
စာစဉ်(၁၁) 247+248+249+250
အပိုင်း(၂၄၇)
ဒုတိယတန်းစားပစ္စည်းကို အစားထိုး အသုံးပြုခြင်း
လက်ဖက်ရည် စံအိမ်တော် ခန်းမဆောင် အတွင်းမှာ ရှိနေတဲ့ အဘိုးအိုရဲ့ မျက်နှာက ဒေါသဖြင့် ပြည့်နှက်နေလေရဲ့။ သူ့မှာ အရမ်းကို ဒေါသထွက်ရလွန်းလို့ သေချာ သပ်ရပ်စွာ ဖြီးလိမ်းထားတဲ့ ဆံပင်များ ထောင်သည့် အထိပါပဲ။ ဂုဏ်သရေကြီးမြတ်သော သူ့အပြုအမူကို ထိန်းသိမ်းဖို့ အတွက်သာ မဟုတ်ခဲ့ရင် စားပွဲထိုးကို ဆွဲပြီးတော့ ရိုက်နှက်ခဲ့တာ ကြာခဲ့ပြီလေ။
ဒီစားပွဲထိုးက သူ့ကို မကောင်းကြံပြီး ပစ်မှတ်ထားဖို့ တွေးနေတယ်ပေါ့။ ဒီမကောင်းတဲ့ကောင်က သူ့ကို မသိတာလား။ သူက လောကကြီးကို လွှမ်းမိုး ချုပ်ကိုင်နိုင်တဲ့ မျိုးဆက်တစ်ခုရဲ့ မျိုးနွယ်စု သခင် တစ်ယောက် ဆိုတာ မသိခဲ့လေချင်လား။
“မင်းရဲ့ သူဌေးက ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒီနေရာကို လာခဲ့ဖို့ သူ့ကို ပြောလိုက်စမ်းပါ။ ဒီက အဘိုးကြီးက နာမည် ကျော်ကြားနေတဲ့ ကြင်ရာတော်မု ဆိုတာကိုလည်း မကြားဖူးဘူး”
စားပွဲထိုးက ခန်းမဆောင်ထဲမှ လူအုပ်အလယ်မှာ ကျယ်လောင်စွာ မအော်ဟစ်မီ အဘိုးအိုကို ခေါင်းအစ ခြေအဆုံး အသေးစိတ် ကြည့်လိုက်တယ်။
“ဒီအဘိုးကြီးက ဘာသဘောလဲ။ မြန်မြန် ဆန်ဆန် သူ့ကို ဆွဲထုတ်သွားစမ်းပါ။ ငါတို့ သခင်လေးကို လိမ်လည်နေတယ်လို့ ဒီအဘိုးကြီးက တကယ် ပြောရဲတယ်ပေါ့။ ဒီအဘိုးကြီးတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီ ထင်တယ်။ နင်တို့တွေ သူ့ကို အဝေးကို မခေါ်ထုတ်သွားခဲ့လို့ ငါက အကြီးတစ်ယောက်ကို မလေးမစား ဆက်ဆံမိခဲ့ရင် ငါ့ကို အပြစ်လာမတင်နဲ့… ရှင်းတယ်နော်”
သူတို့ကို ဝိုင်းရံထားတဲ့ လူတိုင်းက သက်ပြင်းချလိုက်ပြီးတော့ အဘိုးအိုကို သနားတဲ့အကြည့်နဲ့ ငေးကြည့်နေကြတယ်။
ဒီအဘိုးကြီးက ရူးနေတာလား။ အမတ်ချုပ် မုအိမ်တော်က လူတစ်ယောက်ကို အမှား ကျူးလွန်ရဲတယ်ပေါ့။ လက်ရှိ လုံယွမ်တိုင်းပြည်မှာ လာဘ်လာဘ ကောင်းမွန်နေတာ ဘယ်သူလဲဆိုတာ မသိတာလား။ မုဝူစွမ်းက သူမရဲ့ ဖြူစင်မှုကို ဆုံးရှုံးခဲ့ရတာတောင် တော်ဝင်မိသားစုက သူမကို အိမ်ရှေ့စံ ကြင်ရာတော်ပေးဖို့ စီစဉ်နေသေးတယ်။
ဒီလိုမျိုး နှစ်သက် ချီးမြှောက်ခံရမှုကို မုအိမ်တော် တစ်ခုတည်းသာ ခံစားခွင့်ရှိတယ်။ စစ်သူကြီးအိမ်တော် ဆိုရင်တော့ သူတို့နဲ့ ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက် မရှိဘူး။
ဒီအချိန်မှာ အဘိုးအိုရဲ့ ဒေါသက ပေါက်ကွဲလုနီးပါးပါပဲ။ သူ့လက်ထဲမှာ လက်ဖက်ရည်ခွက်ကို အဝေးသို့ လွင့်စဉ်သွားအောင် လွှင့်ပစ်လိုက်တယ်။ လူတစ်ယောက်က မနှစ်သက်ဟန်နှင့် မဲ့မဲ့ရွဲ့ရွဲ့ ပြောလာတယ်။
“ဒီလက်ဖက်ရည်က ဒုတိယတန်းစား အရွက်ကို သုံးထားတယ် ဆိုတာ သေချာတယ်”
အဘိုးအိုက ခေါင်းကို လှည့်လိုက်တဲ့အချိန်မှာ မျက်ဝန်းနက်တစ်စုံနဲ့ တွေ့ကြုံလိုက်ရတယ်။
မိန်းကလေးက လက်ဖက်ရည်ခွက်ကို အသာလေး ခါယမ်းနေပြီး သူမနှုတ်ခမ်းပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ ခပ်ရေးရေး အပြုံးလေးကို ဆင်မြန်းထားတယ်။
