
353+354+355+356+357
အပိုင်း(၃၅၃)
ရှောင်ယွီချင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း(၁)
“ကောင်မလေး… မင်း တစ်နေ့မှာ ဆေးပညာကို သင်ယူချင်တယ် ဆိုရင်တော့ ကျုပ်ဆီ လာခဲ့ပါ… အချိန်မရွေး ကျုပ်မင်းကို သင်ပေးနိုင်တယ်”
ကောင်းကင်ယံကို ငေးကြည့်ရင်း အဘိုးအိုငယ်လေးက ပြုံးပြီးတော့ ပြောရှာတယ်။
“နောက်ကျနေပြီ.. မင်း ဝိညာဉ်ဘုံကို သွားချင်တယ် ဆိုရင်တော့ ကျုပ်နောက် လိုက်ခဲ့ပါ…”
ယွမ်လော့ဖုန်းရဲ့ မျက်လုံးများက တဖျတ်ဖျတ် လက်သွားခဲ့တယ်။ သူမ အရမ်းကို ကံကောင်းနေမယ်လို့ မထင်ထားခဲ့မိဘူး။ ဝိညာဉ်ဘုံထဲ ဘယ်လို ဝင်ရကောင်းမလဲလို့ တွေးနေချိန်မှာ တစ်ယောက်ယောက် ပေါ်လာပြီး သူမ ပြဿနာကို ဖြေရှင်း ပေးလိုက်တယ်….။
တိမ်တိုက်တံတား အနားမှာ ဧရာမကြီးမားတဲ့ တံခါးကြီး ရှိနေတယ်…။ သံချပ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အစောင့် နှစ်ယောက်က တံခါးတစ်ဖက် တစ်ချပ်မှာ ရပ်နေတယ်။ သူတို့ပုံစံက ခံစားချက် ကင်းမဲ့သော ရုပ်တုနဲ့ ဆင်တူတယ်။
“ရပ်စမ်း…”
ဖြည်းဖြည်းချင်း ချဉ်းကပ်လာတဲ့ အဘိုးအိုငယ်လေးနဲ့ ယွမ်လော့ဖုန်းကို မြင်တော့ အစောင့်က တားဆီးပြီး အေးတိအေးစက် ပြောတယ်။
“တစ်ဆိတ်လောက်… ခင်ဗျားရဲ့ ဖြတ်သန်းခွင့် ကတ်ပြားကို ပြပါ”
အဘိုးအိုငယ်လေးက သူ့ဝတ်စုံထဲကို လက်နှိုက်ပြီး အေးအေးလူလူ ရှာနေတယ်… ဒါပေမဲ့ သူ့အိတ်ကပ်ထဲမှာ စမ်းတဝါးဝါး ရှာကြည့်သော်လည်း ဘာတစ်ခုမှ မထွက်လာခဲ့ပေ။
ဒါကို မြင်ရတော့ အစောင့်နှစ်ယောက်က စိတ်မရှည်တော့… မာထန်သော လေသံဖြင့် မေးလာတယ်။
“ခင်ဗျားမှာ ဖြတ်သန်းခွင့် ကတ်ရှိတာ သေချာလို့လား”
သူတို့ မျက်နှာထားက ဖြတ်သန်းခွင့် ကတ်မရှိရင် ဒီနေရာက ထွက်သွားဆိုတဲ့ ပုံစံပေ။ ငါတို့ တာဝန် ထမ်းဆောင် နေတာကို မနှောင့်ယှက်နဲ့ဆိုတဲ့ သဘောပေါ့။
“ထူးဆန်းလိုက်တာ… ငါ့ဖြတ်သန်းခွင့်ကတ် ဘယ်ရောက် သွားတာလဲ”
အဘိုးအိုပုံစံက စိတ်ရှုပ်ထွေးနေပုံ ရတယ်။
“ငါ ဘာကြောင့် ရှာမတွေ့ရတာလဲ ငါနဲ့ အတူတူ ယူလာတာတော့ မှတ်မိပါတယ် လမ်းခုလတ် တစ်နေရာရာမှာ ပျောက်သွားတာလား”
ဒါက အတော်လေး ရှက်ဖို့ ကောင်းတယ်။ သူ့နံဘေးမှာ ရပ်နေတဲ့ ယွမ်လော့ဖုန်းကို ကြည့်ရင်း အဘိုးအိုငယ်လေးမှာ မျက်နှာနီရဲပြီး ရှက်ရွံ့လာရတယ်။
“ဟွန့်”
အစောင့်တစ်ယောက်က ခနဲ့လိုက်တယ်။
“ဝိညာဉ်ဘုံထဲကို ခိုးဝင်ဖို့ ကြိုးစားတဲ့ လူအမြောက်အမြားကို ငါ တွေ့ဖူးတယ် ... ခင်ဗျားရဲ့ ထုံထိုင်းတဲ့ အကြံဉာဏ်ကို သိမ်းထားလိုက် ဖြတ်သန်းခွင့် ကတ်မပြနိုင်ခဲ့ရင်တော့ ဝိညာဉ်ဘုံထဲဝင်ဖို့ မစဉ်းစားနဲ့… ဖြတ်သန်းခွင့်ကတ် မရှိတဲ့လူကို ဝိညာဉ်ဘုံထဲ ခြေတစ်လှမ်း လှမ်းဖို့ ခွင့်မပြုနိုင်ဘူး..”
