Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 804+805+806

အပိုင်း(၈၀၄)

ကျွင်းဖန်လျန် ပြန်လာပြီ (၄)

 
စိတ်ဝိညာဉ် စုစည်းဆေးရည် ဟုတ်လား။
ရဲ့ရှီမို့မှာ မျက်မှောင် ကြုတ်ရတော့တယ်။
“စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ရဲ့မိသားစု မပိုင်ဆိုင်လို့ တခြားတစ်မျိုးကို တောင်းဆိုပေးပါ”
အဘိုးအိုလည်း မျက်မှောင်ကြုတ်လိုက်ပါတယ်။
“စိတ်ဝိညာဉ် စုစည်း ဆေးရည်ကို ရဲ့ကုန်သွယ်ရေးလုပ်ငန်းက ရောင်းချတည်းက သူ့ပိုင်ရှင်က မင်းတို့ကုန်သွယ်ရေး လုပ်ငန်းပဲ၊ ဆေးတစ်ပုလင်းလောက် ပေးတာ ကြီးမားတဲ့ကိစ္စ တစ်ခုမှ မဟုတ်တာလေ”
ရဲ့ရှီမို့လည်း စိတ်ပျက်လွန်းလို့ မျက်နှာကြီး ညိုမည်းနေတော့တယ်။
“စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ငါတို့ မပိုင်ဆိုင်ဘူး၊ နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းတဲ့ ဆက်ဆံရေးပဲ ရှိတယ်၊ ဒါကြောင့် သူမရဲ့ ခွင့်ပြုချက် မရှိဘဲ ရောင်းချခွင့် အာဏာ မရှိဘူး”
“ဒါက လွယ်ပါတယ်”
အဘိုးအိုလည်း ပြုံးလိုက်တယ်။
“သူမက မင်းကို ဆေးတစ်ပုလင်း မပေးနိုင်ရင် သူမဘယ်သူလဲ ဖော်ထုတ် ပစ်မယ်လို့ ခြိမ်းခြောက်လိုက်လေ… ငါ့အထင်တော့ သူမက ရဲ့ကုန်သွယ်ရေး လုပ်ငန်းကို ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး”
ရဲ့ရှီမို့မှာ ဒေါသမီး တောက်လောင်ရပါတယ်။
“ရဲ့ကုန်သွယ်ရေးလုပ်ငန်းမှာ သူ့စည်းမျဉ်းနဲ့ သူ ရှိပြီးသားပါ၊ ဖောက်သည်ရဲ့ သတင်းအချက်အလက်ကို ပေါက်ကြားစေလို့ မရပါဘူး၊ ခင်ဗျားက ကျုပ်ကို ကတိမတည်သူ ဖြစ်စေချင်နေလား”
အဘိုးအိုရဲ့မျက်နှာအမူအရာက ဘဝင်မကျ ဖြစ်လာပါတယ်။
“မင်း ဘာကြောင့်များ အလိုက်သင့် မလုပ်ဆောင်နိုင်ရလဲ၊ မင်းရဲ့ ဂုဏ်သိက္ခာနဲ့  မွေးစားမိခင်ရဲ့ ကျန်းမာရေး ဘယ်ဟာက ပိုအရေးပါနေလဲ မင်းတွေးကြည့်ရမယ်”
“ဟား…”
ရုတ်ခြည်း ရဲ့ရှီမို့က ဟားတိုက် ရယ်မောတော့တယ်။ ရယ်ချင်စိတ် ရှိလို့ ရယ်မောခြင်းလား၊ ဒေါသထွက်လို့ ဟားတိုက် ရယ်မောခြင်းလား မသိနိုင်ပါဘူး။
“ငါတို့ ကုန်သွယ်ရေး လုပ်ငန်းမှာ ရှိတဲ့ နှစ်၅၀၀သက်တမ်း ဆေးပင်၅ပင်နဲ့ စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ကုန်သွယ်ခဲ့ရတယ်၊ ခင်ဗျားသာ ကျုပ် မွေးစားအမေကို ကုသပေးနိုင်ရင် ဆေးပင်နဲ့ ချက်ချင်း လဲလှယ်ပေးမယ်”
