Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

စာစဉ်(၁၉) 448+449+450+451+452

အပိုင်း(၄၄၈)

နင်ရှင်းကို ကုသခြင်း(၁)

 
နင်မိသားစု၏ တော်ဝင်ခန်းမဆောင်မှာ သက်လတ်ပိုင်း အမျိုးသားက အားလုံး အမြင့် အလယ်မှာ ထိုင်နေခဲ့ပြီး တိုးလျသော လေသံနှင့် စကားဆိုတယ်။ သူ၏ ခက်ထန် တင်းကျပ်စွာ ကြုတ်ထားသော မျက်ခုံးများက ဝမ်းနည်းမှု မိုးတိမ်များ အုံ့ဆိုင်းနေခဲ့တယ်။
“ငါ့ဖခင် ပြန်မလာသေး ဘူးလား”
“သခင်” ပထမမြောက် အကြီးအကဲက ရှေ့သို့ လှမ်းလာခဲ့ပြီး ရိုသေ လေးစားစွာ ဂါရဝပြုကာ စကားဆိုတယ်။
“ယခင် သခင်ကြီး ဘယ်ရောက်နေလဲ ဆိုတာ နေရာတိုင်း ရှာခဲ့ပါတယ် ... ဒါပေမဲ့ ဘယ်ရောက်နေလဲ ဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး ကျွန်တော်တို့ သူ့ကို မရှာတွေ့သေးပါဘူး”
“ကောင်းပြီ”
သက်လတ်ပိုင်း အမျိုးသားက သက်ပြင်းချလိုက်တယ်။ သူ ပို၍တိုးလို့သာ မျက်မှောင်ကြုတ် လိုက်တယ်။
“နင်ရှင်းအတွက် ရက်ပိုင်းပဲ ကျန်တော့တယ် အဖေ အချိန်မီ ပြန်မလာနိုင်မှာ စိုးရိမ်မိတယ် သူမလေးရဲ့ နောက်ဆုံး အချိန်ကို မမီနိုင်တော့ဘူး”
သူ့လက်ချောင်းများက သူ့နဖူးကို ပွတ်သပ်လိုက်ပြီး သူ့မျက်နှာက စိတ်ပျက်ကြေကွဲမှုကို ဖော်ပြနေလေရဲ့။ နင်ရှင်းကို ကုသပေးဖို့ သမားတော် အများကြီး သူရှာခဲ့ပါတယ် ဒါပေမဲ့ အားလုံးက နင်ရှင်း အပြင်းအထန် ထိခိုက်မိတာကြောင့် ကုသလို့ မရနိုင်ဘူးလို့ ပြောကြတယ် သေဆုံးသွားတဲ့လူကို အသက် ပြန်သွင်းပေးနိုင်တဲ့ သမားတော် ထျန်းရာကို မရှာနိုင်ရင် နင်ရှင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ သို့သော်လည်း သူ့အဖေ အပြင်းအထန် နေမကောင်း ဖြစ်စဉ်က နှစ်အနည်းငယ် ကြာအောင် သမားတော် ထျန်းရာကို ရှာဖွေခဲ့ပါတယ် ... ဒါပေမဲ့ သူ့ကို မရှာနိုင်ခဲ့ဘူး အခု နှစ်ရက်တည်းနဲ့ သမားတော် ထျန်းရာကို ဘယ်လို ရှာရမလဲ။
“ထားလိုက်ပါတော့”
သက်လတ်ပိုင်း အမျိုးသားက ခေါင်းကို ဝှေ့ယမ်းကာ အသက်ခပ်ပြင်းပြင်း ရှူထုတ်လိုက်တယ်။
“ပထမမြောက် အကြီးအကဲ နင်ရှင်း သေဆုံးသွားပြီ ဆိုတဲ့ သတင်းကို ဖြန့်လိုက်တော့  ... အဖေ ဒီသတင်းကို ကြားရင် ပြန်လာလိမ့်မယ် ... အခု နင်ရှင်းမှာ ရက်အနည်းငယ်သာ ကျန်ရှိတော့တာကြောင့် ဘာပဲဖြစ်ဖြစ် သူမကို စိတ်အနှောင့်အယှက် မဖြစ်စေနဲ့ ... နင်ရှင်း တိတ်ဆိတ်စွာ အနားယူပါစေ”
ဒီစကားကို ပြောပြီးသည်နှင့် သူလည်း မတ်တတ် ရပ်လိုက်ပြီး ခန်းမ အပြင်ဘက်ကို လမ်းလျှောက် သွားလိုက်တယ်။
လွန်ခဲ့သော ရက်ပိုင်းက နင်မိသားစုမှာ ဒီလူက အရမ်းကို တန်ခိုး အာဏာရှိတဲ့ လူတစ်ယောက်ပါ အခုတော့ စိတ်ညစ်နေတဲ့ ခါးကုန်းကုန်းနဲ့ လူတစ်ယောက် ဖြစ်နေပါပြီ ဆယ်စုနှစ်လောက် အသက်ပိုကြီး သွားတယ်လို့ ထင်ရတယ်။ သူ၏ မင်ကဲ့သို့ မည်းမှောင်နေသော ဆံနွယ်များမှာ တစ်ဝက် မီးခိုးရောင် ဖြစ်နေခဲ့ပါပြီ။
“သခင်”
ထို့နောက် အစေခံ တစ်ယောက် ပြေးဝင်လာပြီး ရိုသေလေးစားစွာ ပြောတယ်။
“အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်က သခင့်ကို တွေ့ချင်တယ်လို့ ပြောနေပါတယ်”
သက်လတ်ပိုင်း အမျိုးသားက ခဏရပ်တန့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။
“ဘယ်သူတွေလဲ”
“သခင် ... လုံယွမ်တိုင်းပြည်ကလို့ ပြောပါတယ် ကောင်မလေး နာမည်က ယွမ်လော့ဖုန်း ... ကောင်လေး နာမည်က ယွမ်ချင်ရာ ...”
ဒိုင်း
သက်လတ်ပိုင်း အမျိုးသား ပြန်မဖြေခင်မှာ ခန်းမဆောင်ထဲမှ လေးယောက်မြောက် အကြီးအကဲက ရုတ်တရက် မတ်တတ် ထရပ်လိုက်တယ်။ သူ့ ခက်ထန်နေသော မျက်နှာက ဒေါသများဖြင့် တောက်လောင် နေတော့တယ်။
“ယွမ်မိသားစုက လူတွေ ဒီနေရာကို လာရဲတယ်ပေါ့ ... အထူးသဖြင့် ယွမ်ချင်ရာဆိုတဲ့ ကောင် ... ဒီကောင် ဆေးမြို့တော်ကို ရန်မစခဲ့ရင် နင်ရှင်းလည်း အပြင်းအထန် ဒဏ်ရာ ရမှာ မဟုတ်ဘူးသလို  ... သေအံ့ဆဲဆဲ ဖြစ်မှာ မဟုတ်ဘူး ငါတို့က အပြစ်ကို တာဝန်ယူဖို့ မပြောရသေးခင် ရောက်လာရဲတယ်ပေါ့ သခင် ... အခုချက်ချင်း ဒီလူတွေကို သင်ခန်းစာ ပေးခွင့် ပြုပါ”
လေးယောက်မြောက် အကြီးအကဲ အံ့သြမိတယ်။ သူ့အစွမ်း အားလုံးကို မသုံးသော်လည်း သူ ... ယွမ်ချင်ရာကို သူ့အစွမ်း အားလုံးနီးပါး သုံးပြီး ရိုက်ထားတာပါ။
နင်မိသားစုရှိရာကို ရောက်လာ နိုင်သေးတယ်ပေါ့။ သူ့ဒဏ်ရာကို ဘယ်လို ကုသလိုက်တာလဲ။
မဖြစ်ရဘူး ...။ လုံးဝ ဖြစ်နိုင်ချေ မရှိဘူး သူ သုံးခဲ့တဲ့ အစွမ်းကို သူ သိနေခဲ့တယ် ဒီလောက် လျင်လျင်မြန်မြန် ပြန် သက်သာသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။
“လေးယောက်မြောက် အကြီးအကဲ”
သက်လတ်ပိုင်း အမျိုးသားလည်း မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသထွက်နေသော လေးယောက်မြောက် အကြီးအကဲကို ကြည့်လိုက်တယ်။ အပြစ်တင်ဟန် လေသံဖြင့်
“ယွမ်ချင်ရာ ဆိုတာ နင်ရှင်း အသက်စွန့်ပြီး ကာကွယ်ပေးခဲ့တဲ့ လူတစ်ယောက် ... မင်း ဘယ်လို ဆက်ဆံလိုက်တာလဲ မင်း ရှင်းအာရဲ့ ခံစားချက်ကို အလေးထားရဲ့လား ဒါပေမဲ့ ... ငါ ယွမ်ချင်ရာကို တွေ့ချင်တယ် သူမ အသက်နဲ့ ရင်းပြီး သူ့ကို ကာကွယ်ချင် လောက်အောင် ရှင်းအာကို ဘယ်လို ပြုစားထားလဲဆိုတာ သိချင်တယ်”
လေးယောက်မြောက် အကြီးအကဲလည်း လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်တယ်။ သူ့အိုမင်နေတဲ့ မျက်နှာက သုန်မှုန်နေတာပေါ့။ ယွမ်ချင်ရာက အိပ်ရာပေါ်မှ လူးလဲထနိုင် သေးတယ်ပေါ့ သူ့အစွမ်း အားလုံးကို သုံးခဲ့သင့်ပါတယ် ယွမ်ချင်ရာက နင်ရှင်း အချစ်ကို ခံယူဖို့ အရည်အချင်း မရှိဘူး။
 
