
စာစဉ်(၁၂) 276+277+278+279+280
အပိုင်း(၂၇၆)
နောင်တ(၁)
မုဝူစွမ်း၏ ချောမောလှပသော မျက်ဝန်းများက တျန်းခယ်ကို နာကျင် ကြေကွဲစွာ ကြည့်နေစဉ်မှာ သူမ၏ခန္ဓာကိုယ်က မသိမသာ တုန်ရီနေတယ်။ ကြော့ရှင်းသော မျက်နှာက အရမ်းကို ဖြူဖျော့နေခဲ့ပြီး သူမ၏ မျက်ဝန်းများက စိတ်အားငယ်ခြင်းဖြင့် ပြည့်နေတယ်။
“သခင်မလေး ထျန်းခယ်။ ဘာတွေ ပြောလိုက်တာလဲ။ ဝူစွမ်း နားမလည်နိုင်ဘူး”
အခုချိန်ထိ ထျန်းမိသားစုက သူမကို ဆေးဝါးစမ်းသပ်သူ တစ်ယောက် ဖြစ်လာစေဖို့ လာခေါ်တယ် ဆိုတာ မယုံကြည်နိုင်သေးဘူး။
“မုဝူစွမ်း နင် နားမလည်သေးဘူးလား”
ထျန်းခယ်က အေးတိအေးစက် သူမ၏ မျက်နှာကို မာနဝင့်ကြွားစွာ မော့လိုက်တယ်။
“ဒီအပြုအမူကို နားလည်လို့ လွယ်ကူမယ်လို့ ထင်ခဲ့မိတယ်။ နားမလည် နိုင်လောက်တဲ့အထိ နင်က တုံးအနေမယ်လို့ မထင်ထားခဲ့မိဘူး။ နင့်လို တစ်ကိုယ်ကောင်း ဆန်ပြီးတော့ ကိုယ့်မိသားစုကို စွန့်လွှတ်ရဲတဲ့ လူတစ်ယောက်ကို ငါတို့ ထျန်းမိသားစုက အသုံးပြုမယ်လို့ ထင်နေတာလား။ နင့်ကို မြှင့်တင်ပေးတာက ငါတို့ကို ပြန်သတ်မယ့် ဝံပုလွေကို မွေးထားတာနဲ့ အတူတူပဲလေ”
မုဝူစွမ်း၏ ခန္ဓာကိုယ်က ပို ပိုပြီးတော့ တုန်ရီလာကာ လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး မြေပြင်ပေါ်မှ ထဖို့ ကြိုးစားတယ်။
“သခင်မလေး ထျန်းခယ် ပြောခဲ့တယ်လေ။ ထျန်းမိသားစုက လူတစ်ယောက် ဖြစ်ချင်ရင် တခြားလူရဲ့ သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်ရဘူးဆို။ ကျွန်မက သခင်မလေးကို အမိန့်ကို နာခံရုံပါ။ ကျွန်မက ဘာအမှား ပြုလုပ်ခဲ့လို့လဲ”
စိတ်ပျက်ဖွယ် မုဝူစွမ်း၏ စကားကြောင့် ထျန်းခယ်လည်း သူမနှုတ်ခမ်းကို မြင့်တက်ပြီး မထီမဲ့မြင်ပြုံး ပြုံးလိုက်တယ်။
“ဟုတ်ပါတယ်။ ဒီစကားကို ငါ ပြောခဲ့တာပါ။ သို့သော်လည်း ငါတို့နောက်ကို လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်တာက နင်။ ကိုယ့်မိသားစု အရင်းကို စွန့်ပစ်နိုင်တဲ့လူက ငါတို့ ထျန်းမိသားစုကိုလည်း သစ္စာဖောက်မှာပဲ။ နင့်ကိုယ်နင် ငါတို့မိသားစုက အရေးပါတဲ့ လူတစ်ယောက်လို့ ထင်နေတာလား”
မိုးကြိုး ငါးစင်း ကျရောက် လာသောကြောင့် မုဝူစွမ်း၏ ခြေလှမ်းများ ယိုင်တိုင်တိုင် ဖြစ်သွားရတယ်။ သူမ မြေကြီးပေါ်မှာ လဲမကျသွားစေဖို့ သူမ ဘေးနားမှာ ရှိနေသော ကြီးမားသော သစ်ပင်ကို အားယူလိုက်ရတယ်။
ဆေးဝါး စမ်းသပ်ခံဆိုတာ ဘာလဲဆိုတာ သမားတော် တစ်ယောက် ဖြစ်တဲ့ မုဝူစွမ်းက မသိတာလား။
ဆေးဝါး စမ်းသပ်ခံရသူက ဆေးဝါးများကို အစမ်း အရင်ဆုံး အသုံးပြုရသူပေါ့။ တချို့ သမားတော်များက သူတို့အတွက် ဆေးကို စမ်းသပ်ဖို့အတွက် များစွာသော ဆေးဝါး စမ်းသပ်သူကို ပြင်ဆင်ထားတယ်။ ဆေးဝါး စမ်းသပ်သူများ၏ သေခြင်း၊ ရှင်ခြင်းက သမားတော်၏ အရည်အချင်းပေါ် မူတည်တယ်။
ရယ်စရာ ကောင်းလိုက်တာ။ ထျန်းမိသားစုက သူမကို ဒီအတွက်ကြောင့် လာခေါ်ခဲ့တယ်ပေါ့။ ထျန်းမိသားစုထဲ ဝင်ရောက်နိုင်ဖို့ သူမကို ချစ်ခင် အလိုလိုက်တဲ့ မိသားစုကို သစ္စာဖောက်ခဲ့ရတယ်။
“လက်မခံနိုင်ဘူး”
မုဝူစွမ်းလည်း စိတ်နှလုံး ကြေကွဲစွာ အော်ဟစ်လိုက်တယ်။ သူမအသံက ဝမ်းနည်း ကြေကွဲသံ ပေါက်နေတယ်။ လှပသော မျက်ဝန်းမှ မျက်ရည်စီးကြောင်း နှစ်ခု ကျဆင်းနေတယ်။
သူမ လက်မခံနိုင်ဘူး။
ဒီနေရာမှာ သူမ အရှုံးကို လက်မခံနိုင်ဘူး။ ဒီကုန်းမြေစုမှာ ထိပ်ဆုံး မရပ်တည် ရသေးဘူး။ နတ်ဆေးသမားတော် တစ်ယောက် အဖြစ် အောင်မြင်မှု မရသေးဘူး။ ယွမ်လော့ဖုန်းရဲ့ ရှေ့မှာ မရှုံးချင်ဘူး။
သူ့ဘေးနားက ထျန်းခယ်ကို မကြည့်မီမှာ ထျန်းယွီက မုဝူစွမ်းကို အေးတိအေးစက် ကြည့််လိုက်တယ်။
“ထျန်းခယ် သွားမယ်”
ထျန်းခယ်လည်း ခေါင်းညိတ်လိုက်ပြီး ခြံဝင်း အပြင်ဘက်သို့ ထွက်ခွာရန် ထျန်းယွီ၏ ခြေလှမ်း နောက်မှ လှမ်းလာခဲ့တယ်။
သူမလည်း ယွမ်လော့ဖုန်း အနားသို့ ဖြတ်သွားချိန်မှာ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး တိုးလျသော လေသံဖြင့်
