Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

စာစဉ်(၁၇) 398+399+400

အပိုင်း(၃၉၈)

ရှောင်လင်း၏အကြံအစည်(၃)

 
ဒါပေမဲ့ လင်းလောပိုင်လေးက အရှေ့တည့်တည့်ကို မကြည့်ရဲရှာဘူး။ ယွမ်လော့ဖုန်းကို တင်းကျပ်စွာ ဖက်ထားသည့် အမျိုးသားလေး၏ မျက်ဝန်းများက အရမ်းကို ကြောက်လန့်ဖို့ ကောင်းလှပါသည်။ သူ့ပုံစံက သေမင်းကဲ့သို့ စာနာစိတ်ကင်းမဲ့ လွန်းပါသည်။ သူ့အကြည့်ကြောင့် သူမ၏ နှလုံးသားလေး အသက်ရှူဖို့ မေ့လျော့မှု နီးပါးပါပဲ။
“ယွမ်ရှောင်… ကလေးမလေးကို မခြောက်လှန့်ပါနဲ့”
ယွမ်လော့ဖုန်းလည်း တုန်နေသော လင်းလောပိုင်၏ ခန္ဓာကိုယ်လေးကို ကြည့်နေရင်း သူမ မျက်ခုံးလေးကို ပင့်ကာ လှပသော အပြုံးလေး ပြုံးလိုက်သည်။
သူမစကားကို ကြားတော့ ယွမ်ရှောင်လည်း ကလေးမလေးကို ဆက်ပြီးတော့ ကြည့်မနေတော့ဘဲ အကြည့်လွှဲလိုက်သည်။ ချက်ချင်းဆိုသလိုပဲ လင်းလောပိုင်လည်း သူမ၏နှလုံးသားလေး ချက်ချင်း စိတ်သက်သာရာ ရသလို ခံစား သွားရပြီး သူမ  ပတ်ဝန်းကျင်မှ ချမ်းစိမ့်စိမ့် လေအေးများ ပျောက်ကွယ်သွားရ၏။
“ဆရာ…”
လင်းလောပိုင်လည်း ယွမ်လော့ဖုန်း၏ အင်္ကျီရှည်လေးကို လက်နဲ့ဆွဲကိုင်လိုက်ပြီး ဝမ်းနည်း ကြေကွဲနေသော လေသံဖြင့် ပြောလိုက်သည်။
“လွန်ခဲ့သော အချိန်ပိုင်းလောက်က ဆရာ တစ်စုံတစ်ရာကို မေ့လျော့နေခဲ့တယ် ဆိုတာ သတိထား မိရဲ့လား”
ယွမ်လော့ဖုန်းလည်း ရိုးသား ပွင့်လင်းစွာ ပြန်ဖြေလိုက်၏။
“အစကတော့ ဆရာ… တပည့်လေးကို မေ့ခဲ့ပါတယ်… နောက်မှ ပြန် သတိရသွားတယ်၊  ဒါပေမဲ့ တပည့်လေး ရှောင်မိသားစု အိမ်တော်ကို လာဖို့ လမ်းရှာနိုင်မယ်လို့ ယုံကြည်တာကြောင့် ဆရာ… တပည့်လေးကို လိုက်မရှာတော့တာ”
“ဆရာ”
လင်းလောပိုင်၏ မျက်ဝန်းများက ပို၍ သနားစဖွယ်ကောင်းသည့် ပုံစံသို့ ပြောင်းလဲသွားသည်။ ယွမ်လော့ဖုန်းကို သနားစဖွယ် အကြည့်လေးဖြင့် ကြည့်လာတော့၏။
“သက်ရှိ လူသားလေး ဖြစ်တဲ့ တပည့်ကို ဆရာက မေ့လျော့သွား ရက်တယ်ပေါ့… တပည့်ကို မောင်းထုတ်ချင်နေပြီလား… ဆရာ့ချစ်သူက အရမ်းကို နှစ်လိုဖွယ် ကောင်းနေလို့လား”
တပည့်ပျောက်သွားတာကို ရှာရကောင်းမှန်း ဆရာတစ်ယောက်ကို သူမ ပထမဆုံး အကြိမ် တွေ့ဖူးခဲ့တာပဲ။
ယွမ်လော့ဖုန်းလည်း အလေးအနက် စဉ်းစား တွေးခေါ်လိုက်၏။