ဒီမိန်းကလေးက အသက် အရမ်း မကြီးသေးပေ။ အသက် ၁၅နှစ်ဝန်းကျင်မျှသာ ရှိဦးမယ်။ ဒါပေမဲ့ သူမက အလွန်ကို တည်ငြိမ်သော ပုံစံရှိပြီး လူငယ်တစ်ယောက်ရဲ့ စိတ်မရှည်တတ်သော ဖျက်လိုဖျက်ဆီး စိတ်ဓာတ် မရှိပေ။
ယွမ်လော့ဖုန်းရဲ့ အသံကို ရှင်းရှင်းလင်းလင်း မှတ်မိသွားပုံ ရတယ်။ စားပွဲထိုးမှ ပြက်ရယ်ပြုပြီးတော့ ပြောလာခဲ့တယ်။
“သြော်… ဘယ်သူများလဲလို့ သိချင်နေခဲ့တာ … တကယ်တမ်းတော့ ယွမ်မိသားစု သခင်မလေး ဖြစ်နေတာပါလား။ တောက်… ယွမ်သခင်မလေးက လက်ဖက်ရည်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ ကောင်းစွာ တတ်သိ နားလည် လာပါလိမ့်။ ငါတို့ လက်ဖက်ရည် စံအိမ်တော်က လက်ဖက်ရွက်တွေက သာလွန်တဲ့ အရည်အသွေး ရှိတယ်ဆိုတာ လုံယွမ်တိုင်းပြည်က လူတိုင်း သိနေတာပဲလေ။ စကားတစ်ခွန်းကို မပြောခင်မှာ ကိုယ့်အသိစိတ်နဲ့ ကိုယ် ပြန်လည် သုံးသပ်ပြီးမှ ပြောသင့်တယ်။ ဒီ လက်ဖက်ရွက်ထက် ပိုပြီးတော့ ကောင်းမွန်တဲ့ လက်ဖက်ရွက်ကို ယူလာပေးနိုင်လို့လား”
သူမက သြဇာ အာဏာရှိတဲ့ မိသားစုက သခင်မလေး တစ်ယောက် ဖြစ်ပြီး ဆေးပညာနှင့် ပတ်သက်ရင် ဗဟုသုတ ရှိနေတာ တစ်ခုတည်းပါ။ ဘယ်အချိန်တည်းက လက်ဖက်ရည်နဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင် လာတာလဲ။ ဒီလို အကြောင်းအရာမျိုးက သူမလို မိန်းမငယ်လေး အလွယ်တကူ သိနိုင်တဲ့ကိစ္စ မဟုတ်ပေ။
ဒါ့ပြင် လုံယွမ်တိုင်းပြည် အတွင်းမှာ မုမိသားစု လက်ဖက်ရွက်ကို ယှဉ်နိုင်တဲ့ လက်ရည်ဆိုင် ဆိုတာ တစ်ခုတလေမျှ မရှိခဲ့ပေ။ ဒီအဘိုးအိုက တခြားမြို့က ဖြစ်နေတာကြောင့် သူတို့ စံအိမ်တော်က ဒုတိယတန်းစား လက်ဖက်ရွက်ကို အစားထိုး သုံးတာကို သိနေနိုင်သော်လည်း ယွမ်မိသားစုက သိနေတယ် ဆိုတာတော့ မဖြစ်နိုင်ပေ။ ဒုတိယတန်းစား လက်ဖက်ရွက်က ယွမ်မိသားစု အလွယ်တကူ ရယူနိုင်တဲ့ အရာဝတ္ထုမျိုးတော့ မဟုတ်ခဲ့ပေ။
ကောင်းမွန်တဲ့ လက်ဖက်ရွက်များကို အလွယ်တကူ ပိုက်ဆံနဲ့ ဝယ်ယူလို့ မရနိုင်။ အမျိုးမျိုးသော အဆက်အသွယ် ကောင်းများလည်း လိုအပ်နေတယ်။
ယွမ်လော့ဖုန်းလည်း စားပွဲထိုးကို ခနဲ့တဲ့တဲ့ ပြုံးပြီး ကြည့်လိုက်တယ်။
“ငါက မုအိမ်တော်ထက် ပိုပြီးတော့ ကောင်းမွန်တဲ့ လက်ဖက်ရွက်ကို ယူလာပေးနိုင်ခဲ့ရင် လေရနံ့ လက်ဖက်ရည် စံအိမ်တော်က ဒုတိယတန်းစား လက်ဖက်ရွက်ကို အစားထိုးသုံးပြီး ခရီးသွားများကို လိမ်လည် နေပါတယ်လို့ လုံယွမ် တစ်တိုင်းပြည်လုံး သိအောင် နင်ကိုယ်တိုင် ကြေညာရမယ်”
စားပွဲထိုးမှာ ရုတ်တရက် ထိတ်လန့် သွားရတယ်။ ယွမ်လော့ဖုန်းက ပိုပြီးတော့ ကောင်းမွန်တဲ့ လက်ဖက်ရွက်ကို မယူလာပေးနိုင်ဘူး ဆိုတာ ယုံကြည်သော်လည်း ဒီလိုကိစ္စမျိုးက သူ ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
စားပွဲထိုးမှာ စိတ်ဒွဟ ဖြစ်နေချိန်မှာ အေးတိအေးစက် အသံကို တိတ်ဆိတ်နေတဲ့ ခန်းမဆောင် အတွင်းမှာ ရုတ်ခြည်း ကြားလိုက်ရတယ်။
