
စာစဉ်(၁၅) 348+349+350+351+352
အပိုင်း(၃၄၈)
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း
သခင်မ ကြားဝင် ပတ်သက်လို့ သခင် ဒေါသထွက်မယ် ဆိုရင်တောင် သူ သေခြင်းမှ သေချာပေါက် လွတ်မြောက် နိုင်တယ်။ အခုအချိန်မှာ သခင်မကို မြေပုံပေးဖို့ ငြင်းဆိုခဲ့မယ် ဆိုရင်တော့ သူ့ကို သေတဲ့အထိ မသေမချင်း နှိပ်စက် နိုင်တယ်။
တွေးပြီးတာနဲ့ ချင်ယွမ်လည်း သူ့စိတ်ကို ပိုင်းဖြတ်လိုက်တယ်။ ဘာမှ ဆက်တွေး မနေတော့ဘဲ ယွမ်လော့ဖုန်း အတွက် လမ်းညွှန်မြေပုံ သွားရှာလိုက်တယ်။ သခင့်အမိန့်က သခင်မအမိန့်ကို မယှဉ်နိုင်ဘူး ဆိုတာ ချင်ယွမ် သိနေတယ်။ သခင် ကိုယ်တိုင်လည်း သခင်မ အမိန့်ကို နာခံရတယ်။
ဒါကြောင့် သခင်မ စိတ်ကျေနပ်အောင် ဖြေသိမ့်ပေးမယ် ဆိုရင်တော့ သခင် အပြစ်ပေးမှာကို ကြောက်နေစရာ မလိုအပ်တော့ဘူး။ ချင်ယွမ်လည်း တွေးလေလေ သူ့ကိုယ်သူ ပိုပြီးတော့ ကျေနပ် အားရလေပေါ့။ သိပ်မကြာခင်မှာ... ယွမ်လော့ဖုန်းအတွက် လမ်းညွှန် မြေပုံကို ရှာတွေ့သွားတယ်။ သူလည်း ယွမ်လော့ဖုန်းကို တရိုတသေ ပေးလိုက်တာပေါ့။
"သခင်မ... ဒါက ဝိညာဉ်ဘုံကို သွားလို့ရတဲ့ မြေပုံပါ။ ကျွန်တော်က သခင်မကို ကာကွယ် ပေးပါမယ်လို့ သခင့်ကို ကတိပေးထားတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ သခင်မနဲ့ အတူတူ ကျွန်တော် လိုက်ခဲ့ပါမယ်"
ချင်ယွမ်က ခွေးလေး တစ်ကောင်လို ခခယယနဲ့ မျက်နှာချိုသွေး နေတာပေါ့။ သူ့မှာသာ အမြီးလေးရှိရင်... ယမ်းနေပြီပေါ့။
"မလိုက်ရဘူး"
ယွမ်လော့ဖုန်းလည်း လမ်းညွှန် မြေပုံကို သိမ်းထားလိုက်တယ်။
"ရှင်က ယွမ်မိသားစုကို ကာကွယ်ဖို့အတွက် ဒီနေရာမှာ နေခဲ့ရမယ်။ ကျွန်မ တစ်ယောက်တည်း ဝိညာဉ်ဘုံကို သွားမယ်”
"ဒါပေမဲ့..."
ချင်ယွမ် မျက်မှောင်ကြုတ် လိုက်တယ်။
"ဝိညာဉ်ဘုံမှာ စိတ်စွမ်းအား ကြီးမားတဲ့လူ အများကြီး ရှိတယ်။ ဒါကြောင့် သခင်မ တစ်ယောက်တည်း မဖြေရှင်းနိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်”
ယွမ်လော့ဖုန်းလည်း ချင်ယွမ်ကို ခက်ထန်စွာ ဖျတ်ခနဲ ကြည့်လိုက်တယ်။
"ဘာလဲ... ရှင်က ကျွန်မ အမိန့်ကို ဖီဆန်ချင်တာလား ကောင်းပြီလေ... ယွမ်ရှောင် ပြန်လာရင် ရှင့်ကို အလုပ် ကောင်းကောင်း မလုပ်ဘူးလို့ ပြောပြီး အပြစ်ပေးသင့်တယ်လို့ ပြောပေးမယ်"
ချင်ယွမ် မျက်နှာက ရှုံ့မဲ့သွားပြီး ညည်းညည်းညူညူ ပြောရှာတယ်။
"သခင်မ တစ်ယောက်တည်း ဝိညာဉ်ဘုံကို သွားမှာ စိုးရိမ်လို့ပါ။ သခင်မ တစ်ခုခု ဖြစ်သွားရင် သခင်က ကျွန်တော့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
"စိတ်မပူနဲ့... ကျွန်မ ခွင့်မပြုရင် သူက အပြစ်ပေးမှာ မဟုတ်ဘူး။ ကျွန်မ စကားကို မနာခံရင်တော့ သေရတာ ပိုကောင်းတဲ့ဘဝ ရောက်သွားမယ်"
မိန်းကလေးရဲ့အသံက တည်ငြိမ်ပြီးတော့ အေးချမ်းတယ်။ ချင်ယွမ် အတွက်တော့ နှလုံးခုန် ရပ်တော့မလို ခံစားရစေတယ်။ ချင်ယွမ်လည်း စိတ်ညစ်ညစ် ပြုံးပြီး ပြောလိုက်တယ်။
"သခင့်ကို ကတိပေးထားပြီးသား... သခင်မ ဘေးကင်းဖို့ နောက်ကို လိုက်ရမှာပဲ"
"ရွှမ်းခနဲ မြည်သံ"
ရုတ်တရက် ငွေအပ်က သူ့ရှေ့ကို ပျံသန်းလာပြီး ချင်ယွမ်ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက် သွားတယ်။ သူ့ကို ရွေ့လျားမှုမဲ့ မန္တန် စီရင်ထားတာကြောင့် သူ့ခန္ဓာကိုယ်က ရွေ့လို့ မရတော့။ သူ ဘာစကား တစ်ခွန်းမှ မပြောနိုင်သလို လှုပ်လည်း မလှုပ်တော့ပေ။ စိတ်ညစ်ညစ်နဲ့သာ ငေးကြည့် နေရတော့တယ်။
ယွမ်လော့ဖုန်းလည်း ချင်ယွမ်ကို ပြုံးပြလိုက်တယ်။
