
403+404+405+406+407
အပိုင်း(၄ဝ၃)
လျှို့ဝှက်နယ်မြေ (၂)
အခုအချိန်မှာ လင်ယွဲ့က အရင်လို အလှအပ မရှိတော့ဘူး။ အခု သူမရဲ့ ယုတ်မာတဲ့ မျက်နှာနဲ့ တွဲဖက်လိုက်တော့ ရှောင်ချန် နှလုံးသားထဲမှာ ထိန်းချုပ်ရခဲယဉ်းသော စက်ဆုပ်ရွံရှာမှုများ ဖြစ်လာရတယ်။
သူမကို ရှောင်ယွီချင်း အမေလို့ ပြောရင် ယုံမယ့်လူ ရှိပါ့မလား။ ရှောင်ယွီချင်းအတွက် သူမကို သူက ချစ်ခင်ဟန် သရုပ်ဆောင်ရမယ်။
“ကိုယ် မင်းလိုအပ်တဲ့ ပစ္စည်း ယူလာပေးပြီးပြီ…။ ဒါပေမဲ့ ကိုယ့်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးတယ်… အပြင်ခဏ သွားဦးမယ် မင်းလေး ကောင်းကောင်း အနားယူသင့်တယ်”
ရှောင်ချန်၏အကြည့်က နွေးထွေးမှုများဖြင့် ပြည့်နှက်နေပြီး သူ့အသံကလည်း အရင်အတိုင်း နူးညံ့နေဆဲပါ။
လင်ယွဲ့ကတော့ သူမလက်ထဲမှ ကျောက်စိမ်းပြားလေးနဲ့ ဆော့ကစားနေပြီး ရှောင်ချန်ကို တစ်ချက်လေးမျှ စောင်းငဲ့ကြည့်ခြင်း မရှိဘဲ စိတ်အားထက်သန်စွာ စကားဆိုတယ်။
ရှောင်ချန်လည်း အခန်းထဲ မထွက်သွားခင်မှာ လင်ယွဲ့ကို ဖျတ်ခနဲကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်တယ်။ သူ့လျင်မြန် ခက်ထန်သော မျက်နှာထားက ညကောင်းကင်ယံမှာ အလျင်အမြန် ပျောက်ကွယ် သွားခဲ့တယ်။
“ကျောက်စိမ်းပြား… နောက်ဆုံးတော့ ငါ ပိုင်ဆိုင်နိုင်ပြီ… စိတ်ကြိုက် နှိပ်စက်လို့ ရပြီပေါ့”
လင်ယွဲ့လည်း အသက် ခပ်ပြင်းပြင်း ရှိုက်လိုက်တယ်။ သူမ မျက်ဝန်းများကတော့ ရက်စက်ကြမ်းကြုတ်မှုကို သရုပ်ဖော်နေတာပေါ့။
“အခုအချိန်က စပြီးတော့ အမှိုက်ကောင် ငါ့ရှေ့မှာ အကြင်နာတရား ခေါင်းပါးတဲ့ ပုံစံနဲ့ နေရဲလားဆိုတာ စောင့်ကြည့်ရတာပေါ့… ဒီပြင် ငါ့သားမိန်းကလေးကို ခိုးယူရဲသေးတယ် ကိုယ့်အဆင့်အတန်း ကိုယ် နားမလည်ဘူး သူ့စွမ်းအားနဲ့ လင်မိသားစုက သမီးနဲ့ ထိုက်တန်မယ်လို့ ထင်နေတာလား… စိတ်ကူးနဲ့ ရူးမနေနဲ့”
လင်ယွဲ့လည်း ကျောက်စိမ်းပြားနဲ့ ကစားနေစဉ် ရုတ်တရက် လန့်ပြီး ‘အမလေး’လို့ အော်လိုက်မိတယ်။
လင်ယွဲ့ ကျောက်စိမ်းပြားကို ဟိုမြှောက် ဒီမြှောက် လုပ်နေစဉ်မှာ အဖြူရောင် ပုံရိပ်တစ်ခု ရုတ်တရက် ဘေးမှ ပေါ်လာတာပေါ့။ ထို့နောက် သူမလက်ထဲက ကျောက်စိမ်းပြား ပျောက်ကွယ် သွားတာပေါ့။
လင်ယွဲ့လည်း သူမအကြည့်ကို အပြင်ဘက်သို့ ဖြန့်ကြက်ခြင်း မပြုမီ ဗလာကျင်း ဖြစ်သွားတဲ့ သူမလက်ဖဝါးကို တအံ့တသြ ကြည့်နေမိတယ်။ ကြွက်ဖြူလေးက သူ့ထက် ပိုကြီးတဲ့ ကျောက်စိမ်းပြားကို အားတိုက်ခွန်တိုက် သယ်ဆောင်ပြီး ထွက်ပြေးနေတာကိုသာ တွေ့လိုက်ရတယ်။
ချက်ချင်း လင်ယွဲ့ အသိပြန်ဝင်လာပြီး ဒေါကန်စွာ အော်ဟစ်တော့တယ်။
“ကြွက်စုတ်… ပစ္စည်းခိုးဖို့ ရှောင်အိမ်တော်ကို လာရဲတယ်ပေါ့ နင် သေချင်နေတာလား”
ပြောပြီးတာနဲ့ လင်ယွဲ့လည်း ဒေါနဲ့မောနဲ့ မတ်တတ် ထရပ်လိုက်ပြီး ကြွက်လေးရှိတဲ့ မြေကြီးကို လက်ဖဝါး အတွင်းအားနဲ့ ရိုက်ချလိုက်တယ်။
ဗိုင်းခနဲ အသံနဲ့အတူ မြေကြီးနဲ့ ကြမ်းပြင် တုန်ခါသွားတယ် သူမ လက်ဖဝါး ရိုက်ချက်ကြောင့် နေရာတိုင်း ဖုန်မှုန့်များဖြင့် ပြည့်နှက် နေတော့တယ်။ သူမ ရိုက်ချက်က ကြွက်စုတ်ကို အသားတုံးအဆင့်အထိ ဖြစ်စေချင်တာ။ ဒါပေမဲ့ သူမ လက်ပြန် ရုပ်သိမ်းလိုက်တဲ့အချိန်မှာ ကျောက်စိမ်းပြား အရွယ်အစား ရှိတဲ့ ဥမင်ဝင်ပေါက်ကိုသာ တွေ့လိုက်ရတယ်။
ကျောက်စိမ်းပြား ခိုးသွားတဲ့ ကြွက်လေးက ဒီဥမင်မှ ထွက်ပြေး လွတ်မြောက်သွားတာ ကြာပြီလေ။
“အား….”
