
စာစဉ်(၁၄) 326+327+328+329+330
အပိုင်း(၃၂၆)
ယွမ်ရှောင် ပြန်လာခြင်း(၅)
“ငါ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို သူမ တစ်ယောက်တည်း ပိုင်ဆိုင်တယ်။ သူမကလွဲရင် ဘယ်မိန်းကလေးမှ ငါ့ခန္ဓာကိုယ်ကို ထိဖို့ အရည်အချင်း မရှိဘူး”
သူတို့က သူရဲ့ ဘောင်းဘီရှည်ကို ထိတယ် ဆိုရင်တောင်ပေါ့….
စီရွှမ်ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးက ကျောက်ရုပ် တစ်ရုပ်လို တောင့်တင်း သွားခဲ့တယ်။ သူမ နှလုံးသား နာကျင်မှုက သူမလက်မောင်း နာကျင်မှုကို ဖုံးလွှမ်း သွားခဲ့တယ်။ သူမ ရှေ့နားမှာ ရပ်နေတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို စိတ်နှလုံးကြေကွဲသော အကြည့်ဖြင့် ကြည့်နေခဲ့မိတယ်။ သူမနှလုံးသားကို တဖြည်းဖြည်းချင်း ဝန်တိုစိတ်များက ဝါးမျိုသွားခဲ့တယ်။ ဒီအမျိုးသမီးက ခံစားချက် ကင်းမဲ့သော အမျိုးသားလေးရဲ့ အချစ်စစ်ကို ပိုင်ဆိုင်နိုင်လောက်တဲ့အထိ ကံကောင်း နေရတာလဲ။ သူမမှာတော့ သူ့အချစ်ကို မျှော်လင့်ခွင့်မရှိခဲ့သလို… ရယူပိုင်ဆိုင်ခွင့် မရှိခဲ့ဘူး။
“ချင်ယွမ်”
ယွမ်ရှောင်လည်း သူ့အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ခံစားချက် ကင်းမဲ့စွာ ခေါ်လိုက်တယ်။
“သူမ ကိစ္စ ဖြေရှင်းပြီးသွားရင် စီချုံကို ငါတို့နဲ့အတူတူ ခေါ်သွားမယ်”
သူ တစ်ရက်လောက်လေး အပြင်ထွက် သွားခဲ့တယ်။ သူ မရှိတဲ့ အခွင့့်အရေးကို အသုံးချပြီး သူမကို ပြဿနာ ရှာရဲမယ်လို့ မထင်ခဲ့မိဘူး။ သူမကို နာကျင် ထိခိုက်အောင် ပြုလုပ်ဖို့ ခွင့်မပြုနိုင်ဘူး။
“လက်မခံနိုင်ဘူး”
စီရွှမ်တစ်ယောက် တုန်လှုပ် ချောက်ချားစွာ အော်ဟစ်လိုက်တယ်။
“ဖေဖေ… သမီးကို ကယ်ပါ။ သမီး…. မသေချင်ဘူး။ သမီးကို ကယ်ပေးပါနော်… တောင်းဆိုပါတယ်”
သူ့သမီးရဲ့ အနူးညွှတ် တောင်းပန်နေသော အသံကို နားထောင်ရင်း စီချုံရဲ့ ခန္ဓာကိုယ်က တုန်ရီလာတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူလည်း အကြင်နာကင်းမဲ့ ခေါင်းကို လှည့်လိုက်ပြီး တစ်ချက်မျှ လှည့်မကြည့်တော့ပေ။
“နားဆူအောင် အော်ဟစ်နေတာ ရပ်လိုက်တော့။ အသုံးမဝင်ဘူး။ ကျယ်လောင်စွာ အော်ဟစ်လို့ လည်ချောင်း ကွဲသွားလည်း ဘာအကျိုးမှ ထူးလာမှာ မဟုတ်ဘူး”
ချင်ယွမ်လည်း ကျိတ်ရယ်လိုက်တယ်။
“စီရွှမ်… မင်းသတ္တိကိုတော့ အထင်ကြီး လေးစားပါတယ်။ ငါ့သခင်ရဲ့ မိန်းကလေးကို တကယ်ပဲ နာကျင် ထိခိုက်အောင် ပြုလုပ်ဖို့ တွေးရဲတယ်။ ငါ့သခင်ကို ရန်မစမိဖို့ မင်းအဖေက မသင်ပေးထားဘူးလား”
ပြောသင့်တာ ပြောပြီးတာနဲ့ ချင်ယွမ်လည်း သူမကို ဆက်ပြီးတော့ ကြည့်မနေတော့ပေ။ ဘာပဲဖြစ်ဖြစ် စီရွှမ်က သူ့မျက်လုံးထဲမှာ သေလူတစ်ယောက်ပဲ။ စီချုံက သူ့သမီးအရင်းကို မကယ်နိုင်လောက်တဲ့အထိ အကြင်နာ ကင်းမဲ့တာ မြင်ရတော့ သူ့အတွက်တော့ အမြင်ကျယ်စေသော အတွေ့အကြုံကို ရရှိလိုက်တယ်။
ချင်ယွမ်လည်း သူ့ရင်ဘတ်မှ အမည်းရောင်ဆေးကို ဆွဲထုတ်လိုက်ပြီး စီချုံကို ပေးလိုက်တယ်။
“ဒါကို မျိုချလိုက်”
“ဒါက ဘာလဲ”
စီချုံ တစ်ယောက် ဗလာကျင်း ကြည့်လိုက်ပြီး သူ့အကြည့်က သံသယအဖြစ်သို့ ပြောင်းလဲသွားတယ်။
“ဒါက အဆိပ်ဆိုတာ ရှင်းနေတာပဲလေ။ ကျုပ်က ခင်ဗျားသောက်ဖို့ အားဆေးပေးမယ် ထင်နေတာလား”
ချင်ယွမ်လည်း လှောင်ပြုံး ပြုံးပြီး ကြည့်လိုက်တယ်။
“ဒီဆေးလုံးကို မြန်မြန်လေး မျိုချလိုက်စမ်းပါ။ ဒါမှ ငါတို့ ဆက်ပြီးတော့ ခရီးဆက်နိုင်မှာ”
ငါတို့ ခရီးဆက်မယ် ဆိုတဲ့စကားက လူတစ်ယောက်ကို တခြား အကြောင်းအရာ တစ်ခု အလွယ်တကူ တွေးမိသွားစေတယ်။ စီချုံကလည်း တခြား အကြောင်းအရာ တစ်ခုလို့ တွေးမယ့် လူစားမျိုးပါ။
“သရဲဘုရင်က ကျုပ်ကို အတူတူ ခေါ်သွားဖို့ပဲ ပြောတာပါ။ ကျုပ်ကို မသတ်ခိုင်းပါဘူး။ ဒါ့ပြင် ကျုပ်က စီရွှမ်ကို အပ်လိုက်ပြီလေ။ ဒါဆို ဘာကြောင့် ကျုပ်ကို သတ်မလဲ”
စီရွှမ်လည်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်တယ်။
