Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

စာစဉ်(၉) 201+202+203+204+205

အပိုင်း(၂ဝ၁)

ပိုင်စု(၃)

 
ဒီကောင်မလေးက သူ့အမေထက် ပိုပြီးတော့ စိတ်ဝင်စားဖို့ အလွန်ကောင်းတယ်။
သူ့မေးဖျားလေးကို သေးသွယ်တဲ့ သူ့လက်ချောင်းလေးဖြင့် ထိကိုင်ရင်း ကောက်ကျစ် စဉ်းလဲသော အပြုံးတစ်ခုကို ပုံဖော်လိုက်တယ်။ သူ့မျက်ဝန်းက စိတ်ဝင်စားမှုဖြင့် ပြည့်နှက်နေတယ်။
ဧကရီရုန်လည်း သူမ စိတ်မကျေမနပ်မှုနှင့် နှလုံးသားထဲက ဒေါသ  ဖြစ်ရသည်ကို ထိန်းချုပ်ရင်း ရိုသေ လေးစားစွာ ဂါရဝပြုလိုက်တယ်။
“သခင်ပိုင်…. ရှင် စိတ်တော် မပျက်စေရပါဘူး။ ယွမ်လော့ဖုန်းကို ရှင့်အနား  ကျွန်မ ခေါ်ဆောင် လာခဲ့ပါမယ်”
သူမစိတ်ထဲက အမုန်း အာဃာတကို ခံစားမိတာကြောင့် ပိုင်စု  ခနဲ့လိုက်တယ်။ 
“မင်း ဒီကောင်မလေးကို ဘယ်လိုပဲ မုန်းနေ မုန်းနေ ကျုပ် ဂရုမစိုက်ဘူး။ အခုချိန်မှာ ဒီကောင်မလေးက ကျုပ်အတွက် အသုံးဝင်နေတယ်။ စဉ်းစား ဆင်ခြင်မှု မရှိဘဲ မင်း စိတ်လိုက်မာန်ပါ ပြုမူတာကို ကျုပ် မလိုအပ်ဘူး။ ကျုပ် စကားကို နားမထောင်တဲ့ လူက ဘယ်လို အဆုံးသတ်ရလဲ ဆိုတာ မင်းကို သိအောင် ပြရသေးတာပေါ့”
ဧကရီရုန်လည်း ကြောက်စိတ်ကြောင့် အနည်းငယ် တုန်ရီသွားရတယ်။ သူမနှလုံးသားထဲမှ စိတ်ခံစားထားချက်ကို ချက်ချင်း ထိန်းချုပ် လိုက်တယ်။
“ကျွန်မ သခင့်အမိန့်ကို မလွန်ဆန်ရဲပါဘူး”
“မင်းက ကိုယ့်စကားကိုယ် တည်အောင် ကြိုးစားနိုင်ဖို့ မျှော်လင့်ပါတယ်”
ပိုင်စုလည်း မထီမဲ့မြင် အပြုံးတစ်ခုကို ဆင်မြန်း လိုက်ပြီးတော့ “ဧကရီရုန် ကျုပ် စကားကို သေချာ မှတ်ထား လိုက်စမ်းပါ။ ကျုပ်ကို သစ္စာဖောက်တာကို သိသွားခဲ့ရင်တော့  လွေ့ကျင်း တိုင်းပြည် တစ်ခုလုံးကို ဖျက်ဆီးဖို့ဆိုတာ ကျုပ်တို့ ပိုင်မျိုးနွယ် အတွက်တော့ ခက်ခဲသော ကိစ္စ တစ်ခုတော့ မဟုတ်ဘူးဆိုတာ သိသွားစေရမယ်”
 