အဓိကအချက်ကတော့ မွေးစားအမေရဲ့ ရောဂါကို ကုသပေးနိုင်ဖို့ပါပဲ။
ယွမ်လော့ဖုန်းလည်း ရဲ့ရှီမို့ကို မာယာများစွာ ကြည့်ရင်း ခပ်နွမ်းနွမ်း ပြုံးလိုက်ပါတယ်။ ရဲ့ရှီမို့သာ သူမကို တောင်းဆိုခဲ့ရင် သူမက ငြင်းမှာ မဟုတ်ပါဘူးနော်။ သို့သော်လည်း သူက ဒီလိုမျိုး မလုပ်ဘဲ သူ ပိုင်ဆိုင်တဲ့ ဆေးပင်ကို သုံးဖို့ ရွေးချယ်ခဲ့ပါလား။  ဒါကြောင့်လည်း ရဲ့ရှီမို့ကို အထင်ကြီး လေးစားမိတာ ထင်ပါရဲ့။
“ရဲ့သခင်လေး၊ ငါက ရဲ့သခင်မကို မကုသနိုင်လို့တော့ မဟုတ်ဘူး၊ ကုသမဲ့ အဖိုးအခက စိတ်ဝိညာဉ် ဆေးရည် တစ်ပုလင်းနဲ့ မလုံလောက်လို့ပဲ၊ စိတ်ဝိညာဉ် စုစည်း ဆေးရည် ၁၀ပုလင်းတော့ လိုအပ်မယ်”
စိတ်ဝိညာဉ် စုစည်း ဆေးရည် ၁၀ပုလင်းဆိုရင်တော့ နှစ်၅၀၀ဆေးပင်  အပင်၅၀ လိုအပ်သွားပါပြီ၊ ရဲ့မိသားစု ပိုင်ဆိုင်တဲ့ ဆေးပင်နဲ့ အများဆုံး ၄ပုလင်းလောက်သာ လဲလို့ ရပါတယ်။
သို့သော်ငြားလည်း ရဲ့ရှီမို့က အံကြိတ်ကာ ပြောလိုက်ပါတယ်။
“ခင်ဗျား ဘက်က ငါ့မွေးစားအမေ ကိုယ်ဝန်ဆောင်နိုင်အောင် ကုသပေးနိုင်သ၍  ၁၀ပုလင်း မပြောနဲ့ ပုလင်း၁၀၀အထိတောင် ပေးနိုင်တယ်”
 သူက ရဲ့မိသားစုကို အရှက်မဲ့စွာ ပြန်ရမယ်ဆိုလဲ… မွေးစားအမေအတွက် စိတ်ဝိညာဉ်ဆေးရည် ၁၀ပုလင်း ရယူနိုင်မယ်ဆိုရင် သူ ကျေနပ်မိမှာပါ။
နောက်ဆုံးတော့ ရဲ့ရှီမို့လည်း ထပ်ပြောလိုက်ပါတယ်။
“အရင်ဆုံး ငါ့မွေးစားအမေကို  ခင်ဗျား ကုသပေးနိုင်ဖို့ပဲ လိုအပ်ပါတယ်”
အဘိုးအိုရဲ့မျက်နှာထားက ချက်ချင်း မည်းမှောင်သွားတော့တယ်။ ပထမတောင်းဆိုမှုကို အတင်းအကျပ် တောင်းဆိုကာ အခု မတန်တဆ ဈေးနှုန်းကို တောင်းဆို ပြန်တော့ သူက ဘာမှ မတွေးဘဲ သဘောတူလိုက်တယ်လား။
သူ့အရည်အချင်းနဲ့ ပတ်သက်ပြီး သူ့မှာ အကြံဉာဏ် ရှိပြီးသားပါ။ အရင်တည်းက သူ့မှာ ကျွင်းဖန်လျန်ကို ကုသပေးနိုင်တဲ့ ကျွမ်းကျင်မှု မရှိပါဘူး။ ထိုအခိုက်အတန့်လေး အတွင်းမှာ သူ ပြောခဲ့သော စကားများကို ပြန်လည်ရုပ်သိမ်းချင်တဲ့ ဆန္ဒများ ဖြစ်ပေါ်လာခဲ့ပြန်တယ်။