“တစ်နာရီအတွင်း ရှင့်ခန္ဓာကိုယ်က နဂိုအတိုင်း ပြန်ပြေလျော့သွားမယ် ရှင့်ခန္ဓာကိုယ်ထဲက အပ် အလိုလို ထွက်လာမယ် ရှင် လွတ်လွတ်လပ်လပ် လှုပ်ရှား သွားနိုင်မယ် ဒီအချိန်အတောအတွင်း ရှင့်ကို ဒီလို ဖြစ်စေလို့ စိတ်မကောင်းပါဘူး”
“သခင်မ…”
ချင်ယွမ်လည်း စိုးရိမ်ပူပန်သော အကြည့်ဖြင့် ကြည့်လိုက်တယ်။ သူသာ ဒီကိစ္စကို သိခဲ့ရင် သခင်မကို မပြောခဲ့ပါဘူး။
“ချင်ယွမ် ဝိညာဉ်ဘုံကို ငါ တစ်ယောက်တည်း သွားမယ် ဒါပေမဲ့ ကျွန်မ အတွက်တော့ ယွမ်မိသားစု ဘေးကင်းဖို့က အရေးပါ အရာရောက်တယ် ရှင် တစ်ယောက်တည်းသာ ယွမ်မိသားစုကို ကယ်တင်နိုင်တယ် ရှင် ဒီနေရာမှာ ရှိနေမှ ကျွန်မ စိတ်အေးချမ်း နိုင်မှာ။ ဒါပြင် စီချုံကို စောင့်ကြည့်ဖို့ ရှင်ရှိနေရမယ် ရှင့် စောင့်ကြပ်မှု မရှိရင် ကျွန်မတို့ကို သူ ပြဿနာ ရှာ မရှာဆိုတာ စိတ်မချရဘူး”
ချင်ယွမ်လည်း စိတ်စွမ်းအားဖြင့် သူ့ခန္ဓာကိုယ်ထဲမှ အပ်ကိုထုတ်ဖို့ ကြိုးစားရှာတယ် ဒါပေမဲ့လည်း မအောင်မြင်ဘူး။ သူ သတိမမူ မဖြစ်ခဲ့သင့်ဘူး။ ယွမ်လော့ဖုန်း သူ့ကို တိတ်တဆိတ် တိုက်ခိုက်မယ်လို့ မထင်ထားခဲ့မိဘူး။
“အားကိုးပါတယ်”
ယွမ်လော့ဖုန်းလည်း စိတ်ရှုပ်ထွေးလွန်းလို့ ချွေးပြိုင်ပြိုင် ကျနေတဲ့ ချင်ယွမ်ကို လေးလေးနက်နက် ကြည့်လိုက်တယ်။
“ယွမ်မိသားစုကို စောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်မကိုယ်စား ဘိုးဘိုးနဲ့ ဒုတိယ ဦးလေးကို စောင့်ရှောက်ပေးပါ စိတ်မပူပါနဲ့ ယွမ်ရှောင် ပြန်လာခဲ့ရင် ကျွန်မက ရှင့်ကိုယ်စား အသနားခံပေးပါမယ်”
ချင်ယွမ်လည်း ပြောစရာ စကားမဲ့ သွားခဲ့တယ် သူ ဘာပြောပြော အသုံးမဝင်ဘူး ဆိုတာ နားလည်လာတယ်။ ယွမ်လော့ဖုန်းက သူ့ကို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူးလေ။
သူလည်း စိတ်ပျက်လက်ပျက် အားယူပြုံးလိုက်ပြီး
“သခင်မ စိတ်ပိုင်းဖြတ်ပြီး သွားပြီဆိုတော့ ကျွန်တော်က ဘာပြောနိုင်ပါဦးမလဲ။ သခင့်ကို သွားရှာချင်ရင် သွားပါ သခင်မအတွက် ကျွန်တော်က ယွမ်မိသားစုကို ကာကွယ် ပေးပါမယ်”
***
အပိုင်း(၃၄၉)
ရှောင်မိသားစုမှ ယွမ်ရှောင်(၁)
“ကျေးဇူးတင်ပါတယ်”
ယွမ်လော့ဖုန်းလည်း စိတ်ရင်းနဲ့ ကျေးဇူးတင်စကား ပြောလိုက်တယ်။
ချင်ယွမ်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ရှုံ့မဲ့မဲ့ စကားပြောလိုက်တယ်။
“ကျွန်တော့်သခင်က သခင်မရဲ့ အမျိုးသားလေးပါ။ ဒါကြောင့်လည်း သခင်မ စကားကို နာခံရမှာ ကျွန်တော့် တာဝန်ပါ တကယ်ပဲ ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုအပ်ပါဘူး”
သူမက သူ့ကို ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ… တကယ်တမ်း လက်တွေ့မှာတော့ သူ့အပေါ် မရက်စက်ဘူး ဆိုတာ သူ သိနေတယ်။ အပြင်မှာတော့ သူတို့သခင်မက ဗိုလ်ကျပုံရပြီး သူမ မကြိုက်တဲ့လူကို ဘာမှမတွေးတောဘဲ စိတ်ထင်တိုင်း ရိုက်နှက်တဲ့ ပုံစံရှိသော်လည်း သူမ ဘက်တော်သားများ ကိုတော့ ကောင်းမွန်စွာ ပြုမူဆက်ဆံ တတ်ပါတယ်။ မဟုတ်ရင်တော့ သူမက သူ့ကို ကျေးဇူးတင်စကား ပြောပါ့မလား။
သခင်မက ဒီလို လူစားမျိုး ဖြစ်တာကြောင့် သခင်မရဲ့ အမိန့်ကို နာခံချင်စိတ် ရှိတာပေါ့။
“ကျွန်မ နှစ်ဝက်… သို့မဟုတ်… နှစ်နှစ် သို့မဟုတ် … သုံးနှစ်ကြာမှ ပြန်လာတော့မယ်လို့ ကျွန်မအဘိုးကို ပြောပေးပါ”
ယွမ်လော့ဖုန်းလည်း ချင်ယွမ်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး တံခါး အပြင်ဘက်သို့ ထွက်ခွာ သွားလိုက်တယ်။ သူမသာ သူမအဘိုးကို ဝိညာဉ်ဘုံ သွားမယ် ပြောလိုက်ရင် ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း သူမက နှုတ်ဆက်စကား မပြောဘဲ ထွက်သွား ရတာပေါ့။
……
ဝိညာဉ်ဘုံ….