“ဟုတ်ပါတယ်… သူက တကယ်လည်း နှစ်လိုဖွယ် ကောင်းပါတယ် သူနဲ့သာ အတူတူ ရှိနေမယ်ဆိုရင်  တပည့် အကြောင်းကို လုံးဝ မေ့သွားရတယ်”
သူမ၏ ပွင့်လင်းသော စကားကို ကြားရတော့ လင်းလောပိုင်လေးမှာ ငိုမဲ့မဲ့ ဖြစ်လာရသည်။ သူမလေးမှာ အရသာရှိသော အစားအသောက်များလည်း ဆုံးရှုံးခဲ့ရပြီး … သူမ ဆရာ ဖြစ်သူကလည်း သူမကို စွန့်ပစ်သွားလေတော့…။
“ဒါနဲ့ စကားမစပ်”
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ပြီး လင်းလောပိုင်ဘက် လှည့်ကာ မေးလိုက်သည်။
“တပည့်လေး ရှောင်အိမ်တော်ကို ဝင်တဲ့ အချိန်က တစ်ယောက်ယောက်များ မတားဆီးဘူးလား”
လင်းလောပိုင်လည်း သူမ၏ နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်သည်။
“တပည့်… ရှောင်အဘိုးကြီးရဲ့ မုတ်ဆိတ်နဲ့ အဝတ်အစား အားလုံးကို မီးရှို့ပြီး အဝတ်ဗလာနဲ့ အဘိုးကြီးကို လမ်းမပေါ် လွှင့်ပစ်ထားလိုက်တယ်၊ ဆရာ… တပည့်  ပြဿနာ ရှာမိပြီလား”
တွေးကြည့်လိုက်မှ သူမ၏ အပြုအမူက ယွမ်လော့ဖုန်းကို ဒုက္ခပေးမိသလို ဖြစ်နေမလားလို့ စဉ်းစားမိသည်။ သူမတို့ကို ကူညီဖို့ စစ်သည်ရဲမက်တွေ ပို့ပေးဖို့ ဖေဖေကို အကြောင်း ကြားရမည်။ ဒါမှ ရှောင်မိသားစုက သူမတို့ကို ထပ်ပြီးတော့ မခြိမ်းခြောက်ရဲမှာလေ။
“အရမ်းတော်တယ်”
ယွမ်လော့ဖုန်းလည်း လင်းလောပိုင်၏ ခေါင်းလေးကို ပုတ်ပြီးတော့ ပြောလိုက်သည်။
“ဒီနေ့ လုပ်ဆောင်ချက်ကို ဆရာ သဘောကျ နှစ်ခြိုက်တယ် ဒါကြောင့် တပည့်လေးကို နောက်တစ်ခေါက် ထပ်မထားခဲ့တော့ဘူးလို့ ကတိပေးတယ်”
“တကယ် ဟုတ်လို့လား”
လင်းလောပိုင်လည်း မယုံသင်္ကာ လေသံဖြင့် မေးလိုက်၏။
တပည့်ထက် ချစ်သူကို ပိုပြီးတော့ တန်ဖိုးထားသည့် ဆရာကို သူမ ယုံကြည်နိုင်ရဲ့လား။ 
“မစိုးရိမ်ပါနဲ့… ဆရာက ကတိတည်ပါတယ်၊ ဒါပေမဲ့ ဆရာ မေးစရာ တစ်ခုတော့ ရှိတယ်… တပည့် ရှောင်လင်းကို မီးရှို့တဲ့ အချိန်က တပည့်ကို ထိခိုက် စေသွားတာလား”
လင်းလောပိုင်က အရည်အချင်း ရှိသည် ဆိုတိုင်း ကမ္ဘာမြေကြီး အလယ်အလတ် အဆင့် ဖြစ်နေသည့် ရှောင်လင်း၏ ပြိုင်ဘက်တော့ ဖြစ်မလာနိုင်။  သူမက ရှောင်လင်းကို ထိခိုက်အောင် လုပ်ဆောင် ပြီးသည့်တိုင် သူမ ထိခိုက် ဒဏ်ရာ မရဘဲ ရှောင်မိသားစုကို ဝင်နိုင်တာ အံ့သြမိတာပေါ့။