ရဲ့ရှီမို့က ဉာဏ်များလွန်းကာ ရဲ့ချီလို လှည့်ဖြားဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် သူ့ဆီက စိတ်ဝိညာဉ် စုစည်း ဆေးရည်ကို လှည့်ဖြား ယူဖို့ ပိုလို့တောင် မလွယ်ကူပါဘူးကွာ။
သူ့မှာ နှစ်၅၀၀ သက်တမ်း ဆေးပင် ရှိနေသေးလို့ လိမ်ညာတဲ့ နည်းလမ်းကို သုံးခဲ့ရခြင်းပါ။
ဒီအကြောင်းကို တွေးရင်း အဘိုးအိုရဲ့မျက်ဝန်းများက ဂနာမငြိမ် ဖြစ်နေပါတယ်။ သူ့လက်သီးဆုပ်ကို နှုတ်ခမ်းပေါ် တင်ကာ စကားမပြောခင်မှာ ဟန်လုပ် ချောင်းဆိုးလိုက်ပါတယ်။
“ကောင်းပြီလေ၊ အရင်ဆုံး ရဲ့သခင်မကို ကုသပေးဖို့ သဘောတူတယ်၊ ဒါပေမဲ့ သူမကို ကုသပေးဖို့အတွက် တခြား တောင်းဆိုချင်တာ ရှိပါသေးတယ်”
 
***
အပိုင်း(၈၀၅)

ကျွင်းဖန်လျန် ပြန်လာပြီ (၅)

 
သူလည်း မေးငေါ့ကာ ဟောင်ဟောင်ကို မောက်မာစွာ ကြည့်လိုက်တယ်။
“ဒီကောင်မလေး… ငါ့တပည့်ကို ဒူးထောက် တောင်းပန်စမ်း”
ရဲ့ရှီမို့က ဒီကောင်မလေးကို နှစ်သက်တည်းက ဒီလို အနေအထားမျိုးကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရဲ့ရှီမို့ဘက်က အကျိုးသင့်အကြောင်းသင့် ပြန်လည် ချေပမှာပါလေ။
မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ရဲ့ရှီမို့ရဲ့မျက်ဝန်းများ မည်းမှောင် သွားလေတယ်။ အေးတိ အေးစက် လေသံနဲ့ စကားပြောလာခဲ့တယ်။
“ခင်ဗျားရဲ့ တောင်းဆိုမှုကို သဘောမတူဘူးလို့ ပြောထားပြီးသားပါ”
အဘိုးအိုလည်း မဲ့ရွဲ့လိုက်တယ်။
“ခင်ဗျားတို့က သဘောမတူတော့လည်း ခင်ဗျားတို့ရဲ့ တောင်းဆိုမှုကို ကျုပ်က မလိုက်လျောနိုင်တော့ဘူး၊ နှုတ်ဆက်ပါတယ်၊ ရုံအာ ပြန်မယ်”
ဒီစကားကို ပြောပြီး လှည့်ထွက်ဖို့ ဟန်ပြင်လိုက်တယ်။
“ခဏနေပါဦး”
ရဲ့ချီလည်း စိတ်ပျက်စွာ ခြေဆောင့်လိုက်ပါရဲ့။
“အစ်ကိုကြီး၊ ဒီကောင်မလေး တောင်းပန်လိုက်လို့ ဘာဖြစ်သွားမှာမို့လဲ၊ အစ်ကို့နှလုံးသားထဲမှာ မွေးစားအမေက ဒီကောင်မလေးထက် အရေးမပါတော့ဘူးလား”
ရဲ့ရှီမို့ရဲ့မျက်နှာထားက ပိုပို အေးစက်လာတော့တယ်။
“ရဲ့ချီ၊ ပါးစပ် ပိတ်ထားစမ်း”
“ကျွန်မကို ပါးစပ်ပိတ်ထားဖို့ ပြောတယ် ဟုတ်လား၊ အစ်ကို့မှာ ဒီလို အမိန့်ပေးဖို့ အခွင့် ရှိလို့လား”
ရဲ့ချီလည်း ဟောင်ဟောင်ကို ခက်ထန်သော အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