ရှောင်မိသားစုနဲ့ လင်းမိသားစု မျိုးဆက်များ အပြင်မှာ အနိုင်ကျင့် ခံခဲ့ရတာကြောင့် ဝိညာဉ်ဘုံမှာ အရင်လို အေးအေးချမ်းချမ်း မရှိတော့ပေ။ ထိုအချိန်… ရှောင်မိသားစု ခန်းမဆောင် အတွင်းမှာ တည်ကြည် လေးနက်သော ပုံစံရှိသော အဘိုးအိုက အားလုံး အထက်မှာ ထိုင်နေပြီး သူ့ဘေးတစ်ဖက် တစ်ချက်မှာ အမျိုးသား တစ်ယောက်… အမျိုးသမီး တစ်ယောက် ထိုင်နေတာပေါ့။ အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားက သူ့သုန်မှုန်သော မျက်ဝန်းများဖြင့် အဖက်မလုပ်ဟန် ရပ်နေသော အမျိုးသားလေးကို စက်ဆုပ်ရွံရှာဖွယ် ကြည့်နေတယ်။ ဒါ့ပြင် သူ့ဘေးနားမှာ ထိုင်နေတာကတော့ တောက်ပစွာ ပြုံးနေတဲ့ ပျံတံတံ နန့်တန့်တန့် အမျိုးသမီး တစ်ယောက်ပေါ့။ ဒါပေမဲ့ သူမမျက်ဝန်းများက မြေပွေးတစ်ကောင် ကဲ့သို့ စူးရှတယ်။ သူမကို စူးစူးစိုက်စိုက် ကြည့်လိုက်မယ် ဆိုရင်တော့ မြွေပွေး အမျက်ရှခံရသော လူတစ်ယောက်ကဲ့သို့ မလွယ်ကူမှုကို ခံစားရစေတယ်။
“ရှောင်အာ… မင်းကို ပြန်ခေါ်ရတာ အကြောင်းပြချက် နှစ်ခုရှိတယ်”
အဘိုးအိုလည်း တည်ကြည် လေးနက်သောပုံစံနဲ့ ပြောလိုက်တယ်။ သူ့မျက်လုံးများက အေးတိအေးစက် နိုင်ပြီး ဓားသွား တစ်လက်ကဲ့သို့ စူးရှတယ်။
“ပထမဆုံး အချက်အနေနဲ့ မကြာခင်မှာ ရှောင်ယွီချင်းက အိမ်တော်သခင် နေရာကို ဆက်ခံတော့မယ် မင်းနာမည်ကိုတော့ ရှောင်မိသားစု မိသားစု စာရင်းမှ ပယ်ဖျက် ထားပြီးသား… ဒါကြောင့် မင်းက ဒီပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မီဘူး… ဒါပေမဲ့ ရာထူးကို ဆက်ခံဖို့ ရှောင်ယွီချင်းက လျှို့ဝှက်နေရာကို ဖွင့်ဖို့ လိုအပ်တယ်… လျှို့ဝှက်နေရာကို ဖွင့်ဖို့အတွက် တန်ကြေးက တပည့်၁ဝယောက်ရဲ့ သွေးစွမ်းအား ပေးဆပ်ရမယ်”
ခန်းမဆောင် အတွင်းမှာ အမျိုးသားလေးက တိတ်ဆိတ်နေပြီး သူ့မျက်နှာက ခံစားချက် ကင်းမဲ့နေတာပေါ့။ အကြင်နာတရား မဲ့သော မျက်ဝန်းနက်များက အထက်မှာ ထိုင်နေတဲ့ အဘိုးအိုကို ခံစားချက်ကင်းမဲ့စွာ ငေးကြည့်နေတယ်။ အဘိုးအိုရဲ့ စကားကို ဘာတုံ့ပြန်မှုမှ မပေးဘူး။
“ငါတို့က သွေးစွမ်းအား ကောင်းတဲ့ တပည့် ၁ဝယောက်ကို ရွေးချယ်ခဲ့ပါတယ်… ဒါပေမဲ့ လွန်ခဲ့သော နှစ်အနည်းငယ်က တာဝန်တစ်ခုမှာ တပည့်တစ်ယောက် မတော်တဆ အသတ်ခံခဲ့ရတယ်… ဒါကြောင့် မင်းကို သွေးစွမ်းအားမှ တစ်ဆင့် ဆက်သွယ် ရတာပေါ့”
ဒီကနေ့မှာ လျှို့ဝှက်နေရာကို ဖွင့်ဖို့အတွက် သွေးစွမ်းအား မြင့်မားတဲ့ တပည့် ၁ဝယောက်တည်း ရှောင်မိသားစုမှာ ရှိတယ်။ ကျန်ရှိတဲ့ တပည့်များက လျှို့ဝှက်နေရာကို ဖွင့်ဖို့အတွက် အားနည်းလွန်းတယ်။ ဒါကြောင့် ရှောင်မိသားစုက ထွက်သွားတဲ့ ယွမ်ရှောင်အကြောင်း တွေးမိတာပေါ့။ ဒီနှစ်တွေ တစ်လျှောက်လုံး သွေးစမ်းသပ်မှုမှာ ယွမ်ရှောင်ရဲ့ သွေးစွမ်းအားက မြင့်မားနေတယ်လို့သာ ပြသနေတယ်။ ဒါကြောင့် ရှောင်မိသားစုက သူ့ကို မျှော်လင့်ချက် မြင့်မြင့်မားမား ထားမိတာပေါ့။ သို့သော်လည်း ဒီလူက အမှိုက်ဘဝက မပြောင်းလဲသေးပါဘူး။
ရှောင်မိသားစုရဲ့သခင် ရှောင်လင်း ကိုယ်တိုင်လည်း အမှိုက်ကောင် ယွမ်ရှောင်ရဲ့ သွေးစွမ်းအား ဘာကြောင့် မြင့်နေရတာလဲ ဆိုတာ နားမလည်နိုင်ဘူး။ ဒါ့ပြင် ရှောင်မိသားစု တစ်စုလုံးမှာ သူ့ထက် သွေးစွမ်းအား မြင့်မားတဲ့လူဆိုတာ မရှိဘူး။
“ဒုတိယအချက် အနေနဲ့…”