“ကျုပ်က ခင်ဗျားကို သတ်မယ်လို့ ဘယ်သူက ပြောလိုက်လို့လဲ။ ခင်ဗျားလို အကြင်နာတရား ခေါင်းပါးပြီး ရက်စင်တဲ့ လူတစ်ယောက်က ယုံကြည်ဖို့ ခဲယဉ်းတယ်။ ဒါကြောင့် ခင်ဗျား ဒီဆေးကို သောက်ရမယ်။ ဒါမှလည်း ခင်ဗျားကို အလွယ်တကူ ထိန်းချုပ်နိုင်မှာလေ။ ခင်ဗျား သစ္စာ ဖောက်တာကိုလည်း ရှောင်ရှားနိုင်မယ်”
“ဒါပေမဲ့ သရဲဘုရင်က ဒီလို ပြုလုပ်ဖို့ မင်းကို မပြောခဲ့ဘူးလေ”
စီချုံလည်း ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်လိုက်တယ်။ အမည်းရောင် ဆေးကို မသောက်ချင်ဘူး ဆိုတာ ရှင်းနေတာပဲ။
ချင်ယွမ်လည်း အတော်လေး စိတ်မရှည် ဖြစ်စွာ မျက်မှောင်ကြုတ် လိုက်တယ်။ သူ့မျက်နှာထားက ခံစားချက် ကင်းမဲ့နေတယ်။
“အရာရာတိုင်းကို သခင်က သူကိုယ်တိုင် လိုက်ပြောနေရမယ် ဆိုရင် သူ့လက်အောက် ငယ်သား အဖြစ် ကျုပ်တို့ကို လိုအပ်ပါဦးမလား။ ခင်ဗျား ကျုပ်တို့ နောက်ကို လိုက်နိုင်ဖို့ မြန်မြန် ဒီဆေးကို သောက်လိုက်တော့။ မဟုတ်ရင်တော့ ခင်ဗျား သမီးကို ငရဲမှာ အဖော်ပြုပေး လိုက်တော့”
စီချုံလည်း အချိန်အကြာကြီး တွေးတော နေခဲ့တယ်။ ဒါပေမဲ့လည်း ချင်ယွမ်ရဲ့ အမိန့်ကို နာခံလိုက်တယ်။ တုန်ရီနေတဲ့ လက်ကို ဆန့်တန်းရင်း အမည်းရောင်ဆေးကို ယူလိုက်တယ်။ ဆေးမသောက်ခင်မှာ သူ့မျက်လုံးများကို ပိတ်ထား လိုက်တယ်။
စီချုံတစ်ယောက် အဆိပ်ဆေး သောက်နေတာကို ကြည့်ရင်း ချင်ယွမ် လှောင်ပြုံးပြုံးပြီး ပြောလိုက်တယ်။
“သူမကို မြှုပ်နှံဖို့ တွင်းတူးပေးချင် သေးလား။ ချက်ချင်း ငါတို့နဲ့အတူတူ ထွက်ခွာ သွားမလား”
စီချုံလည်း သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
“သူမကို ကြုံရာနေရာမှာ မြေမြှုပ်ထားလိုက်တာ ကောင်းပါတယ်။ သူမ ကျူးလွန်ခဲ့တဲ့ ပြစ်မှုက ဝိညာဉ်မျိုးနွယ်စု တစ်စုလုံးကို ငြိစွန်းလုနီးပါးပဲ။ ဒါကြောင့် သူမက ဘိုးဘွားခန်းမကို ဝင်ရောက်ဖို့ အခွင့်အရေး မရှိဘူး”
စီရွှမ်ရဲ့ ခန္ဓာကိုယ်က ဒေါသတကြီး တုန်ရီလာပြီး သေတော့မဲ့ လူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေတဲ့ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေတယ်။ ကြည့်ရတာတော့ သူမကို အရမ်းချစ်ခင် နှစ်သက်ခဲ့တဲ့ သူမ ဖခင်က ဒီလောက်အထိ ရက်စက်မယ်လို့ မယုံကြည်နိုင်ဘူး ထင်တယ်။
အဖေက သူမကို မကယ်တင်တဲ့အပြင် သူမအလောင်းကို မြှုပ်နှံပေးဖို့ မရည်ရွယ်ခဲ့ဘူး။
***
အပိုင်း(၃၂၇)
ယွမ်ရှောင်ပြန်လာခြင်း(၆)
“အဖေ … ရက်စက်တဲ့ကျားက သူ့ကလေးကို ဘယ်တော့မှ ပြန်မစားဘူး။ အဖေက အကြင်နာကင်းမဲ့ပြီး ရက်စက်တဲ့အတွက် သေချာပေါက် ဒဏ်ခတ်ခံရလိမ့်မယ်”
စီရွှမ်လည်း ဝမ်းနည်းပက်လက် အော်ဟစ်နေခဲ့တယ်။ သူမရဲ့ လှပသော ဆံနွယ်များက ကျော နောက်ဘက်မှာ ဖရိုဖရဲ ဖြန့်ထားတယ်။ အရူးတစ်ယောက် စီချုံကို မကျေမနပ် ကြည့်နေခဲ့တယ်။
“သမီးမိုက်… နင်က သရဲဘုရင်ကို စိတ်အနှောင့်အယှက် ပေးခဲ့ပြီး ရိုင်းစိုင်းတဲ့ စကားကို ပြောရဲတယ်ပေါ့။ နင်သာ သရဲဘုရင်ကို အနှောင့်အယှက် မပေးခဲ့ရင် ငါလည်း အဆိပ်ဆေး သောက်ဖို့ တွန်းအားပေး ခံရမှာ မဟုတ်ဘူး။ နင်က ငါ့ကို ထိခိုက်စေခဲ့ပြီး ငါ့ကို အပြစ် ပြောရဲသေးတယ်ပေါ့။ ပြစ်ဒဏ် ခတ်ခံရမယ်တဲ့လား။ ဒဏ်ခတ်ခံရမယ် ဆိုလည်း နင့်လို သမီးမိုက်က အရင်ဆုံး ပေးဆပ်ရမယ်”
စီရွှမ်ရဲ့ ခန္ဓာကိုယ်ကို တစ်ချက်ပြီး တစ်ချက် ခြေဆောင့်နင်းတယ်။ စီရွှမ် သွေးအန်တဲ့အထိ သူ့ခြေထောက်က စီရွှမ်ရဲ့ ခန္ဓာကိုယ်ကို နင်းနေခဲ့တယ်။ သူမ အသားရောင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့တယ်။ သူမနံရိုးများ အစိတ်စိတ် အမြွှာမြွှာ ကျိုးကြေသွားသလို ခံစားရပြီး အရမ်းကို နာကျင်ရတာကြောင့် သူမ အသံမထွက်နိုင်တော့။
ချင်ယွမ်လည်း ပွဲကောင်းလေး တစ်ပွဲကို ကြည့်နေရသကဲ့သို့ အေးအေးဆေးဆေး လက်ပိုက်ပြီး ကြည့်နေလိုက်တယ်။ သူလည်း ထိုင်ခုံ တစ်ခုံကို ယူကာ ထိုင်ချလိုက်ပါသော်လည်း မောပန်းနေသယောင် ခံစားနေရတယ်။ သို့သော် သူ့မျက်ဝန်းများမှာ တက်ကြွ ရွှင်မြူးရိပ်ဖြင့် ပြည့်နှက်နေလေရဲ့။
“သခင်လေး ချင်ယွမ် ဒီကျေးဇူး မသိတတ်တဲ့ သမီးက အရမ်းကို မိုက်မဲလွန်းတယ်။ ဒါကြောင့် သခင်လေးကိုယ်တိုင် အပြစ်ပေးစရာ မလိုအပ်ပါဘူး။ သူမကို ကျုပ်ကိုယ်တိုင် အပြစ်ပေးမယ်”