“ဒီကောင်မလေးက အရမ်းကို ငယ်ရွယ်သော်လည်း နည်းလမ်းပေါင်းစုံ တတ်လွန်းပါတယ်၊ သူမကို တစ်စုံတစ်ယောက်က ညွှန်ကြားနေတာ ဖြစ်ရမယ်၊ ဒါကြောင့်မို့သာ ဖြားယောင်းတဲ့ အတတ်ပညာကို တတ်မြောက်နေတာ”
“ရဲ့ချီ…အခြေအမြစ်မရှိတဲ့ စကားကို မပြောနဲ့”
သူလည်း မျက်မှောင် ကြုတ်လိုက်တယ်။
“ဟောင်ဟောင်မှာ ထူးကဲတဲ့ အဆင့်အတန်း ရှိတယ်၊ နင် သူ့ကို ရိုင်းစိုင်းပြီး ကိုယ့်ဒုက္ခကိုယ် ရှာနေတယ်… နောက်မှ နင့်ကို သတိမပေးဘူးလို့ မပြောနဲ့”
ဟောင်ဟောင်ကို အရမ်းကာကွယ်ပေးနေတာ မြင်ရတော့ သူမရဲ့နှလုံးသားမှာ ဝန်တိုစိတ်များ ပြည့်နှက် လာရတယ်။
“တကယ်ပဲ သူမရဲ့အဆင့်အတန်းက ထူးခြားတာလား၊ ရဲ့မိသားစု အနာဂတ်သခင်မလေးလား၊ ကျွန်မ လူကဲခတ်မှားသွားပြီ၊ တကယ်တော့ အစ်ကိုကြီး ကလေးတွေကို စွဲလမ်းနေတဲ့ ယောကျ်ားပါလား”
“ရဲ့ချီ… ဒီကိစ္စ နင့်ကို ဘယ်သူ ပြောလဲ”
ရဲ့ချီလည်း မကျေမနပ် ထေ့ငေါ့လိုက်တယ်။
“ဘာလဲ၊ အမှန်ကို ပြောလိုက်လို့ နာနေလား၊ နင့်ညီမ ဖြစ်နေလို့ နင့်ကို သတိပေးနေတာ၊ အမှန်တော့ ကလေးမလေးတွေက အဆင်မပြေပါဘူး၊ ရဲ့မိသားစုကြောင့် နင့်ကို ချဉ်းကပ်ခဲ့တာပါဟာ၊ ဒီကောင်မလေးက ဘယ်ကမှန်း မသိရောက်လာပြီး မွေးစားအမေကို အကြီးအကဲ စမ်းသပ်ပေးမှာ လာဟန့်တားတယ်၊ မွေးစားအမေက ကလေးရှိလာရင် နင့်နေရာကို ခြိမ်းခြောက်မှာ ကြောက်နေပုံပဲ၊ ဒါပေမဲ့ နင်ကတော့ သူ့ကို သံသယမရှိဘဲ အကြွင်းမဲ့ ယုံကြည်နေပြန်တယ်”
ရဲ့ချီ အသံက ပိုပို ကျယ်လာပြီး ဒေါသစိတ်ကြောင့် မျက်နှာက နီရဲတွတ်လာတယ်။
“ဒါပေမဲ့ နင်…နင်က မွေးစားမိဘတွေကို စိတ်ပျက်စေတယ်”
ရဲ့ချီလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ကာ အသက်ပြင်းပြင်း ရှူရင်း ရဲ့ချီကို ရိုက်နှက်ချင်စိတ်များကို ဖိနှိပ်ထားတယ်။
ဒီတစ်ကြိမ်တော့ ရယ်မောသံက အပြင်ဘက်မှ ပျံ့လွင့်လာတော့တယ်။
“မို့အာက ငါတို့ကို ဘယ်တုန်းက စိတ်ပျက်စေခဲ့လို့လဲ… ပြောစမ်းပါဦး ဘယ်လိုမျိုးများ အစ်ကိုရဲ့နဲ့ ငါ့ကို စိတ်ပျက်စေခဲ့လဲ”
ရဲ့ချီလည်း ပခုံးတွန့်ကာ လှည့်ကြည့်လိုက်တော့ ခန့်ညားသော မြင်းပေါ်မှ ဆင်းသက်လာတဲ့  အမျိုးသားနဲ့ အမျိုးသမီးကို တွေ့လိုက်ရတယ်။ သူမရဲ့မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ အတားအဆီးမဲ့စွာ ကျဆင်းလာတော့တယ်။