ရှောင်လင်း ခဏနားလိုက်ပြီး ဆက်ပြောလိုက်တယ်။
“မင်းနဲ့ လင်းယောင်ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ပဲ… သူမနဲ့ ရှောင်ယွီချင်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြတယ်… မင်း လင်းယောင်ကို လက်ထပ်ဖို့ စိတ်အားထက်သန် နေမယ် ဆိုရင်တောင် သူမက မင်းကို လက်ထပ်ချင်မှာ မဟုတ်ဘူး။ ဘယ်သူကိုမှ အပြစ်တင်မနေနဲ့ မင်းရဲ့ ညံ့ဖျင်းတဲ့ ပါရမီ အရည်အချင်းကြောင့် လင်းမိသားစုရဲ့ ဆက်ခံသူကို လက်ထပ်ပြီး ရှောင်မိသားစု ခေါင်းဆောင် ဖြစ်လာဖို့ အရည်အချင်း မရှိဘူး”
***
အပိုင်း(၃၅ဝ)
ရှောင်မျိုးနွယ်စုမှ ယွမ်ရှောင်(၂)
လင်းမိသားစုရဲ့ မင်းသမီးလေး ဖြစ်တဲ့အပြင် ထူးချွန် ထက်မြက်တဲ့ မိန်းကလေး လင်းယောင်နဲ့ အမှိုက်ကောင်က စေ့စပ်တာ မဖျက်ချင်ဘူးလို့ ရှောင်လင်း အမြဲ ယုံကြည်ခဲ့တယ်။
သို့သော်လည်း ယွမ်ရှောင်က အရင်လို အမှိုက်ကောင် မဟုတ်တော့တာတော့ သူမ မသိရှာခဲ့ပါဘူး။ သူက အမှိုက်ဖြစ်နေမယ် ဆိုရင်တောင် လင်းယောင်ကို မရွေးချယ်ပါဘူး။ ယွမ်လော့ဖုန်း တစ်ယောက်တည်းသာ သူ့စိတ်ထဲမှာ ရှိတယ်။ ယွမ်လော့ဖုန်းကို ရင်ထဲ စွဲစွဲမြဲမြဲ ချစ်ခင် နှစ်သက်တယ်။
“ကောင်းပြီလေ”
အချိန် အတော်အကြာကြီး တိတ်ဆိတ်နေခဲ့တဲ့ ယွမ်ရှောင်က ဒီစကားကို ကြားတော့ ချက်ချင်း သဘောတူလိုက်တယ်။ သူ့အသံက အရင်အတိုင်း ခံစားချက် ကင်းမဲ့နေဆဲပါ။
အမျိုးသားလေးရဲ့ စကားကို ကြားရတော့ ရှိနေတဲ့ လူအားလုံး စိတ်သက်သာရာ ရသွားခဲ့တယ်။ လင်းယောင်နဲ့ စေ့စပ်ထားတာကို သိခဲ့ရင် အမှိုက်ကောင်က ဒီကိစ္စကို ဖက်တွယ်နေမယ်လို့ ကြောက်နေခဲ့တာ။ ကံကောင်းစွာနဲ့ အမှိုက်ကောင်က သူ့ဘဝသူ နားလည်တယ်။ လင်းမိသားစုရဲ့ မင်းသမီးနဲ့ မထိုက်တန်ဘူးဆိုတာ သူ့ကိုယ်သူ နားလည်သာပဲ။
“ဒါဆိုရင်လည်း စေ့စပ်သင်္ကေတ ပစ္စည်း ပြန်ပေးပါ”
စိတ်သက်သာရာ ရသွားတော့ ရှောင်လင်း အခုအချိန်မှာ ခပ်ကြမ်းကြမ်း လေသံဖြင့် ပြောတော့တယ်။
ယွမ်ရှောင် မျက်မှောင်ကြုတ် လိုက်တယ်။
“ငါ့မှာ စေ့စပ်သင်္ကေတ ပစ္စည်း မရှိဘူး”
သူ့စကားက ရှိနေတဲ့ လူအားလုံးကို ဖြူဖျော့ သွားစေတယ်။
ရှောင်လင်း ဘေးနားမှာ ထိုင်နေတဲ့ သက်လတ်ပိုင်း အမျိုးသားက မတ်တတ် ထရပ်လိုက်တယ်။ သူ့မျက်နှာကတော့ အတော်လေး ဖြူဖျော့ နေတာပေါ့။
“မဖြစ်နိုင်တာ။ မင်းအမေရင်းက မင်းကို ပေးဖို့ ဒီပစ္စည်းကို ယူသွားတယ် အခု ပြန်အပ်လိုက်စမ်းပါ မင်း … လင်းယောင်နဲ့ စေ့စပ်ထားတာ မဖျက်သိမ်းချင်လို့ မလား ငါသိနေပါတယ် ဒါပေမဲ့ မင်းသိထားဖို့က မင်းလို အမှိုက်ကောင်ကို လင်းမိသားစုရဲ့ ဆက်ခံသူ မိန်းကလေးက ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ဘူး”
သူ့အမြင်မှာတော့ ယွမ်ရှောင်က စေ့စပ်ပွဲကို မဖျက်သိမ်းချင်တာကြောင့် စေ့စပ်သင်္ကေတကို မအပ်ဘူးလို့သာ ယုံကြည်ထားတယ်။
သက်လတ်ပိုင်း အမျိုးသားရဲ့ ဒေါသထွက်နေတဲ့ အသံကို ကြားရတော့ ယွမ်ရှောင်လည်း အေးတိအေးစက် ကြည့်လိုက်တယ်။ ဒီလူက သူ့အဖေ…။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ သူက သူ့သား မဟုတ်ဘူး။ ထာဝရ ရန်သူတွေ….။ အရင်က အကြောင်းအရာကို မငဲ့ကွက်ခဲ့ရင်… ဒီရှောင်မိသားစုကို သုတ်သင်ခဲ့တာ ကြာပြီ။
“ငါ… စေ့စပ်ပွဲကို ဖျက်သိမ်းမယ်”
ယွမ်ရှောင်လည်း ခဏ ရပ်တန့်လိုက်တယ်။
“သူမနဲ့ ငါ စေ့စပ်ပွဲ ရှိတာ မသိခဲ့ဘူး”