ဒီတံခါးကို ဖြတ်သန်းပြီးမှ ဝိညာဉ်ဘုံ အတွင်းသို့ ဝင်ရောက်နိုင်တယ်။ ဝိညာဉ်ဘုံမှာ မရေတွက်နိုင်သော ရတနာပစ္စည်းများ ရှိတာကြောင့် ခိုးယူချင်ကြတယ်။ ခိုးဝင်ချင်တယ်။ ကံဆိုးစွာနဲ့ ဖြတ်သန်းခွင့် ကတ်မရှိရင် ဝိညာဉ်ဘုံထဲကို ဘယ်သူမှ ခြေတစ်လှမ်းမျှ တိုးမဝင်နိုင်ဘူး။
မျက်မှောင်ကြုတ်ရင်း အဘိုးအိုငယ်လေးက အစောင့်များကို ဒေါသမျက်ဝန်းဖြင့် ကြည့်လိုက်တယ်။ ဒီကုန်းမြေစုမှာ ဘယ်သူမှ သူ့ကို ဒီလိုမျိုး အထင်မြင်သေးစွာ မဆက်ဆံရဲဘူး။
“ငါ ဘယ်သူလဲဆိုတာ မင်းသိလား”
အဘိုးအိုငယ်လေးက ဒေါသတကြီး ထေ့ငေါ့လိုက်တယ်။
“မင်းတို့ ဝိညာဉ်မျိုးနွယ်စုရဲ့ အကြီးအကဲ တစ်ယောက်က ဆေးကုသပေးဖို့ ငါ့ကို ဖိတ်ခေါ်ထားတာ။ ငါ့အစီအစဉ် နှောင့်နှေးသွားခဲ့ရင် မင်း တာဝန်ယူမလား ဒီအပြင် ငါ့မှာ ဖြတ်သန်းခွင့် ကတ်ရှိတယ်… အခုအချိန်မှာ ရှာမတွေ့သေးတာပဲ ရှိတယ်”
ဒီနှစ် တစ်လျှောက်လုံး သူ့ကို နေရာတိုင်းက တလေးတစား ပြောဆို ဆက်ဆံခဲ့တယ်။ ပထမဆုံးအကြိမ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခံရခြင်းပဲ။
“ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး ဖြတ်သန်းခွင့် ကတ်မရှိရင် ဘယ်သူကိုမှ ဝင်ခွင့် မပေးနိုင်ဘူး”
အစောင့်က မေးမော့ပြီး မာနဝင့်ကြွားစွာ ပြောတယ်။ သူမမျက်ဝန်းများက အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေတယ်။ သူက အဘိုးအိုငယ်လေးကို မျက်လုံးထဲ မထည့်တာ ရှင်းနေတာပဲလေ။
အဘိုးအိုငယ်လေး ဒေါသထွက်ပြီး ပေါက်ကွဲတော့မည့် အချိန်မှာ နောက်ဘက်မှ မြင်းခွာသံကို ကြားလိုက်ရတယ်။ လူအုပ်စု တစ်စုက ဂိတ်ပေါက်ဝကို ဒုန်းစိုင်း မြင်းဖြင့် နှင်လာခဲ့တယ်။ သူလည်း အဝေး တစ်နေရာမှ မြင်းဖြင့် ဒုန်းစိုင်းလာတဲ့ လူအုပ်စုကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။
ဒီလူအုပ်စုရဲ့ ခေါင်းဆောင်က နူးညံ့သော မျက်နှာပုံစံလေးကို ပိုင်ဆိုင်တဲ့ ခန့်ညား ချောမောတဲ့ အမျိုးသားလေးပါ။ သူ့မျက်နှာကို နတ်ဘုရားများက ထုဆစ် ပေးထားသလိုပဲ။ ယွမ်ချင်ရာက အေးတိအေးစက် အဖက်မလုပ်ဟန် ရှိသော်လည်း သူ့အပြုမူမှာ နွေးထွေးမှုကို ခံစားလို့ ရတယ်။ ယွမ်ချင်ရာနဲ့ ခြားနားစွာ ဒီအမျိုးသားလေးက ပိုပြီးတော့ ခံစားချက် ကင်းမဲ့တယ်။
သူတို့ဆီကို မြင်းဖြင့် ဒုန်းစိုင်းလာတဲ့ လူငယ်လေးကို မြင်တော့ အစောင့် နှစ်ယောက်မှာ မျက်လုံး ပြူးကျယ်ကာ တရိုတသေ နှုတ်ဆက်ရှာတယ်။
“သခင်ရှောင်… ပြန်လာတာ ကြိုဆိုပါတယ်”
***
အပိုင်း(၃၅၄)
ရှောင်ယွီချင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း(၂)
ရှောင်ယွီချင်းလည်း သူ့ခေါင်းကို ညိတ်လိုက်တယ်။ ဂိတ်ရှေ့မှာ ရပ်နေတဲ့ အစောင့် နှစ်ယောက်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး စိတ်မပါစွာ ပြောလိုက်တယ်။
“တံခါးဖွင့်”
“ဟုတ်ကဲ့ပါ သခင်ရှောင်”
အစောင့် တစ်ယောက်က ရိုသေလေးစားစွာ ဂါရဝပြုလိုက်ပြီး တံခါးဖွင့်ဖို့ လှည့်လိုက်တယ်။
ဒါကိုမြင်တော့ အဘိုးအိုငယ်လေးက ထေ့ထေ့ငေါ့ငေါ့ ပြောတယ်။
“ဖြတ်သန်းခွင့်ကတ် မပါရင် ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူးလို့ ပြောလိုက်တာ မှတ်မိနေပါသေးတယ်… ဒါဆို မင်းစကားက ဘာအဓိပ္ပာယ်မှ မရှိဘူးပေါ့”
အစောင့်မျက်နှာက မည်းမှောင်သွားပြီး သရော်လာတယ်။
“အဘိုးကြီး သူက ဘယ်သူလဲဆိုတာ သိရဲ့လား… ဝိညာဉ်ဘုံရဲ့ ထိပ်တန်း မိသားစုဝင် သုံးစုမှာ ပါဝင်တဲ့ ရှောင်မိသားစုရဲ့ ဆက်ခံသူ သခင်လေး… သူက သေချာပေါက် ဖြတ်သန်းခွင့်ကတ် မလိုအပ်ဘူး ခင်ဗျားကြီးနဲ့ ဘယ်လို ယှဉ်နိုင်မလဲ ခင်ဗျားမှာ ဖြတ်သန်းခွင့် ကတ်မရှိရင် ဒီနေရာက ထွက်သွား လိုက်တော့”