ယွမ်လော့ဖုန်း၏ မေးခွန်းကြောင့် လင်းလောပိုင်လည်း ပဟေဠိဆန်ဆန် ပြုံးလိုက်သည်။
“ကျွန်မမှာ ကူညီပေးတဲ့လူ ရှိနေတယ်လေ”
အဘိုးဝေ့က အကူအညီ ကောင်းပေးတဲ့ လူတစ်ယောက်ဆိုတာ ဝန်ခံရမယ်။ သူမ ရှောင်လင်းကို နှိပ်စက် အနိုင်ကျင့်ခြင်းတယ် ဆိုရင် အဘိုးဝေ့ကို ပြောလိုက်ရုံနဲ့ နောက်တစ်ကြိမ်ဆိုတာ ဖြစ်လာနိုင်သည်။
သူမအဖြေကြောင့် ယွမ်လော့ဖုန်းလည်း ဘာကိုမှ ဆက်မမေးတော့ဘဲ အမျိုးသားလေး၏ ခန္ဓာကိုယ်ကို  မှီထားလိုက်သည်။ သူမနှုတ်ခမ်းထောင့်များကို လေးတိလေးတွဲ့ မြှင့်တင်လိုက်ပြီး
“ရှောင်ပိုင်… မင်း ဇာစ်မြစ်က ဘာပဲဖြစ်ဖြစ် မင်းက ငါ့တပည့် ဖြစ်လာပြီ ဆိုကတည်းက ဆရာ စကားကို နာခံရမယ် ဒါကို နားလည် သဘောပေါက်ရဲ့လား”
“ဆရာပြောတဲ့ စကားတိုင်းကို တပည့်နာခံပါ့မယ်”
လင်းလောပိုင်လည်း မြန်မြန်ဆန်ဆန် မတ်တတ် ထရပ်လိုက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။
“နောက်တစ်ကြိမ် တပည့်ကို မထားခဲ့သ၍ ဆရာပေးတဲ့ အမိန့်တိုင်းကို နာခံပါ့မယ်”
“ကောင်းပြီ ဒီကနေ့ ပြောတာကို မှတ်ထားလိုက်”
ယွမ်လော့ဖုန်းလည်း ဖြည်းဖြည်းချင်း မတ်တတ် ထရပ်လိုက်ပြီး လင်းလောပိုင်ကို ကျီစယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“နောက်ကျနေပြီ… အနားယူဖို့ အခန်း တစ်ခန်းရှာ… ဆရာကို လာမနှောင့်ယှက်နဲ့”
လင်းလောပိုင်လည်း မျက်မှောင်ကြုတ် လိုက်သည်။ ဆရာက တကယ်ပဲ တပည့်ထက် ချစ်သူကို ပိုပြီး အလေးထားတာပါလား။ သူ့ချစ်သူကို ရှာတွေ့သွား ကတည်းက ဆရာက သူမကို တတိယလူအဖြစ် ဆက်ဆံတယ်။
 
***

အပိုင်း(၃၉၉)

ရှောင်လင်း၏အကြံအစည်(၄)

 
“ဟုတ်ကဲ့ပါ ဆရာ”
သူမ စိတ်ထဲမှာ ဘယ်လိုပဲ တွေးနေပါစေ လင်းလောပိုင် ထုတ်ဖော်ပြီးတော့ မပြောရဲပါဘူး။ သူမ ထွက်ခွာသွားစေဖို့ ယွမ်ရှောင် ထုတ်လိုက်တဲ့ လေအေးကို နောက်တစ်ကြိမ် ခံစားရမှာ သူမ ကြောက်ရွံ့တာ ကြောင့်ပေါ့။ သူမ ဒီနေရာမှာ နည်းနည်းလေး ကြာကြာ ဆက်နေမိရင် ဒီလူက သူမကို ကန်ထုတ်မှာ သေချာနေတယ်။ ဒါကြောင့်လည်း လင်းလောပိုင် အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုကို ချမှတ်ပြီး တတ်နိုင်သ၍ မြန်မြန် ထွက်လာ လိုက်တာပေါ့။