“ဒီတစ်ကြိမ်တော့ ထျန်းယွီကြောင့် နင်နဲ့ ငါ ရန်ပွဲ မဖြစ်တော့ဘူး။ ဒါပေမဲ့ နောင်မှာ နင်နဲ့ ငါ ပက်ပင်းတိုးခဲ့မယ် ဆိုရင်တော့ ငါက နင့်ကို အလွယ်တကူ အလွတ်ပေးတော့မှာ မဟုတ်ဘူး”
ယွမ်လော့ဖုန်းလည်း ဘာကိုမျှ ဂရုမစိုက်သည့် စတိုင်ဖြင့် အသာယာ မျက်ခုံးပင့်လိုက်တယ်။ သူမ၏ မျက်ဝန်းနက် တစ်စုံက ကောက်ကျစ် စဉ်းလဲသော်လည်း ချစ်ဖို့ကောင်းသော ပြုံးရိပ်လေး သန်းနေတယ်။
“ကိစ္စမရှိပါဘူး။ နင့်မှာ အရည်အချင်း ရှိမယ်ဆိုရင် ငါနဲ့ လာရင်ဆိုင်ပေါ့”
သူမမျက်နှာမှာ ပြုံးနေသော်လည်း သူမအသံက အလွန်ကို မာန ဝင့်ကြွားလွန်းတယ်။ ဒါကြောင့် ထျန်းခယ်၏ မျက်နှာ အမူအရာကို ချက်ချင်း ပြောင်းလဲ သွားစေတယ်။ သူမရဲ့ ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ရင်ထဲက ဒေါသစိတ်ကို ထိန်းချုပ်နိုင်ရန် အသက် ခပ်ပြင်းပြင်း ရှိုက်နေရတယ်။
ထျန်းခယ်လည်း နောက်ဘက်သို့ လုံးဝ လှည့်မကြည့်ဘဲ ခြံဝင်းအပြင်သို့ ခြေလှမ်း ခပ်ကျဲကျဲဖြင့် လျှောက်လှမ်း သွားလိုက်တယ်။
“မထားခဲ့ရဘူး”
ပျောက်ကွယ်သွားတဲ့ လူနှစ်ယောက်၏ ပုံရိပ်ကို ကြည့်ရင်း မုဝူစွမ်းမှာ ကြောက်လန့်ခြင်းကို နောက်ဆုံးတော့ တွေ့ကြုံ ခံစားလိုက်ရတယ်။ သူမမှာ သူတို့နောက်သို့ အလျင်မြန် ပြေးလိုက်တော့တာပါပဲ။
“သခင်မလေးထျန်းခယ်… မသွားပါနဲ့နော်။ ကျွန်မရဲ့ အမှားကို သိပါပြီ။ မသွားပါနဲ့နော်”
ခစ် … ခစ်
သူမ အလျင်အမြန် ပြေးမထွက်ခင်မှာ ချောမောလှပသော အမျိုးသမီးလေး တစ်ယောက်၏ ပုံရိပ်က သူမ အနားမှာ ပေါ်လာခဲ့ကာ လက်ဖဝါးက သူမရဲ့ ရင်ဘတ်ပေါ်သို့ ကျရောက် လာခဲ့တယ်။ သူမခန္ဓာကိုယ်က မြေပြင်ပေါ်မှာ ပြင်းထန်စွာ မရိုက်ခတ်မီမှာ အဝေးသို့ လွင့်စဉ်သွားရတယ်။
***
အပိုင်း(၂၇၇)
နောင်တ(၂)
ချင်ယန်က လှောင်ပြုံး ပြုံးကာ မုဝူစွမ်းရှေ့မှာ ရပ်နေလေရဲ့။
“မုဝူစွမ်း… နင်… ငါ့သခင်မလေးကို ဒီနှစ်တွေမှာ ဘယ်လို အနိုင်ကျင့်ခဲ့လဲ ဆိုတာ မှတ်မိသေးရဲ့လား။ အခုတော့ နင် လုပ်ခဲ့တဲ့ မကောင်းမှုကို ပြန်လည် ပေးဆပ်ရမယ့်အချိန် ရောက်ပြီ”
ဘန်း
မုဝူစွမ်းမှာ စကားပြောဖို့ နှုတ်ခမ်းကို ဖွင့်ဟရုံသာ ရှိသေးသော်လည်း နောက်ထပ် လက်ဖဝါး ရိုက်ချက်က ကျရောက်လာပြီး သူမခန္ဓာကိုယ်ကို လေထဲ လွင့်မျော သွားစေတယ်။ သူမ၏ ပါးစပ်မှ လတ်ဆတ်သော သွေးများ အဆက်မပြတ် အန်လာရတာပေါ့။
တိတ်ဆိတ်သွားတယ်။
အမတ်ချုပ် အိမ်တော် တစ်ခုလုံး အရမ်း တိတ်ဆိတ် သွားတာ။
ယွမ်လော့ဖုန်း၏ ကိုယ်ပိုင် အစေခံ တစ်ယောက်မှာ ဘယ်လို အရည်အချင်းများ ပိုင်ဆိုင်နေလည်း ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အဆင့်တန်းနိမ့်ပြီး လူမသိ သူမသိ အစေခံမလေး တစ်ယောက် အမြင့်စား အနိမ့်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလား။ ဒီအကြောင်းအရာက အံ့သြ ထိတ်လန့်တာထက် ပိုနိုင်တယ်။
ဒီအချိန်မှာ မုဝူစွမ်းက ချင်ယန်၏ စွမ်းအားကို သတိမထားမိပေ။ ထွက်ခွာသွားတဲ့ ထျန်းမိသားစုဝင် နှစ်ယောက်ကို စိတ်နှလုံး ကြေကွဲစွာ ငေးကြည့်နေတယ်။ သူမဘဝက အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားသလို ခံစားရတာ။
အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသော နာကျင်မှုမျိုးကို သူမနှလုံးသားမှ ခံစားနေရတယ်။ မြေပြင်ပေါ်က အလျင်မြန်ထပြီး မုချင်ချောင် ရှိရာ ပြေးသွားတော့တယ်။
“ဘိုးဘိုး… မြေးလေး အမှားကို သိပါပြီ။ ဘိုးဘိုးရဲ့ မြေးလေးက သူမအမှားကို သိသွားခဲ့ပါပြီ။ တော်ဝင် နန်းတော်ကို သွားပြီး မိဖုရားကို တောင်းပန်ပေးပါ။ မိဖုရား ပြောပေးခဲ့ရင် ဘုရင်က ကျွန်မကို သေချာပေါက် ကယ်တင်ပေးမှာပါ”
မုချင်ချောင်က သူ့မျက်လုံးကို ပိတ်ထားခဲ့တယ်။ သတိ ပြန်ဝင်လာပြီးနောက် မျက်လုံးများကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်လုံးများမှာ စိတ်ပျက်မှုများ ပြည့်နေရတယ်။
“ဝူစွမ်း နင် … အခုတော့ နောင်တရနေပြီပေါ့။ ဒါဆိုရင် အစတည်းက နောင်တရမယ့် ကိစ္စမျိုးကို ပြုလုပ်ရတာလဲ။ နင်က ပထမဆုံး မုမိသားစုကို စွန့်ပစ်ခဲ့တာ။ အခုတော့ ထျန်းမိသားစုက နင့်ကို စွန့်လွှတ်သွားခဲ့ပြီ။ အခုတော့ နင့်ကို ကယ်ပေးဖို့ ငါတို့ကို တောင်းပန်နေပြီပေါ့။ ငါ စဉ်းစားနေတယ်။ နင့်ကို ဘယ်လို ကယ်တင်သင့်လဲ ဆိုတာ”