သူ လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော မိန်းကလေးက ယွမ်လော့ဖုန်း။ တခြားသော အမျိုးသမီးတွေက သူ့မျက်လုံးထဲမှာတော့ အရိုးစုများနဲ့ မခြားနားဘူး။
“မင်းက စေ့စပ်ပွဲကို ဖျက်သိမ်းချင်တယ်လား … ဒါဆို စေ့စပ်သင်္ကေတ ပြန်အပ်…”
သက်လတ်ပိုင်း အမျိုးသားက ခနဲ့လိုက်တယ်။ သူ့မျက်လုံးများက စက်ဆုပ်ရွံရှာမှု၊ ထေ့ငေါ့မှုများဖြင့် ပြည့်နှက်နေတယ်။
“ဘာကြောင့် စေ့စပ်သင်္ကေတကို ပြန်မအပ်လတာလဲ… တကယ်ပဲ ဆန္ဒရှိတာ ဟုတ်ရဲ့လား…”
သူ့ယောက်ျား ဒေါသထွက်နေတာ မြင်ရတော့ ပျံတံတံ အမျိုးသမီးက စိတ်ကျေနပ်စေဖို့ ရင်ဘတ်လေးကို လက်နဲ့ ပွတ်သပ်ပေးတယ်။ သူ့မျက်လုံးများကတော့ အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေတယ်။
“ကျွန်မရဲ့ ချစ်ရတဲ့ ခင်ပွန်း ဒီကောင်လေးက အမှိုက်လေးပါ… လင်းမိသားစုရဲ့ မင်းသမီးလေးနဲ့ စေ့စပ်ထားရတဲ့ ဆိုတာ သူ့ဘဝ အတွက်တော့ ရှေးဘဝကုသိုလ်ကံလို့ ယူဆထားမှာပေါ့။ ရှေးဘဝက သူ ပြုထားတဲ့ ကုသိုလ် အကျိုးလို့ ယူဆထားမှာပေါ့ ဒီလို အမျိုးသားလေး အတွက်တော့ အခွင့်အရေး ကောင်းကို လက်လွှတ်ချင်ပါ့မလား ကံဆိုးစွာနဲ့ လင်းမိသားစုရဲ့ မင်းသမီးလေးက ကျွန်မတို့သားလေး ယွီချင်း တစ်ယောက်တည်းကို ချစ်တယ်… ဒါကြောင့် ဒီအမှိုက်ကောင်မှာ အခွင့်ရေး မရှိတော့တာ ရှင်းနေတာပဲ”
သူက အမှိုက်ကောင်လေ…။ ရှောင်မိသားစုက သူ့ကို ပြန်ခေါ်တာနဲ့ ရှောင်မိသားစုက သူ့ကို လက်ခံမယ်လို့ ယုံကြည်နေတာလား။ သူမသားကြောင့်သာ မဟုတ်ရင် ရှောင်မိသားစုက သူ့ကို ရှောင်အိမ်တော်ထဲ ခြေတစ်လှမ်း လှမ်းခွင့် ပေးမယ် မထင်နဲ့။
သူ့သားလေးက အရမ်း ထူးချွန် ထက်မြက်တယ်။ ဝိညာဉ်မျိုးနွယ်စုရဲ့ နံပါတ်၁ ပါရမီရှင် ဖြစ်တဲ့အပြင် လောကကြီးထဲမှာ ရှိနေတဲ့ အမျိုးသမီး အမြောက်အမြားကို ဆွဲဆောင်နိုင်တယ် အမျိုးသမီးတိုင်းက သူ့အချစ်ကို ရဖို့ ယှဉ်ပြိုင်ကြတယ်။ ဒီအမှိုက်အတွက်တော့ ထေ့ငေါ့သော ဝေဖန်ချက်သာ ရနိုင်တယ်။
သူမအသံက လွင့်ပြယ်သွားစဉ်မှာ ယွမ်ရှောင်က သူ့ကို ခံစားချက်မဲ့စွာ ကြည့်လာရော။ ထိုအကြည့်က သူမကို ငရဲကျတော့မလို ခံစားရစေတယ်။ သူမကို ထိတ်လန့် ကြောက်ရွံ့စေတယ်။
မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။
ပျံတံတံမိန်းမက သူမနှုတ်ခမ်းကို ကိုက်လိုက်တယ်။ နူးညံ့တဲ့ သူမ ခန္ဓာကိုယ်လေးက တုန်ရီနေရှာတာပေါ့။ သူမကို လည်ပင်းညှစ်နေသလို ခံစားရစေပြီး နှလုံးခုန်သံ ရပ်တန့်တော့မလိုပဲ….။
ဘာဖြစ်မှန်း မသိတာကြောင့် သက်လတ်ပိုင်း အမျိုးသားက တုန်ရီနေတဲ့ အမျိုးသမီးလေးရဲ့ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဖက်ထားတာပေါ့။
“ယွဲ့အာ … ဘာဖြစ်တာလဲ…”
*
**
အပိုင်း(၃၅၁)
ဝိညာဉ်ဘုံသို့ သွားရောက်ခြင်း
လင်းယွဲ့လည်း သူမဦးခေါင်းကို ခါယမ်းလိုက်တော့ သူမ မျက်နှာက ဖြူဖျော့နေတာပေါ့။ ဒီကောင်က အမှိုက်ကောင်က ဘယ်လို ဖြစ်ပြီးတော့ သူမကို ကြောက်ရွံ့ စေရတာလဲ…. ငါကလည်း ဘာကြောင့် ဒီအမှိုက်ကောင်ကို ကြောက်သလို ခံစားနေရတာလဲ။ သူ့မှာ ငါ့ကို ခြိမ်းခြောက်နိုင်လောက်တဲ့ အထိ အရည်အချင်း မရှိပါဘူး။ တွေးရင်းနဲ့ လင်းယွဲ့မျက်နှာက ပုံမှန် ပြန်ဖြစ်သွားပြီး သူမ ပြောလိုက်တယ်။
“အဆင်ပြေလိုက်တယ်… ကျွန်မ နည်းနည်း ပင်ပန်းသွားလို့ပါ… အနားယူဖို့ လိုအပ်တယ် ထင်တယ်”