***

အပိုင်း(၄၄၉)

နင်ရှင်းကို ကုသခြင်း(၂)

 
အိမ်တော်ဆောင် အပြင်ဘက်မှာ မိန်းကလေး တစ်ယောက် ရပ်နေဆဲပါ။ သူမရဲ့ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံက လေပြည်လေညင်းမှာ တလွင့်လွင့် ဖြစ်နေပြီး အသက်ရှူ မှားလောက်အောင် လှပပါတယ်။ သူမက အတော်လေး  မာနထောင်လွှားသော ပုံစံရှိပြီး နက်ရှိုင်းသော သူမ၏ မျက်ဝန်းနက်များက ကောက်ကျစ် စဉ်းလဲသော အလင်းတန်းများဖြင့် အရောင်တောက် နေခဲ့ပါတယ်။ ပျင်းရိလေးတွဲသော ပုံစံရှိသော်လည်း သူမက လှပသော ပန်းချီကား တစ်ချပ်လို  နှစ်လိုဖွယ် ကောင်းစေပြီ။
သို့သော်လည်း ...
နင်မိသားစုဝင်များ၏ အမြင်မှာတော့ ကောင်မလေးက မျက်ဝန်းမှေး ကြည့်နေခဲ့ပြီး သူမမျက်ဝန်းမှ အန္တရာယ် အငွေ့အသက်များ တဖျတ်ဖျတ် လက်နေခဲ့တယ်ပေါ့။
ယွမ်ချင်ရာက ယွမ်လော့ဖုန်း ဘေးနားမှာ မတ်တတ်ရပ်နေခဲ့ပြီး သူ့ခန့်ညား ချောမောသော မျက်နှာက ဖြူဖျော့မနေတော့ သော်လည်း  ပြင်းထန်သော ထိခိုက်မှုမှ သက်သာရုံ ရှိသေးတာကြောင့် အနည်းငယ်တော့ ချည့်နဲ့နေပါသေးတယ်။ သူ့ကြည်လင် အေးစက်သော မျက်ဝန်းများက မချုပ်တည်း နိုင်မှုကို ပြသနေလေရဲ့။  လေပြည်လေညင်းမှာ မလှုပ်မယှက် ရပ်နေခဲ့ပြီး သူ့အကြည့်က ဆုံးဖြတ်ချက် ခိုင်မာမှုနှင့် ပြတ်သားမှုကို ပြသနေတာပေါ့။
သူတို့ဘေးမှာ ရပ်နေတဲ့ လင်းလောပိုင်က သူတို့နှင့် ဆက်ဆိုင်မှု မရှိပုံရပြီး သူမရဲ့ တောက်ပသော မျက်လုံး ဝိုင်းဝိုင်းလေးများက ကျီစယ်တတ်သော အလင်းတန်းများဖြင့် တောက်ပနေခဲ့လေတော့ ...။
“အပြာရင့်ရောင် ဝတ်စုံနဲ့လူက လေးယောက်မြောက် အကြီးအကဲလား”
ယွမ်လော့ဖုန်းလည်း သက်လတ်ပိုင်း အမျိုးသား နောက်မှ အဘိုးအို အကြည့်ကို သတိထားမိတယ်။ သူ့မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီး မကျေချမ်းမှုများကို တွေ့နေရတယ်။ ဒါကြောင့် သူ ဘယ်သူလဲ ဆိုတာ သူမ ချက်ချင်း ခန့်မှန်းမိတာပေါ့။
သူမ အမေးကြောင့် ယွမ်ချင်ရာလည်း  ခေါင်းညိတ်လိုက်တယ်။
“သူ ...”
သူ့အဖြေကို ကြားရတော့ ယွမ်လော့ဖုန်းလည်း ဘာစကားတစ်ခွန်းမှ ထပ်မပြောတော့ဘူး။ သူမ မျက်ဝန်းကို မှေးပြီး သူမတို့ရှိရာ လျှောက်လှမ်းလာတဲ့ သက်လတ်ပိုင်း အမျိုးသားကို အကဲခတ်ဟန် ကြည့်လိုက်ကာ သူမ မေးလိုက်တယ်။
“နင်ရှင်း ဘယ်မှာလဲ”
တဲ့တိုး နင်ရှင်း ဘယ်မှာလဲ ဆိုတာသာ ရှင်းရှင်းလင်းလင်း မေးလိုက်တယ်။ သက်လတ်ပိုင်း အမျိုးသားလည်း အံ့သြသွားပြီး ခပ်ရေးရေး ပြုံးနိုင်အောင် ကြိုးစားလိုက်တယ်။
“မင်းက လုံယွမ်တိုင်းပြည်ရဲ့ စစ်သူကြီး မြေးလေး ယွမ်လော့ဖုန်း ဖြစ်ရမယ် ကျုပ်ဖခင်က မင်းအကြောင်း အများကြီး ပြောထားဖူးပါတယ်”
“နင်ရှင်း ဘယ်မှာလဲ”
ကောင်မလေးက သက်လတ်ပိုင်း အမျိုးသားလေး ပြောတာကို မကြားသလို ဆက်မေးလိုက်တယ်။