မုချင်ချောင်၏ စကားသံကို ကြားတော့ သူမတို့ မိသားစုကို ချည်နှောင်ထားသော တတိယလူ တစ်ယောက် ရှိနေသေးတယ် ဆိုတာ သတိရသွားကာ သူမ မျက်ဝန်းက ချက်ချင်း အရောင်တောက် သွားတယ်။
“ဘိုးဘိုး နောက်ကွယ်မှာ လုံယွမ်တိုင်းပြည်ကို ထောက်ပံ့ပေးနေတဲ့ ဝိညာဉ်မျိုးနွယ်စု ရှိနေသေးတာပဲ။ တော်ဝင် နန်းတော်ကို သွားပြီး ကြင်ရာတော် မိဖုရားကို တောင်းပန်ရမယ်။ ဘုရင်က ကြင်ရာတော်ကို ချစ်ခင် အလိုလိုက်တယ် ဆိုတော့ ကြင်ရာတော်ကြောင့် မြေးတို့ မိသားစုကို သေချာပေါက် ကယ်တင် ပေးလိမ့်မယ်။ ဘုရင်က မြေးတို့ကို ကယ်တင်ချင်တယ် ဆိုရင် ဝိညာဉ်မျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူကို ဖိတ်ကြား ပေးလိမ့်မယ်။ ဒီနည်းလမ်းမှသာ အပျက်မ ယွမ်လော့ဖုန်းက မုမိသားစုဝင်များကို မသတ်နိုင်တော့မှာ”
မုချင်ချောင်က သူမဘဝကို ကယ်တင် ပေးနိုင်သော နောက်ဆုံး မျှော်လင့်ချက် တစ်ခုပါ။ အသနားခံပြီး နောက်ဆုံးသော မျှော်လင့်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားမှာပါ။
“ဝူစွမ်း… အဘိုး နင့်ကို မကယ်တင်ပေး နိုင်တော့ဘူး”
မုချင်ချောင်လည်း ခေါင်းကို ခါလိုက်တယ်။
“အဘိုး မပြောနဲ့ နင့်ကို ဘုရင်လည်း ကူညီပေးနိုင်မှာ မဟုတ်ဘူး။ မုမိသားစုကိုလည်း ကယ်တင် ပေးနိုင်တော့မှာ မဟုတ်ဘူး”
“အဘိုး…”
မုဝူစွမ်းက စိတ်မထိန်းချုပ်နိုင် စီခနဲ ဒေါသတကြီး အော်ပြောလိုက်တယ်။
“ကျွန်မက … အဘိုး မြေး တစ်ယောက်ပါ။ အဘိုးက ကျွန်မကို မကယ်တင်ဘဲ နေနိုင်ရတာလဲ။ ကျွန်မ သေတာကို မမြင်ချင်ဘူး မလား။ ကျွန်မ မသေချင်သေးဘူး။ အဘိုး မကယ်တင်လို့ သေဆုံးရတာ မဖြစ်ချင်ဘူး။ မဟုတ်ရင် သေဆုံးသွားတဲ့ ကျွန်မ မိဘတွေ ဝိညာဉ်က အဘိုးကို အလွတ်ပေးမှာ မဟုတ်ဘူး”
တောက်…
မုဝူချန်က သူ့လက်ကို မြှောက်လိုက်ပြီး မုဝူစွမ်းကို ပါးရိုက်ချလိုက်တယ်။ သူ့မျက်နှာ အမူအရာက လေးနက် တည်ငြိမ်နေပြီး ခက်ထန်စွာ ပြောလာတယ်။
“မုဝူစွမ်း နင်က အရင်ဦးဆုံး မိသားစုကို သစ္စာဖောက်ခဲ့တာ။ နင့်ကို မကယ်လို့ တခြားလူကို အပြစ်တင်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ”
ဒီပါးရိုက်ချက်က မုဝူစွမ်း၏ စိတ်ကို မတည်ငြိမ်စေသည့် အပြင် သူမကို ပိုပြီး ဗျာများစေတယ်။ သူမကို ရုပ်ဆိုး အကျည်းတန် စေတယ်။
“မုမိသားစု တစ်စုလုံးက တန်ဖိုး မရှိတဲ့လူတွေ။ သိပ်မကြာခင်မှာ နင်တို့ တန်ရာတန်ကြေး ပြန်လည် ပေးဆပ်ရတော့မယ်။ ဟား…ဟား…”
သူမက ထိတ်ထိတ်ပျာပျာ သုံးကြိမ်တိတိ အော်ရယ်လိုက်ပြီး အမုန်းပြည့်နေသော မျက်ဝန်းများဖြင့် ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ယွမ်လော့ဖုန်း… နင် ငါ့ကို မသတ်နိုင်ပါဘူး။ မဟုတ်ရင် သရဲဘုရင်က နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”
သရဲဘုရင်…။
မုဝူစွမ်းက ထိုစကားကို ပြောလိုက်တဲ့ အချိန်မှာ ယွမ်ရှောင် မျက်နှာက ချက်ချင်း အေးတိအေးစက် ဖြစ်သွားတာကို သတိ မထားမိလိုက်ပေ။ လူသတ်ချင်သော အငွေ့သက်များက သူ့ရဲ့ အေးစက်စက် မျက်ဝန်းများမှာ ပေါ်ထွက်နေတယ်။
“ယွမ်လော့ဖုန်း… နင် ဒီအမှန်တရားကို မသိနိုင်ပါဘူး။ ကွမ်လန်က ဘာလို့ ဝါးစံအိမ်တော်ကို ပို့ခံရလဲ ဆိုတာ သိလား။ သရဲဘုရင်က ငါ့ကို ကြိုက်နေလို့လေ။ ကွမ်လန်က ငါ့ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တာ။ ငါ့အတွက်နဲ့ သရဲဘုရင်နဲ့ ရင်ဆိုင် တိုက်ခိုက်ချင်တဲ့ အတွက်ကြောင့် သရဲဘုရင်က သူ့ကို ဝါးစံအိမ်တော်ကို ပို့ဖို့ လူလွှတ်လိုက်တာပေါ့။ နင်က ငါ့ဆံပင် တစ်မျှင်ကို ထိရဲ ထိကြည့်လိုက်လေ။ သရဲဘုရင် သိသွားခဲ့ရင် နင့်ကို သေချာပေါက် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
မုဝူစွမ်းက ကျေနပ်စွာ ဟားတိုက် ရယ်မောနေတယ်။ သူမ မျက်နှာပေါ်မှာ ကြောက်ရွံ့မှုဆိုတာ ရှိမနေဘဲ ထို့အစား သူမကိုယ် သူမ ဂုဏ်ယူဝင့်ကြွားမှုများက အစားထိုးသွားတယ်။