လင်ယွဲ့မှာ ရူးမတတ် ဖြစ်သွားခဲ့ပြီး ဖရိုဖရဲ ဖြစ်နေသော ဆံနွယ်များက လျော့တိလျော့ရဲ ပြေကျလာတယ်။ သူမက စိတ်မနှံ့သော မိန်းမတစ်ယောက်လို ဒေါကန်မောကန် အော်ဟစ်နေလေတော့။ အကျည်းတန် စေတယ်။
ရွှေရှာကြွက်စုတ်…. နင့်ကို မိလို့ကတော့ သေပြီးသာ မှတ်ထားလိုက်တော့ နင့်ကို အစိတ်စိတ် အမြွှာမြွှာ ချေမှုန်း ပစ်မယ်။
“ဘာဖြစ်လာတာလဲ”
အစက ထွက်ခွာသွားပြီး ဖြစ်တဲ့ ရှောင်ချန်က လင်ယွဲ့ အော်သံကြားတော့ လှည့်ပြန်လာခဲ့ရတယ်။ အလျင်အမြန် တံခါးကို တွန်းဖွင့်လိုက်တော့ ဆံပင် ဖရိုဖရဲနဲ့ ထိတ်လန့်ဖွယ် လင်ယွဲ့ကို တွေ့လိုက်ရတယ်။ သူလည်း စိတ်ပျက်လွန်းလို့ မျက်မှောင်ကြုတ် လိုက်တယ်။
လင်ယွဲ့နှလုံးသားက တဖြည်းဖြည်းချင်း တည်ငြိမ်လာပြီး ပုံမှန်အသံနဲ့ ပြန်ဖြေလိုက်တယ်။
“ရွှေရှာကြွက်က ကျွန်မရဲ့ ကျောက်စိမ်းလက်စွပ်ကို ခိုးသွားလို့… ဒီကြွက်စုတ်ကို သေအောင် ရိုက်နှက်ချင်တာ… ဒါပေမဲ့ တွင်းတူးပြီး ထွက်ပြေးသွားတယ်”
ဘာပဲဖြစ်ဖြစ် ခိုးသွားတာ ကျောက်စိမ်းပြား ဆိုတာတော့ ရှောင်ချန်ကို မပြောနိုင်ဘူး။ ဒါကြောင့်လည်း သူမ လိမ်လည်ဖို့ ရွေးချယ်ခဲ့တာပေါ့။
“ရွှေရှာကြွက် ဟုတ်လား”
ရှောင်ချန်လည်း မျက်မှောင်ကြုတ် လိုက်တယ်။
“ရှောင်အိမ်တော်ကို အဆင့်အတန်းနိမ့်တဲ့ ရွှေရှာကြွက်က ရောက်လာရတာလဲ။ ဘာအရောင်လဲဆိုတာ မှတ်မိလား … ချက်ချင်း ကြွက်ခြေရာရှာဖို့ လူ ပို့လိုက်မယ်”
“မှတ်မိတာပေါ့”
လင်ယွဲ့လည်း သူမ ဦးခေါင်းကို ညိတ်လိုက်တယ်။
“ရွှေရှာကြွက်လေးရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးက အဖြူရောင်ရှိပြီး ဝဝဖြိုးဖြိုးလေး… သူ တွင်းတူးတဲ့ နှုန်းက အရမ်းမြန်ဆန်တယ် ယောက်ျား… ရှင် သူ့ကို ဖမ်းမိဖို့ ခဲယဉ်းမယ်”
စကားပြောနေစဉ်မှာ လင်ယွဲ့က ဒေါသစိတ်ကြောင့် အံကြိတ်ထားတယ်။ နို့လက်ဖက်ရည်လေးက သူမစိတ်ကို တော်တော်ကြီး ထိခိုက်စေတယ် ဆိုတာတော့ ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး။ အမှိုက်ကောင်ကို သတ်ရဖို့ ကျောက်စိမ်းပြားကို လိုချင်နေတာကြာပြီ...။ ဒါပေမဲ့ သူမလက်ထဲ ရောက်တော့မှ ကြွက်စုတ်က ခိုးသွားမယ်လို့ မထင်ထားခဲ့ဘူး။ ဒါကြောင့် သူမ ကြွက်စုတ်ကို မမုန်းဘဲ နေပါ့မလား။ စကားနဲ့ ဖော်ပြဖို့ ခက်ရတဲ့အထိ မုန်းတယ်။
ဒီကြွက်စုတ်ကို ဖမ်းမိတာနဲ့ သူမ ကြွက်စုတ်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် နင်းချေ ဖြစ်မယ်။ ဒါမှလည်း သူမနှလုံးသားထဲက ဒေါသကို ငြှိမ်းသတ် နိုင်မှာပေါ့။
***
အပိုင်း(၄ဝ၄)
လျှို့ဝှက်နယ်မြေ (၃)
“ဒါက ဝိညာဉ် ကျောက်စိမ်းပြားလား”
ကြော့ရှင်း ခမ်းနားသော အခန်းလေးအတွင်းမှာ ကန့်လန်ကာလေး ဖြည်းဖြည်းချင်း ဟိုဒီ ပြေးလွှားရင်း ကခုန်နေတာပေါ့။ ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေး လက်ထဲမှ ကျောက်စိမ်းပြားလေးကို ယူဆောင်လိုက်တယ်။ သူမ နှုတ်ခမ်းထောင့်များကို ကွေးလိုက်လိုက်ပြီး သူမဘေးနားက ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို စောင်းငဲ့ကြည့်လိုက်တယ်။
“ယွမ်ရှောင်… ဒီကျောက်စိမ်းပြားက အစစ်အမှန်လား ဆိုတာ လာကြည့်ပါဦး”
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းလက်ထဲမှ ကျောက်စိမ်းပြားလေးကို ယူလိုက်ပြီး မိန်းမပျိုလေးလက်ထဲ ပြန်မထားခင် ဂရုတစိုက် သေသေချာချာလေး စစ်ဆေးကြည့်လိုက်တယ်။
“အစစ်အမှန်ပါ”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံး နှစ်ဖက်ကို ပင့်လိုက်ပြီး စကားဆိုတယ်။
“ဒါဆိုရင်တော့ ရှောင်ချန်က လင်ယွဲ့ကို လှည့်စားဖို့ ကြုံရာ ကျောက်စိမ်းပြားကို မယူလာဘူးပဲ ဘာပဲဖြစ်ဖြစ် ဒီလိုဆိုတော့လည်း ကျွန်မတို့အတွက် အဆင်ပြေသွားတာပေါ့ … ယွမ်ရှောင်… ကျွန်မတို့လက်ထဲမှာ ကျောက်စိမ်းပြား ရှိနေပြီ ဆိုတော့ ရှင် လုံခြုံအောင် ဂရုတစိုက်လေး သိမ်းထားနော်”