ယွမ်လော့ဖုန်းက သူ့စကားကို လျစ်လျူရှုပြီး နင်ရှင်းကို တွေ့ဖို့ စိတ်အား ထက်သန်နေမယ်လို့ မထင်ထားခဲ့မိဘူး။ သက်လတ်ပိုင်း အမျိုးသားလည်း မပျော်ရွှင်သလို ခံစားရပြီး သူ့အသံက အရင်လို ဖော်ရွေမှု မရှိတော့ပေ။
“ရှင်းအာ ... အရမ်း နေမကောင်း ဖြစ်နေတယ် ... အိပ်ရာက ထဖို့ ခဲယဉ်းတယ် မင်းတို့ကို လာတွေ့နိုင်မှာ မဟုတ်ဘူး ယွမ်သခင်မလေး ပြန်လိုက်ပါ”
ဒီစကားကို ပြောလိုက်တဲ့အချိန်က သူ့မျက်ဝန်းတစ်စုံက ယွမ်ချင်ရာကို ဆန်းစစ်သလို ကြည့်နေခဲ့တယ်။
သူ  ... ဒီလူကို ကြည့်လေလေ ကျေနပ်မှုများ လျော့နည်း လာလေလေပဲ။ လူ့ဘောင်လောကမှာ ယွမ်ချင်ရာရဲ့ ပါရမီ အရည်အချင်းက မဆိုးသော်လည်း သူ့မျက်လုံးထဲ ရောက်ဖို့ မထိုက်တန်ဘူး။ ဆေးမြို့တော်၏ ဆိုးတေသော ဆက်ခံသူကိုသာ ယွမ်ချင်ရာက အနိုင်ယူနိုင်တာပါ။
ဆေးမြို့တော် ဆက်ခံသူ ပါရမီအရည်အချင်းက နိမ့်ပါးတယ်ဆိုတာ လူတိုင်း သိနေတာပဲလေ ...။ ဆေးမြို့တော် သခင်က ဒီဆိုးတေတဲ့ သားကို မွေးပြီး မြုံသွားတာကြောင့် သူ့တစ်ဦးတည်းသော သားကို အရမ်းကို အလိုလိုက်ခဲ့တာ ... ဒါကြောင့်လည်း ရွံမုန်းစရာ ယောက်ျားတစ်ယောက် အဖြစ်   တွန်းပို့သလို ဖြစ်သွားတာပေါ့။ ဒီကောင်လေးက အဲဒီဘဝမှာ မွေ့လျော်နေတာလေ။
နင်မိသားစုအတွက်တော့ ...
နင်ရှင်းနှင့် လေးယောက်မြောက် အကြီးအကဲ၏ သားက ရှားပါးသော မျိုးဆက်သစ်လေး ...။ ယွမ်ချင်ရာက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူ့အဖေနဲ့ နင်ရှင်း စိတ်ချမ်းသားဖို့ သူတို့ကို ဧည့်သည် တစ်ယောက်လိုတော့ ဆက်ဆံနိုင်တယ်။ သူ့(ယွမ်ချင်ရာ)ကို သူ့သမက် တစ်ယောက် အဖြစ် လက်မခံနိုင်ဘူး။
သက်လတ်ပိုင်း အမျိုးသားက ယွမ်ချင်ရာကို အကဲခတ်သော အကြည့်နှင့် ကြည့်နေစဉ် ဘေးနားမှ အလွန်ချောမောသော မိန်းမပျိုလေးက စကားဆိုလာခဲ့တယ်။
“ရှင် ...သူမကို သေစေချင်ရင် သူမကို တွေ့ဖို့ တားဆီးနိုင်တယ် ... သူမကို အသက်ရှင် စေချင်တယ်ဆိုရင် နင်ရှင်းကို တွေ့ဖို့ ခေါ်သွားပေး”
သူမ၏ ငြင်းဖွယ်မရှိသော အသံက သက်လတ်ပိုင်း အမျိုးသားကို မှင်တက်သွားစေပြီး သူ့ကို မျက်မှောင်ကြုတ် စေတယ်။
“ဟွန့်”
လေးယောက်မြောက် အကြီးအကဲ ထေ့ငေါ့လိုက်ပြီး ယွမ်လော့ဖုန်းကို အထင်မြင်သေးသော အကြည့်ဖြင့် ကြည့်လိုက် လေတော့တယ်။
“ကောင်မလေး ... ငါ မင်းကို အကြံတစ်ခုတော့ ပေးလိုက်မယ် မပလွှားရင် ပိုကောင်းမယ်နော် ... ဆေးစာအုပ်တွေ ဖတ်ရုံနဲ့ သမားတော် တစ်ယောက် ဖြစ်မလာနိုင်ဘူး  ... နင်ရှင်းကို ကုသဖို့ ကျော်ကြားတဲ့ သမားတော် အားလုံးကို ခေါ်လာခဲ့ပြီ ကုသခိုင်းခဲ့တယ်။ တစ်ယောက်မှ နင်ရှင်းကို မကုသနိုင်ခဲ့ဘူး သူမကို ကုသနိုင်တယ်လို့ မင်းက ယုံကြည်ရဲတယ်လား ... အရင်သခင် ကြောင့်သာ မဟုတ်ရင် မင်းကို ဒီနေရာက ကန်ထုတ်လိုက်တာ ကြာပြီ ... ဒီနေရာမှာ လေလုံးထွား ရဲတယ်ပေါ့”
 