စီချုံလည်း ချက်ချင်းပဲ ဓားရှည်ကို ဓားအိမ်မှ ထုတ်လိုက်ပြီး ရုတ်တရက် ထိုးစိုက်လိုက်တယ်။ စီရွှမ်က သူ့ကို စိတ်နှလုံး ကြေကွဲနေသော အကြည့်ဖြင့် ကြည့်နေလေရဲ့။ သူမရင်ဘတ်မှ လတ်ဆတ်သော သွေးများ ပန်းထွက်လာပြီး သူ့မျက်နှာကို နီရဲအောင် ဆေးဆိုးလိုက်တယ်။ သူ့မျက်နှာထားက ခံစားချက် ကင်းမဲ့ကာ အေးစက် တည်ငြိမ်နေတယ်။
သူ သတ်လိုက်တဲ့လူက သူ့သမီး မဟုတ်တဲ့အတိုင်းပေ။ ဒါပေမဲ့ သူစိမ်းတစ်ယောက်ကို သတ်နေသလိုပေါ့….။
“စီချုံ”
ချင်ယွမ်လည်း ထိုင်ခုံပေါ်မှ အေးအေးဆေးဆေး ထလိုက်တယ်။
“ကိုယ့်မိသားစုကိုတောင် အသိမှတ်မပြုနိုင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်မျိုးကို ကျုပ်သခင်က ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင်ထားဖို့ မလိုလားတာ အံ့သြစရာ မရှိဘူး။ ကံကောင်းစွာနဲ့ ကျုပ်က သတိထားမိပြီး ခင်ဗျားကို အဆိပ်ဆေး တိုက်ထားလို့ပေါ့။ မဟုတ်ရင်တော့ ခင်ဗျား စရိုက်အရ သိပ်မကြာခင်မှာ ကိုယ့်သခင်ကို ပြန်ကိုက်နေမယ်။ အို… မဟုတ်တာ… ကျုပ်သခင်က ခင်ဗျား သခင်မှ မဟုတ်တာ။ ခင်ဗျားကို သခင့်ခွေးအဖြစ် ထည့်တွက်စရာ မလိုအပ်ဘူး”
ချင်ယွမ်ရဲ့ သရော် အပြောနဲ့ ရင်ဆိုင်ရတော့ စီချုံ ဒေါသ မထွက်ခဲ့ပါဘူး။ ထို့အစား သူ့မျက်နှာပေါ်မှာ မျက်နှာချိုသွေးသော အပြုံးကိုသာ ဖော်ဆောင်ထားတယ်။
“သခင်လေး ချင်ယွမ် … သခင်လေး ပြောတာ မှန်ပါတယ်။ ကျုပ်က ခွေးအဖြစ်တောင် ထည့်တွက်လို့ မရပါဘူး။ ဒါနဲ့ သရဲဘုရင်က ကျုပ်ကို ဘာစေခိုင်းချင်တာလဲ ဆိုတာ သိပါရစေ။ ဘယ်ကို သွားစေချင်တာလဲ”
ချင်ယွမ်လည်း မဲ့ပြုံး ပြုံးလိုက်တယ်။
“ဒါပေါ့… ခင်ဗျားကို ယွမ်အိမ်တော် သွားခိုင်းမလို့။ ခင်ဗျားသမီး ကျူးလွန်ခဲ့တဲ့ပြစ်မှု အတွက် သခင့်မိန်းကလေးကို တောင်းပန်ဖို့ အပ်တယ်။ သူမက ခင်ဗျားကို ခွင့်မလွှတ်ရင် ခင်ဗျားသမီး နောက်လိုက်ပြီးတော့ အဖော်ပြုပေးတော့”
စီချုံလည်း ထိန်းချုပ်မရအောင် ခိုက်ခိုက်တုန် သွားခဲ့ပြီး သူ့စိတ်ထဲမှာ စီရွှမ်ကို အကြိမ် တစ်သောင်းမက ကျိန်စာ တိုက်နေခဲ့တယ်။ သူမကြောင့်သာ မဟုတ်ခဲ့ရင် သူ့မှာ ဒီလို ပြစ်ဒဏ်မျိုး ခံစားရမှာ မဟုတ်ပေ။
“သခင်လေး ချင်ယွမ် …. လမ်းပြပေးပါ။ ကျုပ်… သူမကို အခုချက်ချင်း သွားရောက် တောင်းပန်ပါမယ်။ သူမ ကျေနပ်နိုင်တဲ့အထိ ကျုပ်ကို ရိုက်နှက်ခွင့် ဆူပူကြိမ်းမောင်းခွင့် ပြုပါမယ်”
ခွေးတစ်ကောင်ကဲ့သို့ ပြုမူနေတဲ့ စီချုံကို ကြည့်ရင်း ချင်ယွမ်ရဲ့အပြုံးမှာ လှောင်ပြောင် ထေ့ငေါ့မှုများ ပါဝင်လာခဲ့ပြီး စာကြည့်ခန်း အပြင်ဘက်သို့ လှည့်ထွက် သွားလိုက်တယ်။
“မြန်မြန် … ကျုပ် နောက်ကို လိုက်ခဲ့…. ကျုပ်တို့ နောက်ကျနေရင် သခင်က သူ့ကောင်မလေးကို စောင့်ဆိုင်းစေလို့ ခင်ဗျားကို သတ်လိမ့်မယ်။ သခင့်ကောင်မလေး ခွင့်လွှတ်တာကို စောင့်စရာ မလိုအပ် ဖြစ်သွားမယ်”
ဒီစကားကို ကြားတော့ စီချုံလည်း ချင်ယွမ်နောက်သို့ ခြေလှမ်းကျဲကျဲဖြင့် အပြေးတစ်ပိုင်း လိုက်တော့တယ်။
***
စစ်သူကြီးယွမ်အိမ်တော်…
အနောက်ဘက် ဥယျာဉ်ခြံအလယ် ဆောင်းရေ စီးဆင်းသံများနှင့် အတူတူ မိန်းမပျိုလေးက သစ်ပင် ဘေးနားထိုင်ကာ တစ်ယောက်တည်း စစ်တုရင် ကစားနေခဲ့တယ်။ အချိန်အတော်ကြီး ကြာပြီးနောက် သူမက တိုးတိုးလျလျ သက်ပြင်း ရှိုက်လိုက်တယ်။ သူမရဲ့ မျက်ဝန်းနက်များက လွမ်းဆွတ် တမ်းတမှုကို ဖော်ပြနေတယ်။
ချင်ယန်လည်း သူမနှုတ်ခမ်းများကို ဖုံးကွယ်ကာ မသိမသာ ပြုံးလိုက်တယ်။ သူမရဲ့ ကြီမား တောက်ပသော မျက်ဝန်းနက်များက ယွမ်လော့ဖုန်းကို မျက်တောင်မခတ် ကြည့်နေပြီး မေးလိုက်တယ်။
“သခင်မလေး…. ယွမ်ရှောင် အကြောင်းကို တွေးနေတာလား”
စစ်တုရင် ရုပ်တုကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားတဲ့ လက်များက မသိမသာ တုန်ရီနေတယ်။ ယွမ်လော့ဖုန်းလည်း တက်ကြွမှု ကင်းမဲ့စွာ ပြုံးလိုက်ပြီး …
