားနဲ့တော့ စရိုက်ချင်း ခြားနားတယ်”
“သူက ရဲ့မိသားစုရဲ့ အနာဂတ် ခေါင်းဆောင်၊ တခြားသူတွေက သူ့နာမည်ကို ကြားရင် ဝပ်တွားခမယ်… သူ့ကို မျက်နှာချိုသွေးမှာပဲ၊ ဒုသခင်လေး စကားကို သူတို့က ဘာအကြောင်းကြောင့် ငြင်းဆန်မလဲ”
ရဲ့ကျင်းချန်းရဲ့မျက်နှာထားက ချက်ချင်း ပြောင်းလဲ သွားတော့တယ်။ သိမ်မွေ့သော မျက်ဝန်းမှ ဒေါသမီးလျှံများ ပေါက်ကွဲ ထွက်လာပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ လက်သီးဆုပ်များက မသိမသာ တုန်ယင်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း ပျင်းရိလေးတွဲသော အသံကို ခန်းမဆောင် အပြင်ဘက်မှ ကြားဖြစ်အောင် ကြားလိုက်ရပါသေးတယ်။
“စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ရောင်းတဲ့သူက အဖေတို့ရဲ့ ဂုဏ်သတင်းကြောင့်သာ စီးပွားရေး လုပ်ကိုင်ဖို့ သဘောတူခဲ့တာ ရှင် မသိဘူးလား၊ တခြားသူ ဆိုရင်တော့ စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ရဖို့ မလွယ်ကူလောက်ဘူး”
ခန်းမဆောင် အပြင်ဘက်မှ ရောက်ရှိလာတဲ့ နေရောင်ခြည်က နတ်သမီးပေါ် ကျရောက်နေပါတယ်။ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးက တံခါးဘောင်ကို မှီကာ မဲ့ပြုံး ပြုံးနေပါတယ်။ အေးစက်တဲ့ အလင်းတန်းများက သူမရဲ့မျက်ဝန်းမှာ ဖြာလဲ့နေခဲ့ပါတယ်။
သူမ ရောက်နေတာ ကြာခဲ့ပါပြီ။ ကျွင်းဖန်လျန်မှာ ဧည့်သည် ရှိနေမှန်း သိတော့ မနှောင့်ယှက်ဘဲ အေးဆေးလေး ရပ်နေခဲ့တာပါ။ အခုတော့ သူမ ဝင်မပြောလို့ မဖြစ်တော့ပါဘူး။
ဒီလူတွေက စကားလုံး လှလှလေးများကို ရွေးချယ် သုံးနှုန်းနေသော်လည်း တကယ်တမ်းက ရဲ့ကျင်းချန်းရဲ့ ကုန်သွယ်ရေး လုပ်ငန်းကို အပိုင်သိမ်းဖို့ ကြံစည်နေတာပါ။
သူတို့ကိုယ် သူတို့ ဂုဏ်မောက်ပြီး အတင်းဓမ္မ သိမ်းယူဖို့ ကြံစည်နေခဲ့တာ၊ အားလုံးကို အရူးအနှမ်းလို့များ ထင်နေလား။
“မင်းက ဘယ်သူလဲ၊ သတ္တိကောင်းနေပါလား”
ထိုလူ၏ မျက်နှာက မည်းသည်းနေတော့တယ်။
“ဒီနေရာကို ဘယ်သူက လာခွင့်ပြုလို့လဲ၊ စည်းကမ်းမဲ့လိုက်တာ”