***

အပိုင်း(၄၅၀)

နင်ရှင်းကို ကုသခြင်း (၃)

 
မိန်းမပျိုလေးလည်း လေးယောက်မြောက် အကြီးအကဲကို ကောက်ကျစ် စဉ်းလဲသော ပုံစံဖြင့် ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူမမျက်ဝန်းမှ ဖြစ်တည်လာသော ချမ်းစိမ့်စိမ့် အကြည့်က လူတစ်ယောက် လည်းပင်ပေါ် ဓားတင် ခြိမ်းခြောက်ထားသလို ခိုက်ခိုက်တုန်စေတယ်။
“ဒီနေရာက ထွက်သွားစမ်း”
သူမအသံက လူအုပ်ကြားမှ ပေါက်ကွဲသွားသော ဗုံးတစ်လုံးကဲ့သို့ ပါပဲ။ သူမရဲ့ လှပပြီး မာနဝင့်ကြွားသော မျက်နှာကို  လူသတ်ချင်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းထားခဲ့တယ်။
လေးယောက်မြောက် အကြီးအကဲ  ... ယွမ်ချင်ရာပေါ် ကျူးလွန်ခဲ့သော အပြစ်ကို တွေးမိတိုင်း ဒေါသလှိုင်းများက ဖြစ်ပေါ်လာရပြီး ချက်ချင်း သူမကို ဒေါသစိတ်က ဝါးမျိုသွားခဲ့တယ်။ သို့သော်လည်း အခုအချိန်မှာ အရေးကြီးဆုံး ကိစ္စက နင်ရှင်းကို ကုသပေးဖို့ ...။ နင်ရှင်း သက်သာသွားမှ လေးယောက်မြောက် အကြီးအကဲနဲ့ စာရင်းရှင်းလည်း နောက်မကျသေးပါဘူး။
လေးယောက်မြောက် အကြီးအကဲလည်း မှင်တက်သွားပြီး အတော်အတန်ကြာမှ သူမ ဘာပြောလဲဆိုတာ နားလည်သွားခဲ့တယ်။ သူလည်း ထေ့ငေါ့လိုက်တယ်။
“ကောင်မလေး ... မင်းဘာပြောလိုက်တယ် ဆိုတာ သိရဲ့လား ... ဒါက နင်မိသားစု ... မင်းက ငါ့ကို ဒီလို စကားမျိုး ပြောနိုင်မယ်လို့ ထင်နေတာလား  ... မင်းကိုယ် မင်း ဘာထင်နေလဲ  ... မင်း အသက် ဆက်ရှင်ချင်ရင် ဒီနေရာ ထွက်သွားလိုက်တာ အကောင်းဆုံးပဲ မဟုတ်ရင်တော့ ငါ့ကို ဧည့်ဝတ်မကျေလို့ အပြစ်မတင်နဲ့”
ပုံမှန်ဆိုရင် သက်လတ်ပိုင်း အမျိုးသားက လေးယောက်မြောက် အကြီးအကဲကို တားဆီးမှာပါ။ ဒါပေမဲ့ ဒီနေ့တော့ ဘာမှ မလုပ်ဘဲ အေးတိအေးစက် ရပ်ကြည့်နေခဲ့တယ်။ လေးယောက်မြောက် အကြီးအကဲရဲ့ ဖိနှိပ်မှုကို ဒီကောင်မလေး ဘယ်လို ရင်ဆိုင်မလဲဆိုတာ သူ သိချင်တာ ...။
သူမ ထွက်သွားမလား ...။ ဒါမှမဟုတ် ... လေးယောက်မြောက် အကြီးအကဲနဲ့ တိုက်ခိုက်မလား ...။
အခုချိန်ထိလည်း သူ့အဖေ ဒီကောင်မလေးကို ချီးကျူးနေရလဲဆိုတာ နားလည်နိုင်ဘူး။ လေးယောက်မြောက် အကြီးအကဲကို အသုံးချပြီး ဒီကောင်မလေး အစွမ်းကို စစ်ဆေးကြည့်ချင်တယ်။
ယွမ်လော့ဖုန်းလည်း ပြုံးရိပ်သန်းသော မျက်ဝန်းဖြင့် အန္တရာယ် အငွေ့အသက်များ ဖြာဆင်းနေသော အကြည့်ဖြင့်
“ဒီစကားကို ပြောနိုင်တဲ့ ယုံကြည်ချက်ရှိအောင် ဘယ်အရာက ဖန်ဆင်းထားတာလဲ ... ဟုတ်လား ကောင်းပြီလေ ... ရှင့်ကို ဘာကြောင့်လဲ ဆိုတာ ပြရတာပေါ့”
ဒီအကြောင်းကို ပြောရင်း ယွမ်လော့ဖုန်းလည်း သူမ အင်္ကျီလက်ထဲမှ  နင်တံဆိပ် ခတ်နှိပ်ထားတဲ့ လက်စွပ်ကို ထုတ်လိုက်တယ်။ ထိုလက်စွပ်က နေရောင်မှာ  တောက်ပနေခဲ့တယ်။
“ဒါက ... အဖေ လက်စွပ် မလား ... မင်းလက်ထဲမှာ ဘာကြောင့် ရှိနေတာလဲ”
သက်လတ်ပိုင်း အမျိုးသားလည်း ယွမ်လော့ဖုန်း လက်ထဲမှ လက်စွပ်ကို တအံ့တသြ ငေးကြည့်လိုက်တယ်။ သူ့မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတာပေါ့။ သူမမှာ အဖေ လက်စွပ် ဘာကြောင့် ရှိနေရတာလဲ။ ဒီလက်စွပ်က အာဏာ သင်္ကေတ ဖြစ်တယ် ... သူမ နင်မိသားစုရဲ့ အာဏာကို ဆန္ဒရှိသလို ရွှေ့ပြောင်းနိုင်တယ်လို့ ဆိုလိုတယ်။
ဒါပေမဲ့ ဘာကြောင့် အဖေက ဒီသူစိမ်း ကောင်မလေးက ပေးလိုက်ရတာလဲ။ ဒီကောင်မလေးကို အရမ်း နှစ်ခြိုက်တာ ကြောင့်လား။
မဖြစ်နိုင်ဘူး ... အဖေက သဘောကျနှစ်ခြိုက်ရုံနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခုကို ပေးမှာ မဟုတ်ဘူး။ သူ မသိနိုင်တဲ့ တခြား အကြောင်းအရာတွေ ရှိနိုင်သေးတယ်။
ဒီအကြောင်းကို တွေးကြည့်ရင်း သက်လတ်ပိုင်း အမျိုးသားမှာ စိတ်ပျက်သလို ခံစားလာရတယ်။ သူ့အဖေက လက်စွပ်ကို ဒီကောင်မလေးကို ပေးခဲ့တယ်ဆိုတာ သိခဲ့ရင် လေးယောက်မြောက် အကြီးအကဲက သူမကို ဒုက္ခပေးဖို့ ကြိုးစား ကြံရွယ်နေချိန်မှာ သူ ဒီအတိုင်း ကြည့်မနေပါဘူး။
ပထမမြောက် အကြီးအကဲက ရှေ့သို့ လှမ်းလာပြီး ယွမ်လော့ဖုန်း လက်ထဲမှ လက်စွပ်ကို သေချာ စစ်ဆေးလိုက်တယ်။
“ဟုတ်တယ် ... ဒါက အရင်အကြီးအကဲ လက်စွပ်ပဲ”
ထိုအချိန် ယွမ်လော့ဖုန်း အပေါ်ထားသော အားလုံးရဲ့ သဘောထားများ ပြောင်းလဲသွားခဲ့ပြီး သူတို့မျက်လုံးများက အရင်လို ရန်လိုခြင်း မရှိတော့ပေ။
“ဒါဆို ... ကျွန်မ  ... ရှင့်ကို မောင်းထုတ်လို့ ရပြီလား”
ယွမ်လော့ဖုန်းလည်း သူမ မျက်တောင်ရှည်လေးကို ပင့်တင်ပြီး ခေါင်းလှည့်ကာ   အရှက်ရမှုကြောင့် ခရမ်းရောင် သန်းနေသော လေးယောက်မြောက် အကြီးအကဲကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်တယ်။
မကြာမီက လေးယောက်မြောက် အကြီးအကဲ တိတ်ဆိတ် သွားခဲ့တယ်။ သူ့နှုတ်ခမ်းကို လှုပ်ပြီး တစ်ခုခုကို ပြောဖို့ ကြိုးစားချင် သော်လည်း သူ့ပါးစပ်ကို ပိတ်ထားဖို့သာ ဆုံးဖြတ်လိုက်တယ်။ ဒီကောင်မလေး လက်ထဲမှ အရင်အကြီးအကဲ လက်စွပ် ရှိနေပြီး ဒီကောင်မလေးကို အတင်း မောင်းထုတ်ပြီး အရင်အကြီးအကဲကို မလေးစားခဲ့ရင်တော့ ... သူ့အပြစ် ပိုကြီးမား သွားနိုင်တယ်။ သခင်က ... ယခင် အကြီးအကဲကို တော်တော် လေးစားတော့ သူ့ကို ဒီလို လုပ်ဆောင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။
ယွမ်လော့ဖုန်းလည်း ယွမ်ချင်ရာကို ဝေ့ခနဲ ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။
“ဒုတိယဦးလေး ... သွားမယ် ... နင်ရှင်းမှာ အချိန် သိပ်မကျန်တော့ဘူး”
 
***
အပိုင်း(၄၅၁)

နင်ရှင်းကို ကုသခြင်း (၄)