“ကောင်းပြီလေ… ငါက မင်း တောင်းဆိုချက်ကို သဘောတူပေးမယ်”
ဒုတိယထပ်မှ အေးတိအေးစက် မာန ဝင့်ကြွားနေသော အမျိုးသား တစ်ယောက် လှေးကားထစ်မှ ဖြည်းညင်းစွာ ဆင်းလာတယ်။ သူ့မှာ စိတ်မပါသော မျက်နှာ အမူအရာရှိနေခဲ့ပြီး ယွမ်လော့ဖုန်းကို တည့်တည့် ကြည့်နေခဲ့တယ်။
သူ့ရဲ့ လက်ဖက်ရွက်များကို နှင်းတောင်မှ ခူးထားရတာလေ။ လုံယွမ်တိုင်း တစ်ခုလုံးမှာ သူတို့ကို ယှဉ်နိုင်တဲ့ တခြား စံအိမ်တော်ဆိုတာ မရှိဘူး။ ယွမ်လော့ဖုန်းက သူ့ထက် ကောင်းမွန်တဲ့ လက်ဖက်ရွက်ကို ယူလာနိုင်မယ်တဲ့လား။ ဒီအမျိုးသမီးက ရယ်စရာ လုပ်နေတာလား။
***
အပိုင်း(၂၄၈)
စိတ်ဝိညာဉ် လက်ဖက်ရည်
“မုဝူချန်”
လှေကားထစ်မှ ထိုအမျိုးသားလေး ဆင်းလာတာကို မြင်တော့ ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“ရှင် သဘောတူလိုက်ပြီ ဆိုတော့ ကျွန်မက လေရနံ့ လက်ဖက်ရည် စံအိမ်တော်နဲ့ ယှဉ်ပြိုင်နိုင်ပြီလေ။ ဒီမှာရှိနေတဲ့ လူတိုင်းက မျက်မြင် သက်သေ ဖြစ်ပေးရမယ်”
မုဝူချန်ရဲ့ မျက်လုံးများက ပိုပြီးတော့ အေးစက်လာကာ စိတ်ထဲမှာ ကျိတ်ပြီးတော့ ခနဲ့လိုက်တယ်။
လုံယွမ် တိုင်းပြည်မှာ နာမည်ကျော်ကြားတဲ့ များစွာသော လက်ဖက်ရွက် စိုက်ခင်းများကို သူက လက်ဝါးကြီး အုပ်ခဲ့ပြီးပြီလေ။ ဒါကြောင့် ယွမ်လော့ဖုန်းက သူတို့ထက် ပိုကောင်းမွန်တဲ့ လက်ဖက်ရွက်ကို ဘယ်နေရာက ယူလာပေးနိုင်မှာလဲ။ ဒါကြောင့်လည်း ဒီပြိုင်ပွဲမှာ သူနိုင်မယ် ဆိုတာ သေချာတယ်။
“တစ်ယောက်ယောက် လာခဲ့စမ်း… ဒီကို နှင်းတောင် လက်ဖက်ရည်ဖြူ ယူလာခဲ့စမ်း”
ဒီအချက်ကို နားလည် သဘောပေါက် နေတာကြောင့် မုဝူချန်က အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
“အားလုံးက ဒီနေ့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲရဲ့ တရားသူကြီး ဖြစ်သွားပြီပေါ့”
ယွမ်လော့ဖုန်းကို အရှက်ရစေဖို့ သူ့မှာ နောင်တ အနည်းငယ်မျှ မရပေ။ လက်ဖက်ရည် စံအိမ်တော်ရဲ့ အကောင်းဆုံးသော လက်ဖက်ရည်ကို ယူလာခဲ့ခိုင်းလိုက်တယ်။
အားလုံးက ‘နှင်းတောင် လက်ဖက်ရည်ဖြူ’ ဆိုတဲ့ စကားကို ကြားတော့ သူတို့ မျက်လုံးများ ပြူးကျယ် သွားလေတယ်။ နှင်းတောင် လက်ဖက်ရည်ဖြူကို မြည်းစမ်း ရလောက်တဲ့အထိ ဒီနေ့ သူတို့တွေ ကံကောင်းနေမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။
ဒီနှင်းတောင် လက်ဖက်ရည်ဖြူ ဆိုတာက လေရနံ့ လက်ဖက်ရည် စံအိမ်တော်ရဲ့ ရတနာတစ်ပါး ဖြစ်နေတယ်လေ။ ဒီလက်ဖက်ရည်ကို ရွှေစ ထောင်ပေါင်း များစွာဖြင့်လည်း ဝယ်ယူလို့ မရနိုင်ပေ။ အများ အပြောအရတော့ ဒီနှင်းတောင် လက်ဖက်ရည်ဖြူက ရနံ့မွှေးပြီး အရသာ ရှိရုံသာမက ခန္ဓာကိုယ်ကို အားအင်တိုးစေတဲ့ အကျိုး သက်ရောက်မှုလည်း ရှိတယ်။
ခဏကြာတော့ လက်ဖက်ရည် စံအိမ်တော်မှ အလုပ်သမား တစ်ယောက်က အနောက်ဘက် အခန်းမှ လက်ဖက်ရည်အိုးကို သယ်ဆောင် လာတယ်။ အိုးထဲမှာ ဘာမှ မကျန်သည်အထိ လူတိုင်းရဲ့ ခွက်ထဲသို့ လက်ဖက်ရည်များကို ဖြည့်ပေးတယ်။