လူလတ်ပိုင်း အမျိုးသား ရောက်လာတည်းက ကျွင်းဖန်လျန်က တိတ်ဆိတ်နေခဲ့တယ်။ ယွမ်လော့ဖုန်းကို ပြစ်တင် ပြောဆိုနေတာ ကြားရတော့ သူမရဲ့မျက်နှာအသားအရောင်က ပိုပို မည်းနက်ရလာရတယ်။
“သူမက ငါ့ချွေးမ… နင့်ဘက်က ယဉ်ကျေးရင် ကောင်းမယ်”
“ချွေးမ ဟုတ်လား”
ထိုလူက မျက်မှောင်ကြုတ်လိုက်ပါတယ်။ မနှစ်မြို့ခြင်းများက သူ့မျက်ဝန်းမှာ ဖိတ်ဖိတ်တောက်နေခဲ့ပါတယ်။
“ဒီမိန်းမက ခင်ဗျားရဲ့ မိန်းမယုတ်ဇနီးလား၊ နောက်ဆုံးတော့လဲ ဒီမိန်းမက စိတ်သောကရောက်စေတဲ့ မိန်းမထက် မပိုပါဘူး သခင်လေးရယ် ခင်ဗျားလက်ထပ်ချင်လဲ ပိုကောင်းတဲ့ မိန်းမကို ရွေးချယ်သင့်ပါတယ်၊ ဒီမိန်းမက မိမစစ် ဖမစစ်လေးကို မွေးပြီးပြီဆိုတော့ ရဲ့မိသားစု သခင်မဖြစ်ဖို့ မထိုက်တန်တော့ဘူး”
***
အပိုင်း(၈၃၂)
ရဲ့မိသားစုမှ တစ်စုံတစ်ယောက် (၃)
ကျွင်းဖန်လျန်မှာ ဒေါသမီး ဟုန်ဟုန်တောက်လာရပြီး ကျယ်လောင်သော အသံနဲ့ တစ်ပြိုင်နက် စားပွဲခုံကို နှစ်ပိုင်း ပိုင်းချလိုက်ပါတယ်။ ထို့နောက် သူမလည်း လူလတ်ပိုင်း အမျိုးသားအနားကို ကိုယ်ဖော့သိုင်းနဲ့ သွားကာ ဖီးနက်ငှက်ကဲ့သို့ စူးရှသော မျက်ဝန်းများဖြင့် ကြည့်နေလိုက်ပါတယ်။
ဒါပေမဲ့လည်း ပုံရိပ်တစ်ခုက သူမထက် ပိုပြီးတော့ လျင်မြန်ပါတယ်။ ထိုလူရဲ့ရှေ့ကို ခြေနှစ်လှမ်း နှစ်ကာ ပေါင်ခွကြားကို အညှာအတာ ကင်းမဲ့စွာ ကန်ချလိုက်ပါတယ်။ ထိုအမျိုးသားမှာ မချိတင်ကဲ ဝေဒနာကြောင့် စူးစူးဝါးဝါး အော်ဟစ်ပါတော့တယ်။
“မိန်းမယုတ် ဟုတ်လား၊ အခုကစပြီး ရှင့်ကို မိန်းမယုတ်နဲ့တောင် မပျော်ပါးနိုင်အောင် ကျွန်မက ကန်လိုက်ပြီ”
ဒီမိန်းမပျိုလေးက မျက်နှာပြောင်တိုက်လွန်းပြီး သူမရဲ့နှုတ်ခမ်းက မသိမသာ မြင့်တက်သွားပါတယ်။ ယွမ်ရှောင်ကို မိမစစ် ဖမစစ်လို့ စော်ကား မော်ကား ပြောဆိုရဲ တယ်လား။ အခု ရှင်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ် ခတ်လိုက်တာပဲ။
“ကောင်မစုတ်လေး… နင့်ကို ဘယ်လို လက်တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်နေလိုက်”