***
 
 
လော့ဖုန်း စံအိမ်တော်…
နူးညံ့သော ခုတင်တစ်ခုပေါ်မှာ မိန်းကလေး တစ်ယောက်က မျက်လုံးကို တစ်ဝက် မှေးစင်းပြီးတော့ အနားယူနေသည်။ အပြင်ဘက်မှ ကျယ်လောင်တဲ့ ဆူညံသံ တချို့က အခန်းထဲသို့ ဝင်ရောက် လာခဲ့သည်။
သူမ အနားယူချိန်ကို ဆူညံသံများက နှောင့်ယှက် နေသဖြင့်  သူမကို အနည်းငယ် စိတ်တိုစေတယ်။
“ဘာကိစ္စ ဖြစ်လို့လဲ။ ဘာကြောင့် အပြင်ဘက်မှာ အရမ်း ဆူညံ နေရတာလဲ”
“သခင်…”ယွမ်လော့ဖုန်း မေးသည်ကို ကြားတော့ ဖုန်းယွီ အမြန်လေး ပြန်ဖြေလိုက်တယ်။
“အပြင်ဘက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော် ကိုယ်တိုင် သွားကြည့် လိုက်ပါ့မယ်”
ဖုန်းယွီက ဘဏ္ဍာထိန်း တစ်ယောက် ဖြစ်သည်။ သူမက မကြာသေးခင်ကမှ ရာထူး တိုးမြှင့်ပေး ခံထာခြင်း ဖြစ်သည်။ သူ့စွမ်းအားက ဝူကျုံး စွမ်းအားလောက် မမြင့်မားသော်လည်း  သူက ထူးချွန် ထက်မြက်ပြီးတော့ စဉ်းစားတွေးခေါ် တတ်သည်။ ထို့ကြောင့်လည်း ယွမ်လော့ဖုန်းက သူ့ကို ကျေနပ်တော် မူတယ်။
“မဟုတ်ပါဘူး” ယွမ်လော့ဖုန်းလည်း ပြောပြီးသည်နှင့် နူးညံ့သော အိပ်ရာပေါ်မှ ထရပ်လိုက်သည်။ နူးညံ့စွာ ပြုံးပြီးတော့ ပြောလိုက်တယ်။
“ကျွန်မ ကိုယ်တိုင် သွားကြည့်လိုက်မယ်”
 လော့ဖုန်းစံအိမ်တော်က တော်ဝင်မြို့တော်၏ ရှုပ်ယှက်ခတ် နေတတ်သော မြို့အလယ်မှာ တည်ရှိတာ မဟုတ်ပေ။ သို့သော်လည်း စံအိမ်တော် အနားမှာ နေထိုင်သည့် လူအများပြားတော့ ရှိနေပါသေးတယ်။
အဝေးတစ်နေရာမှာ ရပ်နေသည့် လူများက လော့ဖုန်း စံအိမ်တော်ကို ဝိုင်းရံထားသည့် တော်ဝင် သက်တော်စောင့်များကို လက်ညှိုးထိုးကာ တီးတိုး ပြောဆို နေကြတယ်။
အာဏာရှိတဲ့ လူများသာ အာဏာ ကြီးမားသော လော့ဖုန်းစံအိမ်တော် အကြောင်းကို သိတယ်။ အခြေခံ သာမန် လူတန်းစားက လော့ဖုန်းစံအိမ်တော် အင်အားအကြောင်း တွေးမိမယ် မထင်ပါဘူး။ သာမန်လူ၏ မျက်လုံးထဲမှာတော့ တော်ဝင် မိသားစုသာ လောကကြီးကို အုပ်စိုးနိုင်သူလို့ ထင်နေမှာပါ။
ထို့ကြောင့်လည်း လော့ဖုန်း စံအိမ်တော်က ဘာကြီးမားသည့် ပြစ်မှု ကျူးလွန်ထားလို့ တော်ဝင် မိသားစုက ဘုရင်ကိုယ်တိုင် လာရောက် ဖမ်းဆီးရတာလဲ ဆိုတာ သိချင် နေကြတယ်။
တကယ် လက်တွေ့မှာတော့ ရဲ့သုန်းက သတ္တိနည်းတဲ့ ဘုရင်းတစ်ပါး ဖြစ်တယ်။ သူကိုယ်တိုင် ဒီနေရာကို မလာရောက်ချင်ခဲ့ဘူး။ သို့သော်လည်း သခင်ပိုင်က သူ့ကို လာရောက်ရန် အမိန့် ပေးထားတာကြောင့် သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပေ။ သူ ဘယ်လိုပဲ ကြောက်ရွံ့နေပါစေ သူ့ကိုယ်တိုင် လော့ဖုန်း စံအိမ်တော်က လူအားလုံးကို ဖမ်းဆီးဖို့ လိုအပ်တယ်။
သူ့နှလုံးသားထဲမှာ အနည်းငယ်တော့ ယုံကြည်ချက် ရှိတယ်။ သူ့သားက သူ့ကို ဒုက္ခဖြစ်စေမယ့် ကိစ္စမျိုး မလုပ်ဘူးလို့ သူ ယုံကြည်နေတယ်။
ရဲ့သုန်း ထိုအကြောင်းကို တွေးရင်း ပျော်ရွှင်ရတယ်။ လော့ဖုန်း စံအိမ်တော်မှ ရဲ့လင်း ထွက်လာတာကို ရိပ်ခနဲ မြင်လိုက်ရတယ်။ ဟန်လုပ် ချောင်းခြောက်ဆိုးရင်း ပုံမှန်အတိုင်း ရက်စက်သော မျက်နှာထား ပြောင်းလိုက်တယ်။
“လင်းအာ…. ဒီနေ့ ခမည်းတော် ရောက်လာရတာက ခမည်းတော်တို့ ရန်သူ၏ သူလျှို ဖြစ်တဲ့ ယွမ်လော့ဖုန်းကို ဖမ်းဆီးဖို့ ရောက်ရှိလာတာပဲ။ ယွမ်လော့ဖုန်းက လွေ့ကျင်း တိုင်းပြည်ကို ဖျက်ဆီးချင် နေတာလေ။ ဒီအပြစ်မဲ့တဲ့ တိုင်းသူ ပြည်သားတွေလည်း အပါဝင်ပေါ့။ ဒီတိုင်းပြည်က လူအားလုံး ဘေးကင်းစေဖို့ အတွက်  ဒီနေ့ ဒီအမျိုးသမီးကို ခမည်းတော် ဖမ်းဆီးရလိမ့်မယ်”
လွေ့ကျင်းတိုင်းပြည်က ဘုရင်တစ်ယောက် အနေနဲ့ သူ ပြောလိုက်တဲ့ စကားတိုင်းကို တိုင်းသူပြည်သား အားလုံးက ယုံကြည် လက်ခံမှာပါ။
တော်သင့်ပြီ ထင်တယ်။ ရဲ့သုန်းပြောလိုက်တဲ့ စကားကြောင့် ပွဲကြည့်ပရိသတ် လူအုပ်စု ဒေါသထွက် လာရတယ်။ ယွမ်လော့ဖုန်းကို မျက်တောင်မခတ် လူသတ်တတ်တဲ့ ဗီလိန်မလို့ တွေးနေကြမှာပါ။
“ဒီယွမ်လော့ဖုန်း ဆိုတာက ဘယ်သူလဲ။ လွေ့ကျင်းတိုင်းပြည်ကို ဖျက်ဆီးဖို့ အစီအစဉ် ဆွဲရဲတယ်ပေါ့။ တိုင်းသူ ပြည်သားတွေကို သတ်ချင် နေတယ်ပေါ့လေ။ မတရား သေဆုံးရတဲ့ ဝိညာဉ်တွေက သူမကို ညဘက်မှာ လာရောက် ခြောက်လှန့်မှာ မကြောက်ဘူးလား”
***

အပိုင်း(၂ဝ၂)

ပိုင်စု(၄)