“ယွမ်ရှောင် … ပြဿနာ ဖြစ်နေမှာ စိုးရိမ်မိတယ်။ သူ တစ်ရက်တည်း ထွက်သွားမှာပါလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခုထိ ပြန်မလာသေးဘူး။ သူကို စိုးရိမိစိတ်ကို ချုပ်တည်း မထားနိုင်ဘူး”
နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ယွမ်ရှောင် ကျင့်ကြံတဲ့ နည်းလမ်းက အတော်လေး ထူးခြားတယ်။ သူ… အတားအဆီးကို ဖြတ်ကျော်နေရမယ် ဆိုရင် စိတ်ဖောက်ပြန်တဲ့ အခြေနေကို ရောက်ရှိသွားပြီး အတော်လေး အခက်တွေ့စေမယ်။
***
အပိုင်း(၃၂၈)
ယွမ်ရှောင်ပြန်လာခြင်း(၇)
ဒါက သူမ စိုးရိမ်နေတဲ့ အကြောင်းအရာ ဖြစ်ခဲ့တယ်။
“အို… ဟုတ်သား…”
ယွမ်လော့ဖုန်းလည်း မျက်ခုံး ပင့်တင်လိုက်ပြီး ရဲ့လင်းကို ကြည့်လိုက်တယ်။
“ရှင်တို့အိမ်က စာဖိုးမှူးရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းတယ်။ အစတည်းက သူ့ကို ဒီအိမ်တော်အထိ ခေါ်လာခဲ့ချင်တာ ဒါပေမဲ့ အလုပ်များ နေတာကြောင့် ဒီကိစ္စကို မေ့သွားခဲ့တာ။ သူ့အချက်အပြုတ်ကို မြည်းစမ်းပြီး ကတည်းက ယွမ်မိသားစုရဲ့ အစားသောက်က မယှဉ်နိုင်တော့ဘူး။ တစ်ချိန်ချိန်တော့ ဒီစားဖိုမှူးကို ယွမ်အိမ်တော်ဆီ ရှင် ခေါ်လာသင့်ပြီ”
ရဲ့လင်းအကြည့်က မသေချာ မရေရာမှု အရိပ်အယောင်ကို ဖော်ပြနေလေရဲ့။ တတိယမင်းသား အိမ်တော်ရဲ့ စားဖိုမှူးက ယွမ်မိသားစုက စားဖိုမှူးထက် ပိုပြီးတော့ သာလွန်သတဲ့လား။ သူ ဘာကြောင့် သတိမထားမိ ရတာလဲ။ ယွမ်မိသားစု စားဖိုမှူးရဲ့ ဟင်းချက်နည်းက တော်ဝင် စားဖိုဆောင်ထက်တောင် သာလွန်သေးတယ်။ ဒါဆို မင်းသား၃ အိမ်တော်အတွင်းက စားဖိုမှူး ဘယ်လို ယှဉ်နိုင်ပါ့မလဲ။
“သခင်မလေး”
ချင်ယန်လည်း ယွမ်လော့ဖုန်းကို တွေးတွေးဆဆ ဖျတ်ခနဲ ကြည့်လိုက်တယ်။
“အဲဒီနေ့က သခင်မလေးကို ယူလာခဲ့ပေးတဲ့ စွပ်ပြုတ်က မင်းသား၃ အိမ်တော်က စားဖိုမှူး ချက်တာ မဟုတ်ဘူး”
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကုတ် လိုက်တယ်။
“ဒါဆို… ဘယ်သူက စွပ်ပြုတ် ချက်တာလဲ”
“ဒါက….”
ချင်ယန်လည်း နှုတ်ခမ်းကို တတိတိကိုက်ပြီး ပြတ်ပြတ်သားသား ပြန်ဖြေလိုက်တယ်။
“ယွမ်ရှောင်”
ယွမ်ရှောင်တဲ့လား။
ယွမ်လော့ဖုန်းလည်း တွေဝေ မိန်းမောစွာ ငေးကြည့်နေတယ်။ သူမမျက်ဝန်းက အံ့သြမှု ရောင်ခြည်များဖြင့် တဖျတ်ဖျတ် လက်နေလေရဲ့။ ယွမ်ရှောင်မှာ ဒီလိုမျိုး ထူးကဲတဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်မယ်လို့ သူမ မမျှော်လင့်ထားဘူး ဆိုတာ ရှင်းပြနေတာပဲလေ။ သူမ တိတ်ဆိတ်နေတဲ့ အခိုက်မှာ သူမ နောက်ဘက်မှ ရင်းနှီးနေသော အရှိန်အဝါနဲ့ သူ့ရဲ့ ထူးခြားတဲ့ ရနံ့က လေထဲမှာ ပျံ့နှံ့လာခဲ့တယ်။
“မင်း သိသွားခဲ့ပြီလား”
အမျိုးသားလေးရဲ့ တိုးလျပြီး ခပ်သြသြ အသံက သူမနားသို့ တဖြည်းဖြည်းချင်း ပဲ့တင်ထပ် လာခဲ့တယ်။
ယွမ်လော့ဖုန်းလည်း လှည့်လိုက်ပြီး သူမ နောက်ဘက်မှ ပေါ်လာတဲ့ အမျိုးသားလေးကို ကြည့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းနက် အကြည့်မှာ ပြုံးရိပ်သန်း နေခဲ့တယ်။
“ယွမ်ရှောင် ရှင်ပြန်လာပြီလား”
“အမ်”
ယွမ်ရှောင်က ယွမ်လော့ဖုန်းကို ငေးစိုက် ကြည့်နေခဲ့တယ်။
“အဲဒီအချိန်က မင်း… လွေ့ကျင်း တိုင်းပြည်ရဲ့ အစားအသောက်ကို ကျင့်သားမရတာ မြင်နေရတယ်။ ဒါကြောင့်…”
“ယွမ်ရှောင်”
ယွမ်လော့ဖုန်းလည်း သူ့စကားကို ကြားဝင် ဖြတ်ပြော လိုက်တယ်။
“ရှင် ဟင်းချက်တတ်တယ် ဆိုတာ ဘာလို့ အရင်တည်းက မပြောရတာလဲ”
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို နက်နက်ရှိုင်းရှိုင်း ငေးကြည့် နေမိလေရဲ့။
“ဒီကိစ္စမျိုး လုပ်ကိုင်တာ မင်း မကြိုက်လို့လား။ မင်း သိသွားခဲ့ရင် စိတ်တိုသွားမှာ ကိုယ် စိုးရိမ်နေခဲ့တာ”
“ဘာကြောင့် ကျွန်မက စိတ်တိုရမလဲ”
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကုတ် လိုက်ပြီး နားမလည်နိုင်စွာ ပြန်မေးလိုက်မယ်။
ယွမ်ရှောင်က အချိန်အကြာကြီး တိတ်ဆိတ် နေခဲ့တယ်။
“ကိုယ် မင်းအတွက် ချိုးရေ ပြင်ပေးခဲ့စဉ်က ချင်ယန်ရဲ့ အလုပ်လို့ မင်း ပြောခဲ့တယ်လေ။ ဒါကြောင့် ကိုယ့်ကို မင်း ဒီလို အလုပ်မျိုး လုပ်ကိုင်တာ မကြိုက်ဘူးလို့ တွေးခဲ့မိတယ်”