လင်းယွဲ့ရဲ့ ပင်ပန်း နွမ်းနယ်နေသော မျက်ဝန်းများကို မြင်ရတော့ ရှောင်ချင်းလည်း သူမ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားလိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်တာပေါ့။
“မင်း ဒီအမှိုက်ကောင်ကို မမြင်ချင်ဘူးဆိုတာ နားလည်ပါတယ် ဒါပေမဲ့ သူ့ကို ယွီချင်းအတွက် အဖေက ပြန်ခေါ်လိုက်တာပါ… သည်းခံလိုက်ပါ…. ကိစ္စ ပြီးပျက်တာနဲ့ သူ့ကို ရှောင်မိသားစုက နောက်တစ်ကြိမ် ပယ်ဖျက် ပေးပါ့မယ်”
ရှောင်ချန်ရဲ့ အမြင်မှာတော့ လင်းယွဲ့ နေမကောင်း ဖြစ်ရတာ အမှိုက်ကောင် သူမ မျက်လုံးရှေ့ ရောက်လာလို့သာ ယူဆထားတယ်။ ဒါ့ပြင် ဒီအမှိုက်ကောင်က လင်းမိသားစုရဲ့ သမီးကို ဖက်တွယ်ထားချင်တဲ့ ဆန္ဒ ရှိနေသေးတယ်။ ဒါက လင်းယွဲ့ကို ဒေါသထွက်စေတာ ဖြစ်ရမယ်။
သူမနှုတ်ခမ်းကို စူလိုက်ပြီး လင်းယွဲ့လည်း ယွမ်ရှောင်ကို မကောင်းကြံစည်သော အကြည့်နဲ့ ကြည့်လိုက်ပြီး ရှောင်ချန်ကို မှီတွဲကာ ခန်းမ အပြင်ဘက်ကို ထွက်ခွာ လာလိုက်တယ်။
အထက်မှာ ခက်ထန်သော ပုံစံဖြင့် ထိုင်နေတဲ့ ရှောင်လင်းက ထွက်ခွာသွားတဲ့ ရှောင်ချန်နဲ့ လင်းယွဲ့ကို တားဆီးခြင်း မရှိခဲ့ပါဘူး။ ထို့အစား ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို မကျေမချမ်းသာ ကြည့်နေခဲ့တယ်။
“မင်း အခု ထွက်သွားနိုင်ပြီ… ငါ ခွင့့်ပြုချက် မရဘဲ လင်းယောင်နဲ့ မဆက်သွယ်ရဘူး”
သူ့စကားကို ကြားရတော့ ယွမ်ရှောင်လည်း ချက်ချင်း လှည့်ထွက် လာလိုက်တယ်။ အစမှအဆုံးအထိ သူ စကားတစ်ခွန်းမှ မပြောဘူး။ အဘိုးကြီး ပြောတဲ့စကားကို စိတ်ထဲလည်း မထားဘူး။ ဂရုမစိုက်ဟန် စိတ်နေစိတ်ထားက ရှောင်လင်းကို ဒေါပွစေတယ်။ သူလည်း စားပွဲခုံကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ခပ်ကြမ်းကြမ်း စကားဆိုလိုက်တယ်။
“မင်းက တကယ်ပဲ အပျက်မသား ပီသပါတယ်… မာနဝင့်ကြွားလွန်းပြီး သင့်လျော်အောင် ဘယ်လို ပြုမူရမလဲဆိုတာ မသိဘူး ကံကောင်းစွာနဲ့ ရှောင်မိသားစုမှာ ရှောင်ယွီချင်း ရှိနေသေးလို့ မဟုတ်ရင်တော့ ငါ့မှာ အမွေဆက်ခံသူမရှိဘဲ သေဆုံးရတော့မလို့”
ရှောင်ယွီချင်းသာ မရှိခဲ့ရင် ရှောင်မိသားစုမှာ တိုက်ရိုက် ဆက်ခံသူက ယွမ်ရှောင် ဖြစ်လာမှာပါ။ ယွမ်ရှောင်သာ ဆက်ခံသူသာ ဖြစ်ခဲ့ရင်တော့ ဆက်ခံသူမရှိတာနဲ့ မခြားနားတော့ဘူး။
ကံကောင်းစွာနဲ့… သူအတိတ်ဘဝက ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့တာ ဖြစ်ရမယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ထူးချွန်တဲ့ မြေးလေး ရှောင်ယွီချင်းကို ပေးခဲ့တာပေါ့။ ချစ်ရတဲ့ မြေးလေး အကြောင်းကို တွေးရင်း ရှောင်လင်း မျက်နှာက ပုံမှန် ပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ သူ့မျက်ခုံးက တွန့်ကွေးနေဆဲပါ။ စိုးရိမ်တဲ့အကြည့်က သူ့မျက်လုံးမှာ တဖျတ်ဖျတ် ဖြစ်နေတယ်။
“မကြာခင်မှာ ဆက်ခံသူ ပေးအပ်ပွဲနေ့ ရောက်တော့မယ်… ငါ့ယွီချင်းလေး ဘယ်ရောက်နေလဲ… သူ ဘာကြောင့် ပြန်မလာတာလဲ”
***
လုံယွမ်တိုင်းပြည်နဲ့ ခြားနားစွာ ဝိညာဉ်ဘုံက လုံယွမ် တိုင်းပြည်နဲ့အတူတူ ကုန်းမြေစု တစ်ခုတည်းမှာ တည်ရှိတဲ့ သီးခြား နေရာလေးပါ။ ဝိညာဉ်ဘုံမှ လူ ဦးဆောင်မှု မရှိလျှင်တော့ အပြင်လူက ဒီနေရာကို ဝင်လို့ မရနိုင်ပါဘူး။