 
“ကံမကောင်းစွာနဲ့ ငါကိုယ်တော်မြတ်က သူမ အကြံအစည်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ မဟုတ်ရင်တော့ လွေ့ကျင်း တိုင်းပြည် တစ်ခုလုံး ဘေးဒုက္ခကို ခံစားရတော့ မှာလေ။  ကိုယ်တော်တို့ တိုင်းပြည်ရန်သူကို သတိပေးတဲ့ အနေနဲ့ မကောင်းဆိုးဝါးမကို အစိတ်စိတ် အမြွှာမြွှာ  ခုတ်ထစ် ဖြတ်တောက် သင့်တယ်”
“သူမကို သတ်လိုက်ပါ။ မကောင်းဆိုးဝါးမကို သတ်ပစ်ပါ။ လွေ့ကျင်း တိုင်းပြည်ကို တိုက်ခိုက်တဲ့ လူတိုင်း သေရမယ်”
လူတွေအားလုံး အော်ဟစ်နေသံကို နားထောင်ရင်း ရဲ့သုန်း တိတ်တဆိတ် လှောင်ပြုံး ပြုံးလိုက်တယ်။ ခံစားချက်မဲ့နေတဲ့ ရဲ့လင်းကို ခက်ထန် ကြမ်းတမ်းသော မျက်ဝန်းများဖြင့် တစ်ချက် ကြည့်လိုက်တယ်။ အေးတိအေးစက် စကားဆိုလိုက်တယ်။
“သားတော် ကြားရဲ့လား။ လူအများပြားက သူမကို သတ်ချင်နေကြတယ်။ သူမက ကြောက်လန့်ဖို့ ကောင်းတဲ့ ပြစ်မှုကျူးလွန်နေတယ်လို့ သက်သေပြ နေတယ်လေ။ ရဲ့လင်း … မင်းက ခမည်းတော်၏ သားတော် တစ်ယောက် ဖြစ်နေတော့ ပြစ်မှုမှ ကင်းလွတ်စေမယ်။ အခုတော့ မင်း လမ်းဖယ်လိုက်ပါ”
ဒေါသ အလွန်မင်း ထွက်နေသည့် ချင်ယန်ကို တားဆီးထားသည့် ရဲ့လင်းတစ်ယောက် ရဲ့သုန်းကို ရွဲ့တဲ့တဲ့ ကြည့်လိုက်တယ်။
“သူမက ကြောက်ဖို့ ကောင်းတဲ့ ပြစ်မှုကို ကျူးလွန်ထားတဲ့ သက်သေ ရှိနေလို့ လူအများပြားက သတ်ချင်နေတယ်လို့  ပြောချင်တာလား။ ရယ်စရာ အကောင်းဆုံး ဟာသ တစ်ခုပဲ။ ဒီလူတွေအားလုံး အပြစ်မြင်လာအောင် ခင်ဗျားက သွေးထိုး လှုံ့ဆော်နေတာ မဟုတ်ဘူးလား။ ခမည်းတော်…. ကျွန်တော့်တစ်သက်မှာလေ ခမည်းတော်လောက် အရှက်မဲ့တဲ့ ယောက်ျားမျိုး မတွေ့ဖူးဘူး”
ရဲ့သုန်းမျက်နှာ မည်းမှောင် သွားရတယ်။
“ရဲ့လင်းက မင်းက ခမည်းတော်ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။ မင်းက  ကျေးဇူးမသိတတ်တဲ့ သားတစ်ယောက် ဖြစ်နေသော်လည်း ငါကတော့ မင်းကို သားတစ်ယောက်ကဲ့သို့ ပြုမူ ဆက်ဆံခဲ့ပါတယ်။ မင်းက ဘယ်လို သားမိုက်မျိုးလဲ။ မင်းဘေးနားမှာ ရပ်နေတဲ့ မိန်းကလေးကို နှစ်သက်ရင်လည်း သူမကို မင်း ကိုယ်လုပ်တော် အဖြစ် ခမည်းတော်က လက်ခံပေးပါမယ်။ တရားဝင် ဇနီးနေရာကို သားတော်အတွက်  ရွေးချယ် ထားခဲ့ပြီးပြီ။ သူမက ဧကရီရုန်၏ တူမတော် ရုန်ယွဲ့ ဖြစ်တယ်”
ရဲ့လင်းလည်း လူသတ်ချင်သည့် အငွေ့သက်ကို ထုတ်လွှင့် လိုက်ပြီးတော့ သူ့မျက်လုံးက အေးစက်စက် ပုံစံ ပြောင်းလဲသွားတယ်။
“ဒါက ခင်ဗျား အလုပ် မဟုတ်ပါဘူး။ ကျွန်တော်က ချင်ယန်ကလွဲရင် ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး။ ခင်ဗျားပြောတဲ့ ရုန်ယွဲ့ဆိုတဲ့ မိန်းကလေးကို ခင်ဗျား ပျော်ရွှင်မှုအတွက် သိမ်းထားလိုက်ပါ”
“မင်း အတော်ကို သတ္တိကောင်း နေတယ်ပေါ့”
ရဲ့သုန်းလည်း ဒေါသစိတ်ဖြင့် ခက်ထန်စွာ ရဲ့လင်းကို ကြည့်လိုက်တယ်။