“ယွမ်ရှောင်… ရှင့်အချက်အပြုတ်က အရမ်း ကောင်းတယ်။ ရှင် ဘယ်မှာ သင်ယူထားတာလဲ”
ယွမ်လော့ဖုန်းလည်း သူမရဲ့ နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။ ဒီတစ်ကြိမ်တော့ သူမ တကယ် ရတနာတစ်ပါးကို ရွေးထားမိတာပဲ။ ဒီအမျိုးသားလေးရဲ့ ရုပ်ရည်က ချောမော ခန့်ညားဆုံး ဖြစ်တဲ့အပြင် သူ့စွမ်းအားက ဖြုံလောက်တယ်။ အရေးကြီးဆုံး အချက်က သူမ တစ်ယောက်တည်းကို သူ့အချစ်တွေ ပေးအပ်ထားတယ်။ အခုတော့ နောက်ထပ် တစ်ချက် ထပ်ပေါင်း ထည့်ရတော့မယ်။ ယောက်ျားလေး တစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်း ရှိတဲ့အပြင် သူက မီးဖိုချောင်မှာလည်း ထူးချွန်တယ်။ ကြည့်ရတာတော့ သူ မလုပ်ဆောင်နိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး ထင်တယ်။
“လွန်ခဲ့သော နှစ်အနည်းငယ်က ကိုယ်တစ်ယောက်တည်း အသက်ရှင် ရပ်တည်ဖို့ ကြိုးစားခဲ့ရတယ်။ အချက်အပြုတ် ကိုတော့ ကိုယ်… ပြန်လမ်းမဲ့ သစ်တောမှာ ပိတ်မိခဲ့တဲ့ အချိန်တည်းက လေ့လာခဲ့တယ်”
ယွမ်ရှောင်ရဲ့အကြည့်က တည်ကြည် လေးနက်ပြီး အာရုံစူးစိုက်မှု ရှိတယ်။ သူ့မျက်ဝန်းနက် တစ်စုံမှာ မိန်းမပျိုလေးရဲ့ အသက်ရှူ မှားလောက်တဲ့ ပုံရိပ်ကို ဖြည့်စွက် ထားတယ်။
“မင်းကြိုက်တယ် ဆိုရင်တော့ နောင်ဆို ကိုယ် နေ့တိုင်း မင်းအတွက် ဟင်းချက်ပေးပါ့မယ်”
ယွမ်လော့ဖုန်းရဲ့အသံက အတော်လေး သြဇာလွှမ်းမိုးတယ်။
“အခုက စပြီးတော့ ရှင် ကျွန်မ တစ်ယောက်တည်း အတွက်သာ စွပ်ပြုတ် ချက်ပေးရမယ်”
“စစ်သူကြီးယွမ် အတွက် … ချက်ပေးရမလား”
“သူ့ကို စွပ်ပြုတ် တစ်ခွက်မှ မပေးဘူး”
ယွမ်လော့ဖုန်းက တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်ဖြေလိုက်တယ်။ ဘယ်မှ တွေးတောမနေဘဲ ချက်ချင်း ပြန်ဖြေတာပေါ့။ အကယ်၍ သူမ ပြောလိုက်တာကို အဘိုးအို ကြားခဲ့မယ်ဆိုရင် သေချာပေါက် အသက် တစ်ဝက်လောက် တိုသွားတဲ့အထိ ဒေါသထွက် နေမှာလေ။
“ဟုတ်ပါပြီ”
နွမ်းလျလျ အပြုံးလေးကို ယွမ်ရှောင်ရဲ့ နှုတ်ခမ်းမှာ ချိတ်ဆွဲထားတယ်။
သူ့အပြုံးက သူမ တစ်ယောက်တည်း အတွက်သာ ဖြစ်ပေါ်လာတာ။ သူ့ဟင်းချက် စွမ်းရည်ကိုလည်း သူမ တစ်ယောက်တည်း အတွက် အသုံးပြုမယ်။
“မကြာသေးခင်က လုံယွမ်တိုင်းပြည်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို ကိုယ် သိပြီးပါပြီ”
နွမ်းလျလျ အပြုံးလေးက ဘယ်တုန်းကမှ မရှိခဲ့သလို ချက်ချင်း ပျောက်ကွယ် သွားခဲ့တယ်။
“ဒါပေမဲ့ ကိုယ် မင်းအတွက် ဒီကိစ္စကို ဖြေရှင်းပြီးပြီ။ စီရွှမ်လည်း သေပြီ။ မင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ သူမ အဖေကို ခေါ်လာခဲ့တယ်”
***
အပိုင်း(၃၂၉)
ယွမ်ရှောင် ပြန်လာခြင်း(၈)
ယွမ်လော့ဖုန်းလည်း ငေးကြောင် ကြည့်နေမိတယ်။ ယွမ်ရှောင် နောက်ကျမှ ပြန်လာရတဲ့ အကြောင်းအရင်းက သူမအတွက် ပြဿနာ ဖြေရှင်းပေးဖို့ ဝိညာဉ်မျိုးနွယ်စုကို သွားနေတာကြောင့်လို့ မမျှော်လင့် ထားခဲ့မိဘူး။
ဒီအမျိုးသားလေးက သူမ ဘာကိုမှ သတိပေး နှိုးဆော်နေစရာ မလိုအပ် လောက်တဲ့အထိ အမြဲတမ်း သူမအတွက် အရာရာတိုင်းကို ပြုလုပ်ပေးခဲ့တယ်။
ဒီအကြောင်းကို တွေးရင်း သူမနှလုံးသားမှ နွေးထွေးမှုကို ခံစားရတယ်။ သူမအကြည့်ကို တဖြည်းဖြည်းချင်း ယွမ်ရှောင်မှ ဝေးရာသို့ ပြောင်းလဲလိုက်ပြီး ချင်ယွမ်နောက်မှ ခြေလှမ်းကျဲကျဲဖြင့် အပြေးတစ်ပိုင်း လိုက်လာသော အဘိုးအို ပေါ်သို့ ကျရောက် လိုက်တယ်။
သက်လတ်ပိုင်း အမျိုးသားကြီးက ယွမ်ရှောင် ဘေးနားမှာ ရပ်နေတဲ့ အလွန်လှပတဲ့ မိန်းကလေးကို ဖျတ်ခနဲ မြင်လိုက်ရတယ်။ သူ့မျက်ဝန်းများက နက်နက်ရှိုင်းရှိုင်း အံ့သြမှင်တက်မှုဖြင့် တဖျတ်ဖျတ် လက်နေခဲ့တယ်။ သရဲဘုရင်က ဒီမိန်းကလေးအတွက် ဒေါသထွက်တာ အံ့သြစရာ မရှိတော့ပါဘူး။ ဘယ်ယောက်ျားလေးမဆို ဒီအလွန် ချောမောတဲ့ မိန်းကလေးမှ အကြည့်လွှဲနိုင်မှာ မဟုတ်။
“သရဲဘုရင်”
စီချုံလည်း မြန်မြန်ဆန်ဆန် လမ်းလျှောက်လာပြီး ယွမ်လော့ဖုန်းကို မကြည့်ခင်မှာ ယွမ်ရှောင်ကို လေးလေးစားစား ဂါရဝပြုလိုက်တယ်။