ထိပ်တန်း မိသားစု သုံးစုမှာ ပါဝင်တဲ့ ရှောင်မိသားစုတဲ့လား။
ယွမ်လော့ဖုန်းလည်း သူမမျက်ဝန်းကို မှေးစဉ်းလိုက်ပြီး အန္တရာယ် အငွေ့အသက်က သူမမျက်ဝန်းအှာ တဖျတ်ဖျတ် လက်နေခဲ့တယ်။ ဒါဆို ဒီရှောင်မိသားစုက ယွမ်ရှောင်ကို စွန့်ပစ်ခဲ့တဲ့ ရှောင်မိသားစု ဖြစ်ရမယ်။ တိုက်ဆိုင်လိုက်တာ… ဒီနေရာမှာ ရှောင်မိသားစုကလူနဲ့ လာတွေ့ပြီပေါ့။
ယွမ်လော့ဖုန်းလည်း အဖက်မလုပ်ဟန် မြင်းပေါ်မှာ ထိုင်နေတဲ့ အမျိုးသားလေးကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။
“ခွေးက … ခွေးသခင်နဲ့ တူတာပါလား”
အဘိုးအိုငယ်လေးက ယွမ်လော့ဖုန်းကို တအံ့တသြ ကြည့်လိုက်တယ်။ ရှောင်မိသားစုကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိတာကြောင့် ဒီမိန်းကလေးကို အတော်လေး အထင်ကြီး လေးစားမိတယ်။
“ဒါက ဘာကို ဆိုလိုတာလဲ”
အဘိုးအိုငယ်လေးက အပြုံးလေးနဲ့ မေးလိုက်တယ်။ သူက ဒီမိန်းကလေး စိတ်နေစိတ်ထားကို သဘောကျ နှစ်သက်တာကြောင့် ယွမ်လော့ဖုန်းဘက်က ရပ်တည်ပေးမှာပါ။
ယွမ်လော့ဖုန်းလည်း သူ့ကို ကြည့်လိုက်ပြီး သူမနှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။
“ဒီအစောင့် နှစ်ယောက်က ရှောင်မိသားစုက မွေးထားတဲ့ ခွေးနှစ်ကောင်နဲ့ မတူတာ… ရှင် မမြင်နိုင်ဘူးလား သခင်ပြန်လာတော့ ခွေးက သူ့သခင်အတွက် သေချာပေါက် တံခါးဖွင့်ပေးမှာပေါ့”
အစောင့်နှစ်ယောက် မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး သူမကို မကျေမချမ်း ကြည့်လာတယ်။
“ဟေ့… တရားမလွန်လာနဲ့.. ငါတို့ နှစ်ယောက်စလုံးက ရှောင်မိသားစုရဲ့ ဆက်ခံသူကို သိတယ် ဒါကြောင့် သူ့ဖြတ်သန်းခွင့်ကို ငါတို့ စစ်ဆေးနေစရာ မလိုအပ်ဘူး ဒါပေမဲ့ ခင်ဗျားကြီးက ဝိညာဉ်ဘုံထဲ ခိုးဝင်ချင်ပြီး တန်ဖိုးရှိတဲ့ ဆေးမြစ်ကို ခိုးယူချင်နေတာ… ခင်ဗျား မသေချင်ရင် ဒီနေရာက ထွက်သွားလိုက်စမ်း… ငါတို့ကို ရိုင်းစိုင်းလာအောင် တွန်းအား မပေးနဲ့”
အစောင့်ပြောတဲ့ စကားကို မကြားသလို ယွမ်လော့ဖုန်းက ပြုံးနေသော မျက်ဝန်းနက်ဖြင့် ရှောင်ယွီချင်းကို ကြည့်လိုက်တယ်။
“ကျွန်မကြားတာတော့ ရှောင်မိသားစုရဲ့ သခင်မက ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ခဲ့တယ်ဆို… ရှောင်မိသားစု သခင့်ရဲ့သားက ကိုယ်လုပ်တော်မကို နှစ်သက်ပြီး… သူ့ဇနီးကို စွန့်ပစ်ခဲ့တယ်… ဒီကိစ္စကို လူတိုင်း သိနေပါတယ်။ ဒီလို စက်ဆုပ်ဖွယ် မိသားစုက ရှောင်မိသားစုမှာ ဝိညာဉ်ဘုံမှာ ဘာကြောင့် ရပ်တည်နိုင်ရလဲ ဆိုတာ အံ့သြမိတယ်”
ရှောင်ယွီချင်းရဲ့ မိခင် လင်းယွဲ့က အပျော်မယ် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ သူမက ရှောင်ချန်နဲ့ ချစ်ကျွမ်းဝင်ပြီး ရှောင်ယွီချင်းဆိုတဲ့ သားတစ်ယောက် မွေးပေးခဲ့တယ်။ သို့သော်လည်း ထိုအချိန်မှာ ရှောင်ချန်က ယွမ်ရှောင်အပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိခဲ့တယ်။ ဒါကြောင့် သူက လင်းယွဲ့ကို လက်မထပ်ခဲ့ဘူး… အပြင်မှာသာ ထားရှိခဲ့တယ် ဒီလိုကိစ္စကြောင့် လင်းယွဲ့ကို သူ့ဇနီးက အနိုင်ကျင့်ခဲ့တာပေါ့ သို့သော်လည်း ယွမ်ရှောင်က အမှိုက်တစ်ယောက် အဖြစ် ပြောင်းလဲသွားတယ်။ ဒါကြောင့် ရှောင်မိသားစုက ယွမ်ရှောင်ကို ထုတ်ပယ်ဖို့ ဆွေးနွေးပြီး သူ့အမေကိုလည်း ကိုယ်လုပ်တော်အဖြစ် ရာထူး ချလိုက်တယ်။
ရှောင်ယွီချင်း ရှိတဲ့ လင်းယွဲ့ကို ရှောင်မိသားစုရှိရာ ခေါ်ဆောင် လာခဲ့တယ်။