“မင်းက တော်ဝင် မင်းသားစု၏ သားတော် တစ်ပါး ဖြစ်သလို လော့ဖုန်း စံအိမ်တော်ရဲ့ လက်ထောက် စံအိမ်တော် သခင်လည်း ဖြစ်တယ်။ ဒီမိန်းကလေးက လော့ဖုန်း စံအိမ်တော်က အစေခံ တစ်ယောက် သာသာ ဖြစ်နေတယ်။ ဒီလိုမျိုး မိန်းကလေး အတွက် ကိုယ့်အနာဂတ်ကိုယ် စွန့်လွှတ်ချင် နေတာလား။ အစေခံမိန်းကလေး တစ်ယောက်ကို လက်ထပ်ပြီးတော့ တော်ဝင်မိသားစု ဂုဏ်သိက္ခာကို ကျဆင်း စေချင်နေတာလား။ ခမည်းတော် ဒီလို ကိစ္စမျိုးကို ခွင့်မပြုနိုင်ဘူး။ ဒီလော့ဖုန်း စံအိမ်တော်ကို သားတော် တစ်ယောက်တည်း တည်ထောင်ခဲ့တာကို ခမည်းတော် သိနေတယ်။ တခြား အာဏာရှိတဲ့ လူတစ်ယောက်ကို ပေးတာထက် ခမည်းတော်ကို ပေးလိုက်တာ ပိုကောင်းပါတယ်”
သူပြောလိုက်တဲ့ နောက်ဆုံး စကားကြောင့် သူ့လောဘကို သိသာ ထင်ရှားစေတယ်။ သူ ခဏလောက် တွေးတောလိုက်ပြီး နောက်ဆုံးတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တယ်။
ရဲ့လင်း အဖေ တစ်ယောက်အနေနဲ့  ရဲ့လင်းက သူ့စကားကို နားထောင်ဖို့ လိုအပ်တယ်။ သူ့ဖခင်ကို ကျေးဇူးသိတတ်ဖို့ လိုအပ်တယ်လေ။
ထပ်ပြောရရင် လော့ဖုန်း စံအိမ်တော်ကို  သူ့သားတော် တည်ထောင် ထားတာကို သူ သတင်းရ ထားတယ်။ နာမည်ကြီးနေတဲ့ စံအိမ်တော်သခင်က တစ်ခါမှ ထွက်ပေါ်လာခြင်း မရှိခဲ့ဘူး။ ဒါကြောင့် သူ့သားတော် ကိုယ်စား သူက လော့ဖုန်း စံအိမ်တော်ကို စီမံတာက  လုံးဝကို တရားမျှတတဲ့ ကိစ္စ တစ်ခုပဲလေ။
ရဲ့လင်းက သူ့ကြောင့် မွေးဖွားလာရတာ ဆိုတော့ သူ့မှာ ပိုင်ဆိုင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်။
ရုတ်တရက် လော့ဖုန်းစံအိမ်တော် အတွင်းမှ တခစ်ခစ် ရယ်မောသံကို ကြားလိုက်ရတယ်။ ထိုရယ်သံက လှောင်ပြောင် သရော်သည့် သဘောကို ဆောင်နေတာကြောင့် ရဲ့သုန်း မျက်နှာ အမူအရာက တစ်ခဏချင်း ပြောင်းလဲ သွားတယ်။
“ကျွန်မ၏ လော့ဖုန်း စံအိမ်တော်ကို လူအများပြားက လိုချင်တပ်မက် နေမယ်လို့ မထင်ထားခဲ့မိဘူး။ ဝူကျုံးကို မောင်းထုတ်လိုက်လည်း  ဒီနေရာကို နောက်ထပ် တစ်ယောက်က ရောက်လာပြန်ပြီ။ ရှင့် ဓားပြတိုက်တဲ့ ဇာတ်လမ်းကလည်း ဧကရီရုန်နဲ့ တိတိကျကျ အတူတူပဲနော်”
ဧကရီရုန်က မင်းသား၃ အိမ်တော်ကို လာရောက်ခဲ့ပြီးတော့ အိမ်တော်ချင်း လဲလှယ်ဖို့ ပြောခဲ့သည့် နေ့က လေသံနှင့် အတူတူပဲ ဖြစ်သည်။
အခုတော့ ရဲ့သုန်းလည်း ဒီလမ်းစဉ်ကို ကျင့်သုံးနေပြီ။ လင်မယား နှစ်ယောက်စလုံး အရှက်မဲ့လွန်းတယ်။
“ယွမ်လော့ဖုန်း”
အဖြူရောင် ဝတ်စုံဖြင့် မိန်းကလေး တစ်ယောက် တံခါးအပေါက်ဝမှ ထွက်လာတာကို ကြည့်ရင်း ရဲ့သုန်းမျက်နှာက ကြောက်လန့်စိတ်ကြောင့် အမူအရာ ပြောင်းသွားပြီး အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
“အစောင့်တွေ ဒီအမျိုးသမီးကို ဖမ်းကြစမ်း”
တော်ဝင် သက်တော်စောင့်တွေက သူ့အမိန့်ကို နာခံပြီးတော့ ယွမ်လော့ဖုန်း အနားကို ချဉ်းကပ်ကြတယ်။
တော်ဝင် သက်တော်စောင့်တွေ ချဉ်းကပ်လာတာကို ကြည့်ရင်း မိန်းကလေးက ဘာမှ မမှုသည့် သဘောဖြင့် ပျင်းရိစွာ တံခါးကို မှီထားလိုက်တယ်။ မာနကြီးသော အထင်မြင်သေးသည့် အပြုံးက သူမ မျက်နှာပေါ်မှာ ပေါ်ပေါက်လာတယ်။
“ရှင်က ကျွန်မကို ဒီလူတွေနဲ့ ဖမ်းချင်နေတာလား။ ရှင့်တော်ဝင် သက်စောင့်တွေကို အတော်ကို မျှော်လင့်ချက် ထားတယ် ထင်တယ်။ ဒီလူတွေ အင်အား အားလုံး စုပေါင်းမယ် ဆိုရင်လည်း ကျွန်မ အစေခံအတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူး”
 