မေဘယ် သစ်ပင်အောက်မှာ အကြင်နာတရားမဲ့သော အမျိုးသားလေးက ထွက်ခွာသွားတဲ့ လင်းလောပိုင်ကို စူးစူးစိုက်စိုက် ကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်တယ်။
“သူမက အန္တရာယ် ရှိတယ်”
အန္တရာယ် ရှိတယ်တဲ့လား။
ယွမ်လော့ဖုန်း အံ့သြမှင်တက် သွားရတယ်။ သူမ လင်းလောပိုင်နဲ့ ပတ်သက်ပြီး ဒီလိုစကားမျိုး မကြားဖူးခဲ့ပါဘူး။ သူမလည်း ယွမ်ရှောင်ရဲ့ စကားကြောင့် စိုးရိမ် ထိတ်လန့်လာရတယ်။ 
“ယွမ်ရှောင်… ဒီကိစ္စနဲ့ ပတ်သက်ပြီး  တစ်စုံတစ်ရာတော့ ရှင် ပြောပေးဖို့ လိုအပ်နေပြီ ရှင်ပြောပေးနိုင်မလား”
“မင်း ချိပ်ပိတ်ထားတာ မဟုတ်တဲ့ အားကောင်းတဲ့ စွမ်းအား တစ်ခု သူမရဲ့ သွေးပြန်ကြောမှာ ရှိနေတယ်လို့ ကိုယ် ခံစားမိတယ် ဒါပေမဲ့ အရမ်းကို စွမ်းအား မြင့်မားတဲ့ အစွမ်းတစ်မျိုး ဖြစ်နေတယ်”
ယွမ်လော့ဖုန်းက လင်းလောပိုင် အကြောင်းကို ယွမ်ရှောင်အား ပြောပြခဲ့ပြီးသားပါ။ ဒါကြောင့်လည်း ဒီကောင်မလေး ခန္ဓာကိုယ်ထဲက စွမ်းအားကို ချိပ်ပိတ်ဖို့ သူမ ကူညီပေးခဲ့တာကို ယွမ်ရှောင် သိနေခဲ့တာပေါ့။ သူတို့အားလုံး စားသောက်ဆိုင်မှာ ဆုံစဉ်က ယွမ်ရှောင်က ယွမ်လော့ဖုန်း တစ်ယောက်တည်းကိုသာ အလေးအနက်ထားပြီး အာရုံစိုက်ခဲ့တာကြောင့် အားလုံးကို သူ လျစ်လျူရှုခဲ့တယ်။ လင်းလောပိုင်က ထူးခြားတဲ့ လူတစ်ယောက်ဆိုတာ သတိမထားမိခဲ့ဘူး။ အခုအချိန်မှ လင်းလောပိုင်က ထူးခြားတဲ့ လူတစ်ယောက်ဆိုတာ ယွမ်ရှောင် သိရတာပေါ့။
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ဘက်သို့ လှည့်ပြီး မေးလိုက်တယ်။
“အန္တရာယ် ရှိတယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ ယွမ်ရှောင်”
ယွမ်ရှောင်လည်း ခဏတာ နှုတ်ဆိတ်နေခဲ့ပြီးမှ ပြန်လည် ဖြေကြားလိုက်တယ်။
“သူမ သွေးပြန်ကြောထဲမှာ ဖုံးကွယ်ထားတဲ့ စွမ်းအားက အရမ်း အားကောင်းလွန်းတယ် သူမသာ ကောင်းကောင်း ထိန်းချုပ်နိုင်မယ်ဆိုရင်  မင်းရဲ့ ကောင်းမွန်တဲ့လက်ရုံး တစ်ယောက် ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ သူမ မထိန်းချုပ်နိုင်ရင်တော့ သူမဘဝက သွေးဆာတဲ့ မကောင်းဆိုးဝါး တစ်ကောင် အဖြစ် အဆုံးသတ် သွားနိုင်တယ်”