ယွမ်လော့ဖုန်းက သူ့ကို ကျောက်စိမ်းပြား ပေးတာ မြင်ရတော့ ယွမ်ရှောင် လက်မခံနိုင်ဘူး။ သူ့မျက်ဝန်းနက်များကို မှေးကျဉ်းလိုက်ပြီး မိန်းမပျိုလေးရဲ့ အလွန်လှပတဲ့ မျက်နှာလေးကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ဒီကျောက်စိမ်းပြား… မင်းကို လက်ဆောင်ပေးမယ်”
ထိုအခိုက်အတန့်မှာ ယွမ်လော့ဖုန်းတစ်ယောက် အာရုံထွေပြားနေပုံ ရပြီး တွေတွေကြီး ငေးကြည့် နေရှာတယ်။
“ဒီကျောက်စိမ်းပြားက ရှင့်ဘဝ၊ ရှင့်အသက်၊ ရှင့်ကံကြမ္မာကို ကိုယ်စားပြုတယ် ဒီလို အရေးပါတဲ့ အရာဝတ္ထုမျိုးကို လက်ဆောင်ပေးဖို့ မသင့်လျော်ဘူးလေ”
သူမ ပြောလိုက်တဲ့ စကားကြောင့် ယွမ်ရှောင် မျက်နှာအမူအရာက ပို၍တိုးလို့သာ လေးနက်လာခဲ့တယ်။
“ကိုယ်က ဒီကျောက်စိမ်းပြားကို ချန်ရစ်ထားခဲ့သင့်တယ်လေ… ကိုယ့်ဘဝ ကိုယ့်အသက်.. ကိုယ့်နှလုံးသားက မင်းလက်ထဲမှာ ရှိတာလေ”
ဒီကျောက်စိမ်းပြားနဲ့ ကိုယ့်အသက်ကို မင်းအတွက်တဲ့လား…။
အမျိုးသားလေးရဲ့ အသံမှာ ရိုးသားမှုများ ပါဝင်နေတာကြောင့် ယွမ်လော့ဖုန်းလက်ကို မျှော်လင့် မထားလောက်အောင် တုန်ရီစေတယ်။ သူမလည်း ခံစားချက်ကင်းမဲ့သော အမျိုးသားလေးရဲ့ မျက်နှာ ခပ်ချောချောကို ငေးကြည့်ပြီး ကျောက်စိမ်းပြားကို သိမ်းထား လိုက်တော့တယ်။
“ဟုတ်ပါပြီ… ဒီကျောက်စိမ်းပြားကို ရှင့်ကိုယ်စား သိမ်းဆည်း ထားပေးမယ် ကျွန်မ အသက်ရှင်နေသရွေ့ ဒီပစ္စည်းကို အနည်းငယ်မျှ ထိခိုက်မှု မဖြစ်စေဘူး”
ယွမ်လော့ဖုန်း ကျောက်စိမ်းပြားကို သိမ်းသွားတာ မြင်ရတော့မှ သူ့နှုတ်ခမ်းထောင့်က အလွန် နှေးကွေးသော နှုန်းဖြင့် ဖြည်းဖြည်း ကွေးညွှတ်သွားပြီး ဘယ်သူမှ သတိမထားမိလိုက်ဘူး။
“နောင်ဆို… ကိုယ် မင်းဘေးနား မရှိရင် ဒီကျောက်စိမ်းက ကိုယ်စား အဖော်ပြု ပေးလိမ့်မယ်”
စကားပြောလို့ ပြီးတာနဲ့ ယွမ်ရှောင်လည်း အလွန်လှပတဲ့ မိန်းမပျိုလေး အနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး သန်မာသော လက်တစ်စုံဖြင့် သူမကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်။ ထို့အခိုက်အတန့်လေးမှာ မိန်းမပျိုလေး ခန္ဓာကိုယ်မှ ချိုသာ မွှေးပျံ့သော ရနံ့ သင်းသင်းလေးကို ခံစားလို့ ရတယ်။ ဒီရနံ့က သူ့စိတ်ကို ကျေနပ်စေတယ်။ ဒီတစ်သက် သူ့ဘေးမှာ သူမလေး ရှိနေသ၍ နောင်တဆိုတာ ရှိလာမည် မဟုတ်တော့။
“ယွမ်ရှောင် … ဘယ်အချိန်လောက် ရှောင်မိသားစုကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားလဲ”
ယွမ်လော့ဖုန်းလည်း တစ်စုံတစ်ရာကို ပြန်လည် စဉ်းစား မိတာကြောင့် မေးလိုက်တယ်။
ယွမ်ရှောင်လည်း တွေးဝေသွားပြီး မျက်မှောင်ကြုတ် လိုက်တယ်။
“ရှောင်ယွီချင်း လျှို့ဝှက် နယ်မြေကို ဖွင့်မယ်နေ့ပေါ့။ ကိုယ်လည်း လျှို့ဝှက်နယ်မြေကို စိတ်ဝင်စား နေတာကြောင့် အဲဒီနေ့မှ စမယ်”
“ကောင်းပြီလေ”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“အဲဒီနေ့ ရောက်မှ ရှောင်မိသားစုက လူအားလုံး တစ်သက်တာလုံး နောင်တရသွားအောင် သင်ခန်းစာ ပေးရတာပေါ့။ ရှင့်ကြောင့် နောင်တ ရစေရမယ်”
တစ်ဘဝလုံး ကြီးစွာသော နောင်တနဲ့ ရှင်သန်စေရမယ်။ တစ်ဘဝလုံး ပူလောင်နေစေရမယ်။ ဒီခံစားချက်က လွတ်မြောက်ခွင့် မပေးဘူး။ ဒါက ရှောင်မိသားစုကို သူမ ပေးနိုင်တဲ့ အကောင်းဆုံးသော ပြစ်ဒဏ်ပဲ။
***
လျှို့ဝှက်နယ်မြေကို ဖွင့်ခြင်းက ရှောင်မိသားစုရဲ့ အရေးအကြီးဆုံး ပွဲတော်တစ်ခုပါ။ ရာစုနှစ်တစ်စု ကြာမှ ကျင်းပလေ့ရှိတဲ့ မိသားစုပွဲလည်း ဖြစ်နေတယ်။ ဒါကြောင့်လည်း ဒီနေ့မှာ စီဖုန်မြို့တော်က ခေါင်းဆောင် အကြီးအကဲ မိသားစု ၃စုလုံး ရှောင်အိမ်တော်မှာ စုစည်းကြတာပေါ့။
သို့သော်လည်း ရှောင်လင်းနဲ့ လင်မိသားခေါင်းဆောင် လင်ဖုန်းကတော့ ဝေ့လျန့်ရယ်ကို လျစ်လျူရှုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်နေပုံရတယ်။ ဝေ့လျန့်ရယ် တည်ရှိမှုကို လုံးဝ လျစ်လျူရှုထားတယ်။ ဝေ့လျန့်ရယ်ကလည်း သူတို့ အဖက်မလုပ်တာကို စိတ်ထဲ မထားဘူး ယွမ်လော့ဖုန်း ဘေးနားမှာ ရပ်နေတဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကိုသာ ကြည့်နေတယ်။ ထိုကောင်မလေး လုံခြုံ ဘေးကင်းတာကို မြင်ရမှ သူ စိတ်အေးနိုင်တယ်။