***

အပိုင်း(၂ဝ၃)

ဒေါသထွက်နေသော အစေခံမလေး

 

ရဲ့သုန်း အတော်ကို ဒေါသထွက် နေပါပြီ။ ကောက်ကျစ် စဉ်းလဲသော အရိပ်ယောင်ကို သူ့မျက်လုံးမှာ မြင်တွေ့ နေရပါတယ်။
“ယွမ်လော့ဖုန်း… မင်းက မိန်းမငယ်လေး တစ်ယောက် ဖြစ်သော်လည်း စကားကြီး စကားကျယ် သိပ်ပြောတာပဲနော်။ သာမန် အစေခံလေး တစ်ယောက်ကို တော်ဝင် သက်တော်စောင့်တွေက မယှဉ်နိုင်ဘူးလို့ ပြောရဲတယ် သတ္တိ ရှိတယ်ပေါ့။ လာပြီးတော့ အစေခံမလေး အင်အားကို ပြစမ်းပါ”
ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင် အစေခံမလေး ချင်ယန်မှာ ဘာအင်အားမှ မရှိပါဘူး ထင်ရပါတယ်။ သို့ပေမဲ့ ချင်ယန်က သူမကို ခစားရတဲ့ အစေခံမလေး တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုတည်း ရှိတာ မဟုတ်ပေ။
ချင်ယန်က ယွမ်လော့ဖုန်းကဲ့သို့ သခင်နဲ့ မတွေ့ဆုံရဘူး ဆိုရင်တော့ ဒီစကားက မှန်တော့ မှန်နေနိုင်ပါတယ်။ သူမ တစ်ဘဝလုံးကို လူပတ်ဝန်းကျင်၏ အနိမ့်ဆုံး အဆင့်မှာသာ အချိန်ဖြုန်း ရမှာပါ။
သို့သော်လည်း ချင်ယန်က ကံကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါ။ သူမကို စိတ်စွမ်းအား ကျင့်ကြံနိုင်အောင် ကူညီပေးချင်တဲ့ သခင်အဖြစ် ယွမ်လော့ဖုန်း ရှိနေပေးတယ်။ ဒါကြောင့် သူမမှာ သာမန်ထက် သာလွန်တဲ့ဘဝမျိုး ပိုင်ဆိုင်နိုင်တာပေါ့။
ရဲ့သုန်း၏ ချေငံသော မျက်နှာကို ကြည့်ရင်း ရဲ့လင်း  ထေ့ငေါ့စွာ ပြုံးလိုက်တယ်။ သူ့မျက်ဝန်းမှာ အထင်မြင်သေးသည့် အကြည့်ဖြင့် ပြည့်နှက်နေတယ်။
“စိတ်မပူပါနဲ့ သခင်မလေး ဒီလူအားလုံးကို ကျွန်မ ရှင်းလိုက်ပါမယ်”
ချင်ယန်လည်း သူမ၏ချောမောလှပတဲ့ မျက်နှာလေးကို မော့လိုက်တယ်။ သူမကို ဝိုင်းရံထားတဲ့ တော်ဝင် သက်တော်စောင့်တွေကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။
ထိုနောက်……။
သူမ ဓားအိမ်ထဲမှ ဓားရှည်ကို အလျင်မြန် ဆွဲထုတ်လိုက်ပြီး တော်ဝင် သက်တော်စောင့် အနား ပြေးသွားတယ်။
သွေးများက အိမ်တော် တစ်ခုလုံးကို အနီရောင်အဖြစ် စွဲထင်စေတယ်။ နှင်းဆီ ပန်းခင်းကြီး ကဲ့သို့ ဆင်တူတယ်။
ချင်ယန်၏ သေးသွယ် ကျစ်လျစ်သော ခန္ဓာကိုယ်လေးက ရဲစွမ်း သတ္တိရှိသည့် ယောက်ျားစု ကြား ရွေ့လျားသွားတယ်။ သူမ ဓားကို မလိုက်တဲ့ အချိန်တိုင်း ကြောက်လန့်ဖွယ် သွေးများ စီးဆင်း ထွက်လာပြီး မိန်းကလေး၏ ကျောက်စိမ်း မျက်နှာလေးပေါ်မှာ ပက်ဖြန်းထားသလို သွေးရေများ စဉ်နေတယ်။
အခုချိန်မှာ ချင်ယန်ပုံစံက ချစ်စရာကောင်းသည့် ပုံစံမရှိတော့ပဲ ကောင်းစွာ လေ့ကျင့်ပေး ထားသည့် သနားညှာတာစိတ် မရှိသော လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက်နှင့် တူနေပါပြီ။
ရဲ့သုန်း၏ ချေမိုးနေသော မျက်နှာက အစေခံ တစ်ယောက်၏ အပြုအမူကြောင့် ရုပ်တည် ဖြစ်သွားရတယ်။ လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်သည်။ တုန်ရီနေသည်ကို ထိန်းချုပ်လို့ မရပေ။ ချင်ယန်ကို ဓားသွားကဲ့သို့ ချွန်မြသော မျက်စောင်းဖြင့် ကြည့်လိုက်တယ်။
ဒါက မဖြစ်နိုင်ပါဘူး။ ဒါက လုံးဝ ဖြစ်နိုင်ချေ မရှိဘူး။
သူ၏လက်သည်းက သူ့လက်ဖဝါး အသားထဲ နစ်ဝင်သွားတယ်။ သူ့ကိုယ်သူ တည်ငြိမ်ဖို့အတွက် အတင်း ကြိုးစားနေမိတယ်။ သူ ဘယ်လိုပဲ ကြိုးစားနေပါစေ  သူ့နှလုံးသား ကတုန်ကရီ ဖြစ်နေတာကို ထိန်းချုပ်လို့ မရပေ။
ချင်ယန်က သာမန် အစေခံလေး တစ်ယောက်ပါ။ ဘယ်လိုဖြစ်ပြီးတော့ သေချာ လေ့ကျင့်ပေးထားတဲ့  တော်ဝင် သက်တော်စောင့် အားလုံးကို အနိုင် တိုက်နိုင်တာလဲ။  သူမကို တိုက်ခိုက်တဲ့ အရေတွက်ကလည်း ပိုများတယ်လေ။ ဒါလည်း သူမက အပြတ်သတ် နိုင်နေဆဲပဲ။
“အားလုံး ရပ်လိုက်တော့”
တော်ဝင် သက်တော်စောင့် တစ်ယောက်ပြီး တစ်ယောက်ကို သတ်နေတာ တွေ့ရတော့ ရဲ့သုန်း ဆက်ပြီးတော့ ထိန်းချုပ် မထားနိုင်တော့ပေ။ သူ ဒေါသထွက်စွာ အော်ဟစ်လိုက်တယ်။ ထိရှလွယ်သော နှလုံးသား ထိုကဲ့သို့သော အဖြစ်ပျက်ကို သည်းမခံနိုင်သကဲ့သို့  ပေါက်ကွဲတော့မည် သကဲ့သို့ ခံစားရတယ်။
တော်ဝင် သက်တော်စောင့်တွေလည်း ဆက်တိုက် တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ပြီး နောက်ပြန် ဆုတ်ခွာရန် ပြင်ဆင်လိုက်တယ်။ ချင်ယန်က သူတို့ကို နောက်ပြန် ဆုတ်ခွာဖို့ အခွင့်အရေး မပေးပေ။ ကျစ်လျစ် သေးသွယ်သော ခန္ဓာကိုယ်လေးက လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာပြီး သူမ ဓားကို ထုတ်သုံးကာ အားလုံးကို လက်စသိမ်းလိုက်တယ်။ ချင်ယန်က  ရဲ့သုန်းစကားကို မကြားသကဲ့သို့ အသက်မဲ့ ခန္ဓာကိုယ်များကို မြေပြင်ပေါ်မှာ ထားရစ်ခဲ့တယ်။
“ရပ်လိုက်တော့လို့ ပြောတယ်လေ။ မင်း မကြားတာလား”
ရဲ့သုန်းလည်း သူ့ဒေါသစိတ်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားလို့ မရတော့ပေ။ ချင်ယန်က ရပ်မည် ရည်ရွယ်ချက် မရှိတာကို သိနေကြောင့် ယွမ်လော့ဖုန်းဘက်ကို မကျေမနပ် လှည့်ကြည့် လိုက်တယ်။
“ယွမ်လော့ဖုန်း… သူမကို ရပ်ဖို့ ပြောလိုက်စမ်း”
ယွမ်လော့ဖုန်းကို တံခါးကို မှီထားဆဲဖြစ်တယ်။ မထီမဲ့မြင့် ပြုံးလိုက်ပြီးတော့
“လော့ဖုန်း စံအိမ်တော်ကို ဝင်လာရဲတယ် ဆိုကတည်းက အကျိုးဆက်ကို သိသင့်တယ်။ ရှင် ဒီနေရာက ထွက်သွားချင်တယ် ဆိုရင်တော့ ဖြစ်နိုင်တဲ့ နည်းလမ်း တစ်ခုပဲရှိတယ်။ သူတို့အားလုံး သေဆုံး သွားရင်တော့ ရှင် ကိုယ်တိုင် သယ်ပြီး ထွက်သွားလို့ ရနိုင်တယ်လေ”
သူမက နားထောင်ကောင်းအောင် ပြောလိုက်တာလေပါပဲ။ တကယ်တမ်း သူတို့အားလုံး၏ အသက်မဲ့ ခန္ဓာကိုယ်လည်း သူမ အလွယ်တကူ သယ်ဆောင်သွားခွင့် ပေးမည် မဟုတ်ပေ။
“မိန်းကလေး…. သေးငယ်တဲ့ အမှားလေး တစ်ခုကို ပုံကြီး မချဲ့ချင်ပါနဲ့လား။ မင်း အရမ်း လွန်းနေပြီဆိုတာ တွေးမိရဲ့လား”
ရုတ်တရက် အဘိုးအို တစ်ယောက် အသံက ရောက်ရှိလာတယ်။ ထိုအသံက လူတိုင်း နားထဲသို့ ဖော်ရွေသော ရယ်သံတစ်ခု အဖြစ် ရောက်ရှိလာတယ်။
 
***

အပိုင်း(၂ဝ၄)