“မွေးစားအဖေ၊ မွေးစားအမေ နောက်ဆုံးတော့ ပြန်လာပြီပေါ့”
တောက်ပသော အနီရောင် ဝတ်စုံဟာ နီရဲတောက်နေသော မီးတောက်လိုပါပဲ။ သူမက  ခြံဝင်းထဲကို စိတ်အားတက်ကြွစွာ ဝင်ရောက်လာခဲ့တယ်။
ယွမ်လော့ဖုန်းလည်း လှည့်ကြည့်ကာ တီးတိုး ပြောလိုက်တယ်။
“သူတို့တွေပဲ”
ပြန်လမ်းမဲ့ သစ်တောထဲမှာ သူတို့ နာမည်ကို မေးခဲ့သည့် အမျိုးသမီးကို အထင်ကြီး လေးစားခဲ့မိပါတယ်။ ဒါပေမဲ့ ရဲ့ရှီမို့၏ မွေးစား မိခင် ဖြစ်မယ်လို့တော့ မထင်ခဲ့မိပါဘူး။
“မွေးစား အမေ”
ရဲ့ရှီမို့မှာ မျက်နှာထား ပြေလျော့သွားတော့တယ်။
“အစ်ကို့ကို သွားရှာတာ မဟုတ်ဘူးလား၊ ဘာလို့ အစောကြီး ပြန်လာတာလဲ”
ကျွင်းဖန်လျန်လည်း မျက်ခုံးကို အသာအယာ ပင့်တင်လိုက်တယ်။
“ရဲ့မြို့တော် အကြောင်း ကြားလို့၊ သားရဲ့ မွေးစားအဖေနဲ့ အတူတူ ပြန်လာခဲ့တာ၊ မို့အာ… ဘာတွေ ဖြစ်ခဲ့လဲ အမေ့ကို ပြောစမ်းပါဦး”
ထိုစကားကို ပြောပြီးနောက် သူမလည်း ယွမ်လော့ဖုန်းကို  စွေးခနဲ ကြည့်လိုက်တယ်။ သူမဟာ လူနှစ်ဦးကိုသာ မသွေမတိမ်း ကြည့်နေတော့တယ်။
 
***
 
အပိုင်း(၈၀၆)

ကျွင်းဖန်လျန် ပြန်လာပြီ (၆)

 
“မွေးစားအမေ… ပြဿနာက ဒီလိုရှိပါတယ်”
ရဲ့ရှီမို့လည်း ရဲ့ချီကို ကြည့်ကာ ပြောလိုက်ပါတယ်။
“ရွှယ်ရုံအာက ဖုန်းသခင်မလေးရဲ့ ချစ်ရသူကို နှစ်သက် သဘောကျခဲ့တယ်၊ ရဲ့ချီက ဖုန်းသခင်မလေးကို ပစ်မှတ်ထားအောင် တမင် ကြံစည်ခဲ့ပါတယ်၊ ကျွန်တော့်ကို သွေးဆောင် ဖြားယောင်းဖို့ ဖုန်းသခင်မလေးဟာ ဟောင်ဟောင်ကို စေခိုင်းခဲ့တယ်လို့ အခိုင်အမာ ပြောနေပါသေးတယ်၊ အဲဒီနောက်ပိုင်းမှာတော့ မွေးစားမိဘတွေ ပြန်ရောက်လာပါပြီ…”
ကျွင်းဖန်လျန်မှာ ရဲ့ရှီမို့ ရှင်းပြတဲ့ စကားများကို ကြားရပြီးနောက် ကြောင်အမ်းအမ်း ဖြစ်သွားရပါတယ်။ 
“ဖုန်းသခင်မလေး ဟုတ်လား”
“မွေးစားအမေကို သူတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးပါမယ်”
ရဲ့ရှီမို့လည်း ပြုံးလိုက်ပါတယ်။
“သူတို့က ကျွန်တော့် မိတ်ဆွေ အသစ်တွေပါ၊ သူမရဲ့ နာမည်က ဖုန်းလော့ယွမ်၊ သူမရဲ့ချစ်သူက ရှောင်ယွမ်ပါ”