 
“အင်း”
ယွမ်ချင်ရာလည်း ခေါင်းညိတ်လိုက်တယ်။ ယွမ်လော့ဖုန်း လက်ထဲမှာ နင်အကြီးအကဲ လက်စွပ် ရှိနေမယ်လို့ သူလည်း မထင်ထားခဲ့မိပါဘူး။ ဒါကြောင့်လည်း သူမက နင်အိမ်တော်ကို ခရီးသွားတာ ယုံကြည်ချက် ပြည့်ဝနေတာ အံ့သြစရာ မရှိတော့ဘူး။
လူနှစ်ယောက် နင်အိမ်တော် ဝင်တာ မြင်ရတော့ လေးယောက်မြောက် အကြီးအကဲ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး သူတို့ကို တားဆီးရန် ရှေ့သို့ ခြေလှမ်း လှမ်းလိုက်တယ်။
“သခင် ... ယွမ်လော့ဖုန်းက ကျွန်တော်တို့ ဧည့်သည်ဆိုတော့ ဖော်ရွေပျူငှာစွာ ဆက်ဆံသင့်ပါတယ် ... ဒါပေမဲ့ သူမက နင်ရှင်းကို ကယ်နိုင်မယ်လို့တော့ မထင်ဘူး  ...ဆိုးရွားအောင် လုပ်ဆောင်ပြီး နင်ရှင်းကို သေခြင်း ပိုတွန်းပို့ သလို ဖြစ်စေမယ်လို့ ထင်မိတယ်”
လေးယောက်မြောက် အကြီးအကဲလည်း အံကြိတ်လိုက်တယ်။
“ဒါကြောင့် သူတို့ကို  နင်ရှင်းနဲ့ တွေ့ခွင့် မပေးသင့်ဘူးလို့ ကျွန်တော် ထင်မိတယ်”
ယွမ်လော့ဖုန်းလည်း ရပ်တန့်လိုက်တယ်။ သူမ၏ မျက်ဝန်းနက် အကြည့်များက လေးယောက်မြောက် အကြီးအကဲပေါ် တဖြည်းဖြည်းချင်း ကျရောက်သွားခဲ့ပြီလေ ... သူမမျက်ဝန်းတစ်စုံက တောက်ပပြီး စူးရှလွန်းတာကြောင့် သူ့မျက်ဝန်းမှ သူ့နှလုံးသားကို ထိုးဖောက် မြင်နေနိုင်သလိုပဲ။
စူးရှသော သူမအကြည့်ကို ခံနိုင်ရည် ကင်းမဲ့စွာ လေးယောက်မြောက် အကြီးအကဲမှာ နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရတယ်။
“ဒါဆို ... ကျွန်မ နင်ရှင်းကို ကယ်တင်တာ ရှင် မမြင်ချင်ဘူးလား”
ယွမ်လော့ဖုန်းလည်း လေးယောက်မြောက် အကြီးအကဲ ရှိရာ ခြေနှစ်လှမ်း လှမ်းလိုက်ပြီး အန္တရာယ် အငွေ့အသက်ကို ထုတ်လွှင့်လိုက်တယ်။
“ရှင့်သားက နင်ရှင်းကို ချစ်ခဲ့ပြီး ... နင်ရှင်းက ပြန် မချစ်တာကြောင့်လား ... အရှက်ရမှုကြောင့် ဒေါသဖြစ်ပြီး ရှင့်သား မပိုင်ဆိုင်ရရင် တခြားလူလည်း မပိုင်ဆိုင်စေရဘူး ဆိုတဲ့ အကြံ ဖြစ်တည် လာတယ်ပေါ့”
လေးယောက်မြောက် အကြီးအကဲ မျက်နှာက တော်တော် ပြောင်းလဲသွားခဲ့ပြီး သက်လတ်ပိုင်း အမျိုးသားက သူ့ကို သံသယ မျက်ဝန်းများဖြင့် ချက်ချင်း လှည့်ကြည့် လာတာကို သတိထားမိတာကြောင့်  အလျင်အမြန် သူ့ကိုယ်သူ ကာကွယ် ပြောဆိုတော့တယ်။
“မဟုတ်တာ မပြောနဲ့ ... ငါက နင်ရှင်းကို မွေးကတည်းက သမီးအရင်းလေး အတိုင်း ပြုမူခဲ့တာ ... သူမ နေကောင်းလာဖို့ တခြားလူထက် ငါက ပိုမျှော်လင့်တယ်  ... မင်းက သဘောထား ကွဲလွဲအောင် ဆွပေးနေတာပဲ ... သခင် ... သူမရဲ့ အဓိပ္ပာယ် မရှိတဲ့ စကားကို နားမထောင်ပါနဲ့ ... သူမ ပြဿနာ ဖန်တီးနေတာ အတိုင်းသားပဲလေ ...”
သူ ဒီလို ပြောလိုက်ချိန်မှာ သက်လတ်ပိုင်း အမျိုးသားကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်တယ်။ တစ်ဖက်လူမှာ သူ့ကို မယုံကြည်တာ သိရတော့ သူ့နှလုံးသားက အခြေအနေ မဟန်မှန်း နားလည်လာတယ်။