“ယွမ်သခင်မလေး အရင် တစ်ခေါက်က ပြဿနာက ကျွန်တော့်သမီး အမှားပါ။ ကျွန်တော်လည်း သူမကို အပြစ်ပေးခဲ့ပြီးပါပြီ။ ဝိညာဉ်မျိုးနွယ်စုကို ယွမ်သခင်မလေးက ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
သူ့မျက်နှာက မျက်နှာချိုသွေးသော အပြုံးကို သယ်ဆောင်နေပြီး ဝိညာဉ်မျိုးနွယ်စုရဲ့ သခင်တစ်ယောက်မှာရှိတဲ့ ခမ်းနား ကြီးမြတ်သော အာဏာ ရှိမနေတော့ပေ။
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို အသာအယာ ပင့်တင်လိုက်ပြီး …
“ဝိညာဉ်မျိုးနွယ်စု အတွင်းမှ စီရွှမ် ရာထူးက အတော်လေး မြင့်ရမယ်။ မဟုတ်ရင်တော့ အမြင့်စား ကျင့်ကြံသူကို စည်းရုံးလို့ မရနိုင်ဘူး”
စီချုံရဲ့ မျက်နှာက အတော်လေး ကသိကအောက် ဖြစ်နေပုံရပြီး သူ့အသံမှာ စိတ်ရှုပ်ထွေးမှုကို ဖော်ပြနေလေရဲ့။ သူမှာ ယွမ်လော့ဖုန်း သူ့ကို နားလည်မှု လွဲသွားမှာ စိုးရွံ့မိနေရတယ်။
“ယွမ်သခင်မလေး… စီရွှမ်ကို ဝိညာဉ်မျိုးနွယ်စု အတွင်းက အကြီးအကဲများက ချစ်ခင် နှစ်သက်ကြတယ်။ ဒါကြောင့်လည်း သူတို့က စီရွှမ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်တာပေါ့။ ဒီကိစ္စနဲ့ ကျွန်တော်က လုံးဝ မသက်ဆိုင်ဘူး ဆိုတာ ကျိန်ဆိုရဲပါတယ်”
“ဒီလိုလား”
မိန်းမပျိုလေးရဲ့ မျက်ဝန်းက ပြုံးရိပ်သန်းနေပြီး သူမရဲ့ မျက်ဝန်းနက်များက အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပုံ ထင်နေရတယ်။ သူမက စီချုံကို တည့်တည့်မတ်မတ် ကြည့်နေတယ်။
စီချုံရဲ့ နှလုံးသားက အတော်ကလေး အားနည်းလာသလို ခံစားရတယ်။ သူ့သမီးက ဝိညာဉ်မျိုးနွယ်စု အာဏာကို အသုံးပြုနေတာ တကယ်လည်း သူ သိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စက သရဲဘုရင်နဲ့ ဆက်နွှယ် နေမယ်လို့တော့ သူ မသိခဲ့ဘူး။ သူ့သမီးကို ယုံကြည်တာကြောင့် ဝိညာဉ်မျိုးနွယ်မှ သူ့အာဏာကို သူ့သမီးကို ပေးအပ် ထားခဲ့တာပေါ့။ မဟုတ်ရင်တော့ စီရွှမ်ရဲ့ အရည်အချင်းနဲ့ ဝိညာဉ်မျိုးနွယ်စု အတွင်းမှာ အမြင့်စားအဆင့် ကျင့်ကြံသူများကို ခိုင်းစေနိုင်တဲ့ အခွင့်အရေး မရှိဘူး။
ဒါပေါ့ ဒီအကြောင်းကို သူက ယွမ်လော့ဖုန်းကို ဘယ်သောအခါမှ ပြောပြမှာ မဟုတ်။
“ယွမ်သခင်မလေး ကျွန်တော်… နတ်ဘုရားများကို တိုင်တည်ပြီး ပြောနိုင်ပါတယ်။ ကျွန်တော်.. ဒီကိစ္စကို လုံးဝ မသိရပါဘူး။ ကျွန်တော့်ကို ယုံကြည်ပေးဖို့ အနူးအညွှတ် တောင်းဆိုပါတယ်။ စီချုံဆိုတဲ့ ကျွန်တော်က ယွမ်သခင်မလေးအတွက် ကြိုးကြိုးစားစား အလုပ် လုပ်ကိုင်ပါမယ်။ သခင်မလေးကို သစ္စာရှိပါမယ်လို့ ကတိပေးပြီး သခင်မလေးအတွက် အသက်ကို ရင်းနှီးပြီး သစ္စာ ရှိပါမယ်”
စီချုံမျက်နှာထားက အရင်လို မျက်နှာချိုသွေးတဲ့ပုံစံ မဟုတ်တော့ဘဲ တည်ကြည် လေးနက်သော ပုံစံသို့ ပြောင်းလဲသွားပြီး သူ့စကားလုံးတိုင်းက ယုံကြည်စရာပေါ့။
သို့သော်လည်း…
စီချုံက စီရွှမ်ပြုလုပ်ခဲ့တဲ့ အပြစ်ကို လုံးဝမသိဘူး ဆိုတာတော့ သူမ လုံးဝ မယုံကြည်နိုင်ဘူး။ ဒါဆိုရင်တော့ သူက ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်တော့ဘူး။
“သူ့ကို အသုံးချလို့ ရပါတယ်”
စီချုံကို ကြည့်နေတဲ့ အမည်းရောင် မျက်ဝန်းနက်များက ယွမ်ရှောင်ဘက်သို့ လှည့်လိုက်တယ်။ တည်ကြည် လေးနက်သော လေသံဖြင့် သူမ ပြောလိုက်တယ်။
“သူ့ကို အဆိပ်ဆေးတိုက်ဖို့ ကိုယ့်မှာ ချင်ယွမ်ရှိတယ်။ သူ့ကို ထိန်းချုပ်ဖို့အတွက် ဒီဆေး ရှိနေရင်တော့ သူ ဘယ်တော့မှ သစ္စာမဖောက်ဘူး”
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။
“ယွမ်မိသားစုမှာ တောက်တိုမည်ရ အလုပ်လုပ်မယ့်လူ မရှိဘူး။ သူ့က ဒီနေရာမှာ သင်းကွပ်ထားတဲ့ နွားထီး တစ်ယောက်လို အလုပ် လုပ်နိုင်မယ် ဆိုရင်တော့ အိမ်မှုဝေယျာဝစ္စ လုပ်ကိုင်ဖို့ သူ့ကို ခေါ်ထားနိုင်တယ်”
“သခင်မလေးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
ဆိုရိုးစကား တစ်ခုအရတော့ ကောင်းမွန်စွာ သေဆုံးခြင်းထက် ဆိုးဝါးသော ဘဝနဲ့ရှင်သန်ခြင်းက ပိုကောင်းတယ်တဲ့။ သူ အသက်ရှင်နိုင်သ၍ သူ့ကို အိမ်မှုကိစ္စ လုပ်ခိုင်းတာကို မဆိုထားနဲ့ တကယ်ပဲ သင်းကွပ်ထားတဲ့ နွားတစ်ယောက် လုပ်ခိုင်းမယ်ဆိုလည်း သူ ဆန္ဒရှိတယ်။