ကျွင်းဖန်လျန်ရဲ့ အကြည့်က ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ပေါ် ကြွေဆင်းသွားလေရဲ့။ သူ့မျက်ခုံးများကို မထင်မရှား မြှင့်တင်လိုက်ပါတယ်။
“မင်း… ငါ့ကို လင်းလောပိုင်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ပြီးတော့ မင်း…”
သူမလည်း ယွမ်ရှောင်ကို လှည့်ကြည့်လိုက်တယ်။
“မင်းနာမည်က ယွမ်မို မဟုတ်ဘူးလား”
ဖြေရှင်းချက် ပေးချင်ခဲ့တဲ့ ရဲ့ရှီမို့ဟာ မှင်တက်သွားတော့တယ်။
မွေးစားအမေက သူတို့ကို သိနေခဲ့တာလား။
နောက်ဆုံးတော့ ယွမ်လော့ဖုန်းဟာ ရှက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောပါတော့တယ်။
“လင်းလောပိုင်က ငါ့တိရစ္ဆာန်လေး နာမည်ပါ”
“ဪ… ဒီလိုလား… ဒါဆို မင်းရဲ့မျိုးရိုးနာမည်က ‘ဖုန်း’ ပေါ့… ဟုတ်လား၊ ဘာကြောင့် မင်းရဲ့အိမ်မွေး တိရစ္ဆာန်လေးက ‘လင်း’ ဖြစ်နေလဲ”
“ငါ့မိခင်ရဲ့မျိုးရိုးနာမည်က ‘လင်း’ ဖြစ်နေလို့ပါ”
“ငါသိထားတာ မင်းမိခင်နာမည်က ပိုင်လင်းပါ
ကျွင်းဖန်လျန်လည်း ပြုံးလိုက်ပါတယ်။ ယွမ်လော့ဖုန်းက သူမကို လှည့်ဖြားနေမှန်း သိသော်လည်း သူမ ဂုဏ်ယူနေမိပါတယ်။
 ဒီကောင်မလေးက သူမကိုယ် သူမက လင်းလောပိုင်လို့ ပြောခဲ့တာမလား။ နာမည်အတုကို မသုံးခဲ့ရင် သူတို့နှစ်ဦးကို အပြင်မှာ အကြာကြီး ရှာခဲ့ရမှာ မဟုတ်ဘူး။ ကျေးဇူးတင်ဖို့ကောင်းတာက ကောင်းကင်ဘုံက သူမကို ကောင်းချီးပေးပါတယ်။ နောက်ဆုံးတော့ သူတို့ကို ရှာတွေ့နိုင်ခဲ့ပါပြီ။
ယွမ်လော့ဖုန်းရဲ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ အသက်ရှူနှုန်းများ လေးပင် လာရတယ်။
“ကျွန်မကို သိလို့လား”
အငြင်းပွားနေခြင်းကို စိတ်မဝင်စားတဲ့ ယွမ်ရှောင်မှာ ဒီကိစ္စက ယွမ်လော့ဖုန်းနဲ့ ပတ်သက် ဆက်နွယ်နေလို့ မျက်နှာလွှဲထားလို့ မရတော့ပေ။ သူ့မျက်ဝန်းမှာ ဝေခွဲရခက်တဲ့ အေးတိအေးစက် အကြည့်များ ပေါက်ဖွားနေခဲ့တယ်။
သူ့အေးစက်သော အကြည့်များကြောင့်  ကျွင်းဖန်လျန်လည်း ပြုံးရုံမျှ ပြုံးနေလိုက်တယ်။ သူမလည်း အကြောက်အလန့် ကင်းမဲ့သော မျက်နှာ အမူအရာနဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်ပါတယ်။
“မိန်းကလေးကို မသိပါဘူး၊ ယွမ်လော့ဖုန်းကိုပဲ သိတာပါ၊ မိန်းကလေးက ယွမ်လော့ဖုန်းဆိုရင်  ကျွန်မနဲ့ သိကျွမ်းသူပဲ”