လင်းယွဲ့က အပျော်မယ်တစ်ယောက် ဖြစ်သော်လည်း သူမမှာ ကောင်းမွန်တဲ့ ပါရမီ အရည်အချင်းရှိပြီး အကြံကြီးတယ်။ မဟုတ်ရင်တော့ ရှောင်ချန်အချစ်ကို နှစ်ပေါင်းများစွာ ရယူထားနိုင်ပါ့မလား။ သူမကို ကာကွယ်ဖို့ ရှောင်ချန်က လူတကာ ပြစ်တင် ရှုတ်ချမှုကို ခံယူခဲ့ပြီး သူမကို အပြင်မှာ တိတ်တိတ်လေး ထားခဲ့တယ်။ သို့သော်လည်း ယွမ်လော့ဖုန်းရဲ့ စိတ်ထဲမှာတော့ လင်းယွဲ့က ကိုယ်လုပ်တော် တစ်ယောက်ပါပဲ… ရှောင်ချန်မှာ ဇနီးတစ်ယောက် ရှိနေပြီးသားလေ။
ရှောင်ယွီချင်၏မျက်နှာက မည်းမှောင်သွားတယ်။ သူ့ရှေ့မှ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးကို စူးစူးစိုက်စိုက် ကြည့်ပြီး ပြောလိုက်တယ်။
“ငါ့အမေက ကိုယ်လုပ်တော် မဟုတ်ဘူး”
***
အပိုင်း(၃၅၅)
ရှောင်ယွီချင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း(၃)
ယွမ်လော့ဖုန်းက ရှောင်ယွီချင်းနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင် ထားပြီးသားပါ။ ဒါပေမဲ့ သူက ယတိပြတ် ပြန်ဖြေလိုက်တယ်။ သူမလည်း ထေ့ထေ့ငေါ့ငေါ့ ပြုံးလိုက်တယ်။
“ကိုယ်လုပ်တော်က ကိုယ်လုပ်တော်ပါပဲ…။ သူမက တခြားလူရဲ့ ယောက်ျားကို ခိုးယူတဲ့အပြင် ရှင် နေရာခိုင်မြဲစေဖို့ အဲဒီအမျိုးသမီးရဲ့ သားကို သတ်ဖို့ ကြိုးစားခဲ့တယ် ဒီလို အရှက်မဲ့တဲ့ မိန်းမက ရှောင်မိသားစုရဲ့ သခင်မ ဖြစ်လာတာ အံ့သြဖို့ ကောင်းလိုက်တာ… သူမကို လက်ခံပေးဖို့ ရှောင်မိသားစု အလှောင်ပြောင်ခံ အဖြစ်ခံတယ်ပေါ့…”
ယွမ်လော့ဖုန်းရဲ့ စကားသံကို ကြားရတော့ ရှောင်မိသားစုရဲ့ အစောင့်များက ပေါက်ကွဲချင်လာတယ်။ သူတို့အားလုံးက လက်နက်များ ဆွဲထုတ်ပြီး သူမကို သင်ခန်းစာပေးဖို့ ပြင်နေတယ်။ သို့သော်လည်း သူတို့ ခြေလှမ်း လှမ်းရုံသာ ရှိသေးတယ် ရှောင်ယွီချင်းက သူတို့အားလုံးကို လက်မြှောက်ပြီး တားဆီးလိုက်တယ်။
“မင်းက ရှောင်မိသားစုကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိတယ်လား”
ရှောင်ယွီချင်းက သူမကို တည်ငြိမ်စွာ စိတ်မပါဟန် ကြည့်လိုက်တယ်။ သူ့မျက်လုံးများက မည်သည့် နွေးထွေးမှုကိုမှ မခံစားရဘူး။
“မင်းက ငါ့အဖေရဲ့ စွန့်ပစ်တာ ခံရတဲ့ ဇနီးဟောင်း မိန်းမနဲ့ ပတ်သက်မှု ရှိတာလား”
“မဟုတ်ရပါဘူး… ကျွန်မက သနားစရာကောင်းတဲ့ အမျိုးသမီးလေးအတွက် ကာကွယ် ပြောဆိုပေးတာပါ”
ယွမ်လော့ဖုန်းလည်း အေးတိအေးစက် ပြုံးလိုက်တယ်။ အလွန်လှပတဲ့ မျက်နှာလေးက ဗိုလ်ကျသော အရှိန်အဝါက ထုတ်လွှင့်နေတယ်။
“ရှောင်မိသားစုက အားနည်းတဲ့လူကို အနိုင်ကျင့်နေတာကို မုန်းတယ် ဒါကြောင့် ကျွန်မက အမှန်တရားဘက်က ရပ်တည်ပေးတာ”
ရှောင်ယွီချင်းက ယွမ်လော့ဖုန်းကို ကြည်လင်သော မျက်လုံးများဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာတယ်။
“သနားစရာ ကောင်းတယ်တဲ့လား တကယ် ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိလို့လား ငါ့အမေက ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ခဲ့သော်လည်း သူမက အဖေကို အရင်ဆုံး တွေ့ခဲ့တာ တစ်ယောက်နဲ့ တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်တာ ဒါပေမဲ့ အဲဒီမိန်းမက ငါ့အမေရဲ့ အစေခံတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်။ ငါ့အမေက ကြင်နာတတ်တဲ့ နှလုံးသား ရှိပြီး အစေခံကို သူ့ညီမ အရင်းလေးအတိုင်း ပြုမူဆက်ဆံတယ်… အစေခံဘဝကို ကယ်တင်ဖို့ အဖေကို စွန့်လွှတ်ဖို့ တွန်းအားပေး ခံရတယ်… အားလုံး ငါ့အမေ အမှားလို့ ပြောနိုင်ရတာလဲ”
“အားလုံးကို ရှင်ကိုယ်တိုင် ကြုံတွေ့ခဲ့ရလို့လား”