***
အပိုင်း(၂၇၈)
သရဲဘုရင် ကြိုက်တဲ့မိန်းကလေးက ယွမ်လော့ဖုန်း
ဟား … ဟား
ဒီစကားကို ပြောလိုက်တဲ့ အချိန်မှာ ခြံဝင်းအတွင်းမှ ရှေးဟောင်း သစ်ပင်ပေါ် ပုန်းနေသော လူတစ်ယောက် လူအုပ်ထဲသို့ လဲကျလာတယ်။
“အာ… တောင်းပန်ပါတယ်”
ချင်ယွမ်လည်း ပြက်ရယ်ပြုစွာ ရယ်မောလိုက်ပြီး မတ်တတ် ထရပ်လိုက်တယ်။
“အရမ်း ရယ်ရလွန်းလို့ သည်းမခံနိုင်တော့ဘဲ အပေါ်က ပြုတ်ကျလာရတာပါ”
သူ့သခင်က သူ့ကို လူမြင်ကွင်းမှာ ပေါ်လာတာကို မကြိုက်နှစ်သက်ပေ။ ဒါကြောင့်လည်း သူ့မှာ သစ်ပင်ပေါ် ပုန်းနေရတာပေါ့။ မုဝူစွမ်း၏ ကိုယ့်ဘာသာ အထင်ကြီးလွန်းသော တစ်ယူသန် စကားများကို ကြားရတော့ အရမ်း အံ့သြမိသွားတာကြောင့် ဂရုမဲ့စွာ သစ်ပင်ပေါ်က ပြုတ်ကျ လာရတာပေါ့။
“မင်းက ဘယ်သူလဲ”
မုချင်ချောင်၏ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲ သွားရတယ်။ မုမိသားစုနဲ့ ယွမ်မိသားစု တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေချိန်မှာ သူတို့ကို လျှို့ဝှက်နေရာမှ စောင့်ကြည့်နေတဲ့ လူတစ်ယောက် ရှိမယ်လို့ မထင်ထားခဲ့မိဘူး။ ပြောရမယ်ဆိုရင် သူလည်း ဒီလူကို မသိဘူး။
ဒီလူ့စွမ်းအား အခြေနေက ဘယ်လိုရှိပါလဲ။
“ခင်ဗျားက ကျုပ်ကို မေးလိုက်တာလား”
ချင်ယွမ်လည်း မုချင်ချောင်ဘက်သို့ ရယ်မောပြီး လှည့်ကြည့် လိုက်တယ်။
“လုံယွမ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားက ကျုပ်ကို သေချာ သိပါတယ်။ သူ့ကို ဝါးစံအိမ်တော်ကို ဈေးကောင်းကောင်းနဲ့ ရောင်းစားပြီး ပို့ပေးလိုက်တာ ကျုပ်လေ။ ပြောရမယ်ဆိုရင် အိမ်ရှေ့စံမင်းသား ခန္ဓာကိုယ်က အရမ်း ကောင်းလွန်းတယ်။ ဒါကြောင့် ဝါးစံအိမ်တော် အတွင်းက ဖောက်သည်တွေက သူ့ကို ကြိုက်နှစ်သက်တာ”
ဒါပေါ့… အိမ်ရှေ့စံမင်းသား ခန္ဓာကိုယ်က အရမ်း မိုက်တယ်ဆိုလည်း သူ့သခင်ရဲ့ ခန္ဓာကိုယ်ကို ယှဉ်နိုင်မှာတော့ မဟုတ်ဘူး။
“နင်က သရဲဘုရင်ရဲ့ လက်အောက် ငယ်သားလား”
ချင်ယွမ်ရဲ့ စကားကို ကြားတော့ မုဝူစွမ်း၏ စိတ်ထဲမှာ ပျော်ရွှင် ကြည်နူး သွားရတယ်။
“ငါ့ကို ကယ်ဖို့ ဒီနေရာကို လာခဲ့တာလား”
ချင်ယွမ်လည်း ဟားတိုက် ရယ်မော လိုက်တယ်။
“မင်း … တစ်ခုခုတော့ မှားနေပြီ ထင်တယ်။ ငါ့သခင်က နင်ကို မသိဘူး။ ဘာကြောင့် နင့်ကို ကယ်ခိုင်းရမှာလဲ”
ငါ့ကို မသိဘူး။
ဒီစကားက မုဝူစွမ်းရဲ့ မျက်နှာ အမူအရာကို ပြောင်းလဲ သွားစေတယ်။
“သူ ငါ့ကို မကြိုက်ဘူးဆိုရင် ငါ့အချစ်ကို ပိုင်ဆိုင်ရဖို့ အတွက် ကွမ်လန်နဲ့ ယှဉ်ပြိုင်ရတာလဲ”
ချင်ယွမ် မျက်နှာမှာ အပြုံးလေးက ရှိနေဆဲပါ။ သူ့မျက်လုံးက လှောင်ပြုံးကို ဖော်ပြနေသေးတယ်။
“ကျုပ်သခင် ကြိုက်တဲ့ မိန်းကလေးက ယွမ်မိသားစု ယွမ်လော့ဖုန်းလေ။ သူမ အချစ်ကို ပိုင်ဆိုင်ရဖို့ ကွမ်လန်နဲ့ ယှဉ်ပြိုင်စရာ မလိုအပ်ဘူး။ ကွမ်လန်က ကျုပ်သခင်ရဲ့ အနာဂတ် ဇနီးလောင်းလေးကို အမြဲ အနှောင့်အယှက်ပေးပြီး ဒေါသထွက်စေတာ ကြောင့်ပေါ့။ ဒါကြောင့် သူ့ကို ဝါးစံအိမ်တော်မှာ သွားပစ်ဖို့ ပြောတာပေါ့။ ဒါမှလည်း သူတို့နှစ်ယောက် အေးအေးဆေးဆေး နေနိုင်မှာပေါ့”
အချစ်ပြိုင်ဘက်တဲ့လား။
ကွမ်လန်ဆိုတဲ့ ကောင်က ယွမ်လော့ဖုန်းရဲ့ အချစ်ကို ပိုင်ဆိုင်ရဖို့ ကျုပ်သခင်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်း မရှိဘူး။ သူ့သခင်ရဲ့ အပြုအမူက သူ့မိန်းကလေး အနားမှာ အနှောင့်ယှက် ပေးနေတဲ့ ယင်ကောင် တစ်ကောင်ကို မောင်းထုတ် လိုက်တာပါ။ ဒါကြောင့် အချစ်ပြိုင်ဘက်ဆိုတဲ့ စကားက ဘယ်နေရာက ရောက်လာတာလဲ။
မုဝူစွမ်း မျက်နှာက ချက်ချင်းကို အလွန် ဖြူဖျော့သွားတယ်။ ခြေလှမ်းများလည်း အနောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားတယ်။ သူဦးခေါင်းက နောက်ဘက်သို့ လန်ကျသွားတာ။ သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာ အမူအရာပုံစံက သေသွားတဲ့ လူတစ်ယောက်ရဲ့ မီးခိုးရောင် သန်းနေသော မျက်နှာနှင့် ဆင်တူတယ်။
သရဲဘုရင် ချစ်တဲ့ မိန်းကလေးက ယွမ်လော့ဖုန်းတဲ့လား။