အားလုံးက နှင်းတောင် လက်ဖက်ရည်ဖြူကို မြည်းစမ်းဖို့ စောင့်မနေ နိုင်တော့ပေ။ ချက်ချင်းပဲ လက်ဖက်ရည်ကို ပါးစပ်ထဲသို့ လောင်းထည့် လိုက်တယ်။ ချိုသာတဲ့ ရနံ့က လျှာဖျားမှာ စွဲထင် ကျန်ရစ်ခဲ့တယ်။
“ဒီ နှင်းတောင် လက်ဖက်ရည်ဖြူရဲ့ အရသာက အရမ်းကို ကောင်းမွန်လွန်းတယ်။ ငါ့အမြင်တော့လေ ယွမ်သခင်မလေးရဲ့ လက်ဖက်ရည်ကို မြည်းစမ်းဖို့ကို မလိုအပ်တော့ဘူး။ ငါတို့က နှင်းတောင် လက်ဖက်ရည်ဖြူကို စပြီးတော့ မြည်းစမ်း ကြည့်ပြီးပြီ ဆိုတော့။ သူမ လက်ဖက်ရည်က ဘယ်လိုပဲ ကောင်းမွန်နေပါစေ … ဒီလက်ဖက်ရည်ကို ယှဉ်နိုင်မယ်လို့ မထင်ဘူး”
“ဟုတ်တယ်… ဟုတ်တယ်။ ဒီနေ့ နှင်းတောင် လက်ဖက်ရည်ဖြူကို မြည်းစမ်းလိုက်ရလို့ ငါ တကယ်ကို ကံကောင်းသွားတယ်။ ငါ့ခရီးစဉ်က ငါ့အတွက်တော့ ထိုက်တန်မှု ရှိတယ်။ ငါတော့ အရမ်း ကျေနပ်မှု ရှိတယ်”
လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ချီးမြှောက် နေကြလေရဲ့။ အားလုံးကလည်း ယှဉ်ပြိုင်ဖို့ မလိုအပ်တော့ဘူးလို့ တွေးထင် နေကြတယ်။ ယွမ်လော့ဖုန်းက ဒီနှင်းတောင် လက်ဖက်ရည်ဖြူထက် သာလွန်တဲ့ လက်ဖက်ရည်ကို မယူလာ နိုင်ဘူးပေါ့လေ။
မုဝူချန်လည်း တည်ငြိမ်နေတဲ့ ယွမ်လော့ဖုန်းကို ကြည့်ပြီးတော့ ပြုံးလိုက်တယ်။
“အားလုံးပဲ… ဒီပြိုင်ပွဲကို ယွမ်လော့ဖုန်း ကိုယ်တိုင် ရည်ရွယ်ပြီး တောင်းဆိုခဲ့တာပါ။ သူမက လက်ဖက်ရွက် တချို့ကို မယူနိုင်ခဲ့ရင် တရားမျှတအောင် စီရင် ဆုံးဖြတ်ပေးဖို့ ခက်ခဲသွားနိုင်တယ်။ ဒါ့ပြင် ဒီလိုမျိုး မာနဝင့်ကြွားပြီး ထောင်လွှားနေဖို့ ဘယ်ကနေ ယုံကြည်ချက် ရလာလဲဆိုတာ သိချင်မိပါရဲ့။ ဒါပေမဲ့လည်း သူမက အရှုံးကို ဝန်ခံမယ် ဆိုရင်တော့ ကျုပ်က အလွတ်ပေးလိုက် ပါမယ်လေ… ဟား… ဟား…”
ယွမ်လော့ဖုန်းရဲ့ မျက်လုံးများက သူမ ဘေးနားက ဆံပင်အဖြူရောင်နဲ့ အဘိုးအိုကို မကြည့်မီမှာ မုဝူချန်ရှိရာသို့ ပြေးလွှား သွားလေရဲ့။
“ရှင်က လက်ဖက်ရည် ဘယ်လို ရောစပ်ရမလဲ ဆိုတာ သိလား”
ဆံပင်အဖြူရောင်နဲ့ အဘိုးက ဟားတိုက် ရယ်မောလိုက်တယ်။
“ကျုပ်က ကြွားတာတော့ မဟုတ်ရပါဘူး။ ဒါပေမဲ့ ငါ့လက်ဖက်ရည် ရောစပ်နည်းကို ယှဉ်နိုင်တဲ့ လူဆိုတာ မရှိသေးဘူး။ ငါက…”
“ဒါဆိုလည်း”
ယွမ်လော့ဖုန်းလည်း အဘိုးအိုကို သူ့ကိုယ်သူ ချီးကျူးခွင့် မပေးနေတော့ဘဲ သိသိသာသာ စကားပြောနေတာကို နှောင့်ယှက်လိုက်တယ်။
“လက်ဖက်ရည် ရောစပ်တာကို ရှင် တာဝန်ယူ လိုက်တော့”
ပြောပြီးတာနဲ့ ယွမ်လော့ဖုန်းလည်း သူမရဲ့ အိတ်ကပ်ကို နှိုက်လိုက်ပြီး လက်ဖက်ရွက် အိတ်ငယ်လေးကို ယူလိုက်တယ်။
“ကောင်မလေး… ဒါက ဘာလက်ဖက်ရည်လဲ”
အဘိုးအိုက လက်ဖက်ရွက်ကို လက်ခံလိုက်တယ်။ သူ့မျက်ဝန်းတွေက ချက်ချင်းပဲ တောက်ပသွားလေရဲ့။
သူက လက်ဖက်ရည်ကို အရသာ မမြည်းစမ်းရ သေးသော်လည်း လက်ဖက်ရွက်ရဲ့ ရနံ့နဲ့ ဒီလက်ဖက်ရွက်မှာ သာလွန်တဲ့ အရည်အသွေး ရှိတယ်ဆိုတာ ခံစားလို့ ရနိုင်တယ်။ တချို့ နှင်းတောင် လက်ဖက်ရည်က ပိုပြီးတော့ သာလွန်တယ်။