“ရှင်တို့ ဝိညာဉ်မျိုးနွယ်စုက လုံယွမ်တိုင်းပြည်ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်နေတယ်။ တော်ဝင်မိသားစု ကိစ္စကို ရှင် ဘယ်လို ကိုင်တွယ် ဖြေရှင်းလည်းဆိုတာ ကျွန်မ သိနိုင်မလား”
ယွမ်လော့ဖုန်းလည်း ဘေးနားက သစ်ပင်လေးကို အေးအေးလူလူ မှီလိုက်ပြီး အပြုံးမမည်သော အပြုံးလေးဖြင့် မေးလိုက်တယ်။
စီချုံက ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်။
“ယွမ်သခင်မလေးက ဆုံးဖြတ်ချက် ချမှတ် ပေးသင့်ပါတယ်”
ယွမ်လော့ဖုန်းလည်း သူမ မေဖျားကို အသာအယာပွတ်ပြီး ပြောလိုက်တယ်။
“လုံယွမ်တိုင်းပြည်ရဲ့ မင်းသား၇က အတော်လေး ကောင်းမွန်ပါတယ်။ သူက ငယ်ရွယ်သေး သော်လည်း အသိဉာဏ် ရင့်ကျက်မှု ရှိတယ်။ သူက သူ့လုံခြုံရေးကို ပထမဆုံး ဦးစားပေးတဲ့ တစ်ယောက်တည်းသော လူသား။ ဖရိုဖရဲ အခြေအနေမှာ ထီးနန်းအတွက် အစ်ကိုတော်များနဲ့ တိုက်ခိုက်ခြင်း မရှိခဲ့ဘူး”
လုံယွမ်တိုင်းပြည်ရဲ့ မင်းသား၇ မယ်တော်က စောစောစီးစီး ဆုံးပါးသွားခဲ့တယ်။ ဒါကြောင့်လည်း ကွမ်တုနဲ့ သူ့မှာ နက်နဲသော ဆက်နွှယ်ချက် မရှိဘူး။ ကွမ်တုကလည်း သူ့ကို မရှိရင် ဖြစ်တဲ့ လူတစ်ယောက်လို လျစ်လျူရှု ထားတယ်။
***
အပိုင်း(၃၃ဝ)
ယွမ်ရှောင်ပြန်လာခြင်း(၉)
သူက ငယ်ငယ်ရွယ်ရွယ် တည်းက ထူးချွန်တဲ့ အရည်အချင်း ရှိသော်လည်း မျိုးရိုးနိမ့်ပြီး နိမ့်ကျစွာ မွေးဖွားလာတာကြောင့် ကွမ်တု အမြင်ထဲ မရောက်ခဲ့ဘူး။
“ယွမ်သခင်မလေးက ဒီလိုမျိုး ပြောတော့လည်း မင်းသား၇က လုံယွမ်တိုင်းပြည်ရဲ့ ထီးနန်းကို ဆက်ခံသင့်ပါတယ်”
စီချုံက မျက်နှာချိုသွေးသော ပုံစံဖြင့် ပြုံးလိုက်တယ်။
“ယွမ်သခင်မလေး… ကျွန်တော်မျိုးကို တခြား ညွှန်ကြားချင်တဲ့ ကိစ္စ ရှိသေးလားဆိုတာ သိခွင့် ရှိမလား”
ယွမ်လော့ဖုန်းလည်း ပြန်မပြောခင်မှာ တစ်ယောက်တည်း ဇဝေဇဝါ ဖြစ်ကာ တီးတိုး ရေရွတ်နေလေရဲ့။
“ရှင်က ချင်ယန်နဲ့ အတူတူ လိုက်သွားတော့။ သူမက ရှင့်ကို ဘာလုပ်ဖို့ လိုအပ်လည်း ဆိုတာ ညွှန်ကြားလိမ့်မယ်”
“ကျွန်တော်မျိုး နားလည်ပါပြီ”
စီချုံက ရိုသေ လေးစားစွာ ဂါရဝပြုလိုက်တယ်။
ထွက်ခွာသွားတဲ့ ချင်ယန်ရဲ့ ပုံရိပ်ကို ငေးကြည့်ရင်း ယွမ်လော့ဖုန်း တစ်ယောက် နှုတ်ဆိတ်သော လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားတယ်။ သူမ ရှေ့နားမှာ ရပ်နေတဲ့ အမျိုးသားလေးကို ငေးကြည့်ရင်း မေးလိုက်တယ်။
“ဝိညာဉ်မျိုးနွယ်စုက လုံယွမ်တိုင်းပြည်ကို နောက်ကွယ်က ထောက်ပံ့ပေးပြီး ပိုင်မျိုးနွယ်စုက လွေ့ကျင်း တိုင်းပြည်ကို နောက်ကွယ်မှ ကြိုးကိုင်နေတဲ့လူ။ ပိုင်မိသားစုနဲ့ ဝိညာဉ်မျိုးနွယ်စု အင်အားက အတူတူပဲလား”
“ပိုင်မိသားစုနဲ့ ဝိညာဉ်မျိုးနွယ်စုက ခြားနားတယ်။ ဝိညာဉ်စု ၁ဝဝလောက် ရှိနေသော်လည်း ပိုင်မိသားစုကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဘာကြောင့်လဲ”
ဗြုန်းခနဲ ယွမ်လော့ဖုန်း စိတ်ထဲမှာ ချောမောခန့်ညားပြီး ကောက်ကျစ်စဉ်းလဲသော အမျိုးသားလေး မျက်နှာပေါ်လာတယ်။
“ပိုင်မိသားစုမှာ ပိုင်စု ရှိနေတယ်”
ယွမ်ရှောင် မျက်မှောင်ကြုတ် လိုက်ချိန်မှာ ခံစားချက်ကင်းမဲ့သော မျက်နှာထားက မကြုံစဖူး တည်ကြည် လေးနက်သွားခဲ့တယ်။
“ပိုင်စုသာ မရှိရင်တော့ ဝိညာဉ်မျိုးနွယ်စုနဲ့ ပိုင်မိသားစုက အတော်ကြီး ကွာခြားသွားမှာ မဟုတ်ဘူး”
ပိုင်စု…
ယွမ်လော့ဖုန်းလည်း သူနဲ့ အကြည့်ချင်း ဆုံသွားခဲ့တယ်။
“သူက ကျွန်မ မိဘတွေ သေဆုံးခြင်းနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ကျွန်မက သူ့ဇာစ်မြစ်ကို မသိဘူး”
အစကတော့ ဝိညာဉ်မျိုးနွယ်စုနဲ့ ပိုင်မိသားစုက အတော်ကြီး ကွာခြားမယ်လို့ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ အလွယ်တကူ ပြီးမြောက်နိုင်တဲ့ ရိုးရှင်းတဲ့ကိစ္စ တစ်ခုလို့လည်း သူ မမျှော်လင့်ထားခဲ့ပါဘူး။
ဝိညာဉ်မျိုးနွယ်စုကို ရင်ဆိုင်တာ လွယ်ကူခဲ့တယ်။ ဒါပေမဲ့ ပိုင်မိသားစုနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်ရမယ် ဆိုရင်တော့ မလွယ်ကူနိုင်တော့ဘူး…။