ယွမ်လော့ဖုန်းလည်း ရှောင်ယွီချင်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူမမျက်ဝန်းများက ထေ့ငေါ့မှုများဖြင့် ပြည့်နှက်နေတယ်။
“မဟုတ်ပါဘူး”
ရှောင်ယွီချင်းလည်း သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
“ငါ့အမေ… ငါ့ကို ပြောတာ… ဒါပေမဲ့ ဒီအကြောင်းကို ဝိညာဉ်ဘုံ တစ်ခုလုံး သိတယ် ဒါကြောင့် မင်း အမှန်တရားကို မသိရင် ပေါက်ကရ လျှောက်မပြောနဲ့ မဟုတ်ရင်တော့ မမျှော်လင့်ထားတဲ့ ပြဿနာတွေ ကြုံတွေ့သွားရမယ်”
ယွမ်လော့ဖုန်းလည်း သူ့နှလုံးသားထဲမှာ ထေ့ငေါ့လိုက်တယ်။ မိန်းမယုတ်က သူမရဲ့ဂုဏ်သတင်းကို ကာကွယ်ဖို့ အဖြူကို အမည်း ပြောင်းပြောတာပေါ့။ အားလုံးကို ယွမ်ရှောင် အမေအပေါ် အပြစ်ပုံချတာပေါ့။ ဘာပဲဖြစ်ဖြစ် သူမကတော့ ရှောင်ယွီချင်းထက် ယွမ်ရှောင်ကို ပိုပြီးတော့ ယုံကြည်တယ်။
“အမှန်တရားကို မသိတာ ရှင်လို့ ကျွန်မ ထင်တယ်”
ယွမ်လော့ဖုန်းလည်း ပျင်းရိလေးတွဲစွာ အကြောဆန့်လိုက်တယ်။ ကောက်ကျစ်စဉ်းလဲသော အလင်းတန်းက သူမရဲ့ မှေးကျဉ်းသော မျက်ဝန်းမှာ တဖျတ်ဖျတ် လက်နေတယ်။
“ရှင့်အမေကို သွားပြောလိုက်တယ် သူမ အကုသိုလ်က မလွတ်မြောက်နိုင်ဘူးလို့… နတ်ဘုရားက အားလုံးကို မြင်နိုင်တယ်လို့…တစ်နေ့မှာ သူမလုပ်ထားတဲ့ အကုသိုလ်ကို ပြန်လည် ပေးဆပ်ရမှာ…”
ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်တဲ့လား။
သူမမှာသာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ် ဆိုရင်တော့ လောကကြီးထဲမှာ ယုတ်မာတဲ့ လူဆိုတာ မရှိတော့ဘူး။ သူမက ယွမ်ရှောင်အမေရဲ့ ယောက်ျားကို လုယူပြီး အပြစ်မဲ့တဲ့ ကလေးကို ပြန်လမ်းမဲ့ သစ်တောလို အန္တရာယ်ရှိတဲ့ နေရာမှာ စွန့်ပစ်ခဲ့တယ်။ ဒီလိုမိန်းမမျိုးက အစေခံတစ်ယောက် အတွက် သူမ ပျော်ရွှင်မှုကို စတေးမယ်တဲ့လား။
အဖြေကတော့ ရှောင်ယွီချင်း စကားက ယုံကြည်စရာကို မရှိဘူး။
ယွမ်ရှောင် နာကျင်ခံစား ခဲ့ရတာကို တွေးကြည့်တိုင်း ဒီလူမဆန်တဲ့ မိန်းမကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ထစ်ချင်တယ်။
“တွေ့ပြီ”
နှစ်ယောက်က စကားနိုင်လုနေစဉ်မှာ အဘိုးအိုငယ်လေးက ရုတ်တရက် ထအော်တယ်။
“ဟား… ကျောက်စိမ်း ဖြတ်သန်းခွင့် ကတ်ပြားကို ဖိနပ်ထဲ ထားမိတာ မေ့နေတာ အခုချက်ချင်း ငါ့အတွက် တံခါးဖွင့်ပေးစမ်း”
မေးဖျားကို မော့ရင်း အဘိုးအိုငယ်လေး အစောင့်နှစ်ယောက်ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“စောနက မင်းတို့နှစ်ယောက် ဘာပြောလိုက်တယ်… ငါက ဝိညာဉ်ဘုံထဲ ခိုးဝင်ပြီး ရတနာ ခိုးချင်တယ်တဲ့လား မျက်လုံး ဖွင့်ပြီးတော့ ဒါကို ကြည့်လိုက်စမ်းပါ”
***
အပိုင်း(၃၅၆)
ရှောင်ယွီချင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း(၄)
အဘိုးအိုငယ်လေးမှာ တကယ်ပဲ ဖြတ်သန်းခွင့် ရှိမယ်လို့ မမျှော်လင့်ထားတာကြောင့် သရော်မိတဲ့ အစောင့်က ခဏတော့ မွှန်ထူသွားပုံရတယ်။ တခြား တစ်ဖက်မှာတော့ တခြား အစောင့် တစ်ယောက်ကတော့ ပိုပြီးတော့ တည်ငြိမ်နေတယ်။ အဘိုးအိုငယ်လေးကို မကြည့်ဘဲ သူက အေးတိအေးစက် ပြောလိုက်တယ်။
“သူ့မှာ ဖြတ်သန်းခွင့်ကတ် ရှိတာ မရှိတာ ဘာအရေးစိုက် နေရမလဲ… ရှောင်မိသားစုရဲ့ သခင်လေးကို ခင်ဗျားက အရင်ဆုံး ဝင်ခွင့်ပေးရမယ်… ငါတို့ ဝိညာဉ်ဘုံမှာ မတူညီတဲ့ အဆင့်အတန်း ဖြတ်သန်းခွင့် ကတ်တွေ ရှိတယ်… အဆင့်အတန်း ပိုမြင့်တဲ့ ဖြတ်သန်းခွင့် ကတ်ရှိတဲ့လူက အရင်ဆုံး သွားနိုင်တဲ့ အခွင့်အရေး ရှိတယ်”