ဒါ့ပြင် နှင်းတောင် လက်ဖက်ရည်ကို အရမ်း ကောင်းမွန်တယ်လို့ ဘာကြောင့် ပြောနေလဲဆိုတာ နားမလည်နိုင်ဘူး။ သူ့ရဲ့ သင်္ဘောအခန်းငယ်လေးထဲမှာ ဒီလက်ဖက်ရွက်တွေ တစ်ပုံတစ်ခေါင်းကြီး ရှိတယ်လေ။ သူ ဆေးကုပေးတဲ့လူများက သူ့ကို လက်ဆောင် ပေးထားတာလေ။ သူတို့က သူ့လက်ဖက်ရည် မြည်းစမ်းရတာကို ကြိုက်နှစ်သက်တာ သိနေတယ်လေ။ သို့သော်လည်း ဒီလက်ဖက်ရွက်များက အဆင့်နိမ့်တယ်လို့ တွေးမိတာကြောင့် သူလည်း တစ်ငုံမျှ မသောက်ရသေးပေ။
ယွမ်လော့ဖုန်းလည်း အဘိုးအိုရဲ့ စကားသံကို ကြားတော့ မျက်ခုံးကို တွန့်ချိုးပြီးတော့ ပြန်ဖြေလိုက်လေတယ်။
“ကျွန်မက နာမည် ပေးထားတာတော့ စိတ်ဝိညာဉ် လက်ဖက်ရည်ပေါ့။ ဒီလက်ဖက်ရွက်က ဒီကုန်းမြေစုမှာ အထူးခြားဆုံးပဲလေ”
***
အပိုင်း(၂၄၉)
အဘိုးအိုငယ်လေးရဲ့ အံ့သြထိတ်လန့်မှု
မုဝူချန်က ယွမ်လော့ဖုန်းကို ကြည့်လိုက်ပြီးတော့ သူ့နှုတ်ခမ်းမှာ လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာတယ်။
“စိတ်ဝိညာဉ် လက်ဖက်ရည်… ဟုတ်လား။ ငါသိသမျှ လက်ဖက်ရည်များထဲမှာ ဒီလက်ဖက်ရည်ကို မကြားဖူးခဲ့ဘူး။ နင် ငါ့ကို အနိုင် တိုက်နိုင်တယ်လို့ တွေးနေခဲ့ရင်တော့ စွန့်လွှတ်လိုက်တော့ နင့်မျက်နှာ ပျက်တာ သက်သာတာပေါ့။ တွေ့ရာ လက်ဖက်ရွက် အိတ်ကို ယူလာပြီးတော့ လူတိုင်းကို အရူးလုပ်ဖို့ တွေးနေရင်တော့ နင့်ကိုယ်နင် သိက္ခာ ကျဆင်းအောင် ပြုလုပ်တာနဲ့ပဲ အဆုံးသတ်လိမ့်မယ်”
အဘိုးအိုငယ်လေးရဲ့ မျက်လုံးက အထင်မြင်သေးမှုကို ဖော်ပြနေတယ်။ အခုတော့ မုဝူချန်လို လူမျိုးက သူ့ကိုယ်သူ လက်ဖက်ရည် အကြောင်း သိတယ်လို့ အခိုင်အမာ ပြောရဲတယ်ပေါ့။ သူလည်း လေရနံ့ လက်ဖက်ရည် စံအိမ်တော်ရဲ့ ဂုဏ်သတင်းကို ကြားဖူးခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အဆင့်တန်း အမြင့်ဆုံးက နှင်းတောင် လက်ဖက်ရည်ဖြူ ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။ အဘိုးအိုငယ်လေးက ယွမ်လော့ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ သူ့မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲ သွားတယ်။ ဖူးပွင့်နေတဲ့ ဂန္ဓာပန်းကဲ့သို့ အပြုံးပန်း ဝေဆာနေတယ်။
“ကောင်မလေး… မင်းအတွက် လက်ဖက်ရည် ဖျော်စပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ အနံ့ အရမ်း မွှေးလွန်းတော့ သည်းမခံနိုင်တော့ဘူး ။ အရသာ မြည်းစမ်းလို့ ရမလား”
“ရပါတယ်”
ယွမ်လော့ဖုန်းလည်း သူမရဲ့ နှုတ်ခမ်းထောင့်ကို မြှင့်တက်လိုက် ပြီးတော့ ပြုံးလိုက်တယ်။
အဘိုးအိုငယ်လေးက မျက်လုံး ပင့်လိုက်တယ်။ သူ့ရှေ့မှာ လက်ဖက်ရည်ခွက်ကို ပင့်လိုက်ပြီး တစ်ငုံ သောက်လိုက် လေတယ်။ တစ်ငုံတည်းနဲ့ အရသာ ကောင်းမွန် လွန်းတယ်။ သူ့ခန္ဓာကိုယ် အတွင်းကို ရှင်းလင်းလိုက် သလိုပါပဲ။ သူ့ကို လန်းဆန်းမှု ခံစားရစေတယ်။
“လက်ဖက်ရည်ကောင်း တစ်ခုပဲ….။ ဒါက သေချာပေါက် ထိပ်တန်း လက်ဖက်ရည်ပါပဲ။ ဆယ်နှစ်ကျော် မြည်းစမ်းခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံးသော လက်ဖက်ရည်ပါပဲ”