ရက်တော်တော်လေး ကြာခဲ့တယ်။
လွန်ခဲ့သော ရက်ပိုင်းက ဝိညာဉ်နတ်ဘုရားတောင်ကို သတင်းပေးဖို့ သူ လူတစ်ယောက် လွှတ်လိုက်တယ်။ ဒီနေရာမှာ သူ့သမီးကို နှိပ်စက် အနိုင်ကျင့်ခံရတယ်လို့ ပြောထားတယ်။ မကြာခင် စီဖုန်မြို့တော်ကို အပြေးအလွှား ရောက်လာမှာ သေချာတယ်။
ဒီလူက သူ့သမီးကို သူ့အသက်ထက် ပိုပြီးတော့ ချစ်မြတ်နိုးပြီး ဂရုစိုက်တယ်။ သူ့သမီး ဆံခြည်မျှင် တစ်မျှင် လျော့မှတောင် စိုးရိမ်ပူပန်တတ်တဲ့ ဖခင်မျိုး…။ တခြားလူတွေ သူ့သမီးကို နှိပ်စက်ဖို့ ခွင့်ပြုမယ်လို့ ထင်နေတာလား။
“အဟွတ် … အဟွတ်”
ကြွရောက်လာတဲ့ လူတိုင်းကို ကြည့်ရင်း ဟန်လုပ်ချောင်း နှစ်ကြိမ် ဆိုးလိုက်ပြီး စကားမပြောခင် သူ့လည်းပင်ကို ရှင်းလိုက်တယ်။
“အားလုံး သိကြတဲ့အတိုင်းပဲ ရှောင်မိသားစုက ဒီကနေ့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်ဆောင်တော့မယ်။ ဒါပြင် ဒီကိစ္စ မတိုင်ခင် အားလုံးကို ကိစ္စတစ်ခု သတင်းပေး ပြောကြားချင်တယ်”
***
အပိုင်း(၄ဝ၅)
လျှို့ဝှက်နယ်မြေ (၄)
အားလုံးက တစ်ယောက်နဲ့တစ်ယောက် မရေမရာ မသေမချာ ကြည့်လိုက်ကြတယ်။ သူတို့အကြည့်က သံသယ မျက်ဝန်းများပေါ့။
ရှောင်လင်းက ဘာအကြောင်းကို ကြေညာမလဲဆိုတာ ခန့်မှန်းနေစဉ် အဘိုးအို၏ အိုမင်း ရင့်ရော်နေသော အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ် လာခဲ့တယ်။
“အားလုံး သိကြတဲ့အတိုင်း ရှောင်မိသားစုနဲ့ လင်မိသားစုက ဟိုးယခင်တည်းက စေ့စပ် ကြောင်းလမ်း ထားခဲ့တယ်၊ သို့သော်ငြား ရှောင်အာလေးက သုံးစား မရတဲ့ အမှိုက်ကောင် ဖြစ်မယ်လို့ ဘယ်သူ မထင်ထားခဲ့ဘူး၊ ဒီကိစ္စကြောင့် လင်ယောင်လေးကို မငြိစွန်းချင်ဘူး၊ ဒါကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့၊ အဲဒီအစား လင်ယောင်လေးကို ယွီချင်းနဲ့ စုံမက်ပေးချင်တယ်၊ ဒီကိစ္စလေးကို အားလုံး မျက်မြင်အဖြစ် ရှိနေစေချင်လို့ပါ ”
လင်းလောပိုင်လည်း ယွမ်လော့ဖုန်းဘေးနားမှာ တိတ်တိတ်လေး ရပ်နေခဲ့တယ်။ ရှောင်လင်းရဲ့ စကားကို ကြားရတော့ သူမ၏ ချစ်ဖို့ကောင်းပြီး တောက်ပသော မျက်ဝန်းက အထင်မြင်သေးမှုကို ဖော်ပြနေတာပေါ့။
ဒီအဘိုးကြီးက သူမ ဆရာ့ ချစ်သူကို အမှိုက်ကောင်လို့ ခေါ်ရဲတယ်ပေါ့။ သူက အမှိုက်ဆိုရင် ဒီလောကကြီးထဲမှာ ပါရမီရှင်ဆိုတာ ရှိမလာနိုင်တော့ဘူး။
လင်းလောပိုင်က ယွမ်ရှောင်ရဲ့ အမှန်တကယ် တန်ခိုးကို မသိသော်လည်း သူမက ယွမ်လော့ဖုန်းကို အကြွင်းမဲ့ ယုံကြည်တယ်။ တခြားလူ အားလုံးထက် သာလွန်ခြင်း မရှိတဲ့ ယောက်ျားမျိုးကို သူမဆရာ ယွမ်လော့ဖုန်းက နှစ်သက် မည်တဲ့လား။ သူမဆရာ ချစ်သူက အားလုံးထက် သာလွန်တဲ့လူ ဖြစ်ရမယ်။ ဘာမှ ရေရေရာရာ မသိတဲ့ လူမျိုးသာ သူတို့စကားကို ယုံကြည် လက်ခံလိမ့်မယ်။
လှောင်ပြုံးက လင်ယွဲ့ မျက်နှာမှာ ပေါ်ထွက်လာပြီးတော့ သူမဘေးနားမှ ပြုံးပျော်နေသော မျက်နှာထားနှင့် လင်ယောင်ကို ကြည့်လိုက်တယ်။ တဖြည်းဖြည်းချင်း ပို၍ တိုးလိုသာ မျက်နှာသွင်ပြင်က နူးညံ့လာပြီး ချိုချိုသာသာ စကားဆိုတယ်။
“ယောင်အာ… မနေ့ညက ဒေါ်ဒေါ်ကို ပေးထားတဲ့ ကတိကို မှတ်မိသေးရဲ့လား”
လင်ယောင်လည်း သူမဦးခေါင်းကို မြန်မြန်ဆန်ဆန် ညိတ်လိုက်တယ်။
“ဒေါ်ဒေါ်… အဆိပ် ကုသဖို့ သမားတော် တစ်ယောက် တကယ်ပဲ ရှာပေးနိုင်တာလား”
ဒါက အလိမ်အညာ တစ်ခုဆိုတာ သိသာနေတာပဲလေ…။
လင်ယောင် ဘာအဆိပ်မိနေလဲ ဆိုတာတောင် သူမ မသိတာ ဘယ်လို ကုသရမလဲဆိုတာ သိပါ့မလား။ ဒါ့ပြင် လင်မိသားစုကလည်း သမားတော် အများကြီး ရှာဖွေခဲ့ပြီးပြီ… ဘာရလဒ်မှ မပေါ်လာဘူးလေ။ ဒါကြောင့် သူမက ဘယ်နေရာနေ နတ်ဆေးသမားတော်ကို သွားရှာလာရမလဲ။ ဘယ်နေရာမှာ သွားရောက် ရှာဖွေနိုင်တော့မလဲ။
ဒီအကြောင်းကို သူမစိတ်ထဲမှာ တွေးနေသော်လည်း အပြင်မှာတော့ ထုတ်ဖော် မပြောဝံ့ပါဘူး။ လင်ယွဲ့လည်း တောက်ပသော အပြုံးလေးနဲ့ ပြန်လည် တုံ့ပြန်လိုက်တယ်။