ယွမ်လော့ဖုန်း ...။ ကောင်မစုတ်လေး ...။ သခင့်ရှေ့မှာ ဒီလို စကားမျိုး ပြောရဲတယ်လား ... သတ္တိကောင်း နေတယ်ပေါ့ ...။
သူမမှာ ယခင်သခင်ရဲ့ လက်စွပ်မရှိရင် ... အခုချက်ချင်း သူမကို ဒီနေရာမှာ  အဆုံးသတ်လိုက်တာ ကြာပြီ။
“လေးယောက်မြောက် အကြီးအကဲ”
သက်လတ်ပိုင်း အမျိုးသားက သုန်မှုန်နေသော ပုံစံနှင့် ပြောလိုက်တယ်။
“နင်ရှင်း နေကောင်းလာဖို့ တခြားလူ အားလုံးထက်  ပိုပြီးတော့ မျှော်လင့်တယ်လို့ ပြောလိုက်တာလား”
“အမှန်ပါပဲ ... ကျွန်တော် ကျိန်ပြောရဲပါတယ် အားလုံးထက် ကျွန်တော်က ပို မျှော်လင့်ပါတယ်”
လေးယောက်မြောက် အကြီးအကဲလည်း လျင်လျင်မြန်မြန် ပြန်ဖြေရင်း ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်တယ်။
ထိုအချိန်မှာ လေးယောက်မြောက် အကြီးအကဲက သခင့် သံသယမှ လွတ်မြောက်ဖို့ ကြိုးစားနေခဲ့တာပါ။ သို့သော်လည်း သူ့စကားက သက်လတ်ပိုင်း အမျိုးသားကို ပိုပြီးတော့ စိတ်အနှောင့်ယှက် ဖြစ်စေတယ် ဆိုတာတော့ သူ နားမလည်ဘူး။  တကယ်တမ်းက နင်ရှင်း နေကောင်းဖို့ အမျှော်လင့်ဆုံးက သူမ မိဘအရင်းအချာ ဖြစ်သင့်တယ်လေ။  ဒါကို လေးယောက်မြောက် အကြီးအကဲက မေ့နေခဲ့တာ ဖြစ်မယ် ...။
နင်ရှင်း နေကောင်းဖို့ အမျှော်လင့်ဆုံးက သူလို့ ပြောရဲတယ်လား ...။
ဒါဆို သူက ... ဘယ်လို ဖြစ်သွားမလဲ ...။ အပြင်လူတစ်ယောက်က သူ့သမီး အသက်ရှင်ဖို့ သူ့ထက် ပိုမျှော်လင့်သတဲ့လား။
သက်လတ်ပိုင်း အမျိုးသား၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း လေးယောက်မြောက် အကြီးအကဲမှာ အနည်းငယ် ကြောက်လန့် လာခဲ့တယ်။ သူ ပြောလိုက်တဲ့ ဘယ်စကားက သခင်ကို ဒေါသထွက်စေလဲ ဆိုတာ သူ မသိခဲ့ဘူး။
လေးယောက်မြောက် အကြီးအကဲကို အကြင်နာတရား မဲ့သော အကြည့်ဖြင့် ကြည့်ရင်းမှာ သူ့အကြည့်ကို ယွမ်လော့ဖုန်းဘက်သို့ ပြောင်းလိုက်တယ်။ ခဏတာ တွေးတောပြီးနောက် သူ မေးလိုက်တယ်။
“မင်း တကယ်ပဲ ရှင်းအာကို ကုသပေးနိုင်တာလား”
ရိုးရိုးသားသား ပြောရရင် သူလည်း လေးယောက်မြောက် အကြီးအကဲနဲ့ အတူတူပါပဲ။ ယွမ်လော့ဖုန်းကို အရည်အချင်း ရှိတယ်လို့ မထင်ဘူး။ ဒါပေမဲ့ ... မကုသရင်လည်း ရှင်းအာ သေမှာ ...။ ဒါကြောင့် တစ်ကြိမ်တစ်ခါလောက်တော့ သူမကို ယုံကြည်ဖို့ အရဲစွန့်ကြည့် ချင်တယ်။ သို့သော်လည်း ယွမ်မိသားစုမှ ယွမ်ချင်ရာကို သူ့သမက်အဖြစ် လက်ခံမယ်လို့တော့ မဆိုလိုဘူး။
“ဒုတိယ ဦးလေ ...ရှောင်ပိုင် ... သွားမယ်”
သက်လတ်ပိုင်း အမျိုးသား မေးတာကို မဖြေဘဲ နင်အိမ်တော် တံခါးပေါက်ဝကို တည့်တည့်မတ်မတ် ဝင်သွားလိုက်တယ်။ နင်သခင်ကြီးနဲ့ နင်ရှင်းကလွဲရင် နင်မိသားစုက ဒီလူအားလုံးအပေါ် သူမမှာ ကောင်းမွန်တဲ့ ခံစားချက် မရှိဘူး။
 