တောက်ပနေသော မျက်ဝန်းများဖြင့် ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ကောင်မလေး… ဒီလက်ဖက်ရွက်ကို ဘယ်က ဝယ်လာတာလဲ။ မင်း ကျုပ်ကို ပြောပြနိုင်မလား”
ယွမ်လော့ဖုန်းလည်း ပခုံးတွန့် လိုက်ပြီးတော့
“ဒီလက်ဖက်ရွက်က အထူးခြားဆုံးပါလို့ ရှင့်ကို ပြောခဲ့ပါတယ်”
“နှမြောစရာ ကောင်းလိုက်တာ။ ဒီလို လက်ဖက်ရည်မျိုးကို နောက်ထပ် သောက်ခွင့် မရတော့မှာက နှမြောစရာ ကောင်းလွန်းတယ်။ သို့သော်လည်း လုံယွမ် တိုင်းပြည်ကို လာခဲ့တဲ့ ခရီးစဉ်က အလကား မဖြစ်တော့ဘူး။ မဟုတ်ရင်တော့ လောကကြီးထဲမှာ ဒီလိုကောင်းမွန်တဲ့ လက်ဖက်ရည်မျိုး ရှိတယ်ဆိုတာ သိခွင့် ရှိတော့မှာ မဟုတ်ဘူး”
တစ်ယောက်တည်း သက်ပြင်းချပြီးတော့ ခနဲ့တဲ့တဲ့ ပြောနေတဲ့ အဘိုးအိုကို မုဝူချန် ကြည့်လိုက်တယ်။
“နင်တို့ နှစ်ယောက်က သရုပ်ဆောင်တာ မပြီးသေးဘူးလား။ နင်တို့နှစ်ယောက်က ပူးပေါင်းပြီးတော့ ငါ့စီးပွားရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ် ဆိုတာ ငါမသိဘူးလို့ ထင်နေတာလား။ နင်တို့စကားကို ထည့်မတွက်ဘူး။ တခြားလူ တစ်ယောက်က အနိုင်ရရှိသူကို ဆုံးဖြတ်ပေးရမယ်။ လာခဲ့စမ်း။ ဒီစိတ်ဝိညာဉ် လက်ဖက်ရည်ကို လူတိုင်း မျှဝေလိုက်စမ်း”
ယွမ်လော့ဖုန်းရဲ့ အင်အားနဲ့ သူ့ထက်သာလွန်တဲ့ လက်ဖက်ရွက် ယူလာနိုင်မယ်လို့ ဘယ်တော့မှ မတွေးထားခဲ့မိဘူး။ ဒါကြောင့်လည်း ဒီယှဉ်ပြိုင်ပွဲမှာ ယွမ်လော့ဖုန်းက သေချာပေါက် ရှုံးမှာပါလေ။
“သခင်မု… ဒီရူးသွပ်တဲ့ ပြိုင်ပွဲက တကယ်တော့ မလိုအပ်ပါဘူး။ ယွမ်မိန်းကလေးက နှင်းတောင် လက်ဖက်ရည်ဖြူထက် သာလွန်တာကို ယူလာနိုင်တယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ချေ ရှိမလဲ။ သခင်မု စိတ်အေးချမ်းဖို့အတွက် သူမကို လေးစားတဲ့ အနေနဲ့ သူ့လက်ဖက်ရည်ဖြူကို မြည်းစမ်းပေးမယ်”
ဒီလူ့စကားအတိုင်း အားလုံးက ဒီစကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောနေကြပြီး ယွမ်လော့ဖုန်း နိုင်မယ်လို့ ဘယ်သူမှ မတွေးထင်ကြပေ။
ယွမ်လော့ဖုန်းလည်း ပြက်ရယ်ပြုစရာ လူများကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ချောမောလှပတဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်စဉ်းလဲသော အပြုံးလေးကို ဆင်မြန်းထားတယ်။
“သြော်… မေ့နေလိုက်တာနော်… စိတ်ဝိညာဉ် လက်ဖက်ရည်ရဲ့ အသုံးဝင်မှုကို ပြောဖို့ မေ့နေတယ်။ ဒီလက်ဖက်ရည်က နင်တို့ ခန္ဓာကိုယ်ကို အားအင် တိုးစေရုံသာမက ခေါင်းကိုက်တာ၊ ဖျားနာခြင်း အစရှိတဲ့ ရောဂါငယ်လေးများ ကိုလည်း ကုပေးနိုင်တယ်။ နောက်ပြီးတော့ ခေါင်းကြည်စေတယ်။ ဒါကြောင့် ညဘက် မအိပ်တတ်တဲ့ လူတွေအတွက် သင့်လျော်တယ်”