“ဒါပေါ့… အမှန်ပေါ့…၊ နတ်ဆေးသမားတော် ထျန်းရာ ဆိုတာ ကြားဖူးတယ်မလား သူက ဒီကုန်းမြေစု တစ်ခုလုံးမှာ အထူးချွန်ဆုံးသော နတ်ဆေးသမားတော် တစ်ယောက်လေ သူက သမီးလေး ရောဂါကို ကုသပေးဖို့ ဆန္ဒရှိပါတယ်… ဒါကြောင့် သမီးလေး ယွမ်လော့ဖုန်းကို ထိတ်လန့်နေစရာ မလိုအပ်ဘူး ….၊ သမီးလေးကို ရှောင်မိသားစုက ထောက်ပံ့ပေးနေတယ် ဆိုတော့ ဒီမိန်းမကို သမီလေး ကြောက်နေစရာ လိုအပ်သေးလို့လား”
ဒီအရူးမလေးက အရမ်းကို ထုံထိုင်းလွန်းပြီး အရူးလုပ်ဖို့ လွယ်ကူတယ်လေ။ သူမ ဘာပြောပြော ဒီကောင်မလေးက ယုံကြည် ပေးနေမှာလေ။
ထျန်းရာလို နတ်ဆေးသမားတော် တစ်ယောက်ကို သူမက ဖိတ်ခေါ်လို့ ရနိုင်မည်တဲ့လား။ သူမ အရည်အချင်းနဲ့ ဖိတ်ကြားလို့ မရနိုင်ဘူး။ သို့သော်လည်း သူမစကားကို လင်ယောင် ယုံကြည်နေသရွေ့ ကိစ္စ မရှိပါဘူးလေ။
“ဒေါ်ဒေါ် … သမီး နားလည်ပါပြီ”
လင်ယောင် နှလုံးသား အတော်လေး တုန်လှုပ်မိတယ်။ စိတ်လှုပ်ရှား လာရတာပေါ့။
“အပျက်မ ယွမ်လော့ဖုန်း နင်ငါ့ကို မကောင်းကြံခဲ့တယ်… ငါ နင့်ကို ခွင့်မလွှတ်နိုင်ဘူး”
လင်ယွဲ့လည်း သူမ နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်ပြီး သူမမျက်နှာက လှောင်ပြုံး အငွေ့အသက်များကို ဖော်ပြနေတာပေါ့….။
“မင်း ပြောချင်တာကို ပြောသာ ပြောလိုက်… မင်းလုပ်ချင်တာကို စိတ်ကြိုက် လုပ်ဆောင်လိုက်… ဘာကိုမှ ငဲ့ကွက်နေစရာ မလိုအပ်ဘူးနော်… ဒေါ်ဒေါ်ကိုလည်း အားနာနေစရာ မလိုအပ်ဘူး သူတို့ကို ဒီကနေ သမီးလေး အရှက်ခွဲနိုင်သ၍ သမီးလေး အဆိပ်ကုသပေးဖို့ နတ်ဆေးသမားတော် ထျန်းရာကို ချက်ချင်းပင့် ပေးမယ်”
ရှောင်မိသားစု၏ သခင်မ တစ်ယောက်အနေနဲ့ တခြားလူနဲ့ ရင်ဆိုင်ရင် မျက်နှာမပျက်အောင် ထိန်းသိမ်းထားဖို့ လိုအပ်တယ်လေ။ သူမကိုယ်တိုင် တခြားလူကို စကားခွန်းတုံ့ပြန် အရှက်ခွဲလို့ မဖြစ်နိုင်ဘူး။ သူမ စကားကို လင်ယောင် နားထောင်ဖို့ အကောက်ကြံနိုင်မယ် ဆိုရင် သူမ မျက်နှာ မပျက်တဲ့အပြင် သူမနှလုံးသားထဲက ပြောချင်တဲ့ စကားလုံးတိုင်း ပြောခွင့် ရှိလာနိုင်တယ်။
မျှော်လင့်ထားသော စကားများကို လင်ယွဲ့နှုတ်မှ ဖွင့်ဟလာတာ ကြားရတော့ လင်ယောင် နှလုံးသားမှ ကြောက်ရွံ့မှုများက လွင့်စဉ် ပျောက်ကွယ် သွားရတယ်။ သူမလည်း ခေါင်းမော့ ရင်ကော့ပြီး ယွမ်လော့ဖုန်းရှေ့နားသို့ လျှောက်လှမ်း လာတာပေါ့။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးက ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေတာပေါ့။
“ယွမ်ရှောင်… ရှင် စေ့စပ်ကြောင်းလမ်းတဲ့ ပစ္စည်း ပြန်မအပ်လည်း ဘာအရေးစိုက်နေစရာ လိုအပ်လဲ၊ ကျွန်မက ရှင်နဲ့ စေ့စပ် ကြောင်းလမ်း ထားတာကို ဖျက်သိမ်းနိုင်တယ်၊ ရှင့်ကို တစ်ခုတော့ ပြောလိုက်မယ် အစ်ကို ယွီချင်း တစ်ယောက်တည်းသာ ကျွန်မနဲ့ ထိုက်တန်တယ်၊ ရှင့်ကိုယ် ရှင် ဘာထင်နေလဲ လင်ယောင်ဆိုတဲ့ ကျွန်မက ကန်းနေမယ် ဆိုရင်တောင် ရှင့်လို ယောက်ျား တစ်ယောက်ကိုတော့ ကြိုက်နှစ်သက်လာမှာ မဟုတ်ဘူး”
သူမ ရှောင်ယွီချင်းနဲ့ လက်ထပ်တော့မှာကို အမှိုက်ကောင် သိရင် ခံစားချက်ကို ထိန်းချုပ်မရ ဖြစ်ပြီး သူမ အာရုံစိုက်မှု ရအောင် ကြိုးစားမယ်လို့ သူမ အစက တွေးထင်ထားခဲ့ဖူးတယ်။ သို့သော်လည်း သူမ မျှော်မှန်းထားတာနဲ့ အမြင်က တလွဲဖြစ်နေရတယ်။ ယွမ်ရှောင်က သူမကို တစ်ချက်မျှ စောင်းငဲ့ ကြည့်ခြင်း မရှိဘဲ သူ အကြည့်အားလုံးကို ယွမ်လော့ဖုန်း ရှိရာ ပုံအောထားတယ်။ ထိုမိန်းကလေးကလည်း အသက်ရှူ မှားလောက်အောင် ချောမောလှပ လွန်းပါဘိ။ သူမကလည်း ယွမ်ရှောင် ဘေးနားမှာ အေးအေးလူလူ ရပ်နေတယ်။
လင်ယောင် တော်တော်လေး ဒေါပွလာရပြီး ယွမ်လော့ဖုန်းကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး အံကြိတ်လျက် စကားဆိုတယ်။
“ငါ မသိဘူး မထင်နဲ့… ဒီမိန်းမကို ရှင်လိမ်ညာတာ ပါရမီ ဖြည့်ခိုင်း ခေါ်လာတာ မလား ကျွန်မ အာရုံစိုက်တာကိုရဖို့ ဇာတ်လမ်း ဆင်ထားတာမလား… သနားစရာ ကောင်းလိုက်တာနော် ရှင် ကျွန်မကို လျှော့တွက်မိပြီ… ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်လို လူစားမျိုးကို ကြိုက်လာမှာ မဟုတ်ဘူး”
***
အပိုင်း(၄ဝ၆)