***

အပိုင်း(၄၅၂)

နင်ရှင်းကို ကုသခြင်း (၅)

 
အမျိုးသမီးများ နေထိုင်ရာ အဆောင်ငယ်လေးမှာ မွှေးကြိုင်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော လိုက်ကာ ပိတ်ကျဲလေးက လေညင်းမှာ တလွင့်လွင့်နဲ့ပေါ့။
ထို လိုက်ကာစမှ တစ်ဆင့် အိပ်ရာပေါ်မှာ လှပသော မိန်းမပျိုလေး တစ်ယောက် လဲလျောင်း နေတာကို မပီမပြင် မြင်နေရတယ်။
ထိုမိန်းကလေးက ဖြူဖျော့ပြီး တိတ်ဆိတ်နေခဲ့တယ်။ သူမ အသံရှူခြင်း ဖြစ်စဉ်က  တိုးလျလွန်းတာကြောင့် အချိန်မရွေး သူမခန္ဓာကိုယ်လေးက အစိတ်စိတ် ကြေမွသွားတော့မည့် သဏ္ဌာန်ပေ။
ကောင်မလေးရဲ့ သွေးမဲ့နေသော မျက်နှာကို ငေးကြည့်ရင်း ယွမ်ချင်ရာ နှလုံးသားက အသက်ရှူဖို့ မေ့လျော့သွားသလို ခံစားရပြီး မွန်းကျပ် လာရတယ်။ သူ့မျက်ဝန်းနက်များက အပြစ်ရှိသော ခံစားချက်များဖြင့် ပြည့်နှက်နေလေရဲ့။ သူ့အတွက်ကြောင့်သာ မဟုတ်ရင် နင်ရှင်းက ထိခိုက်မှာ မဟုတ်ဘူး ...။
“သူမ အခြေအနေက အရမ်း မဆိုးရွားပါဘူး”
သူမ ဦးငယ်လေး နှလုံးသားမှာ အပြစ်ရှိသလို ... စိုးရိမ်ကြောင့်ကြမှုများကို ခံစားနေရတာကြောင့် ယွမ်လော့ဖုန်းလည်း သူ့ကို နှစ်သိမ့်လိုက်တယ်။
ယွမ်လော့ဖုန်းရဲ့စကားကို ကြားတော့မှ ယွမ်ချင်ရာ စိတ်သက်သာရာ ရတော့တယ်။ သူ့အမြင်မှာတော့ ယွမ်လော့ဖုန်းက မပြင်းထန်ဘူးလို့ ပြောရင် နင်ရှင်းရဲ့ ဒဏ်ရာက ကုသလို့ ရတယ်လို့ ဆိုလိုတာပဲ။
“ဟွန့်”
သူတို့နှင့်အတူတူ အိပ်ဆောင်ထဲ ဝင်လာတဲ့ လေးယောက်မြောက် အကြီးအကဲက ယွမ်လော့ဖုန်းကို သရော်ကာ ထေ့ငေါ့စွာ ကြည့်လိုက်တယ်။ သူ့အိုမင်နေတဲ့ မျက်နှာက အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
“မင်း အယောင်ဆောင်နေတာ မလား ... လုယင်း တိုက်ခိုက်မှုက နင်ရှင်း နှလုံးသားကို အပေါက် ဖြစ်သွားစေခဲ့တယ်  ... သူမကို ဆယ်ရက် အသက်ပိုရှည်စေဖို့ တန်ဖိုးကြီး ဆေးမြစ်တွေကို ဆေးစံအိမ်တော်က မသုံးခဲ့ဘူးဆိုရင် ... နင်ရှင်း အဲဒီနေ့တည်းက သေသွားမှာပဲ ... အားလုံးက မင်းအမှားကြောင့် ဖြစ်ရတာ ...”
နင်ရှင်းက ယွမ်ချင်ရာကို ကာကွယ်ရင်း အပြင်းအထန် ထိခိုက်သွားခဲ့တာကို တွေးမိတိုင်း သူ အံကြိတ်မိတယ်။ ဒီကောင်မလေးက မြေခွေးမပဲ ...။ငါ့သားလေးက သူမကို နှစ်ပေါင်းများစွာ ပိုးပန်းခဲ့တာတောင် သူမက မတုံ့ပြန်ခဲ့ဘူး။ ဒါပေမဲ့ သုံးစားမရတဲ့ ကောင်အတွက် သူ့ဘဝကို စွန့်လွှတ်သတဲ့လား။  သူမရဲ့ မကောင်းတဲ့ အပြုအမူကြောင့် ဒီလိုမျိုး ခံစားရတာ ...။ ငါကတော့ ဝမ်းသာတယ် ...။
ယွမ်ချင်ရာ ဘာမှ ပြန်မပြောတော့ပါဘူး ...။လေးယောက်မြောက် အကြီးအကဲ ပြောတာ မှန်နေတာပဲ ... သူ့ကို ကယ်တင်ဖို့ကြောင့်သာ မဟုတ်ရင် နင်ရှင်း ထိခိုက်မှာ မဟုတ်ဘူး ...။