ကျွန်မ သခင်ဖြစ်ဖို့ လူတိုင်းက အရည်အချင်း မပြည့်မီဘူး

 
သူမမျက်ခုံးကို ပင့်တင်လိုက်ပြီးတော့ ဘယ်နေရာက ပေါ်လာမှန်း မသိသော အဖြူရောင် ဝတ်စုံနှင့် အဘိုးကို ကြည့်လိုက်ပြီး မချိပြုံး ပြုံးလိုက်တယ်။
“အမှား သေးသေးလေးကို ပုံကြီး မချဲ့ချင်ပါနဲ့ ဟုတ်လား။ ကျွန်မက သူ့ကို ခွင့်လွှတ် ပေးလိုက်ရင် သူက ကျွန်မကို သနားညှာတာမယ်လို့ ထင်နေတာလား”
သူမစကားသံကို ကြားတော့ အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ဒေါသတော့ မထွက်ပေ။ သို့သော်လည်း ကရုဏာထားသော မျက်နှာက အနည်းငယ် ဝမ်းနည်းသွားသည့် ပုံစံသို့ ပြောင်းလဲသွားပြီး ကြင်နာတတ်သော လေသံဖြင့်
“ကောင်မလေး မင်း မှားနေပြီနော်။ တော်ဝင် မိသားစုက ဘယ်လို အမှားမျိုး ကျူးလွန်ခဲ့ပါစေ သူတို့မှာ တိုင်းပြည် တစ်ခုလုံးကို အုပ်ချုပ်စီမံဖို့ တာဝန်ရှိတယ်။ မင်းက ရှင်ဘုရင်ကို သတ်လိုက်ရင် တိုင်းသူ ပြည်သားများကို ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေသော အသူရာ ချောက်နက်ထဲ တွန်းချသလို ဖြစ်သွားမယ်။ အများစုက သေဆုံးပြီး ဒဏ်ရာ ရရှိသူ ပေါများ လာလိမ့်မယ်”
“တိုင်းသူ ပြည်သားတွေ နာကျင် ခံစားရမှာကို မမြင်ရက်တာကြောင့် မင်းကို ဖျောင်းဖျဖို့ အဘိုးအိုက ကြိုးစားနေရတာပါ။ မင်း ပင်ကိုဗီဇအရ လက်မလျှော့ဘဲ ဆက်လက် လုပ်ဆောင် နေမယ်ဆိုရင် မင်းရဲ့ မကောင်းမှု အကုသိုလ်ကြောင့်  ထာဝရ ငရဲမီးလျှံထဲမှာ ဆင်းရဲ ဒုက္ခအပေါင်းကို နာကျင်ခံစားရပြီး ဘယ်တော့မှ ပြန်လည် မွေးဖွားနိုင်တော့မှာ မဟုတ်ဘူး”
“ရှင် ဆိုလိုချင်တာက တော်ဝင်မိသားစုက အမှားကျူးလွန်ရင်တော့  ခွင့်လွှတ်လို့ ရနိုင်တယ် ဟုတ်လား။ ကျွန်မက အမှား ကျူးလွန်ရင်တော့ ငရဲပြည် သွားရမယ်ပေါ့ ဟုတ်လား”
ယွမ်လော့ဖုန်းလည်း သူ့မျက်ခုံးနှစ်ဖက်ကို မြင့်တက်လိုက်ပြီး အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုကို ခနဲ့သလို ကြည့်လိုက်သည်။
“ကောင်မလေး… မင်းဘဝက လူတိုင်းဘဝနဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူး”
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက သူ့ဦးခေါင်းကို ခါယမ်းလိုက်တယ်။ လှောင်ပြုံးပြုံးပြီး ပြောလိုက်တယ်။
“မင်း သေဆုံးသွားရင် မင်းအတွက် ငွေစက္ကူတွေကို မီးရှို့ပေးဖို့ ငါ့မှာ ရဲ့သုန်းရှိတယ်။ မင်းငရဲပြည်မှာ နွေးနွေးထွေးထွေးနဲ့ ကောင်းမွန်စွာ နေထိုင်စေရမယ်။ ရဲ့သုန်းက ခြားနားတယ်။ မင်းတို့နှစ်ယောက် ကြားမှာ ဘယ်သူမှားမှား ဘယ်သူမှန်မှန် ရဲ့သုန်းက သေလို့ မရဘူး”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို မြှင့်တင်လိုက်ပြီး ပမာမခန့် အပြုံးတစ်ခုက ချောမောလှပတဲ့ မျက်နှာပေါ်မှာ ပေါ်ပေါက်လာတယ်။
“ကျွန်မဘဝက တခြားလူတွေထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။ လူတွေအားလုံး အသက်ကို ပေါင်းမယ် ဆိုရင်လည်း ကျွန်မ ကိုယ်ပိုင်ဘဝနဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ လွန်ခဲ့သော ၁ဝနှစ်က တော်ဝင် မိသားစုက ကျွန်မ အမေ ပိုင်လင်းကို သတ်ခဲ့တယ်။ အခု ဆယ်နှစ် ကြာပြီးနောက် သူတို့တွေက ကျွန်မ အသက်ကို ယူချင်နေပြီပေါ့။ ရန်ငြိုး အသစ်နဲ့ အဟောင်း နှစ်ခုစလုံးကို လက်စားချေဖို့  ကျွန်မ ရဲ့သုန်းကို မသတ်ရသရွေ့ မရပ်တန့်ဘူးလို့ ကျိန်ဆိုတယ်”