ထိုအချိန်မှာ ဝိညာဉ်ဘုံနဲ့ သိပ်မဝေးတဲ့ တိမ်တိုက်တံတားနား သစ်ပင်အောက်နားမှာ မိန်းမပျိုလေး ထိုင်နေပြီး လရောင်က အကိုင်းအခက်များကြား ဖြာဆင်းနေတာပေါ့။ မိန်းမပျိုလေးက ခြေထောက် ချိတ်ထိုင်ရင်း မျက်လုံးလေးကို မှေးစဉ်းကာ ထိုင်နေဆဲပါ။ သူမဝတ်စုံက လေပြည်လေညင်မှာ တလွင့်လွင့် ဖြစ်နေတာပေါ့။ ဒီမြင်ကွင်းလေးက ဖော်ပြနှိုင်းယှဉ်လို့ မရနိုင်လောင်အောင် လှပတယ်။
သို့သော်လည်း မိန်းမပျိုလေးရဲ့ အသိစိတ်က နတ်ဘုရား လျှို့ဝှက် နယ်မြေထဲ ဝင်နေတယ် ဆိုတာတော့ ဘယ်သူမှ သတိမထားမိပါဘူး။ သူမပုံစံက တရားထိုင်နေတဲ့ အတိုင်းပါပဲ။ အပြင်လောကနဲ့ ခြားနားစွာ ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေ အတွင်းမှာ တောက်ပတဲ့ နေ့ခင်းဘက်မှာ ရှိတယ်။ ဒါကြောင့် တောက်ပတဲ့ နေရောင် အရာရာကို ဖုံးကွယ် ထားတာပေါ့။
“ရှောင်မို… ဝိညာဉ်ဘုံကို ဝင်ဖို့ ကူညီပေးနိုင်မလား”
ယွမ်လော့ဖုန်းလည်း လက်ဖက် သစ်ပင်လေးကို ပျင်းရိလေးတွဲစွာ မှီထားလိုက်ပြီး သူမ မျက်ဝန်းထောင့်မှာ ပေါ်နေတဲ့ စူပုပ်ပုပ်နဲ့ ဆောင့်ကြောင့် ထိုင်နေတဲ့ ကောင်လေးကို မေးလိုက်တယ်။
ကောင်လေးရဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးမှာ ပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး သနားစဖွယ် ယွမ်လော့ဖုန်းကို ကြည့်လာတယ်။
“သခင်… ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေထဲကို ရောက်ခဲ့တာ ဘယ်လောက် ကြာခဲ့ပြီလဲ… ဝိညာဉ်ဘုံကို သွားတဲ့လမ်းကို ကျွန်တော်က ဘယ်လို သိပါ့မလဲ… ကျွန်တော်က ဒီကုန်းမြေစုနဲ့ ဝေးကွာနေတာ ကြာခဲ့ပြီ”
***
အပိုင်း(၃၅၂)
ထျန်းရာနဲ့ နောက်တစ်ကြိမ် တွေ့ဆုံခြင်း
ယွမ်လော့ဖုန်းလည်း သူမ မေးဖျားလေးကို အသာအယာ ပွတ်သပ်ရင်း မျက်လုံးလေး ပင့်ကာ ဘာဆက်လုပ်သင့်လဲ ဆိုတာ ခဏတွေးတော လိုက်တယ်။
“ငါ ဝိညာဉ်ဘုံကို သွားချင်တယ် ဆိုရင်တော့ လမ်းညွှန်ဖို့ ဝိညာဉ်ဘုံက လူတစ်ယောက်ကို ရှာသင့်တယ် ထင်တယ်… ဒီလို ဖြစ်မယ်မှန်းသာ သိခဲ့ရင်တော့ ရှောင်မိသားစုက လူတစ်ယောက်ဆီက ဖြတ်သန်းခွင့် ကတ်ပြားတစ်ခု လောက်တော့ ယူထားလိုက်ပါရဲ့…”
“ကြွက်အော်သံ”
ထိုအချိန်လေးမှာ နို့လက်ဖက်ရည်လေးရဲ့ တကျီကျီတကျာကျာ အော်သံက ယွမ်လော့ဖုန်းရဲ့ စိတ်ထဲ ပြေးလွှားလာတယ်။ သူမမျက်နှာက ချက်ချင်း တည်ကြည် လေးနက်လာတာပေါ့။
“ရှောင်မို… ငါ သွားတော့မယ်”
သူမအသံကို အဝေးသို့ လွင့်ပြယ်သွားပြီး ကောင်းကင်မှ သူမကို စုပ်ယူသွားသလို ခံစားရတယ်။ ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေ အတွင်းမှ သူမရဲ့ အသိစိတ်ကို ဆွဲယူသွားတယ်။ သူမမျက်ဝန်းကို ဖွင့်လိုက်ချိန်မှာတော့ သူမရှေ့နားမှာ အိုမင်းရင့်ရော်တဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ပြုံးနေတဲ့ ပုကွကွ အဘိုးအိုလေးရဲ့ မျက်နှာက အတော်လေး စိတ်ပျက်စရာ ကောင်းတယ်…။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင် ထားသော်လည်း သူ့ပုံစံ အတော်လေး စိတ်ပျက်စရာ ကောင်းနေတာ။ သူ့ဆံနွယ်ဖြူများက မှောင်မိုက်သော ညကောင်းကင်ယံ အောက်မှာ တောက်ပနေတယ်။
“ကောင်မလေး ငါတို့တွေ နောက်တစ်ကြိမ် တွေ့ပြန်ပြီ”
အဘိုးအိုငယ်လေးက ယွမ်လော့ဖုန်းကို အပြုံးလေးနဲ့ နှုတ်ဆက်ရှာတယ်။
“တိုက်ဆိုင်လိုက်တာ… ငါတို့ ဒီနေရာမှာ ထပ်တွေ့ပြန်ပြီ”