 သူ့စကားကို ကြားရတော့ ယွမ်လော့ဖုန်းလည်း ရယ်လိုက်တယ်။ သူမအပြုံးလေးက လှပလွန်းတာကြောင့် ပုရိသများက ထိုအပြုံးလေးကြောင့် အသက်စွန့်ဖို့ ဆန္ဒရှိသွား နိုင်လောက်တယ်။
“ကျွန်မ… ရှောင်ပိုင်ကို ယုံကြည်တယ်”
ယွမ်ရှောင်ရဲ့ မျက်ဝန်းအကြည့်က ယွမ်လော့ဖုန်းပေါ်သို့ ကျရောက်လာခဲ့တယ်။
“ဒါပေမဲ့ ကိုယ်က မင်းကို ဘေးမသင့်စေချင်ဘူး…၊ မင်းဘေးနားမှာ အန္တရာယ်ဆိုတာ  မရှိစေချင်တာ ကိုယ့်ဆန္ဒပါ”
ယွမ်လော့ဖုန်းက ရှောင်ပိုင်ကို ယုံကြည်တယ် ဆိုရင်တောင် သူမလေးကို အနည်းငယ်မျှ ထိခိုက် နာကျင်မှု မဖြစ်စေချင်ဘူး။
“ယွမ်ရှောင်… ရှောင်ပိုင်က ၁၃နှစ်တည်း ရှိသေးတဲ့ ကလေးတစ်ယောက်ပါ … သူမလေးက ငယ်ရွယ်ပါသေးတယ် ကျွန်မမှာ သူမလေးကို လေ့ကျင့် ပျိုးထောင်ပေးဖို့ အချိန်အများကြီး ရှိပါသေးတယ်”
ယွမ်လော့ဖုန်းလည်း ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို စူးစူးစိုက်စိုက် ငေးကြည့်လိုက်တယ်။
“ရှင် ရှောင်ပိုင်ကို မယုံကြည်တာ ကျွန်မ နားလည်ပါတယ် … ဒါပေမဲ့ သူမ စွမ်းအားနဲ့ အရည်အချင်းကိုတော့ ယုံကြည်ပေးရမယ်”
သူမ ဘေးကင်းဖို့အတွက် ယွမ်ရှောင် စိုးရိမ်နေလို့ ဒီလိုစကားမျိုးပြောတာ သူမနားလည်ပါတယ်။ ဒါပေမဲ့ သူမ ရှောင်ပိုင် အပေါ် ယုံကြည်ချက် အများကြီး ထားတယ်။
ယွမ်ရှောင်လည်း စဉ်းစား ချင့်ချိန်လိုက်ပြီး အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးမှ  သူ့မျက်ဝန်းနက်များက ယွမ်လော့ဖုန်းဘက်သို့ ငဲ့စောင်းကြည့်လိုက်တယ်။ သူ့မျက်နှာက အတော်လေးတော့ စိုးရိမ်ကြောင့်ကြ နေတယ်။
“ကောင်းပါပြီ… မင်း ဘေးကင်းဖို့အတွက် ကိုယ်  ဒီကလေးမကို အခွင့်အရေး တစ်ခု ပေးမယ်”
 သူ ဒီကလေးမကို အခွင့်အရေး တစ်ခုကို ပေးလိုက်ရတာ ယွမ်လော့ဖုန်းကြောင့်ပါ။ ဒါပေမဲ့ လင်းလောပိုင်က ယွမ်လော့ဖုန်းကို အမှန်တကယ် ထိခိုက် နာကျင်စေမယ် ဆိုရင်တော့ သူက ဒီကောင်မလေးကို အသက် ချမ်းသာခွင့်ပေးမှာ မဟုတ်ဘူး။
ယွမ်လော့ဖုန်းလည်း သိမ်မွေ့စွာ ပြုံးလိုက်ပြီး သူမမျက်ဝန်းများက အနီးအနားရှိ ကောင်းကင်ယံကို ငေးမောကြည့်လိုက်တယ်။ သူမရဲ့ မျက်တောင့်ရှည်များကို မှေးစဉ်းလိုက်တယ်။ ယွမ်ရှောင် သတိမထားမိလိုက်တဲ့ အချိန်မှာ သူမလည်း ဝိညာဉ်ဆက်သွယ်ခြင်းကို အစပျိုးလိုက်တယ်။
“ရှောင်မို… နင် ဒီကိစ္စကို သိထားပြီးသားလား”