“ကောင်မလေး မင်းနှလုံးသားက အမုန်းအာဃာတနဲ့ ပြည့်နေတာပါလား။ မင်းကိုယ်မင်း မပြောင်းလဲရင်တော့  မင်းက ပြည်ထောင်စု အားလုံးကို နာကျင်ခံစားရအောင် ပြုလုပ်လိမ့်မယ်။ နောက်ဆုံးမှာ မင်းကို မကောင်းတဲ့ စိတ်က ကြီးစိုးသွားလိမ့်မယ်”
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ယွမ်လော့ဖုန်းကို သနားကြင်နာစွာ ကြည့်လိုက်ပြီး ကရုဏာထားစွာ ပြောလိုက်တယ်။
“ဘယ်လိုလဲ။ မင်း စဉ်းစားပြီးပြီလား။ အဘိုးအိုက ဆရာအဖြစ် လက်ခံလိုက်လေ။ ကျုပ်က မင်းကို ပညာ သင်ကြားပေးမယ်။ ကျုပ်က မင်း ရင်ထဲက မကောင်းစိတ်ကို ဖယ်ရှားပေးမယ်”
သူ့အသံက ဖော်ရွေနေသော်လည်း သူ့မျက်နှာက မာန ဝင့်ကြွားနေတယ်။ ယွမ်လော့ဖုန်း အတွက် သူ့ကို ဆရာအဖြစ် တော်စပ်ရတာက ကောင်းချီးမင်္ဂလာ တစ်ခုပဲလေ။
ယွမ်လော့ဖုန်း ခနဲ့လိုက်တယ်။
“ဒီလောကကြီးထဲမှာ ဘယ်သူမှ ကျွန်မ ဆရာဖြစ်ဖို့ အရည်ချင်း မပြည့်မီဘူး။ ရှင်က ထိုက်တန်မှု လုံးဝ မရှိဘူး”
တခြားလူ ဆိုရင်တော့ ယွမ်လော့ဖုန်း၏ မာန ဝင့်ကြွားနေသည့် စကားကြောင့် ဒေါသ ထွက်စေမှာပါ။ သို့သော်လည်း အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက သူမစကားကို လုံးဝ ဒေါသ မထွက်သည့်ပုံစံ ပြုံးမြဲ ပြုံးနေတယ်။
“ကောင်မလေး မင်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ထားပြီးပြီ ဆိုတော့ မင်းကို မကောင်းတဲ့ စိတ်က ကြီးစိုးနေပြီပဲ။ မင်း နာကျင်ခံစားရတယ် ဆိုတာ နားလည်ပါတယ်။ မင်းကို ရွှံ့ဗွက်အောက်က ဆွဲထုတ်ပေးနိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။  ဒါပေမဲ့ မင်းစိတ်ထဲက မကောင်းဆိုးဝါးကြောင့် ကူညီပေးလို့ မရတော့ဘူး ထင်တယ်။ စိတ်မပူပါနဲ့….။ မင်းက ကျုပ်နဲ့ တွေ့ဆုံရတယ် ဆိုတော့ ကျုပ်က မင်းကို ဒီအတိုင်း ပစ်မထားပါဘူး”
ဒီအဘိုးကြီးက  ကိုယ့်ဘာသာ အရမ်း အထင်ကြီးလွန်းတယ်။ ရဲ့လင်းလည်း စိတ်ပျက်စွာ အဘိုးအိုကို ကြည့်နေလိုက်တယ်။
သူ့မျက်လုံးက အထင်မြင်သေးမှုဖြင့် ပြည့်နေတယ်။ အရူးတစ်ယောက်ကို ကြည့်နေရသကဲ့သို့ ကြည့်နေတယ်။
သခင်က အဘိုးအို ကမ်းလှမ်းတာကို ငြင်းဆိုလိုက်တယ် ဆိုကတည်းက သခင်ကို မကောင်းဆိုးဝါးက ကြီးစိုးနေလို့  သခင် ဒီလို ပြုလုပ်တာလို့ သူ တွေးမိတယ်။
“ကောင်မလေး…. ဒီလောကကြီးထဲက မင်းကို ကူညီပေးနိုင်တာဆိုလို့ ကျုပ် တစ်ယောက်တည်း ရှိတယ်”
ပိုင်စီ ဖော်ရွေစွာ ပြုံးလိုက်သည်။
“မင်းက ကျုပ်နောက် လိုက်မယ်ဆိုရင် မင်းရဲ့ လူသတတ်ချင်နေတဲ့ စိတ်ကို ရပ်တန့်အောင် ပြုလုပ်ပေးမယ်။ မျက်လုံးတစ်လုံး အတွက် မျက်လုံး တစ်လုံး ပြန်လည် ပေးဆပ်ရမယ် ဆိုရင်တော့ လောကကြီးကို အမှောင်တိုက် သွတ်သွင်းသလို ဖြစ်သွားမယ်။ အမုန်းအာဃာတတွေ ဘယ်လို ရှိနေပါစေ မကောင်းမှုကို စွန့်လွှတ်ပြီး လူကောင်း တစ်ယောက် ပြန်ဖြစ်ချင်နေသမျှ မင်းရန်သူကလည်း မင်းကို ပြန်လည် ကျေးဇူး တင်လာလိမ့်မယ်။ ခွင့်လွှတ်ခြင်းက လက်စား ချေချင်တာထက် ပိုကောင်းမွန်ပါတယ်”
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ် သဘောတူ လိုက်တယ်။
“ဟုတ်ပါတယ်…။ ရှင်ပြောတာ မှန်ပါတယ်။ ဒါဆိုလည်း ကျွန်မက ရှင့်မိဘနဲ့ ရှင့်ကလေးတွေကို သတ်မယ်။ ရှင့်ချွေးမကို အဓမ္မကျင့်မယ်။ ရှင် ကျွန်မကို ခွင့်လွှတ်ပေးမယ်ဆိုရင် ကျွန်မက ရှင့်ကို ကျေးဇူးတင်မိ မှာပါပဲလေ။ လက်စားချေတာက လောကကြီးကို အမှောင်တိုက် သွင်းသလို ဖြစ်နေတယ်မလား”
 