အဘိုးအိုငယ်လေးက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အသံကတော့ အတော်လေး ဒေါသထွက်နေပုံ ရပါတယ်။
“ဘာပြောလိုက်တယ်… ဒီလူတွေက ငါ့ကို အဆင့်အတန်းနိမ့်တဲ့ ဖြတ်သန်းခွင့်ကတ် ပေးလိုက်တာလား ကောင်းပြီလေ… ငါ့မှာတော့ သူ့ကို ကုသပေးဖို့ ဝိညာဉ်ဘုံအထိ လာခဲ့ရတယ်… ဝင်ခွင့် တားမြစ်ခံရတဲ့အပြင် တခြား တစ်ယောက်ကိုလည်း အလျှော့ပေး ရဦးမယ်ပေါ့ ဒီကုန်းမြေစုမှာ ငါကျော်ကြား လာကတည်းက ဘယ်သူမှ ငါကို ဒီလိုမျိုး မဆက်ဆံဖူးဘူး”
ယွမ်လော့ဖုန်းလည်း အဘိုးအိုလေး လက်ထဲမှ ရွှေရောင် ဖြတ်သန်းခွင့်ကတ်ကို လှမ်းယူလိုက်တယ်။
“ဒါကို ရှင်က ဘာကြောင့် ဖိနပ်ထဲ ဝှက်ထားရတာလဲ… ရှင့်ခြေထောက် အဆင်ပြေရဲ့လား ဒီအပြင် ရှင်ဘာမှ မခံစားရဘူးလား ဒီကျောက်စိမ်း ဖြတ်သန်းခွင့် ကတ်က အတော်လေး ကြီးတယ်”
သူမစကားကို ကြားတော့ အစောင့်ပြောလိုက်တဲ့ စကားကို ဒေါသထွက်နေတဲ့ အဘိုးအိုငယ်လေးက မျက်နှာနီနီရဲရဲဖြင့် ရှက်ရွံ့စွာ ပြောတယ်။
“ကျုပ်က နမော်နမဲ့ နိုင်တယ်… ကျောက်စိမ်းကတ်ပြား ပျောက်သွားမှာ စိုးရိမ်မိတယ်။ ဒါကြောင့် ကျုပ်ဖိနပ်ထဲမှာ ဝှက်ထားလိုက်တာ”
ဂိတ်ရှေ့မှာ မတ်တတ်ရပ်နေတဲ့ လူနှစ်ယောက်ကို အေးတိအေးစက် ကြည့်ရင်း အစောင့်တစ်ယောက်က စိတ်မရှည်ဟန် မျက်မှောင်ကြုတ် ပြီးတော့ ပြောလိုက်တယ်။
“ပြောလို့ မပြီးနိုင်သေးဘူးလား… ဒီနေရာက ထွက်သွားလိုက်တော့ ရှောင်မိသားစုရဲ့ သခင်လေးက ဒီနေရာမှာ အကြာကြီး စောင့်နေတာ ခင်ဗျားတို့ မတွေ့ဘူးလား”
ဝိညာဉ်ဘုံမှာ စည်းမျဉ်းတစ်ခု ရှိတယ်။ ပိုပြီးတော့ အဆင့်အတန်းမြင့်တဲ့ ကျောက်စိမ်း ဖြတ်သန်းခွင့် ရှိမယ်ဆိုရင် ပိုင်ဆိုင်သူက မြန်မြန်ဆန်ဆန် ဝင်သွားနိုင်မယ်… ဒါကြောင့် ကျောက်စိမ်း ဖြတ်သန်းခွင့် အဆင့်အတန်းက ကိုင်ဆောင်သူရဲ့ အာဏာ… အဆင့်အတန်းကို ကိုယ်စားပြုတယ်။
လူတစ်ယောက်က တခြား တစ်ယောက်ကို အလျှော့ပေးရမယ်ဆိုရင် ထိုလူအတွက်တော့ စိတ်ပျက်ဖွယ်ပဲ… အင်အားရှိတဲ့ ဘယ်သူမှ ဒီလိုမျိုး အတွေ့အကြုံမျိုးကို ခံစားဖို့ နှစ်သက်မှာ မဟုတ်ဘူး။
ဒီအချက်ကို ကောင်းကောင်း သိနေတော့ အဘိုးအိုငယ်လေးက ရှောင်ယွီချင်းကို အလျှော့ပေးဖို့ ဆန္ဒမရှိဘူး။ ဒါကြောင့် သူလည်း ရင်ကော့ပြီး ပြောလိုက်တယ်။
“ဒီကုန်းမြေစုမှာ ကျုပ်က ဘယ်သူကိုမှ အလျှော့မပေးဖူးဘူး… ကျုပ်က ဒီကောင်လေးကို အလျှော့ပေးလိုက်တာ… တခြားလူတွေသာ သိသွားခဲ့ရင်… ကျုပ်ကို ဟားတိုက် ရယ်မောလိမ့်မယ်…”
“ဘာလဲ… ခင်ဗျားကိုယ် ခင်ဗျား ဘာထင်နေလဲ… ခင်ဗျား….”
အစောင့်တစ်ယောက်က အဘိုးအိုငယ်လေးကို ပြက်ရယ်ပြုဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူက ရုတ်တရက် အဘိုးအို တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ ရွှေရောင် ကျောက်စိမ်း ဖြတ်သန်းခွင့်ကို ဖျတ်ခနဲ လှမ်းမြင်လိုက်တယ်။ သူ့မျက်နှာက ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားခဲ့တယ်။
ရွှေရောင် ကျောက်စိမ်း ဖြတ်သန်းခွင့်တဲ့လား…။
အဘိုးအိုငယ်လေး ကိုင်ဆောင်ထားတဲ့ ကျောက်စိမ်း ဖြတ်သန်းခွင့်က ဝိညာဉ်ဘုံ တစ်ခုလုံးမှာ အဆင့်တန်း အမြင့်ဆုံး ဖြတ်သန်းခွင့် ကတ်ပြားပဲ…။ အာဏာရှိတဲ့ လူက သူ့ရွှေရောင် ကျောက်စိမ်း ဖြတ်သန်းခွင့်ကို ပေးထားတယ်တဲ့လား။ ဒီအဘိုးအိုကို ဖိတ်ကြားတဲ့လူက ဝိညာဉ်ဘုံမှာ အာဏာရှိတဲ့ လူများလား။
ရုတ်တရက် အစောင့်တွေ စကားပြော ရပ်တန့်သွားတာကို နားမလည် နိုင်တာကြောင့် အဘိုးအိုငယ်လေးက သူတို့ကို ပဟေဠိဆန်ဆန် ကြည့်လိုက်တယ်။
“မင်းတို့ ဘာပြောလိုက်တယ်”