ထိုအမျိုးသားက အံ့ကြိတ်ရင်း ယွမ်လော့ဖုန်းကို အစိမ်းလိုက် စားလိုက်တော့ မတတ် ကြည့်နေခဲ့ပါတယ်။ထို့နောက် ရဲ့ကျင်းချန်းတို့ ဇနီးမောင်နှံဘက် လှည့်ကြည့်ကာ
“ သခင်လေးနဲ့ သခင်မတို့က ဖြေရှင်းချက် ပေးသင့်နေပြီထင်တယ်၊ ဘာပဲဖြစ်ဖြစ် ငါက ဒုသခင်လေး လွှတ်လိုက်တဲ့ လူပါ”
ရဲ့ကျင်းချန်းလည်း ချောင်းခြောက်ဆိုးကာ ပြန်ပြောလိုက်ပါတယ်။
“ဘာတွေများ ဖြစ်ခဲ့လို့လဲ၊ အခုအချိန်အထိ ငါ ဘာဆိုဘာမှ မမြင်မိပါဘူး၊ အချစ်ဆုံးလေးလဲ ဘာတွေများ မြင်လဲ”
ကျွင်းဖန်လျန်လည်း သူမရဲ့ လူသတ်ချင်စိတ်များကို ရုပ်သိမ်းလိုက်ကာ ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပါတယ်။
“ကျွန်မ မြင်တာတော့ ရဲ့ယန်က ခလုတ်တိုက်ပြီး ဟန်ချက် ပျက်သွားတာပဲ၊ သူ့ဘာသာသူ တစ်ယောက်တည်း ဗုန်းခနဲ လဲကျသွားတာလေ”
ရဲ့ယန် အမည်ရှိတဲ့ လူလတ်ပိုင်း အမျိုးသားမှာ ရူးတော့မလို့ ဒေါပွလာရတယ်။ လုံးဝကို ဂုဏ်သိက္ခာ ကင်းမဲ့တဲ့ မိသားစုပဲ။ မျက်တောင် မခတ် လိမ်ညာဝံ့တယ်။
“အရမ်းတော်လွန်းတယ်…သိပ်ကောင်းလွန်းတယ်…ဒီကိစ္စကို ဒုသခင်လေးဆီ သတင်းပို့ ရလိမ့်မယ်”
ရဲ့ယန်လည်း အံ့ကြိတ်ရင်း ဆက်ပြောလိုက်ပါတယ်။ နာကျင်မှုကြောင့် သူ့နဖူးမှ ချွေးစီးများ ကျဆင်းနေခဲ့တယ်။
“ခဏနေဦး”
ထိုလူ ထွက်သွားတော့မှာကို မြင်တော့ မိန်းမပျိုလေးလည်း ပျင်းရိလေးတွဲစွာ အော်ခေါ်လိုက်တော့ သူ့ခြေလှမ်းများ ရပ်တန့်သွားတော့တယ်။
“နင်ဘာလိုချင်သေးလို့လဲ”
လူလတ်ပိုင်း အမျိုးသားက ယွမ်လော့ဖုန်းကို ခက်ထန် ကြမ်းကြုတ်သော အကြည့်နဲ့ လှည့်ကြည့်လိုက်ပါတယ်။
ယွမ်လော့ဖုန်းလည်း မာယာများစွာ ပြုံးလိုက်ပါတယ်။
“ရဲ့မိသားစု စည်းကမ်းထဲမှာ အစေခံက သခင့်ကို အော်ခွင့် ရန်စကား ပြောခွင့်ပြုထားလို့လား”
ရဲ့ယန်မှာ ထိတ်လန့်သွားရတယ်။ ဒီနှစ်တွေမှာ သူက ဒုသခင်လေးရဲ့ဩဇာ အာဏာကို အသုံးချပြီး တခြားသူတွေ အနိုင်ကျင့် နှိပ်စက်လေ့ရှိတယ်။ ဒါကြောင့် သူက ရဲ့ကျင်းချန်းရဲ့ အဆင့်အတန်းကို ထည့်သွင်း စဉ်းစားပါ့မလား။
“ငါ့… ငါ့သခင်က ဒုသခင်လေး”
သူ့နဖူးပေါ်မှာ ချွေးအေးများကို သုတ်ကာ ခွန်းတုံ့ပြန်လိုက်ပါတယ်။
“ရှင့်မျိုးရိုးနာမည်က ရဲ့…”