ရှောင်မိုရဲ့အသံက အနည်းငယ် အပြစ်ရှိသော အသံအဖြစ် ပဲ့တင်ထပ်လာတယ်။
“သူမက ထူးခြားတယ်လို့ ကျွန်တော် ပြောထားပြီးသားပါ ဒါပေမဲ့ သူမကို သခင် တပည့်တော်လိုက်မယ် ဆိုရင် သခင့်အနာဂတ်အတွက် ကောင်းမှာပါ”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို ပင့်လိုက်ပြီး မချိပြုံး ပြုံးလိုက်တယ်။
“ဒါပေမဲ့ သူမ စွမ်းအားကို မထိန်းချုပ်နိုင်တော့ရင် မကောင်းဆိုးဝါး ဖြစ်လာမယ်လို့တော့ နင် မပြောခဲ့ဘူးလေ”
“ဟုတ်ပါတယ်…” 
ရှောင်မိုလည်း ဂရုတစိုက် ပြန်ဖြေလိုက်တယ်။
“သူမ အရည်အချင်းပေါ် မူတည်တယ်လေ… သူမကိုယ်တိုင် သူမစွမ်းအားကို ထိန်းချုပ်နိုင်ရင်တော့ ဒီကလေးမလေးက သခင့်အတွက် အများကြီး အသုံးဝင်လာနိုင်တယ်”
“ဒါဆို အောင်မြင်နိုင်ချေ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ”
 
***

အပိုင်း(၄ဝဝ)

ရှောင်လင်း၏အကြံအစည်(၅)

 
ရှောင်မို တိတ်ဆိတ်သွားတယ်။ အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးမှ သူလည်း မဝံ့မရဲ လေသံနဲ့ ပြန်ဖြေလိုက်တယ်။
“၁ဝရာခိုင်နှုန်း”
တခြားသဘောအရတော့ လင်းလောပိုင် သူမကိုယ် သူမ မထိန်းချုပ်နိုင်တဲ့ ရာခိုင်နှုန်းက ၉ဝရာခိုင်နှုန်းပေါ့။ ဒါကြောင့်လည်း ယွမ်ရှောင်က သူမနဲ့ လင်းလောပိုင်ကို အတူရှိ မနေစေချင်တာ မဆန်းပါဘူးလေ။ သူမကိုယ် သူမ ထိန်းချုပ်နိုင်ဖို့ အခွင့်အရေးက တော်တော် နည်းပါးလွန်းတယ်။
“ရှောင်မို... ဒီအကြောင်းကို နင်က ငါ့ကို ဖုံးကွယ်ထားတယ်ပေါ့”
ယွမ်လော့ဖုန်းရဲ့ အသံက ဒေါသဘက်သို့ ကူးပြောင်း သွားတာပေါ့။
“ ဒါက ငါ့အပေါ်ထားရှိတဲ့ နင့်သစ္စာရှိမှုလား”
“သခင့် စိတ်မဆိုးပါနဲ့”
ယွမ်လော့ဖုန်းရဲ့ သိသိသာသာ ဒေါသထွက်နေတဲ့ အသံကြောင့် ရှောင်မို ကြောက်လန့် လာရတယ်။ ဒါပေမဲ့ သူ လေးလေးနက်နက် ပြန်ဖြေလိုက်တယ်။
“သူမမှ အောင်မြင်နိုင်ချေ ၁ဝရာခိုင်နှုန်းလောက် ရှိလည်း ကျွန်တော့်အကူညီနဲ့ ဆိုရင်တော့ ပြဿနာ မရှိပါဘူး”
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်တယ်။
“သေချာလို့လား”
“ကျွန်တော်…”
ရှောင်မိုလည်း မသေချာတဲ့ လေသံနဲ့ ပြန်ဖြေတယ်။