သူမရဲ့ အဘိုးက လက်ဖက်ရည် သောက်သုံးရတာကို ကြိုက်နှစ်သက် တာကြောင့် လွန်ခဲ့သော လအနည်းငယ်က ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေအတွင်းမှ စိတ်ဝိညာဉ်ဆေး စိုက်ခင်း အတွင်းမှာ သဘာဝအတိုင်း လက်ဖက်ရွက်များ စိုက်ပျိုးခဲ့တယ်။ စိတ်ဝိညာဉ် စွမ်းအားများကြောင့် စိတ်ဝိညာဉ် လက်ဖက်ရွက်များ အဖြစ်သို့ ပြောင်းလဲ သွားတာလေ။ အခု ယွမ်လော့ဖုန်း ယူလာတဲ့ လက်ဖက်ရွက်က အဆင့်နိမ့်ဆုံး အရွက် ဖြစ်နေတာကြောင့် ရောဂါငယ်လေးများကို ကုသနိုင်တယ်။ သူ့အဘိုးအတွက် သိမ်းထားတဲ့ အကောင်းဆုံး လက်ဖက်ရွက်များက ရောဂါ ကုသနိုင်ရုံသာမက စိတ်စွမ်းအား ကျင့်ကြံသူများအတွက် စိတ်စွမ်းအားကို တိုးမြှင့် ပေးနိုင်တယ်။
***
အပိုင်း(၂၅၀)
သွေးပွက်ပွက် အန်သော မုဝူချန်(၁)
အခြွေရံက လူတိုင်းရဲ့ လက်ဖက်ရည် ခွက်များထဲသို့ လက်ဖက်ရည်များကို ထည့်ပေးလိုက်တယ်။ ချက်ချင်းပဲ လက်ဖက်ရည် စံအိမ်တော်က လတ်ဆတ်သော ရနံ့များဖြင့် ပြည့်နှက် သွားတယ်။ သူတို့ ခန္ဓာကိုယ်များ ပေါ့ပါး လန်းဆန်း သွားစေသော သာယာမှုကို ပေးစွမ်းတယ်။
သူတို့တွေက စိတ်ဝိညာဉ် လက်ဖက်ရည်ကို မသောက်ရ သေးသော်လည်း ယွမ်လော့ဖုန်းပြောတဲ့ အကျိုး သက်ရောက်မှုကို ခံစားရတယ်။ ဒါကြောင့်လည်း သူတို့အားလုံးက စကားအပို ပြောမနေတော့ဘဲ တိတ်တိတ် ဆိတ်ဆိတ် လက်ဖက်ရည်ကို သောက်လိုက်တယ်။ တချို့လူတွေကတော့ မုဝူချန် ကျေနပ်စေဖို့အတွက် သူတို့မျက်နှာပေါ်မှာ သိသာ ထင်ရှားတဲ့ အထင်မြင်သေးမှုကို ဖော်ပြနေတယ်။
“ယွမ်လော့ဖုန်း”
မုဝူချန်လည်း ယွမ်လော့ဖုန်းကို ကြည့်လိုက်ပြီးတော့ ကျေနပ်စွာ ပြုံးလိုက်တယ်။
“ငါတို့နှစ်ယောက်က ဆေးပညာအကြောင်း ယှဉ်ပြိုင်ပြီးတော့ ပြောမယ် ဆိုရင်တော့ ငါ ရှုံးမယ် ဆိုတာကို ငါဝန်ခံပါတယ်။ ကံဆိုးစွာနဲ့ပဲ ငါက ယွမ်မိသားစုရဲ့ အရည်အချင်းကို သိနေတာကြောင့် ဒီတစ်ခေါက်တော့ နင် နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး”
သို့သော်လည်း မုဝူချန် ပြောပြီးသည့် အချိန်မှာပဲ ရုတ်တရက် အံ့အားသင့်နေသော အသံများက လက်ဖက်ရည် စံအိမ်တော် တစ်ခုလုံး ပြည့်နှက် သွားတယ်။
“ဘယ်လို ဖြစ်ရတာလဲ။ ဒီနေ့ ငါ အအေးမိပြီး နှာပိတ် နေခဲ့တာလေ။ စိတ်ဝိညာဉ် လက်ဖက်ရည် တစ်ခွက် သောက်ပြီးတော့ အသက်ရှူရတာ ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်လို့ ခံစားရတယ်။ ဒါက တကယ်ပဲ ရောဂါကို ကုသနိုင်တာလား”
“ဝိုး…. ငါ့ခြေထောက်တွေမှာ ဒဏ်ရာဟောင်းတွေ ရှိတယ်။ အခုတော့ နာကျင်မှု လျော့ပါး သွားသလို ခံစားရတယ်။ ဒါပေမဲ့ အခုတော့ နာကျင်မှုက လုံးဝ အရှင်း ပျောက်သွားခဲ့ပြီ။ ငါ အိပ်မက် မက်နေတာလား”
“ငါ့ခန္ဓာကိုယ်က ဘာရောဂါမှ မရှိခဲ့ဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ် လက်ဖက်ရည်ကို သောက်ပြီးတော့ လန်းဆန်းပြီး ခေါင်းကြည် သွားတယ်လို့ ခံစားရတယ်။ နှင်းတောင် လက်ဖက်ရည်ဖြူက ဒီလက်ဖက်ရည်ကို ယှဉ်လို့ မရနိုင်ဘူး”