ကောင်မလေးက မျက်ခုံးပင့်လိုက်ပါတယ်။
“ရဲ့ဆိုတော့ ရှင်က ရဲ့မိသားစု ခွေး၊ ဒါပေမဲ့ ရှင်က သခင့်ကို လုံးဝကို လျစ်လျူရှုထားတယ်”
“ဒီ… ဒီတော့… မင်းက ဘာလုပ်ချင်လဲ”
“အခုချက်ချင်း ဒူးထောက် တောင်းပန်စမ်း”
ကောင်မလေးရဲ့ အသံကြောင့် ရဲ့ယန်မှာ နေစရာ နေရာမရှိအောင်ကို လန့်ဖျပ်သွားရပါတယ်။
“တောင်းပန်ရမယ် ဟုတ်လား၊ လုံးဝကို မဖြစ်နိုင်ဘူး၊ ငါက ဒုသခင်လေးကိုပဲ သခင် အဖြစ် မှတ်ယူထားတာ တခြားသူကို အသိအမှတ် မပြုနိုင်ဘူး”
ဘန်း
ဒီစကားကို ပြောလိုက်ပြီးနောက် ရုတ်ခြည်း ကောင်မလေးရဲ့ ခြေထောက်က သူ့ကို ဦးတည်လာပြီး သူ့ကို လွှင့်စဉ်သွားစေကာ နံရံကို ပြင်းပြင်းထန်ထန် ရိုက်မိတော့တယ်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး နာကျင်နေကာ အရိုးများ ကျိုးကြေသွားသလိုပဲ။
“တောင်းပန်စမ်း”
ကောင်မလေးက ရဲ့ယန်ကို ခက်ထန်စွာ ကြည့်နေခဲ့ပါတယ်။
“ငါ မလုပ်နိုင်ဘူး…”
ရဲ့ယန် ပြောလို့ မပြီးခင်မှာဘဲ ကောင်မလေးရဲ့ ခြေထောက်က နောက်တစ်ကြိမ် ကျရောက်လာပြန်တယ်။ သူ့ရင်ဘတ်ပေါ် အညှာအတာ ကင်းမဲ့စွာ ကျရောက်လာတော့ သူ့မှာ သွေးအန်ရတော့တယ်။ မျက်နှာကလည်း သွေးဆုတ်သွားသည့်အလား ဖြူဆုပ်သွားတော့တယ်။
ဒီတစ်ခေါက်တော့ ယွမ်လော့ဖုန်းက စကားပြောရင်း အချိန် မဖြုန်းတော့ဘဲ လည်ခွံကွေးမှ ဆွဲဆောင့်ကာ သူ့ကို ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်အား အတင်းအဓမ္မ တောင်းပန်စကား ပြောခိုင်းပါတော့တယ်။
ဒီတစ်ခေါက် ဆက်ငြင်းနေရင်တော့ အလွတ်ပေးမှာ မဟုတ်မှန်း သိနေတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဦးတိုက် တောင်းပန်လိုက်ပါတယ်။
“သခင်လေး နဲ့ သခင်မလေး… အားလုံးက ကျွန်တော့ အမှားပါ…လူတွေကို နှိပ်စက်ဖို့ ကျွန်တော်မျိုးရဲ့ အခွင့်အာဏာကို အလွဲသုံးစား မလုပ်ခဲ့ သင့်ပါဘူး၊ အသက်ချမ်းသာခွင့် ပေးဖို့ တောင်းပန်ပါတယ်။ အခုချက်ချင်း ရဲ့အိမ်တော်ကြီးကို ပြန်ပါ့မယ်… သခင်လေးတို့ကို နောက်တစ်ခါ စော်ကားမော်ကား မပြောတော့ပါဘူး”
***
Bạn đang đọc truyện trên: Truyen247.Pro