ဘာကြောင့်လဲ။ ဘာကြောင့် ယွမ်လော့ဖုန်းက အမြဲ ကံကောင်း နေရတာလဲ။ သရဲဘုရင်ကလည်း အဲဒီမိန်းမပျက်ကို နက်နက်ရှိုင်းရှိုင်း ဖြစ်နေတယ်တဲ့လား။ သူမကို သရဲဘုရင်က ချစ်နေတယ်လို့ ထင်နေခဲ့မိတာ အရမ်းကို ရယ်စရာ ကောင်းခဲ့တာပါလား။
ရုတ်တရက် မုဝူစွမ်းက တစ်စုံတစ်ရာကို အမှတ်ရ သွားပုံရတယ်။ သူမရဲ့ အက်ကွဲနေသော အသံမှာ ရူးသွပ်မှု တစ်စွန်းတစ်စ ပါဝင်နေတယ်။
“ဟား ဟား။ သရဲဘုရင် ကြိုက်တဲ့ မိန်းကလေးက တကယ်ပဲ ယွမ်လော့ဖုန်းလား။ တကယ်ကို ကံဆိုးသွားရှာတဲ့ သရဲဘုရင်ပါလား။ ယွမ်လော့ဖုန်းဆိုတဲ့ မိန်းမပျက်က သူမရဲ့ သက်တော်စောင့်နဲ့ မသင့်လျော်တဲ့ ဆက်ဆံရေး ရှိနေတယ်။ သူမရဲ့ ဖြူစင်မှုကို ဆုံးရှုံးခဲ့ရပြီလေ။ သရဲဘုရင်က သူမကို ဆက်ပြီးတော့ ကြိုက်နိုင်မယ် လို့တော့ ကျွန်မ မမြင်”
မုဝူစွမ်းရဲ့ ရူးသွပ်တဲ့ စကားကို ကြားရတော့ ချင်ယွမ်လည်း ဝေါယာဉ်ပေါ်မှာ ထိုင်နေသော အေးတိအေးစက် နိုင်ပြီး ခံစားချက်မဲ့သော အမျိုးသားလေးကို ဖျတ်ခနဲ အကဲခတ် ကြည့်လိုက်တယ်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး ကြောက်ရွံ့လွန်းလို့ ချွေးအေးများဖြင့် ဖုံးလွှမ်း လာရတယ်။
အစတည်းက သူ… ပြဿနာကို ကောင်းစွာ မဖြေရှင်းခဲ့လို့ မုဝူစွမ်းက သူမကို သခင်က ကြိုက်နေတာလို့ မှားယွင်း ယူဆခဲ့ရတာ။ ဒီပြဿနာက သူ့သခင်ကို သေချာပေါက် အလွန် မကျေမနပ် ဖြစ်စေမယ်။ ဒါပေမဲ့ ဒီမိန်းမက အလွန်ကို ထုံထိုင်းပြီး အတ္တကြီးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
အမျိုးသားလေး၏ ခန္ဓာကိုယ်မှ လူသတ်ချင်စိတ်များ တိုးပွား လာတာကို ခံစားရမိတာကြောင့် ချင်ယွမ်မှာ ကတုန်ကရီ ဖြစ်လာကာ ခေါင်းကို ပခုံးနှစ်ဖက်ကြား ဝှက်ထားလိုက်တယ်။ သူလည်း သူမနဲ့ ကံတရားတူသွားမှာ ကြောက်ရွံ့တာကြောင့် ဟားတိုက် ရယ်မောနေတဲ့ မုဝူစွမ်းဘက်သို့ လှည့်လိုက်ပြီး ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။
“ပြောလိုက်ဦးမယ်။ စိတ်တော့ မကောင်းပါဘူး။ မင်းပြောနေတဲ့ ယွမ်သခင်မလေးနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးရှိတဲ့ သက်တော်စောင့်က ကျုပ်သခင်ပါ”
***
အပိုင်း(၂၇၉)
မုမိသားစုကို ဖျက်ဆီးခြင်း(၁)
သူ့သခင်က သူ ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ရတာ မကြိုက်နှစ်သက်မှန်း သိတာကြောင့် ချင်ယွမ်လည်း သူ့စကားပြောတဲ့ အချိန်မှာ တမင်တကာ တိုးတိုးလေး ပြောလိုက်တယ်။ မဟုတ်ရင်တော့ ရှောင်မိသားစုရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုရင်တော့ သူ့သခင်ကို အနှောင့်ယှက် ပေးနိုင်မယ့် အခွင့်အရေးကို လက်လွတ် အဆုံးရှုံးခံမှာ မဟုတ်ဘူး။
သို့သော်လည်း သူ့အသံကို ဖိနှိပ် ပြောသော်လည်း၊ သူ့အသံကို အလွန် တိုးလျသော်လည်း ယွမ်လော့ဖုန်းက သူမရဲ့ စွမ်းရည်ကြောင့် သေသေချာချာ ကြားနိုင်ပါသေးတယ်။
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို အသာယာ ပင့်တင်လိုက်ပြီး အေးတိအေးစက် နိုင်သည့် ခန့်ညား ချောမောသော အမျိုးသားလေး ဘက်သို့ ကြည့်လိုက်တယ်။ သူမရဲ့ မှေးကျဉ်းသော မျက်ဝန်းနက် တစ်စုံမှာ အန္တရာယ် အရိပ်ယောင်များ ပါဝင်နေလေရဲ့။
“ယွမ်ရှောင်… အိမ်တော်ကို ပြန်ရောက်တာနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ရှင်းပြပေးရမယ်”
ယွမ်ရှောင်လည်း အံ့သြ ထိတ်လန့် သွားရတယ်။ ဒါပေမဲ့ သူလည်း နာခံသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပါပြီ”
***
လက်ရှိ အချိန်မှာတော့ မုဝူစွမ်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက အမတ်ချုပ် မုအိမ်တော် ခြံဝင်းအတွင်းမှာ ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ ထိုင်နေခဲ့တယ်။ အသက်မဲ့သော အကြည့်များဖြင့် သူမ ရှေ့နားမှာ မတ်တတ် ရပ်နေသော ချင်ယွမ်ကို ကြည့်နေလေရဲ့။ သူပြောလိုက်သော စကားကြောင့် သူ့မှာ အသိစိတ်ပြန်ဝင် မလာသေး။
“မဖြစ်နိုင်ပါဘူး။ သူက သက်တော်စောင့် တစ်ယောက်လေ။ ဘယ်လိုလုပ် သူက….”