“အဆင်ပြေသွားမှာပါ... သခင်… အခုအချိန်မှာ သခင့်စွမ်းအားက လုံလုံလောက်လောက် မမြင့်မားသေးတော့ မသေချာဘူး… ဒါပေမဲ့ သခင့်စွမ်းအား မြင့်မားလာရင်တော့ ကျွန်တော် ကူညီပေးနိုင်တာ သေချာပါတယ်”
ဒီစကားကို ကြားရတော့ ယွမ်လော့ဖုန်းလည်း သူမရင်ထဲက ဒေါသစိတ်ကို မျိုသိပ်ထားလိုက်ပြီး ပြန်ပြောလိုက်တယ်။
“ကောင်းပြီ… ငါ နင့်ကို အခွင့်အရေး ထပ်ပေးလိုက်မယ် ဒါပေမဲ့ အခုကစပြီးတော့ နင် ဘာမှ မချန်လှပ်ဘဲ အရာအားလုံး ငါ့ကို ပြောရမယ်…၊ မဟုတ်ရင်တော့ ငါက ဆေးနတ်ဘုရား လျှို့ဝှက်သင်္ကေတနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်း ပစ်မယ် နင်… တခြား ဆရာ တစ်ယောက်ကို သွားရှာနိုင်တယ်”
ရှောင်မိုလေးမှာ ကတုန်ကရီ ဖြစ်သွားပြီး မျက်ရည်များ သွန်းဖြိုးလုနီးပါပဲ။
“သခင်… ကျွန်တော် မှားသွားပါတယ် ဒီလိုမျိုး အပြစ်မျိုး နောက်တစ်ကြိမ် မလုပ်တော့ပါဘူး၊ ကျွန်တော် ဒီကောင်မလေးကို ကူညီပေးနိုင်တာ သေချာပါတယ်နော်… အမှန်ပြောနေတာပါ… ဒီအကြောင်းကို သိသွားခဲ့ရင် သခင် ဒီကောင်မလေးကို မလိုချင်တော့မှာ စိုးရိမ်တာကြောင့် ကျွန်တော် အလုံးစုံကို မပြောပြခဲ့တာပါ.. အဟင့်… အင့် သခင်လို ကောင်းမွန်တဲ့ သခင်တစ်ယောက်ကို အခုမှ ကြုံတွေ့ရတာပါ… တောင်းပန်ပါတယ်… ကျွန်တော့်ကို မစွန့်လွှတ်ပါနဲ့”
ကောင်လေးရဲ့ နူးညံ့သော ရှိုက်သံက ယွမ်လော့ဖုန်းရဲ့ နှလုံးသားကို နူးညံ့လာစေပြီး ရှောင်မို အမှန်တရားကို ပြောနေတယ်ဆိုတာ သူမ သိနေခဲ့တယ်။
သူမသာ သိခဲ့မယ်ဆိုရင်တော့ သူမ လင်းလောပိုင်ကိုတော့ ကူညီပေးမှာပါ။ သို့သော်လည်း သူမက တပည့်တစ်ယောက် အဖြစ်တော့ ခေါ်လာမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ သူမ တစ်ယောက်တည်း မဟုတ်တော့ဘူး…၊ သူမမှာ မိသားစုဆိုတဲ့ အသိုက်အမြုံလေး ရှိနေခဲ့ပြီလေ။ သူမ တစ်ကောင်ကြွက် ဆိုရင်တော့  သူမ စမ်းသပ်ကြည့်မှာ သေချာပါတယ်… အန္တရာယ် ဖြစ်လာလည်း သူမအတွက်က ပြဿနာ မရှိဘူးလေ။ ဒါပေမဲ့… အခုအချိန်မှာ သူမက လင်းလောပိုင်ကို တပည့် တစ်ယောက်အဖြစ် ခေါ်ဆောင်လာခဲ့ပြီလေ။ လင်းလောပိုင်က ဘယ်လို လူစားမျိုး ဖြစ်ဖြစ်  ဒီကောင်မလေးအတွက် သူမမှာ တာဝန် ရှိတယ်။ သူမ တာဝန် ယူရတော့မယ်။
“ရှောင်မို နောက်တစ်ကြိမ်ဆိုတာ ဖြစ်မလာစေနဲ့ မှတ်ထားနော်”