လျှို့ဝှက်နယ်မြေ(၅)
လင်ယောင် အမြင်မှာတော့ ယွမ်လော့ဖုန်းရဲ့ ကိုယ်ပိုင် အရည်အချင်း ဘယ်လိုပဲ မြင့်မားနေပါစေ… အစွမ်းထက်မြက် နေပါစေ သူမက လုံယွမ်တိုင်းပြည်မှာ သေးနုပ်တဲ့ တော်ဝင် မိသားစုဝင် သမီးတစ်ယောက် အဆင့်သာသာပဲ ရှိတယ်။ လင်မိသားစုရဲ့ မင်းသမီးလေး ဖြစ်တဲ့ သူမကို ယှဉ်နိုင်မည်တဲ့လား။ ဒီလို အရည်အချင်း ကောင်းများကို ပိုင်ဆိုင်တဲ့ သူမကို လျစ်လျူရှုပြီး အဆင့်အတန်း နိမ့်ပါးတဲ့ မိန်းမမျိုးကို ယွမ်ရှောင် ရွေးချယ်မယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုပဲ။
ဒါက အမှန်တရားပါပဲလေ။
လင်ယောင် နှလုံးသားထဲမှာတော့ ယွမ်လော့ဖုန်းက လုံယွမ်စစ်သူကြီး အိမ်တော်ကမှ သမီးပျို တစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင်တောင် နိမ့်ပါးတဲ့ ဆိုသော စကားလုံးမှ သူမ မလွတ်မြောက် နိုင်ဘူးလေ။
ယွမ်ရှောင်၏ မျက်နှာ အမူအရာက တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပြီး ခံစားချက် ကင်းမဲ့သော အကြည့်ဖြင့် လင်ယောင်ကို ကြည့်လိုက်ပြီး စကားတစ်ခွန်းတည်း ပြောလိုက်တယ်။ ထိုစကားကတော့…. “အခု ထွက်သွားစမ်း”
လင်ယောင်မှာတော့ ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားခဲ့ရတယ်။ ဒီအမှိုက်ကောင်က သူမကို ထွက်သွားစမ်းဆိုတဲ့ စကားမျိုး ပြောရဲတယ်ပေါ့။ သူ့မှာ ဒီလို ပြောရဲတဲ့ သတ္တိ ရှိတယ်ပေါ့။
“ရှင် ဘာပြောလိုက်တယ်”
လင်ယောင် မျက်နှာထားက ပိုလို့သာ ဖြူဖျော့လာရတယ်။
“သတ္တိရှိရင် ဒီစကားကို နောက်တစ်ကြိမ် ထပ်ပြောလိုက်စမ်းပါ”
“ဟား… ဟား… ဟား…”
လင်းလောပိုင်လည်း သူမကိုယ် သူမ ဆက်ပြီးတော့ မထိန်းထား နိုင်တော့ဘဲ တခစ်ခစ် ရယ်မောလိုက်တယ်။ သူမရဲ့ကြီးမားတဲ့ မျက်လုံးများက တဖျတ်ဖျတ် ခတ်လိုက်ပြီး ပျော်ရွှင်မြူးထူးစွာ လင်းယောင်ကို ကြည့်လိုက်တယ်။
“အဒေါ်ကြီး… ရှင့်ဦးနှောက် ပြဿနာ ရှိနေတာလား ကျွန်မ ဆရာ… ချစ်သူက ရှင့်ကို ထွက်သွားဖို့ ပြောတာလေ ရှင် မကြားလိုက်ဘူးလား ရှင်လို ရုပ်ဆိုးတဲ့ ပုံပန်းသွင်ပြင်မျိုးနဲ့ ဆရာ့ချစ်သူက ကြိုက်နှစ်သက်မယ်လို့ စိတ်ကူးယဉ် နေတာလား”
ရှောင်ပိုင်ရဲ့ စကားများက လင်ယောင်ကို ခန္ဓာကိုယ် တစ်ကိုယ်လုံး တုန်ရီလာတဲ့အထိ ဒေါသထွက်စေတယ်။ ဒီကောင်မစုတ်လေးက သူမထက် နှစ်အနည်းငယ်ပဲ ပိုငယ်တာပါ။ သူမကို အဒေါ်ကြီးလို့ ခေါ်ရဲတယ်ပေါ့။ ဒီအပြင် … သူမကို ရုပ်ဆိုးမလို့ ပြောရဲတယ်ပေါ့။
သူမ ရုပ်ရည်နဲ့ ယောက်ျား အားလုံးနီးပါးကို ဆွဲညှို့နိုင်တယ်။ ဒီဝိညာဉ်မျိုးနွယ်စုက ပါရမီရှင် ယောက်ျားလေးများကို သူမအလှကြောင့် ရူးသွားအောင် ပြုစားနိုင်တယ်။ ဒါပေမဲ့ လင်းလော့ပိုင်က သူမကို ရုပ်ဆိုးတယ်လို့ ပြောဝံ့တယ်ပေါ့။
“ကောင်မစုတ်လေး နင် ယဉ်ကျေးမှု မရှိဘူးလား”
လင်ယောင်လည်း ဒေါကန်စွာ အပြစ်ကင်းစင်တဲ့ လင်းလောပိုင် မျက်နှာလေးကို မကျေမချမ်း ကြည့်လိုက်တယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ငိုယိုသွားအောင် ပြောဆို လိုက်ချင်တယ်။ ပန်းသီး လှီးသလို အစိတ်စိတ် အမြွှာမြွှာ သူ့မျက်နှာကို လှီးလိုက်ချင်တယ်။
“အရည်အချင်း ရှိတဲ့ ပါရမီရှင်တစ်ယောက်က ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ရွေးချယ်တယ်တဲ့ နင် ကြားဖူးရဲ့လား … ဒီကောင်မလေးမှာ ကောင်းမွန်တဲ့ ပါရမီ ရှိနေလည်း… သူမအဆင့်အတန်းက ယှဉ်လို့ မရနိုင်လောက်အောင် နိမ့်ပါးလွန်းတယ် ဒါကြောင့် သူမကို ရွေးချယ်ပြီး ငါ့ကို စွန့်လွှတ်မယ့် ယောက်ျားဆိုတာ ရှိနိုင်မည်တဲ့လား”
ဝေ့မိသားစု စစ်သည်များ အကြား ရှိနေတဲ့ ဝေ့လျန့်ရယ်မှာ ထိုစကားကို ကြားရတော့ အထိန်းအချုပ် ကင်းမဲ့စွာ မျက်မှောင်ကြုတ် လိုက်တယ်။ ဒီ လင်မိသားစုရဲ့ ကောင်မစုတ်လေးက ရူးများနေလား… ဦးနှောက် ပျက်နေလား။ သူမလေးက နိမ့်ကျတယ်ဆိုရင် ဝိညာဉ် နတ်ဘုရားတောင်က ဘယ်အဆင့်အတန်း အထိ ရောက်သွားမလဲဆိုတာ တွေးမိရဲ့လား။