သူမရဲ့အသံက တုန်ရီနေပြီး သူမရင်ဘတ်က ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည် ဖြစ်နေလေရဲ့။ ဖြူဖျော့နေသော မျက်နှာပြင်က လုံးဝကို အရောင်မဲ့နေခဲ့တယ်။ သူမ စကားပြောလို့ မပြီးသေးခင်မှာ ချင်ယွမ်ရဲ့ စကားများက ဝင်ရောက် နှောင့်ယှက် သွားတယ်။
“ငါ့သခင်ရဲ့ မိန်းကလေးက ထူးချွန်ထက်မြက် ရမယ်တဲ့လား။ ဒါမှသာ သခင်က သူမကို ကျေကျေနပ်နပ် အဖော်ပြု ပေးနိုင်မယ်လို့ နင့်ကို ဘယ်သူပြောခဲ့လို့လဲ။ ဒါပေါ့… ငါ့သခင်ရဲ့ အမျိုးသမီးလေးက အရမ်းကို ထူးချွန် ထက်မြက်တယ်။ နင့် တစ်ဘဝလုံး အချိန်ဖြုန်းပြီး ကြိုးစားမယ် ဆိုလည်း သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ချင်ယွမ်ရဲ့ စကားလုံးတိုင်းက မုဝူစွမ်းရဲ့ နှလုံးသားကို အညှာတာ ကင်းမဲ့စွာ ထိုးနှက်နေသော ထက်မြက် စူးရှသော ဓားတစ်လက် အတိုင်းပါပဲ။ အစက စိတ်ပျက် ကြေကွဲမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းကို အမုန်း အာဃာတများ ဖုံးလွှမ်းစေတယ်။ သူမအကြည့်မှာ ဒေါသနှင့် မနာလိုစိတ်များ ပြည့်နှက်နေတယ်။
အစကတော့ သရဲဘုရင်ကို ရုပ်ဆိုးတဲ့ အမျိုးသားလေး တစ်ယောက်လို့ ထင်မှတ်ခဲ့တယ်။ သူ့ရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကို ဖော်ပြရမှာ စိုးရွံ့တာကြောင့် မျက်နှာဖုံးကို အသုံးပြုတယ်လို့ ထင်မှတ်ခဲ့တာ။ သရဲဘုရင်က အလွန်မင်း ခန့်ညား ချောမောပြီး ကြည့်ကောင်းတဲ့ ယောက်ျား တစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။ လူတစ်ယောက်ရဲ့ နှလုံးခုန်သံကို မြန်စေ နိုင်လောက်တဲ့အထိ ပြီးပြည့်စုံအောင် ချောမော ခန့်ညားလှတယ်။ လောကကြီးထဲက တခြား အမျိုးသားလေးများက သူ့ပြိုင်ဘက် မဖြစ်လာနိုင်ဘူး။ အရေးကြီးဆုံး အချက်က သူနဲ့ ယွမ်လော့ဖုန်းက ထိုက်တန်မှု မရှိဘူး။
ဒါပေမဲ့ ဒီလို ချောမော ခန့်ညားတဲ့ အမျိုးသားလေးက ယွမ်လော့ဖုန်း တစ်ယောက်တည်းကို ချစ်ခင် နှစ်သက် နေရတာလဲ။ သူမက ယွမ်လော့ဖုန်းကို ဘယ်နေရာမှာ မယှဉ်နိုင်လို့လဲ။ ထူးထူးခြားခြား… သရဲဘုရင်ကဲ့သို့ လူစားမျိုးက အမျိုးသမီး တစ်ယောက် အနားမှာ သက်တော်စောင့် တစ်ယောက်အဖြစ် လိုလိုလားလား နေချင်ခဲ့တယ်ပေါ့။
ရုတ်တရက်…
မုဝူစွမ်းလည်း ယွမ်ရှောင်ကို စော်ကားမော်ကား ပြောဆိုခဲ့တာကို ပြန်လည် တွေးတော မိလာတယ်။
အဲဒီအချိန်တုန်းက ….. သက်တော်စောင့် တစ်ယောက်မှာ သူမကို ကြည့်ဖို့ အရည်အချင်း မရှိဘူးလို့ ပြောခဲ့တယ်။
ဒါပေမဲ့ သေးနုပ်တဲ့ သက်တော်စောင့် တစ်ယောက်က ဒီလိုမျိုး ကြီးမြတ်သော ဂုဏ်သတင်း ရှိနေမယ်လို့ မထင်ထားခဲ့မိဘူး။
တွေးကြည့်လေလေ ယွမ်လော့ဖုန်းမှာ သူမကိုယ်သူမ ပြင်းပြင်းထန်ထန် ပါးရိုက်ချင် လာတယ်။ အရင်က ယွမ်ရှောင်ကို သိက္ခာ ကျဆင်းအောင် မပြောခဲ့ရင် သရဲဘုရင်မှာ သူမကို ကာကွယ်ချင်သော၊ နူးညံ့သော စိတ်ထားများ ရှိလာနိုင်တယ်။ သူမလည်း ဒီလို အခြေအနေမျိုး ရောက်မည်တဲ့လား။
မုဝူစွမ်းက သူမကိုယ်သူမ အရမ်းကို အထင်ကြီးလွန်း နေတယ် ဆိုတာ ရှင်းနေတာပါပဲ။ သူမ အရင်က ဒီလို စကားမျိုး မပြောခဲ့လည်း ယွမ်ရှောင် နှလုံးသားထဲမှာတော့ သူမက သေကို သေရမယ့် လူတစ်ယောက်ပါပဲ။ သူမက ယွမ်လော့ဖုန်းကို မကောင်းကြံပြီး အမှားကျူးလွန်တဲ့ လူတစ်ယောက် ဖြစ်နေတယ်။
ယွမ်လော့ဖုန်းကို အမှားကျူးလွန်တဲ့ လူတိုင်းက သေရမယ်။
“မုဝူစွမ်း”
ချင်ယွမ်လည်း မဲ့ပြုံး ပြုံးလိုက်တယ်။ သူ့မျက်လုံးက လှောင်ပြုံးဖြင့် ပြည့်နှက်နေတယ်။
“နင်နဲ့ ကွမ်လန်က အရမ်းကို လိုက်ဖက်လွန်းတယ်။ နင်တို့ နှစ်ယောက်စလုံးက ဦးနှောက်မရှိဘူး။ ကောင်းကင်က သတ်မှတ် ပေးထားတဲ့ နတ်ဖက်တဲ့ စုံတွဲ။ ကွမ်လန်လို လူစားမျိုးသာ နင့်ကို ကြိုက်မှာလေ။ ဒါပေမဲ့ သူက ဆိုးတော့ မဆိုးပါဘူး။ ရတနာလေး တစ်ပါးကို ငါ့သခင်ကို ရယူဖို့ ခွင့်ပြုပေးခဲ့တယ်”