သူမကို အသက်ကြွေး တင်သွားခဲ့ပြီလေ ...။ သူ့တစ်ဘဝလုံးနဲ့ သူမကို ပြန်ပေးဆပ်ရမယ်။
ယွမ်လော့ဖုန်းလည်း လေးယောက်မြောက် အကြီးအကဲကို သွေးအေးသော အကြည့်နဲ့ ကြည့်လိုက်တယ်။
“ရှင် နောက်ထပ် စကားအပို ထပ်ပြောရင် ရှင့်တစ်ဘဝလုံး ဆွံ့အသွားစေ ရမယ်”
“မင်း ...”
လေးယောက်မြောက် အကြီးအကဲမှာ ဒေါသထွက်လွန်းလို့ တုန်ရီလာရပြီ အံကြိတ်ရင်း ကျယ်လောင်စွာ အော်ဟစ်တော့တယ်။
“မင်းလက်ထဲမှာ အရင်သခင် လက်စွပ် ရှိတာကြောင့် မင်း ရဲတင်းလွန်းတယ် အရင်သခင် အထောက်အပံ့ မရှိရင် မင်းကို ဘယ်သူမှ အာရုံထားဘူး ... မင်းကိုယ်မင်း ဘာထင်နေလဲ”
“ကျွန်မက ဘယ်သူလဲဆိုတာ ... ရှင်.. မကြာခင် သိလာမှာပါ ... ရှင်နဲ့ စကားနိုင်လုနေဖို့ မချိန်မရှိဘူး”
သူမ နင်ရှင်းကို ကုသပေးဖို့ ယွမ်ချင်ရာအတွက် လက်တုံ့ပြန်ပေးဖို့ လာခဲ့တာ ...။  ဒါပေမဲ့  နင်ရှင်းက အကြကြီး မစောင့်နိုင်တော့ဘူး ...။ ဒါကြောင့် ယာယီတော့ လေးယောက်မြောက် အကြီးအကဲကို လျစ်လျူရှု ထားရမယ်။
“ငါ့ဆရာက ပါးစပ်ပိတ်ထားဖို့ ပြောတယ်လေ သူမ ပြောတာကို မကြားဘူးလား”
လင်းလောပိုင်လည်း စောဒဂ တက်ဖို့ ကြိုးစားနေတဲ့ လေးယောက်မြောက် အကြီးအကဲကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး သုန်မှုန်သော မျက်နှာထားနှင့် ဝေဖန်လိုက်တယ်။
“ဒီလို ထုံထိုင်းလွန်းတယ် အဘိုးကြီးမျိုး တစ်ခါမှ မမြင်ဖူးဘူး တစ်ယောက်ယောက် သူ့ကို မတားတော့ဘူးလား”
ရှောင်ပိုင်၏ အမြင်မှာတော့ သူမ ဆရာမကြိုက်တဲ့ လူတိုင်းက လူကောင်း မဟုတ်ဘူး။ သူမ ဆရာက နင်မိသားစုဝင်များကို မကြိုက်တာ သိသာ ထင်ရှား နေတာပဲလေ။ သူမ ဦးငယ်လေးရဲ့ အနာဂတ် ယောက္ခမကြီးကိုတောင် ကြည့်မရပေ။
ဒါကြောင့် တစ်ယောက်မှ လူကောင်း မဟုတ်ဘူး။
လေးယောက်မြောက် အကြီးအကဲမျက်နှာက ဒေါသကြောင့် ပြာနှမ်း သွားတော့တယ်။ သူ တစ်ခုခုကို ပြန်ပြောဖို့ ကြံရွယ်နေစဉ် ... သူ့ကို ပထမမြောက် အကြီးအကဲက တားဆီးလိုက်တယ်။
“လေးယောက်မြောက် အကြီးအကဲ ရပ်စမ်းပါ ... နင်ရှင်းမှာ သေလုမြောပါး ဖြစ်နေပြီ သူမကို စမ်းသပ် ကုသခွင့် ပေးလိုက်ပါ ... ဒီကောင်မလေးကို တစ်ကြိမ် တစ်ခါလောက်တော့ ယုံကြည်ပေးလိုက်ပါ”
ပထမမြောက် အကြီးအကဲက ပင့်သက်ရှိုက်ကာ ခေါင်းခါလိုက်ပြီး သူ့မျက်ဝန်းများက အိပ်ရာပေါ် လဲလျောင်းနေသော သေလုမျောပါး ကောင်မလေးကို ကြည့်လိုက်တယ်။ သူ့မျက်ဝန်းများက ကြေကွဲမှုများဖြင့် တဖျတ်ဖျတ် လက်နေခဲ့တယ်။
နင်မိသားစုရဲ့ အမွေခံအမျိုးသမီး တစ်ယောက်အနေနဲ့ နင်ရှင်းက  ဘယ်သောအခါမှ မဆိုးသွမ်းခဲ့ဘူး ... တခြားလူအပေါ် ကြင်နာ သနားတတ်တာကြောင့် သူတို့အားလုံးက ဒီကောင်မလေးကို နှစ်သက်တယ်။
 
***

Bạn đang đọc truyện trên: Truyen247.Pro