နောက်ဆုံးတော့ ဒီအဘိုးအိုက ဘယ်သူလဲဆိုတာ ယွမ်လော့ဖုန်း မှတ်မိသွားတယ်။ လက်ဖက်ရည် စံအိမ်တော်မှာ မုဝူချန်နဲ့ အငြင်းပွားမှု ဖြစ်ခဲ့တဲ့ အဘိုးအိုပါလား။ နောက်ရက်မှ စိတ်ဝိညာဉ် လက်ဖက်ရွက် ဝယ်ဖို့ စစ်သူကြီး အိမ်တော်ကို လာခဲ့မယ်လို့ ပြောပြီး ညတွင်းချင်း ရောက်လာခဲ့တယ်။ တစ်ယောက်ယောက်ကို ရှောင်နေသကဲ့သို့… စိတ်ဝိညာဉ် လက်ဖက်ရည်ကို ယူပြီး အလျင်အမြန် ထွက်သွားခဲ့တယ်။
“ရှင် ဘာကြောင့် ဒီနေရာကို ရောက်နေတာလဲ…”
အဘိုးအိုငယ်လေးလည်း ပြုံးလိုက်တယ်။
“ဒီနေရာက ဝိညာဉ်ဘုံကို သွားနိုင်တဲ့ ဂိတ်တံခါးပေါက်လေ… ဝိညာဉ်ဘုံကိုသွားဖို့ ဒီနေရာကို ရောက်နေတာပေါ့… ကောင်မလေး… ငါနဲ့အတူတူ ဝိညာဉ်ဘုံကို သွားဖို့ စိတ်ဝင်စားလား…”
သူမ ဝိညာဉ်ဘုံ သွားမှာကို သိနေတာကြောင့် သူမကို ဖိတ်ခေါ်တဲ့ အဘိုးအိုငယ်လေးကို ယွမ်လော့ဖုန်းလည်း သံသယ မျက်ဝန်းဖြင့် ကြည့်လိုက်တယ်….။
သူမစိတ်ကို ဖတ်နိုင်သကဲ့သို့… အဘိုးအိုလည်း သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။
“ဒီနေရာက ဝိညာဉ်ဘုံကို သွားတဲ့ ဂိတ်ပေါက်ပါလို့ ပြောပြီးသားပါ… ဒီနေရာမှာ ရပ်နေတာက ဝိညာဉ်ဘုံကို သွားချင်လို့ ဟုတ်တယ်မလား… သို့သော်လည်း မင်း ဝိညာဉ်ဘုံကို သွားမယ်ဆိုရင်… ဝင်ခွင့်ရဖို့ ဝိညာဉ်ဘုံက လူတစ်ယောက် ခေါ်သွားဖို့ လိုအပ်သလို… ဖြတ်သန်းခွင့် ကတ်ပြားလည်း လိုအပ်တယ်… ဒါကြောင့် ဝင်ခွင့်မရတာကြောင့် ဒီနေရာမှာ ရပ်နေတာလို့ ခန့်မှန်းမိတာပေါ့…”
“ဝိညာဉ်ဘုံမှာ ဘာသွားလုပ်မလို့လဲ”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်များကို မြင့်တက်လိုက်တယ်။ သူမရဲ့ မျက်ဝန်းနက်များက အဘိုးအိုငယ်လေးကို စူးစူးစိုက်စိုက် ကြည့်နေပြီး အသက်ရှူ မှားလောက်အောင် လှပတဲ့ မျက်နှာလေးက အပြုံးလေးကို ဖော်ပြနေပါရဲ့။
“ဆေးကုသဖို့ပေါ့”
သူ့အိုမင်း ရင့်ရော်နေတဲ့ မျက်နှာက ဂုဏ်ယူ ဝင့်ကြွားမှုများဖြင့် တောက်ပနေတယ်။
“ကောင်မလေး မင်း ဆေးပညာကို စိတ်ဝင်စားတယ်ဆိုရင် ငါ့ဆီက သင်နိုင်တယ်နော် အလကား သင်ပေးမယ် ဘယ်လိုလဲ စိတ်ဝင်စားလား…”
“အမ်”
ယွမ်လော့ဖုန်းလည်း သူမ နှာခေါင်းလေးကို ထိရင်း
“ကျွန်မ စိတ်မဝင်စားဘူး”
သူမက အဘိုးအိုမှ ဆေးပညာ သင်ယူဖို့ စိတ်မဝင်စားဘူး… သူမလက်ထဲမှာ အကောင်ဆုံးသော ဆေးစာအုပ်ရှိတယ်။ ဘယ်ဆေးပညာ အရည်အချင်းမှ ဆေးနတ်ဘုရား လျှို့ဝှက်သင်္ကေတကို မယှဉ်နိုင်ဘူး။
အဘိုးအိုလေးရဲ့ အပြုံးက ချက်ချင်း ပျောက်ကွယ် သွားခဲ့ပြီး သူက ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ကောင်မစုတ်လေး… ကျုပ် ဆေးပညာကို သင်ယူချင်တဲ့လူ အများကြီး ရှိတယ်ဆိုတာ သိရဲ့လား… ငါက အားလုံးကို ငြင်းခဲ့တာ…ငါတို့က အကျင့်စရိုက် တူတာကြောင့် မင်းကို ပညာ သင်ပေးချင်တာ”
ဒေါသထွက်နေသော အဘိုးအိုကိုကြည့်ရင်း ယွမ်လော့ဖုန်းလည်း စိတ်မပါတပါ ပြန်ဖြေလိုက်တယ်။
“ကောင်းပါပြီ... ကျွန်မ စိတ်ဝင်စားရင် ရှင်ဆီက ပညာသင်ယူပါ့မယ်”
ဘယ်အချိန်မှ သူမ စိတ်ဝင်စားမှာလဲ။
အဘိုးအိုငယ်လေးရဲ့ မျက်လုံးများက ကလယ်လယ် ဖြစ်သွားခဲ့တယ်။ သူမ စိတ်ဝင်စားတဲ့ ဘယ်အချိန်လောက် အထိ သူ စောင့်ရမလဲ…။ သူမကိုလည်း မထိတ်လန့် သွားစေချင်ဘူး။ မဟုတ်ရင်တော့ သူမလို စိတ်ဝင်စားစရာ ကောင်းတဲ့ မိန်းကလေးကို ဘယ်နေရာမှာ သွားရှာရမလဲ။
***
Bạn đang đọc truyện trên: Truyen247.Pro