သူ့မှာလည်း မုဝူစွမ်း ဒေါသ မထွက်မှာ စိုးရိမ်တာကြောင့် စကားလုံးများဖြင့် အဆက်မပြတ် ထိုးနှက်နေရတယ်။
သူ့အထင်မြင်သေးသော အသံက ထက်သော ဆူးတစ်လက် အတိုင်းပါပဲ။ သူမ နှလုံးသားကို ထောင်ပေါင်း များစွာသော အပေါက်များ ဖြစ်အောင် ထိုးနှက်နေပြီး သွေးများဖြင့် ရွှဲရွှဲ စိုစေတယ်။
ထို့နောက်…
မုဝူစွမ်း၏ နှလုံးသားမှာ ဒေါသများဖြင့် ပြည့်နှက်နေရပြီ မျက်နှာကို အကျည်းတန် ရုပ်ဆိုးစေတယ်။
ယုတ်မာသော ပုံစံဖြင့် ဝေါယာဉ် အနားသို့ ရုတ်တရက် ပြေးဝင်လာတယ်။
“မိန်းမပျက် ယွမ်လော့ဖုန်း… ငါ နင့်ကို သတ်မယ်။ အားလုံး နင့်ကြောင့် ဖြစ်ရတာ။ နင့်ကြောင့်သာ မဟုတ်ရင် ငါက ဒီလို အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး။ အားလုံးက နင့်အမှားပဲ”
***
အပိုင်း(၂၈၀)
မုမိသားစုကို ဖျက်ဆီးခြင်း(၂)
တခစ်ခစ် ရယ်မောသံကို ကြားလိုက်ရတယ်။
မုဝူစွမ်းမှာ ယွမ်လော့ဖုန်း အနားသို့ မရောက်မီ ရုတ်တရက် ချွန်မြသော ဓားတစ်လက်က သူမ ရင်ဘတ်ကို ထိုးဖောက်သွားတယ်။ လတ်ဆတ်သော သွေးများက နှင်းဆီပန်း တစ်ပွင့်ကဲ့သို့ သူမရင်ဘတ်ပေါ်မှာ ဖူးပွင့်လာပြီး သူမ အဝတ်စားကို ဆေးဆိုးသလို ဖြစ်စေတယ်။
ချင်ယန်လည်း သူမ ဓားရှည်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး နူးညံ့သိမ်မွေ့သော မျက်နှာပြင်ပေါ်မှာ လှောင်ပြုံးများက သိသာ ထင်ရှားနေတယ်။
“မုဝူစွမ်း… အတိတ် ငါ့သခင်မလေးက နင် ဘယ်လို ပြုမူ ဆက်ဆံခဲ့လဲ ဆိုတာ မှတ်မိသေးရဲ့လား။ နင်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို နင် ခံစားရလိုက်တာပဲ”
အစေခံ ကောင်မလေးရဲ့ စကားလုံးများကြောင့် မုဝူစွမ်း ခန္ဓာကိုယ်ကို တောင့်တင်း သွားစေပြီး တစ်ခဏ ကတုန်ကရီ ဖြစ်စေခဲ့တယ်။ ထိုအချိန်လေး အတွင်းမှာ သူမ ဦးခေါင်းကို မော့လိုက်ပြီး ဝေါယာဉ်ပေါ်မှာ လဲလျောင်းနေသော မိန်းကလေးကို သူမရဲ့ လှပသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။ မနာလိုဝန်တိုမှုက သူမရဲ့ အရမ်းကို ဖြူဖျော့နေသော မျက်နှာပေါ်မှာ ပေါ်လွင်နေခဲ့တယ်။
လက်မခံနိုင်ဘူး။ မဖြစ်ရဘူး။
သူမ ဒီနေရာမှာ မသေနိုင်ဘူး။ အထူးသဖြင့် ယွမ်လော့ဖုန်း ရှေ့နားမှာ လဲကျပြီး မသေချင်ဘူး။ ယွမ်လော့ဖုန်းကို အရှုံးမပေးချင်ဘူး။
“ဘိုးဘိုး”
သူမ ဦးခေါင်းကို ခက်ခက်ခဲခဲ လှည့်လိုက်ပြီး မုချင်ချောင် အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်တယ်။
“မြေးကို ကယ်ပါ”
မုချင်ချောင်လည်း ဆက်ပြီးတော့ မကြည့်ရက် မမြင်ရက်သောကြောင့် သူလည်း စကားဆိုလိုက်တယ်။
“ယွမ်လော့ဖုန်း… ဒီတစ်ကြိမ်တော့ ယွမ်မိသားစုက မုမိသားစုကို နိုင်ပါတယ်။ ဒီနှစ်တွေမှာ ယွမ်မိသားစုက ငါ့ရန်သူဟောင်း ဖြစ်ခဲ့ပြီး နင်တို့ မိသားစုကို အမြဲ ဆန့်ကျင် တိုက်ခိုက်ခဲ့တယ်။ အခုတော့ ငါ အရှုံးပေးပါပြီ”
“ရန်သူဟောင်းတဲ့လား”
ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
“စိတ်တော့ မကောင်းဘူး။ နင်တို့ မုမိသားစုက ငါတို့ရဲ့ ခြေနင်း ကျောက်တုံးတွေ။ ငါတို့ရဲ့ ရန်သူဟောင်း ဖြစ်ဖို့ အရည်အချင်း မရှိဘူး”
အရင်က ဆိုရင်တော့ ဒီလိုမျိုး သူမရဲ့ မာနဝင့်ကြွားသော စကားမျိုးကို ကြားရင်တော့ သူမနဲ့ အပြိုင် ရန်ဖြစ်မိမှာ သေချာပါတယ်။ သို့သော်လည်း ဒီအချိန်မှာတော့ သူ့မှာ မာနဝင့်ကြွားလို့ မရနိုင်တော့ဘူးလေ။ အနိမ့်ကျဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီလေ။ သူလည်း အသက် ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ပြောလိုက်တယ်။