***

အပိုင်း(၂ဝ၅)

သူတော်ကောင်းယောင်ဆောင်ခြင်း

 

ပိုင်စီ၏ အိုမင်းရင့်ရော်နေသည့် မျက်နှာက မလှုပ်မယှက် ဖြစ်သွားသည်။ ပေါက်ကွဲ ထွက်တော့မည့် သူ့ရင်ထဲက ဒေါသစိတ်ကို ထိန်းချုပ်ဖို့ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။
“မင်းကို မကောင်းစိတ်က အတော်ကို ကြီးစိုးနေပြီ ထင်တယ်။ မဟုတ်ရင်တော့ ဒီလို ရက်စက် ကြမ်းကြုတ်သော စကားမျိုး ပြောမှာ မဟုတ်ဘူးလေ။ မင်းဆန္ဒရှိသလို လူတစ်ယောက်၏ အသက်ကို အလွယ်တကူ နုတ်ယူချင်ရတာလဲ”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“ဒါဆိုလည်း ကျွန်မ အဖေနဲ့ အမေက သေသင့်တဲ့ လူတွေလား။ ကျွန်မလည်း သေသင့်တာလား။ တော်ဝင်မိသားစုက ကျွန်မ မိဘတွေကို မကောင်းကြံချိန်မှာ ရှင် သူတို့အတွက် ဘာကြောင့် မရပ်တည် ပေးခဲ့ရတာလဲ။ အခု ကျွန်မက လက်စားချေချင်တာကို ရှင်က လက်စားချေတာ မကောင်းဘူးလို့ ပြောချင်တာလား။ ဒါက ကြင်နာ သနားတတ်တယ် ဆိုတာလား”
ပိုင်စီ ဘာကို ဆက်ပြောရမှန်း မသိအောင် ဆွံ့အသွားမိတယ်။ အသက်ရွယ် အိုမင်းနေတဲ့ မျက်နှာက အနည်းငယ် အမူအရာ ပြောင်းလဲသွားပြီး အေးစိမ့်စိမ့် အလင်းရောင်များ သူ့မျက်လုံးမှ ဖြာထွက်နေတယ်။
မကြာခင်မှာ သူ့မျက်လုံးကို ဖော်ရွေသော ပုံစံပြောင်းလဲလိုက်ပြီး ယွမ်လော့ဖုန်းကို ကြင်နာစွာ ကြည့်လိုက်တယ်။
“အကြောင်းရာ နှစ်ခုက ခြားနားတယ်လေ။ မင်းအဖေ လက်ထောက် စစ်သူကြီးက မင်းအမေနဲ့ အတူတူ စစ်ပွဲမှာ သေဆုံးခဲ့ရတာလေ။ ဒါကို မြင့်မြတ်သော သေဆုံးခြင်းလို့ ခေါ်တယ်။ သို့သော်လည်း အခုကတော့ ခြားနားတဲ့ ဇာတ်ကြောင်း ဖြစ်သွားရှာပြီလေ။ ဒီလို အဖြစ်ပျက်မျိုးကို ကျုပ်က ဘယ်လိုလုပ် ထိုင်ပြီး စောင့်ကြည့် နေရမလဲ။ ယွမ်လော့ဖုန်း… အခု  ကျုပ်နဲ့ အတူတူ ထွက်သွားလိုက်… ကျုပ် မင်းကို ကယ်တင်ပေးမယ်”
ပိုင်စီမျက်နှာကို မော့လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်တယ်။ သူ့ကိုယ်သူ ကယ်တင်ရှင်ကြီးဟု ထင်နေသလိုပဲ။
ယွမ်လော့ဖုန်းလည်း သူမမျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်တယ်။
“ကျွန်မက လက်မခံဘူးဆိုရင် ဘယ်လို သဘောရလဲ”
“ဒါဆိုလည်း ကျုပ်မှာ ရွေးချယ်စရာ မရှိတော့လည်း မင်းကို သတ်လိုက်ရုံအပြင် မရှိဘူးပေါ့”
ပိုင်စီလည်း သူ့ခေါင်းကို ခါယမ်းလိုက်ပြီး မျက်လုံးက စာနာရိုင်းပင်းမှုဖြင့် ပြည့်နေတယ်။
“သေချာပေါက် မင်းကို မင်းစိတ်ရှိတိုင်း ပြုလုပ်ခွင့် မပေးနိုင်ဘူး”
ယွမ်လော့ဖုန်းလည်း ဟားတိုက် ရယ်မောလိုက်တယ်။ သူမ၏ ပမာမခန့် အပြုံးက အထင်မြင်သေးမှုဖြင့် ပြည့်နေတယ်။ လော့ဖုန်းစံအိမ်တော် ခြံဝင်းအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်း သွားတယ်။
“ကျွန်မက တစ်စုံ တစ်ယောက်ကို သတ်ချင်နေရင်တော့ ကျွန်မက မကောင်းဆိုးဝါး ကြီးစိုးနေတဲ့ လူတစ်ယောက်၊ ရက်စက် ကြမ်းကြုတ်တဲ့ မိန်းကလေး တစ်ယောက်လို့ ရှင်ပြောတယ်။ ဒါပေမဲ့ အခုတော့ ရှင်က ကျွန်မကို သတ်ချင်နေပြီဆိုတော့ ရှင်လည်း ကျွန်မနဲ့ ဘာကွာခြား သေးလို့လဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင် လျစ်လျူရှုလိုက်ပါလား”
“ကောင်မလေး … ကျုပ်က မင်းကို သတ်ချင်လို့ သတ်ရတာ မဟုတ်ဘူးလေ။ မင်းကို သတ်ရအောင် မင်းကိုယ်တိုင်က ကျုပ်ကို တွန်းအား ပေးနေတာလေ။ မင်းကို သတ်ခြင်းဖြင့်  လူအများကြီးကို ကျုပ်က ကယ်တင်နိုင်တယ်။ ဒါကြောင့် နောက်ဆုံးမှာ ကျုပ်က လောကကြီးကို ကယ်တင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်လေ။ မင်းကို မသတ်ရင် မင်းက မကောင်းဆိုးဝါး အမိန့်အတိုင်း တစ်လောကလုံးကို နာကျင် ခံစားရအောင် ပြုလုပ်မှာလေ။ မင်း စိတ်တော့ မပူပါနဲ့။ မင်းကို သတ်ပြီးရင်တော့ ကျုပ်က အသား စားသုံးခြင်းကို ရှောင်ရှားပြီး အကုသိုလ် ကျေအောင် တစ်ဘဝလုံး ဘုရားရှင်မှာ ဆုတောင်းပါမယ်”
“ရှင်ဆိုလိုတာက ကျွန်မအသက်က အသားစာသုံးခြင်း ရှောင်ရှားပြီး ဆုတောင်းတာ လောက်ပဲ ထိုက်တန်တယ်လို့ ပြောချင်တာလား”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို မြင့်တက်လိုက်တယ်။
“ရှင်က ရက်စက်တဲ့ မိကျောင်းလား။ မျက်ရည်ချူတတ်သော လူလိမ်လား ဆိုတာလားတော့ ကျွန်မ မသိဘူး”
အဘိုးအိုကို သူမမျက်ဝန်းနဲ့ ပထမဆုံး ကြည့်လိုက်တဲ့ အချိန်တည်းက အဘိုးအို တကယ်ကို ဘာတွေ တွေးနေလဲဆိုတာ သိနေပြီးသားပါ။
သူ ပြောနေတဲ့ သနားကြင်နာမှုက သူ ဟန်ဆောင်မှု သရုပ်ထဲက တစ်ခုပါ။  သူ့မှာ သတ်ဖို့ အခွင့်အရေး ရှိတယ်လို့ ခံယူထားပြီးသားပါ။ လူတစ်ယောက်က မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ အကြောင်းပြချက် မရှိဘဲ သူက သတ်မှာပါပဲလေ။
ဒီလိုလူစားမျိုးက အမှန်တကယ် ကြင်နာ သနားတတ်သူ မျိုးတော့ မဟုတ်ပေ။ ဒါပေမဲ့ သနား ကြင်နာမှုကို မျက်နှာဖုံး တပ်ထားသည့် ကြောင်သူတော် တစ်ယောက် ဖြစ်တယ်။
“မင်းက တကယ်ကို ခေါင်းမာတာပဲ”
ပိုင်စီလည်း ခေါင်းကို ခါယမ်းပြီး ကူရာမဲ့စွာ သက်ပြင်း ချလိုက်တယ်။
“မင်းက ငယ်ရွယ်သေးတယ် ဆိုတော့ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်ပြီး မင်းဘဝကို သနားညှာတာ ပေးလိုက်မယ်။ ဒါပေမဲ့ မင်း တခြားလူတွေ ဘဝကို ဘေးဒုက္ခ မပေးနိုင်အောင်လို့  မင်း ခြေလက်ကို ကျိုးအောင် ရိုက်ချိုး ရလိမ့်မယ်”
သူ့စကားကို အံ့သြထိတ်လန့်စွာဖြင့် ရဲ့သုန်းလည်း ပိုင်စီဘက်သို့ လှည့်ကာ စိုးရိမ်စွာ ပြောလိုက်တယ်။
“သခင် ပိုင်စီ …. သူ….”
ပိုင်စု အမိန့်အရ သူ ဒီနေရာကို မလာခဲ့ခင်က ဧကရီရုန်က သူ့ကို ပြောလိုက်တဲ့ စကားတစ်ခွန်း ရှိတယ်။ ယွမ်လော့ဖုန်းကို ပိုင်စု ရှိတဲ့ နေရာကို ခေါ်ဆောင် သွားရမယ်လို့ ပြောထားတယ်။
တကယ်လို့ ပိုင်စီက ယွမ်လော့ဖုန်းကို ခြေလက် ကျိုးအောင် ချိုးလိုက်ရင် သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် နိုင်တော့မည် မဟုတ်ပေ။
ရဲ့သုန်း စကားကို လျစ်လျူရှုရင် ပိုင်စီ သူ့အင်အား အကုန်ကို ထုတ်လိုက်တယ်။ အားကောင်းတဲ့ ဖိအားအောက်မှာ ရဲ့သုန်း စကားတစ်ခွန်းမှ အာခံ မဖွင့်ဟရဲပေ။
ပိုင်စီ၏ ပြစ်ဒဏ်ပေးချင်တဲ့ အပြုအမူကို ခံစားရတာကြောင့် ယွမ်လော့ဖုန်းလည်း သူမမျက်လုံးကို မှေးစင်းလိုက်တယ်။ ဝိညာဉ်ချင်း ဆက်နွှယ်ပြီး ရှောင်မိုကို မေးလိုက်တယ်။
“ရှောင်မို…. သူ့ကို ငါ အနိုင်ယူနိုင်ချေ ဘယ်လောက်ရှိလဲ”
 
***


Bạn đang đọc truyện trên: Truyen247.Pro