ဒီကောင်မလေးက သူမမိသားစုကို ဘေးသင့်စေခဲ့မယ် ဆိုရင်တော့ သူမ ဘဝတစ်သက်တာလုံး ဘယ်တော့မှ သူမကိုယ် သူမ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။
“သခင် မစိုးရိမ်ပါနဲ့… အခုအချိန်က စပြီးတော့ ဒီလိုမျိုး နောက်တစ်ကြိမ် မဖြစ်စေရပါဘူး…၊ ဘာပဲဖြစ်လာ ဖြစ်လာ ကျွန်တော် သိသမျှ အားလုံး သခင့်ကို ပြောပါ့မယ်”
ရှောင်မိုက စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြန်ပြောရှာတယ်။ သူ အမှားတစ်ခုကို ကျူးလွန်ခဲ့မိတယ်ဆိုတာ သူ နားလည်ပါတယ်။ သူ့သခင်မ ဘယ်လို ဆုံးဖြတ်မျိုးပဲ ချမှတ်ပါစေ သူ အမှန်တရားကို ပြောသင့်ပါတယ်။ သူ ချန်လှပ်ထားဖို့ မသင့်ခဲ့ပါဘူး။
“ဒါနဲ့… ရှောင်ပိုင်…”
“အခု… ဒီကောင်မလေးက ငါ့တပည့်တစ်ယောက် ဖြစ်နေပြီ သူမစွမ်းအားကို ထိန်းချုပ်နိုင်ဖို့ အခွင့်အရေး နည်းပါးလည်း ငါ သူမလေးကို မစွန့်လွှတ်ဘူး”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ခုံးကို ပင့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းနက်များက  ညကောင်းကင်ယံမှ ကြယ်လေးများ ကဲ့သို့ အလင်းတန်းများဖြင့် တောက်ပ ရွှန်းလဲ့နေတာပေါ့။
“ရှောင်မို… ငါ ဒီကောင်မလေးကို ဘယ်လိုမျိုး ကူညီပေးရမလဲ”
ရှောင်မို ခဏ တွေးတောလိုက်ပြီးမှ ပြန်ဖြေလိုက်တယ်။
“ကျွန်တော် အခုတော့ မသိသေးဘူး… ကျွန်တော် သိတာတော့ အခုအချိန်မှာ သခင့် စွမ်းအားကို တိုးတက်အောင် မြှင့်တင်ပေးရမယ် ဆိုတာပဲ… သခင် စွမ်းအား မြင့်မားနေသ၍ ဒီကောင်မလေးက သူ့စွမ်းအားကို ထိန်းချုပ်နိုင်ချေ အလားအလာ များလေလေပဲ”
“ကောင်းပြီ… ငါ နားလည်ပြီ”
ယွမ်လော့ဖုန်းလည်း သူမမျက်ဝန်းကို အနည်းငယ် မှေးကျဉ်းလိုက်တယ်။ သူမစွမ်းအား တကယ် မြှင့်တင့်ဖို့ အရေးပေါ် လိုအပ်နေပြီထင်တယ်… ယွမ်ရှောင်ရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို ချိပ်ပိတ်ထားတဲ့ ကျောက်စိမ်းပြား ရှာဖို့က  ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စပဲ။ ကျောက်စိမ်းပြားကို ပြန်ယူနိုင်မှ သူမ ဝိညာဉ်ဘုံက စိတ်အေးချမ်းသာစွာ ထွက်သွားနိုင်မှာလေ။ သူမ စွမ်းအား မြှင့်တင်ဖို့ ကျင့်ကြံနိုင်မှာပေါ့။

***

Bạn đang đọc truyện trên: Truyen247.Pro