“ယွမ်လော့ဖုန်း … နင့်ရှေ့မှာ အခုချက်ချင်း သတ်သေပေးလို့ ရပါတယ်။ ဒါပေမဲ့ မုဝူစွမ်းရဲ့ သေဆုံးသွားတဲ့ ရုပ်ကြွင်း တစ်ခုလုံးကို ဒီအတိုင်း ချန်ထားပေးဖို့ တောင်းပန်ချင်ပါတယ်”
ချင်ယန်ရဲ့ ပထမ ဓားထိုးနှက်ချက်က သူမရဲ့ အဓိက နေရာကို လွဲချော်သွားခဲ့တယ်။ ဘာကြောင့် လွဲချော်အောင် ဓားနဲ့ထိုးခဲ့လည်း ဆိုတာ တွေးလို့မရဘူး။ သူမကို အသက် ချမ်းသာပေးပြီး ဆက်ပြီးတော့ သူမကို ဆက်ပြီးတော့ နှိပ်စက်ချင်လို့ ဖြစ်ရမယ်။
သူ့အချစ်ဆုံး မြေးလေး နှိပ်စက်ခံနေရတာကို မမြင်ရက်ဘူး။ မုဝူစွမ်းက သူတို့ မုမိသားစုကို သစ္စာဖောက်ခဲ့လည်း သူ့မြေးလေးကို ချစ်နေဆဲပါ။
“ရှင်က ကျွန်မနဲ့ အပေးအယူ အကြောင်း ပြောရဲတယ်ပေါ့”
ယွမ်လော့ဖုန်းရဲ့ မျက်နှာပေါ်က အပြုံးမှာ ကောက်ကျစ် စဉ်းလဲသော ရည်ရွယ်ချက်များ ပါဝင်နေခဲ့ပြီး မျက်ဝန်းနက်များက မုချင်ချောင်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်နေခဲ့တယ်။
“ရှင့်မှာ အပေးအယူလုပ်ဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား”
မုချင်ချောင်လည်း နာကြည်း ခါးသက်စွာ အော်ရယ်လိုက်တယ်။
“ယွမ်လော့ဖုန်း… ငါ နင့်ကို တောင်းပန် နေတာပါ။ သနားညှာတာသော အားဖြင့် ငါ့မြေးလေးရဲ့ သေဆုံးသွားတဲ့ ရုပ်ကြွင်းကို အပြည့်စုံ ထားပေးပါ။ သူမလေးကို နာကျင် ခံစားမှု မရှိဘဲ သေခွင့်ပြုပေးပါလို့ တောင်းပန်ပါတယ်”
သူက မုဝူစွမ်းကို အသက် ချမ်းသာပေးဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူး။ ဒီလို တောင်းဆိုတာ မဖြစ်နိုင်မှန်း သိနေတယ်လေ။ မုဝူစွမ်းရဲ့ သေဆုံးသွားတဲ့ ရုပ်ကြွင်းကို ကိုယ်လက် အင်္ဂါ အပြည့်စုံလေး ဖြစ်စေဖို့ တစ်ခုတည်းကို တောင်းဆိုခဲ့တာပါ။ သူ့မြေးလေးအတွက် သူ နောက်ဆုံး လုပ်ပေးနိုင်တဲ့ ကိစ္စ တစ်ခုပါ။
“ဘိုးဘိုး”
မုဝူစွမ်း၏အသံက အားနည်းမှုဖြင့် ပြည့်နှက်နေတယ်။ လှပသော သူမရဲ့ မျက်ဝန်းမှာ စိတ်ပျက် ကြေကွဲမှုများ ရစ်ဝဲနေတယ်။
“ဝူစွမ်း မသေချင်ဘူး။ ဘိုးဘိုး… ဝူစွမ်း တကယ်ကို မသေချင်ဘူး။ တောင်းပန်ပါတယ်နော်။ မြေးလေးကို ကယ်ပေးပါ။ ဒီနေရာက ကယ်တင်ပေးပါ”
မုချင်ချောင်၏ မျက်နှာ အမူအရာကို နာကျင်မှုဖြင့် ဖြည့်စွက်ထားတယ်။ မုဝူစွမ်း၏ အသနားခံနေသော အသံကို လျစ်လျူရှု ထားလိုက်ပြီး သူ့မျက်လုံးများက ယွမ်လော့ဖုန်းကို တိတ်တဆိတ် ကြည့်နေတယ်။
“ယွမ်လော့ဖုန်း… နင် ကတိပေးတာနဲ့။ ငါ အခုချက်ချင်း သတ်သေပေးပါမယ်”
ယွမ်လော့ဖုန်းက မုချင်ချောင်ကို ကောက်ကျစ်စဉ်းလဲသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးကာ ကြည့်လိုက်တယ်။
“မုချင်ချောင်… ရှင်…. ကျွန်မကို ပြောခဲ့ဖူးတဲ့ စကားကို မှတ်မိသေးလား”
မုချင်ချောင်၏ ခန္ဓာကိုယ်က ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ တောင့်တင်း သွားခဲ့ရပြီလေ။ သူ့ရဲ့ အိုမင်း ရင့်ရော်နေတဲ့ မျက်နှာက ပိုပြီးတော့ ဖြူဖျော့ လာရတယ်။
“အရင်က ကျွန်မ အဘိုးကို ရှင်ပြောခဲ့တယ်။ ရှင်တို့ မုမိသားစုမှာ ကြင်ရာတော်မု ရှိတယ်။ အနာဂတ်မှာ မင်းသား ကြင်ရာတော် ဖြစ်လာမယ့် မုဝူစွမ်း ရှိတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် မုမိသားစု ယွမ်မိသားစုရဲ့ ခေါင်းပေါ်မှာ ထာဝရ နေနိုင်ဖို့ ကံတရား ရှိတယ်လို့ ပြောခဲ့တယ်။ ယွမ်မိသားစုမှာက တော်ဝင်မိသားစုရဲ့ ချစ်ခင်နှစ်သက်မှုကို ခံရဖို့ ထူးချွန်တဲ့ သမီးတစ်ယောက် မရှိဘူးပေါ့။ ရှင် ပြောတာ မှန်ပါတယ်။ ယွမ်မိသားစုဝင်တွေက တော်ဝင် မိသားစုကို တကယ်လည်း မျက်နှာချို မသွေးနိုင်ပါဘူး။ ဒါကြောင့်လည်း ကျွန်မရဲ့ ကံတရားကို ဆုံးဖြတ်ဖို့ ကျွန်မရဲ့ စွမ်းအားကို အသုံးချမယ်”
***
Bạn đang đọc truyện trên: Truyen247.Pro