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကုတ်လိုက်တယ်။ သူမရဲ့မျက်ဝန်းမှာ အန္တရာယ် အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့တယ်။
“ရှင်က သူမနဲ့ ဘယ်လို ဆက်ဆံရေး ရှိလို့လဲ”
“ငါက သူမရဲ့ ယောက္ခမ … မင်းနဲ့ သူမက ဘယ်လို ပတ်သက်လဲ”
ကျွင်းဖန်လျန်လည်း ပြုံးကာ ယွမ်လော့ဖုန်းကို မျက်တောင်မခတ် ကြည့်နေခဲ့တယ်။
ယွမ်လော့ဖုန်းမှာ ကြောင်တောင်တောင် ဖြစ်သွားရပါတယ်။ ဒီအမျိုးသမီးက သူမရဲ့ ယောက္ခမ လား၊ ဒါဆို ယွမ်ရှောင်ရဲ့ အမေလား။
ဒီစကားကို ကြားပြီးနောက် ယွမ်ရှောင်ရဲ့မျက်နှာထား ပြောင်းလဲသွားကာ ပုံမှန်လို ခံစားချက်ကင်းမဲ့သော မျက်နှာထား အဖြစ် ပြောင်းလဲသွားတော့တယ်။
သူ့အတွက်တော့ အမေဆိုတဲ့ စကားလုံးက ဝေးကွာလွန်းတဲ့ မှတ်ဉာဏ် အပိုင်းအစ ငယ်လေးပါ။
ဝေးကွာလွန်းခဲ့တော့ သူမရဲ့မျက်နှာကိုတောင် မေ့လျော့နေခဲ့ပါပြီ။
ရဲ့ချီရဲ့မျက်နှာမှာ အရောင်ပြောင်းသွားကာ ခြေလှမ်းများလည်း နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားတော့တယ်။ သူမရဲ့နှုတ်ခမ်းကို ဖိကိုက်ကာ မေးလိုက်ပါတော့တယ်။
“ဒီလူတွေက ငါ့မွေးစားမိဘတွေ ရှာချင်နေသူ များလား”
သူမက သူတို့တွေကို ရဲ့အိမ်တော်မှ မောင်းထုတ်ချင်ခဲ့တာ ရယ်စရာ ကောင်းခဲ့ပါလား။ သူမဟာ မွေးစား သမီးဆိုတာထက် ဘာဆိုဘာမှ မဟုတ်ပါဘူး။ မွေးစားအမေရဲ့ သားအရင်းနဲ့ ချွေးမကို မောင်းထုတ်ဖို့ ကြံစည်ခဲ့တယ်လား။
လက်ရှိအချိန်မှာတော့ ရဲ့ချီစိတ်အခြေအနေဟာ ထွေပြားနေခဲ့ပါတယ်။ သူမရဲ့ နှုတ်ခမ်းများဟာ အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်နေကာ နှုတ်ခမ်းကို ဖိကိုက်ထားပါတယ်။
ရွှယ်ရုံအာရဲ့အတွေးများက အကြိမ်တစ်ရာလောက် ပြောင်းလဲနေခဲ့တယ်။ ဒီလူက တကယ်ပဲ သူတို့သားအရင်းလား။ သူမသာ သူ့အမျိုးသမီး ဖြစ်ခွင့်ရရင် ရဲ့မြို့တော်သခင်မ ဖြစ်လာနိုင်တယ်၊ ရဲ့ချီတို့မောင်နှမလည်း သူမရဲ့စိတ်ဆန္ဒအတိုင်း ရှင်သန်ရမယ်။
ဘာလိုပဲဖြစ်ဖြစ် ယွမ်ရှောင်ရဲ့ ဇနီးဖြစ်ဖို့ ရွှယ်ရုံအာ ဆုံးဖြတ်လိုက်ပါပြီ။
 
***

Bạn đang đọc truyện trên: Truyen247.Pro