တွေးကြည့်လေလေ ဝေ့လျန့်ရယ် ထိုကောင်မလေးကို သင်ခန်းစာ ပေးချင်လာတယ်။ ဒါပေမဲ့လည်း ဘယ်သူမှ မမျှော်မှန်း ထားလောက်အောင် သူပြောမယ့်စကားများကို လင်ယွဲ့ရဲ့ နူးညံ့သော အသံက ကြားဝင် နှောင့်ယှက်သွားတာပေါ့။
“ယောင်အာ… သမီးလေး ဒီလို စကားမျိုး မပြောသင့်ဘူး … သူမ အဆင့်အတန်းက နိမ့်ပါးလည်း ဒေါ်ဒေါ်တို့က ဒီကောင်မလေးကို မလေးမစား မဆက်ဆံသင့်ဘူး”
ဝေ့လျန့်ရယ် ပိုပြီးတော့ စိတ်ပျက် လာမိတယ်။ သူ ပို၍ တိုးလို့သာ မျက်မှောင်ကြုတ်မိတယ်။ လင်ယွဲ့စကားက ယွမ်လော့ဖုန်းကို လေးလေးစားစား ပြောဆို ဆက်ဆံဖို့ လင်ယောင်ကို ပြောသော်လည်း သူမက အဆင့်နိမ့်တယ်ဆိုတဲ့ စကားကို ပြတ်ပြတ်သားသား ပေါ်လွင်အောင် ဖိပြောသဖြင့် သူမစကားရဲ့ အဓိပ္ပာယ်က ဘာကို ဆိုလိုချင်တာလဲ ဆိုတာ လူတိုင်း သိစေတယ်။
“ဒေါ်ဒေါ်…”
လင်ယောင်လည်း မကျေမနပ် နှုတ်ခမ်းစူလိုက်တယ်။
“ဒီအပျက်မက ဒေါ်ဒေါ်ကို ဘယ်လို ပြုမူခဲ့လဲဆိုတာ မေ့သွားတာလား အခုအချိန်မှာ သူမအတွက် ပြောပေးဖို့ ထိုက်တန်လို့လား တွေးကြည့်စမ်းပါ လွန်ခဲ့တဲ့ ရက်တချို့က အမှိုက်ကောင်ကို ကျွန်မတို့တွေ အသုံးလိုနေသေးတာတဲ့ အခွင့်အရေးကို အသုံးချပြီးတော့ ကျွန်မတို့ကို သူ အကျပ်ကိုင်ခဲ့တယ်လေ ဒီကောင်မက ဒေါ်ဒေါ်ကို ရိုက်နှက်ခဲ့တာလေ အခုတော့ ဒေါ်ဒေါ်က သူ့ဘက်က ရပ်တည်ပြီး ပြောပေးနေတယ်ပေါ့ ဒီလို မိန်းမစားမျိုးက ဒေါ်ဒေါ် ကြင်နာမှုနဲ့ မထိုက်တန်ပါဘူး”
လင်ယောင်၏ စကားသံကြောင့် အားလုံး အကြည့်က လင်ယွဲ့အပေါ် ကျရောက် လာစေတယ်။
အခုတော့ လင်ယွဲ့မျက်နှာပေါ်က ဒဏ်ရာများကို သတိထားမိ သွားစေတယ်။ သူမ မေးဖျားများ ရောင်ရမ်း ဖောင်းကားနေပြီး အရင်လို အလှအပမျိုး မရှိတော့ပေ။ လင်ယောင် စကားကြောင့် သူမရဲ့ ရှက်ဖွယ်ကောင်းတဲ့ မျက်နှာက လူအများ အာရုံစိုက်ခြင်းကို ခံယူရတာကို မြင်ရတော့ လင်ယွဲ့ မျက်မှောင်ကြုတ် မိတယ် သူမစိတ်ထဲမှာ ဒေါကြီးမောကြီး ကျိန်ဆဲ မိတယ်။ သူမ စိတ်ထဲ ဒေါကန်နေပါစေ အပြင်မှာတော့ သရုပ်အမှန်ကို ပြသမှာ မဟုတ်ပါဘူး။ လင်ယောင်ကို ပြုံးပန်းဝေနေသော မျက်နှာထားလေးဖြင့် ကြည့်လိုက်တယ်။
“အဒေါ်တို့တွေက မကောင်းတဲ့လူကို ကောင်းမွန်တဲ့ စိတ်ထားလေးနဲ့ ပြန်လည် တုံ့ပြန်သင့်တယ်။ အကျိုးအကြောင်းကို ဆင်ခြင်သင့်တယ်။ ဒီကောင်မလေးက ယွီချင်းကို ဖြားယောင်းဖို့ ကြိုးစားလို့ သမီးလေး ဒီမိန်းကလေးကို မန်းနေတာ ဒေါ်ဒေါ် နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ယွီချင်းလေးက စိတ်ဓာတ် ခိုင်မာပါတယ် မြှူဆွယ်လို့ စိတ်ပါမယ့် ယောက်ျားတစ်ယောက် မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမီးလေး စိတ်ချထားလိုက်…”
***
အပိုင်း(၄ဝ၇)
လျှို့ဝှက်နယ်မြေ (၆)
အားလုံးက အံ့သြမှင်တက် သွားရတယ်။ ယွမ်လော့ဖုန်းကို အထင်အမြင် သေးသော အကြည့်ဖြင့် ကြည့်လာတော့တယ်။
မထင်ထားရဘူးနော်… ဒီကောင်မလေးက သိက္ခာရှိ ရည်မွန်တဲ့ ပုံစံလေး ပေါက်ပါတယ် ဒါပေမဲ့လည်း ရှောင်မိသားစုမှ နှင်ထုတ်ခံထားရတဲ့ သခင်လေးကို မြှူဆွယ်ထားတဲ့အပြင် သခင်လေး ယွီချင်းကို သွေးဆောင် ဖြားယောင်းဖို့ ကြိုးစားချင် သေးတယ်။ ဒီလို အပျက်မမျိုးကို ဝက်ခြံမှာ အနားယူဖို့ လွှင့်ပစ်ထားသင့်တယ်။
ယွမ်ရှောင်၏ ခံစားချက် ကင်းမဲ့သော အကြည့်က ယွမ်လော့ဖုန်း ဝေးရာသို့ တဖြည်းဖြည်းချင်း ရွှေ့ပြောင်းသွားပြီး လင်ယွဲ့ ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်မှ လူသတ်ချင်သော အငွေ့အသက်များ ပေါက်ဖွားလာပြီး သူ့မျက်နှာက ခံစားချက် ကင်းမဲ့ကာ အသက်မဲ့ အသွင်ဆောင်သွားတယ်။ သူ့အကြည့်က စိမ်းကား အေးစက်ပြီး သတ်ဖြတ်ခြင်း နတ်ဘုရား တစ်ပါးနဲ့ ဆင်တူစေတယ်။
ဒီလို ပုံစံမျိုးနဲ့ ယောက်ျားလေးကို လူတိုင်းက အာရုံစိုက်မိကြတယ်။ ကံဆိုးစွာနဲ့ သူက အမှိုက်ကောင် ဖြစ်နေတယ်။
“ဘာကြောင့်လဲ ဟုတ်လား”
လင်ယောင်လည်း ယွမ်ရှောင်၏ အကြည့်ကို သတိထားမိတာကြောင့် သူ့ကို လှောင်ပြောင် ထေ့ငေါ့လိုက်တယ်။