မုဝူချန်ရဲ့ မျက်နှာပေါ်က ကျေနပ်နေသော အပြုံးက ပျောက်ပြယ် သွားခဲ့တယ်။ လူတိုင်းကို အေးတိအေးစက် ကြည့်လိုက်တယ်။ အခြွေရံအနားကို အလျင်အမြန် သွားပြီး သူ့လက်ထဲမှ လက်ဖက်ရည်အိုးကို ဆွဲယူလိုက်တယ်။ ခွက်ထဲသို့ လက်ဖက်ရည်ကို လောင်းထည့် လိုက်ပြီးတော့ အငမ်းမရ သောက်လိုက်တယ်။ သူ့လှုပ်ရှားမှုက ယဉ်ကျေး သိမ်မွေ့သော အပြုအမူမရှိဘဲ ကြမ်းတမ်းလှတယ်။ သူ့ပါးစပ်ကို လက်ဖက်ရည် ဖြည့်သွင်း လိုက်ချိန်မှာ သူ့မျက်နှာက အချိန်ပေါင်း များစွာ ပြောင်းလဲ သွားတယ်။ နောက်ဆုံးတော့ ဖြူဖျော့သည့်ဘက်သို့ ပြောင်းလဲ သွားတယ်။ အရှက်ရမှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်ဝန်းဖြင့် ယွမ်လော့ဖုန်းကို ကြည့်နေတယ်။
နောက်ဆုံးတော့ သူ့ဒေါသများက စကားနှစ်လုံး အဖြစ်သို့ ပြောင်းလဲ သွားတယ်။
“ငါ ရှုံးတယ်”
မုဝူချန်ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ကြည့်ရင်း ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“ရှင့်အရှုံးကို ဝန်ခံလိုက်ပြီး ဆိုတော့ ကျွန်မကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးပါ။ ရှင်တို့ လေရနံ့ စံအိမ်တော်က ဂုဏ်သတင်း ကျဆင်း သွားခဲ့ရင် ဘယ်လို ဖြစ်မလဲ ဆိုတာ သိချင်မိတယ်”
တကယ်တမ်းတော့ လက်ဖက်ရည် စံအိမ်တော်သို့ လာရောက်တယ် ဆိုတာက အပြစ်အနာဆာရှိတဲ့ လက်ဖက်ရွက်များကို ရောင်းချဖို့ လာရောက်ခဲ့တာလေ။ သူမ အဘိုးအတွက်တော့ အကောင်းဆုံး လက်ဖက်ရွက်များကို သိမ်းပေးထားတာပါ။ အဘိုးကို အပြစ်အနာဆာ ရှိတဲ့ လက်ဖက်ရွက် ဘယ်တော့မှ ပေးမှာတော့ မဟုတ်ဘူး။
ဒါပေမဲ့ သူမ အရမ်းကို ကံကောင်းနေမယ်လို့ မထင်ထားခဲ့မိဘူး။ တွေ့တဲ့ လက်ဖက်ရည် စံအိမ်တော်ထဲသို့ ဝင်လာလိုက်တာက မုမိသာစု စံအိမ်တော် ဖြစ်မယ်လို့ မထင်ထားခဲ့မိဘူး။
“မင်း စိတ်ချထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါ့ကတိကို တည်မှာပါ”
မုဝူချန်လည်း ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။
“ဒါနဲ့လေ”
တစ်ခုခုကို မကောင်း ကြံစည်တော့မည့်အတိုင်း ယွမ်လော့ဖုန်းလည်း ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်ပြီးတော့
“ဒီလက်ဖက်ရည်က အရမ်းကို ဈေးကြီးတယ်။ ဒီယှဉ်ပြိုင်ပွဲက ငါ့လက်ဖက်ရွက် အများကြီးကို ဆုံးရှုံးစေတယ်။ ငါ့ဆုံးရှုံးမှုကို နင်က အလျော်ပြန်ပေးရမယ်။ လက်ဖက်ရွက် တစ်ရွက်အတွက် ငွေသား ၁သိန်းတဲ့။ ဆယ်ရွက်ဆိုတော့ ငွေသား၁သန်း ကျသင့်တယ်။ ပေးရမယ်ငွေကို စစ်သူကြီး အိမ်တော်ကို ပို့ထားလိုက်တော့”
“မင်း….”
ချက်ချင်းပဲ မုဝူချန်ရဲ့မျက်နှာက မည်းမှောင် သွားပြီးတော့ ဒေါသဖြင့် ပြည့်နှက်နေတယ်။
“ယွမ်လော့ဖုန်း… မင်း တရားမလွန်လာနဲ့။ ဒီကုန်းမြေစုမှာ ဈေးအကြီးဆုံး လက်ဖက်ရည်တောင် ငွေသား တစ်သောင်းတည်း ရှိတယ်။ ငါ့ကို ငွေသား ၁သိန်းလို့ ပြောင်းပြော ရဲတယ်ပေါ့။ ဒီလက်ဖက်ရည်ကို နတ်ဘုရား စိုက်ထားတာ မို့လား”
ယွမ်လော့ဖုန်းလည်း မုဝူချန်ကို ကြည့်လိုက်ပြီးတော့
“ဒီဈေးနှုန်းက ထိုက်တန်လားလို့ လူတိုင်းကို မေးနိုင်တယ်နော်”
***
Bạn đang đọc truyện trên: Truyen247.Pro