“မင်း ပိုင်စုနဲ့ နောက်တစ်ကြိမ် တွေ့လို့ ဘေးနားမှာ ကိုယ် ရှိမနေခဲ့ရင် သူနဲ့ တိုက်ခိုက်တာ မဖြစ်စေနဲ့”
သူ့ရဲ့ ခံစားချက် ကင်းမဲ့သော မျက်နှာမှာ ခန့်မှန်းရခက်သော ပူပန်မှု အရိပ်ယောင်များကို မြင်နေရပြီး ခံစားချက် ကင်းမဲ့သော မျက်နှာမှာ စိုးရိမ် ကြောင့်ကြမှုများလည်း ရှိနေတယ်။ ပိုင်စုဆိုတဲ့လူက အရမ်းကို အန္တရာယ် ရှိတယ်။ ယွမ်လော့ဖုန်းသာ တစ်ယောက်တည်း သူနဲ့ တွေ့ဆုံခဲ့ရင် သူမအတွက်တော့ သေချာပေါက် အကျိုး မရှိနိုင်ဘူး။
“ကျွန်မ နားလည်ပါတယ်”
ယွမ်လော့ဖုန်းလည်း သူမခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး သူ့ရဲ့ ရေခဲတမျှ အေးစက်သော အကြည့်နဲ့ အကြည့်ချင်း ဆုံလိုက်တယ်။
“ကျွန်မ … တစ်ယောက်တည်း သူ့ကို မတိုက်ခိုက်ပါဘူး”
ယွမ်ရှောင်က ယွမ်လော့ဖုန်းကို နက်နက်ရှိုင်းရှိုင်း ငေးကြည့်နေမိတယ်။
“စီချုံကို မင်း ဘေးနားမှာ ထားရတာက သူ့စွမ်းအားက အရမ်းကြီး မဆိုးရွားလို့။ ကိုယ် မင်းဘေးနားမှာ မရှိတဲ့ အချိန်မှာ သူက ယာယီတော့ မင်းကို ကာကွယ် ပေးထားနိုင်တယ်။ အချိန်တန်လို့ မင်း… သူ့ကို ထပ်ပြီးတော့ မလိုအပ်တော့ရင် မင်း သူ့ကို စိတ်ကြိုက် သတ်လို့ ရတယ်”
“ယွမ်ရှောင်”
ယွမ်လော့ဖုန်းလည်း သူမလက်ကို မြှောက်လိုက်ပြီး ရှေ့သို့ နှစ်လှမ်း လှမ်းကာ သူ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက် ထားလိုက်တယ်။
“ရှင့်ကို ကျေးဇူးတင်ပါတယ်”
မိန်းမပျိုလေးရဲ့ နူးညံ့သော တီးတိုးသံလေးက ယွမ်ရှောင် ခန္ဓာကိုယ်ကို အနည်းငယ် တောင့်တင်း သွားစေတယ်။ သူမကို တင်းကျပ်စွာ ပြန်လည် ပွေ့ဖက် ထားလိုက်တယ်။ သူမမျက်လုံးများ မှေးစဉ်းနေချိန်မှာ ဆွဲဆောင်မှု ရှိတဲ့ နီနီရဲရဲ နှုတ်ခမ်းလေးက အပြုံးလေး တစ်ပွင့် အဖြစ် တွန့်ကွေးနေတယ်။
“ ကိုယ် မင်းကို ကာကွယ်ပေးမယ်လို့ အရင်တည်းက ပြောခဲ့ပါတယ်”
သူမကို ကာကွယ်ဖို့ ရွေးချယ်ခဲ့ကတည်းက သူမကို နာကျင် ထိခိုက်အောင် ပြုလုပ်ဖို့ ခွင့်မပြုနိုင်ဘူး။ ပိုင်မိသားစုပဲ ဖြစ်ဖြစ်…. တခြားလူတွေ ဖြစ်ဖြစ်ပေါ့။
“အဟွတ်… အဟွတ်…”
ရုတ်တရက် ချောင်းခြောက်ဆိုးသံကို ကြားလိုက်ရတယ်။ ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ရဲ့ ရင်ခွင်ထဲမှ အလျင်အမြန် ထွက်လိုက်တယ်။ ခြံဝင်း အပြင်ဘက်မှ လျှောက်လှမ်းလာတဲ့ အဘိုးအိုကို ကြည့်လိုက်တယ်။
“အဘိုး ဒီနေ့ အရမ်း ပျော်နေတယ် ထင်တယ်။ ကိုယ့်မြေးလေးနဲ့ သူ့ကောင်လေး ကြည်နူးနေတာ လာနှောင့်ယှက်တယ်ပေါ့”
ယွမ်လော့ဖုန်းလည်း မျက်ခုံး ပင့်လိုက်ပြီး အပြုံး မမည်သော အဘိုးအိုရဲ့ အနေရခက်နေတဲ့ မျက်နှာကို ကြည့်လိုက်တယ်။
“မြေးဆိုးလေး… ဒီအဘိုးကြီးက အခုမှ အိမ်တော်ကို ရောက်တာ။ နောက်ထပ် တောက်တိုမည်ရ အလုပ် လုပ်ကိုင်မယ့် လူတစ်ယောက် ငှားရမ်း လိုက်တယ်ဆို”
အဘိုးအိုက သူ့အပြုအမူကို အနည်းငယ်မျှ ရှက်ပုံ မရဘူး။ ဆုံးမ သြဝါဒပေးသော လေသံဖြင့် ပြောနေလေရဲ့။
“ငါတို့ ယွမ်မိသားစုမှာ လူ အလုံအလောက် ရှိပြီးသားပါ။ ဒီလူတွေကို ကျွေးမွေးဖို ငွေစ ဘယ်လောက် လိုအပ်တယ်ဆိုတာ သိလား။ မြေးဆိုးက အိမ်တော်ကို မစီမံတော့ ဆန် ဘယ်လောက် ဈေးကြီးတယ် ဆိုတာ မသိဘူး။ ဒီအဘိုးကြီးက ငွေကို မြေကြီးထဲက တူးယူတယ်လို့ ထင်နေတာလား”
ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်တယ်။
“ယွမ်မိသားစုကို ငွေရှာပေးနေတဲ့လူက ဖုန်းအာပါ”
ယွမ်လော့က ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“မြေးဆိုးက ငွေရှာတယ်ဆိုတာ ဘာသဘောလဲ။ မြေး ပိုင်တယ်ပေါ့။ ဒီငွေစကို အဘိုးလည်း ပိုင်တယ်။ ဒီတောက်တိုမည်ရ လုပ်မယ့်လူကို ငွေ ဘယ်လောက် ပေးမှာလဲ”
“သူက အလကား အလုပ် လုပ်မှာပါ”
ယွမ်လော့ဖုန်းလည်း သူမနှာခေါင်းလေးကို အသာလေး ပွတ်လိုက်တယ်။
“အို့… ဒါနဲ့ တောက်တိုမည်ရ လုပ်မယ့်လူရဲ့ ဇာစ်မြစ်က ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင်…”
***
Bạn đang đọc truyện trên: Truyen247.Pro