“ဒေါ်ဒေါ် ပြောတာ မှားတယ်လို့တော့ လာမပြောနဲ့ နင် ဒေါ်ဒေါ်ကို ဆက်ပြီးတော့ ရိုက်နှက်ချင် သေးတာလား ရိုက်နှက်ချင် သေးတယ်လို့တော့ လာမပြောနဲ့ ရှောင်မိသားစုက နင့်လို အမှိုက်ကောင်ကို ပြန်လာခွင့် ပြုတာကိုပဲ ကျေးဇူးတင် လိုက်စမ်းပါ… နင့်မှာ ရှောင်မိသားစုကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိမယ်လို့တော့ ငါ မယုံကြည်ဘူး”
နိမ့်ပါးတဲ့ အမှိုက်ကောင်ကို ကြောက်နေစရာ အကြောင်းမရှိဘူး။
“ဖုန်းအာကို မကောင်းပြော အရှက်ရအောင် ပြောဆိုတဲ့ လူတိုင်း သေသင့်တယ်”
ယွမ်ရှောင်၏ နှုတ်ခမ်းပါးလေး ပွင့်လာပြီး သူ့ခံစားချက် ကင်းမဲ့သော မျက်နှာက လူသတ်ချင်သော အငွေ့အသက်များဖြင့် ပြည့်နှက် နေတာပေါ့။
လင်ယောင်လည်း ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်တယ်။ သူမအပြုံးမှာ လှောင်ပြောင် ထေ့ငေါ့မှုများ ရောယှက်နေတာပေါ့။
“ဟား… ဟား… ယွမ်ရှောင် နင်က ငါ့ကို သတ်ချင်တယ်လို့ ပြောလိုက်တာလား ဒါပေမဲ့လည်း နင်က သုံးစား မရတဲ့ အမှိုက်ကောင် တစ်ယောက်လေ… နင့်စွမ်းအားက ဘယ်လိုလဲဆိုတာ ငါတို့ ကြည့်ရသေးတာပေါ့၊ ရှောင်မိသားစုမှာ ရှောင်ယွီချင်းက နံပါတ်၁ ပါရမီရှင်… နင်က သူ့ကို ဘယ်လိုမှ ယှဉ်လို့ မရဘူး”
သူမလည်း ခေါင်းမော့ ရင်ကော့ပြီး ဂုဏ်ယူ ဝင့်ကြွားစွာ မတ်တတ် ရပ်နေလိုက်တယ်။ သူမရှေ့မှာ ရှိနေတဲ့ စုံတွဲကို ဂရုမစိုက်ဟန်ပေါ့။
ဝေ့လျန့်ရယ်လည်း စိတ်ပျက်ဟန် ခေါင်းသာ တွင်တွင် ခါနေလိုက်တယ်။ သူ ဘာမှကို ဝင်မပြောချင်တော့ဘူး။ ရှောင်မိသားစုနဲ့ လင်မိသားစုက ကိုယ်တိုင် ပြဿနာ ရှာနေတော့လည်း သူဘာမှ ပြောမနေတော့ဘဲ ပွဲကြည့် ပရိသတ် တစ်ယောက်လို ဘေးမှာသာ ရပ်ကြည့် နေလိုက်တော့တယ်။
“ယွမ်လော့ဖုန်း… ငါ နင့်ကို တစ်ခုတော့ ပြောလိုက်မယ်…. နင် ငါ့ကို အဆိပ်ခတ်ထားလည်း ငါ မကြောက်ဘူး… ဒေါ်လေးက ငါ့အတွက် နတ်ဆေးသမားတော် ထျန်းရာကို ပင့်ပေးမှာ… သူ ငါ့ကို ဆေးကုသ ပြီးရင်တော့ နင် ငါ့ကို ဆက်ပြီးတော့ ခြိမ်းခြောက်လို့ မရတော့ဘူး”
လင်ယောင်ရဲ့ ဂုဏ်မောက်နေတဲ့ မျက်နှာ အမူအရာကို ကြည့်ရင်း ဘာကြောင့် ဒီနေ့ ထုတ်ဖော်ပြောရဲတဲ့ သတ္တိရှိနေရလဲ ဆိုတာ ယွမ်လော့ဖုန်း နားလည်လာတယ်။ ဒါဆို လင်ယောင်က လင်ယွဲ့ရဲ့ မကောင်းတဲ့ အကြံအစည်မှာ အညာမိနေတာပေါ့။ ကြယ်လေးများကဲ့သို့ သူမရဲ့ မျက်ဝန်းနက်များက လင်ယွဲ့ဘက်သို့ ငဲ့စောင်း ကြည့်လိုက်တယ်။ သူမ မျက်နှာထားက လင်ယွဲ့ အကြံအစည်ကို သိနေတယ် ဆိုတာ ပြသနေတာပေါ့။
တခစ်ခစ် ရယ်သံ….
လင်ယောင် စကားပြောလုနီးပါး အချိန်လေး အတွင်းမှာ သဲသဲကွဲကွဲ မကြားရသော အသံတစ်မျိုးက သူမ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာတယ်။ ထို့နောက် သူမ ခန္ဓာကိုယ်က အဝေးတစ်နေရာဆီ လွင့်စဉ်သွားပြီး သူမခန္ဓာကိုယ်ကို သွေးများ ဖျန်းပက်ထားသလို ဖြစ်သွားစေတယ်။ သူမရဲ့နူးညံ့သော မျက်နှာသေးသေးလေးက ဖော်ပြမရလောက်အောင် ဖြူဖျော့သွားတယ်။
“ဘယ်သူလဲ… ဘယ်သူက ငါ့ကို တိတ်တဆိတ် တိုက်ခိုက်တာလဲ”
လင်ယောင် အံကြိတ်လိုက်တယ်။ သူမရဲ့ ဖြူဖျော့သော မျက်နှာက ကြောက်ရွံ့မှု ခြေရာများ ပေါ်ထွက် လာရတယ်။ သူမခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအားထဲများ ဝရုန်းသုန်းကား ဖြစ်သွားပြီး သူမခန္ဓာကိုယ်ကို အပြင်းအထန် တိုက်ခိုက်တော့တယ်။
“သူမကို အရှက်ရစေတယ် လူတိုင်း သေရမယ်”
လင်ယောင်လည်း ရုတ်တရက် ခံစားချက် ကင်းမဲ့သော အမျိုးသားလေးရဲ့ အသံကို ပြန်လည် တွေးမိလာတော့ သူ့ခန္ဓာကိုယ်က စတင်ပြီး တုန်ရီလာတော့တယ်။
မဖြစ်နိုင်ဘူး… သူ မဖြစ်နိုင်ပါဘူး။
အဲဒီ မိမစစ် ဖမစစ် ကောင်က အမှိုက်ကောင်ပါ… ဘယ်လိုဖြစ်ပြီးတော့ သူမ ခန္ဓာကိုယ်ထဲက စိတ်စွမ်းအားကို ထိန်းချုပ် နိုင်ရတာလဲ။ သူတို့ကို ကူညီဖို့ အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ လူတစ်ယောက် ရှိရမယ်။
လင်ယောင်လည်း ဝေ့လျန့်ရယ်ဘက် လှည့်လိုက်ပြီး ဒေါနဲ့မောနဲ့ အော်ဟစ် တော့တယ်။
“ဝေ့လျန့်ရယ်…. ရှင်က ကျွန်မကို ထိခိုက်ဒဏ်ရာ ဖြစ်စေတယ်ပေါ့”
ဒီလူ ဖြစ်ရမယ်။
***
Bạn đang đọc truyện trên: Truyen247.Pro