အစောင့်က တုန်ယင်သွားပြီး တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်တယ်။ သူတို့ မျက်ဝန်းများက အံ့သြ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတယ်။ အဘိုးအိုငယ်လေး ဆက်ပြီးတော့ မလှောင်ပြောင်ရဲတော့ဘဲ အဘိုးအိုလေးဘက် လှည့်ကာ တရိုတသေ ဂါရဝပြုလိုက်တယ်။
“အစ်ကိုတော်ကို မလေးမစား ပြောဆိုမိပါတယ် အမှားလုပ်မိလို့ တောင်းပန်ပါတယ် သနားငဲ့ညာသော အားဖြင့် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ အစ်ကိုတော်…”
အဘိုးအိုငယ်လေးမှာ အံ့သြမှင်တက် သွားရတာပေါ့။ အစောင့်တွေ သဘောထား အမြင် ပြောင်းလဲသွားတာကို နားမလည်နိုင်ဘူး ဆိုတာ ရှင်းနေတာပဲလေ။
“မင်းတို့ ဖျားနေတာလား”
ရုတ်တရက် ဘာကြောင့် အစောင့်က ခယရိုကျိုး သွားရတာလဲ။ စောနက အစောင့်က ဂုဏ်မောက် ဝင့်ကြွားနေတာပါ။ နေမကောင်းတာ မဟုတ်ရင်တော့…. အဘိုးအိုငယ်လေးလည်း တခြား အကြောင်းပြချက်ကို စဉ်းစားမိ သွားတယ်။
အစောင့်လည်း အားတုံ့အားနာ ရယ်လိုက်တယ်။
“ကျွန်တော်လည်း အစ်ကိုတော်လက်ထဲက ဖြတ်သန်းခွင့်ကတ်ကို သတိမထားလိုက်မိဘူး… ဒါကြောင့် အစ်ကိုတော်ကို အာဏာရှိတဲ့ မိသားစုက ဖိတ်ကြားထားတယ် ဆိုတာ မသိလိုက်ဘူး အစ်ကိုတော်အတွက် အခုချက်ချင်း တံခါးဖွင့်ပေးခွင့် ပြုပါ”
အကြောင်းအရင်းကို သိသွားတော့ အဘိုးအိုငယ်လေးက စကားဆိုလိုက်တယ်။
“ဒီလူတွေ ငါ့ကို အဆင့်အတန်းနိမ့်တဲ့ ဖြတ်သန်းခွင့် မပေးခဲ့ဘူးဆိုတော့ ကောင်းတယ်… ဒါဆို ငါ့ဖြတ်သန်းခွင့်က ရှောင်မိသားစု ဖြတ်သန်းခွင့်ထက် သာလွန်တာပေါ့ မဟုတ်ရင်တော့ ရှောင်မိသားစုက ဒီကောင်လေးကို အလျှော့ပေးဖို့ ငါ့ကို တွန်းအားပေးမှာ သေချာတယ် … ဒီလိုသာဆိုရင်တော့ ဒီနေရာက ချက်ချင်း လှည့်ထွက် သွားတော့မှာ…”
***
အပိုင်း(၃၅၇)
ရှောင်ယွီချင်းနဲ့ပတမဆုံးအကြိမ် တွေ့ဆုံခြင်း(၅)
အစောင့်တစ်ယောက်က တုန်ရီနေတယ်။ သူ့ပုံစံက အတော်လေး ကြောက်ရွံ့နေပုံရတယ်။ အဘိုးအိုက အာဏာရှိတဲ့ လူတစ်ယောက် ဖိတ်ခေါ်ထားတာကို ခံရပြီး သူ့ပြောတဲ့အတိုင်း ဆေးကုသဖို့ လာတယ် ဆိုရင်တော့ သူ့ဘဝကြီးက မတွေးရဲစရာပါပဲ….။ အဘိုးအိုကို ဒေါသထွက်ပြီး ထွက်သွားအောင် သူလုပ်ခဲ့မိရင်တော့ သူ့ကို အာဏာရှိတဲ့ မိသားစုက တစ်စစီ အရေခွံဆုတ်မှာ သေချာတယ်။ တွေးလေလေ အစောင့်မှာ ပိုပြီးတော့ စိတ်ရှုပ်ထွေး လာတယ်။ အဘိုးအိုက သူ့အကြောင်း အာဏာရှင် မိသားစုကို ပြန်ပြောမှာ ကြောက်လန့် လာတယ်။
ဒါကို သိနေတော့ ယွမ်လော့ဖုန်းလည်း သူမမျက်ဝန်းကို မှေးကျဉ်းလိုက်ပြီး အဘိုးအိုကို သံသယ မျက်ဝန်းများဖြင့် ခေါင်းအစ ခြေအဆုံး ကြည့်လိုက်တယ်။
“ဘာတွေ ကြည့်နေတာလဲ”
အဘိုးအိုငယ်လေးလည်း တစ်ဖက်သို့ လှည့်လိုက်ချိန်မှာ ယွမ်လော့ဖုန်းရဲ့ ထူးထူးဆန်းဆန်းကို ဖျတ်ခနဲ ဖမ်းမိသွားခဲ့တယ်။ သူလည်း ပခုံးတွန့်လိုက်ပြီး သူ့လက်ဖြင့် ရင်ဘတ်ကို ဖုံးကွယ် ထားလိုက်တယ်။
“မင်း ကျုပ်ကို တိတ်တခိုး ကြိုက်နေတာလား… မင်းကို တစ်ခုတော့ ပြောလိုက်မယ်။ ကျုပ်က စည်းမျဉ်းရှိတဲ့ လူသားတစ်ယောက်။ မင်းမှာ အညံ့ခံရတာထက် သတ်သေလိုက်မယ်”
ယွမ်လော့ဖုန်းရဲ့ မျက်နှာက မည်းမှောင် သွားခဲ့တယ်။
“ကျွန်မက ရှင့်ဇာစ်မြစ် အကြောင်းကို သိချင်ရုံလေးပါ”
“သြော်…”
အဘိုးအိုငယ်လေးလည်း မျက်လုံးလေး ကလယ်လယ် ဖြစ်သွားပြီး သွားပေါ်အောင် ပြုံးလိုက်တယ်။
“မင်း… ကျုပ်ကို ဆရာအဖြစ် အသိအမှတ် ပြုပေးရင်တော့ ကျုပ် ဘယ်သူလဲဆိုတာ မင်းကို ပြောပြမယ်…ဘယ်လိုလဲ သဘောတူလား”
“အမ်…. ထားလိုက်ပါတော့”
ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်ပြီး ဂိတ်ပေါက်ဝကို ခြေလှမ်း လှမ်းလိုက်တယ်။ ဂိတ်ပေါက်ဝနား ရောက်တော့ သူမ ရပ်တန့်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ရှောင်ယွီချင်းကို အပြုံးနဲ့ စကားဆိုလိုက်တယ်။
“ရှင် ကြားဖူးလားတော့ မသိဘူး… သွေးကြွေးကို ကြင်နာမှုဖြင့် ပြန်လည် ပေးဆပ်ရတယ်တဲ့… လိုချင်တာကို ရဖို့ ရှင့်အမေက မကောင်းမှု အားလုံးကို ကျူးလွန်ခဲ့တယ် တစ်နေ့မှာတော့ သူမလုပ်ခဲ့တာတွေကို ပြန်လည် ပေးဆပ်ရမယ်”
ထိုစကားကို ပြောပြီးနောက် ပြန်လှည့် မကြည့်တော့ဘဲ ဝိညာဉ်ဘုံထဲသို့ ဝင်သွားလိုက်တယ်။
ရှောင်ယွီချင်းလည်း ထွက်ခွာသွားတဲ့ မိန်းကလေးရဲ့ ပုံရိပ်ကို ငေးကြည့် နေလိုက်တယ်။ စိတိမပါဟန် မျက်ဝန်းများမှာ နူးညံ့သော အလင်းတန်းများ တဖျတ်ဖျတ် လက်နေခဲ့တယ်။ ထို့နောက် ရွှေရောင် ကျောက်စိမ်း ဖြတ်သန်းခွင့်ကို ပိုင်ဆိုင်တဲ့ အဘိုးအိုဘက်ကို လှည့်ကြည့်လိုက်တယ်။
ရွှေရောင် ကျောက်စိမ်း ဖြတ်သန်းခွင့်တဲ့လား။ သူက ဒီလောက်ထိ အာဏာ ရှိတာလား။ ဒီကနေ့ တွေ့တဲ့ နှစ်ယောက်က မရိုးရှင်းဘူး။
“သခင်”
ရှောင်မိသားစုရဲ့ အစောင့်တစ်ယောက်က အရှေ့ဘက်သို့ လှမ်းလာကာ ရိုသေစွာ ဦးညွှတ် ဂါရဝပြုတယ်။
“အခု ကျွန်တော်တို့ စပြီးတော့ ထွက်ခွာတော့မလား”
“ကောင်းပြီ”
ရှောင်ယွီချင်းလည်း အသာအယာ ခေါင်းညိတ်လိုက်တယ်။
“ငါတို့တွေ သုံးရက်အတွင်း ရှောင်မိသားစုကို ပြန်ရမယ်”
ပြောပြီးတာနဲ့ ရှောင်ယွီချင်းလည်း သူ့စိတ်ဝိညာဉ်မြင်းကို ကျာပွတ်ဖြင့် ရိုက်ကာ မြင်းဖြင့် ဒုန်းစိုင်း ပြေးတော့တယ်။ ဖုန်မှုန့် တိမ်တိုက်များကို ချန်ရစ်ရင်း ပျောက်ကွယ် သွားခဲ့တယ်။
***
ကြမ်းတမ်းသော တောင်လမ်းကြားမှာ အဘိုးအိုငယ်လေးက သူ့နောက်မှ မိန်းကလေးကို သံသယ မျက်ဝန်းများဖြင့် ကြည့်နေခဲ့တယ်။ မိန်းကလေး ရပ်လိုက်ချိန်မှာ သူမကို ပြုံးကာ မေးလိုက်တယ်။
“ကောင်မလေး မင်းကို မေးမယ်နော်… ရှောင်မိသားစုက ကောင်လေးကို မင်း တကယ်ပဲ ရန်စရဲတယ်လား”
“တရားမျှတမှုအတွက် အားနည်းတဲ့လူကို ကာကွယ်ပေးတာလို့ ပြောပြီးသားလေ”
ကောင်မလေးက သူမရဲ့ နှုတ်ခမ်းထောင့်များကို တွန့်ကွေး လိုက်တယ်။ သူမအသံက တည်ငြိမ်ပြီး ခိုင်မြဲတယ်။ သို့သော်လည်း သူမရဲ့ မျက်ဝန်းနက်များက လွှမ်းမိုးခြယ်လှယ်ပြီး ဖီဆန်သော ပုံစံကို ပြသနေတယ်။
“တရားမျှတမှုအတွက် အားနည်းတဲ့လူကို ကာကွယ်ပေးတယ်တဲ့လား”
အဘိုးအိုငယ်လေးရဲ့ မျက်လုံးများက ကလယ်လယ် ဖြစ်သွားရတယ်။
“ငါ့ကို အရူးလို့ ထင်နေတာလား…. မင်းလို လူစားမျိုးက တရားမျှတမှုအတွက် တခြားလူ တစ်ယောက်ကို ကာကွယ်ပေးမတဲ့လား ရှောင်မိသားစုက ကောင်လေးက မင်းကို စိတ်ဆိုးစေခဲ့လို့သာ မင်းက ရန်လိုနေတာပေါ့”
ဒါ့ပြင် သူသိတဲ့ ယွမ်လော့ဖုန်းဆိုတဲ့ မိန်းကလေးက သူမ ခံစားချက်ကို ထိန်းချုပ်တဲ့ နေရာမှာ တော်လွန်းတယ်… သူမရဲ့ရန်သူကို တိတ်တဆိတ် ထောင်ချောက် ဆင်ရတာကို နှစ်သက်တယ်။ လက်ဖက်ရည် စံအိမ်တော်မှာ မုဝူချန်ကို ထောင်ချောက် ဆင်လိုက်တာ ဘယ်သူမှ သတိမထား လိုက်မိဘူး။
သို့သော်လည်း ရှောင်ယွီချင်းနဲ့ ရင်ဆိုင်စဉ်မှာ သူမရဲ့ အေးတိအေးစက်နိုင်မှု အရည်အချင်းများ အားလုံး ပျောက်ဆုံး နေခဲ့တယ်။ သူမပြောလိုက်တဲ့ စကားတိုင်းက ရန်လိုသော စကားများ ဖြစ်နေတယ်။ အဲဒီကောင်လေးကို ဆန့်ကျင်ရဲတဲ့ သတ္တိမရှိရင် သူမက ဒီလိုမျိုး ရန်ဆွပေးသော စကားများကို ပြောမှာ မဟုတ်ပါဘူး။
“ငါ မင်းကို ယုံကြည်မယ်လို့ ထင်နေတာလား”
အဘိုးအိုငယ်လေးက သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။ သူမကို ယုံကြည်စေဖို့ တခြား ပိုကောင်းတဲ့ အကြောင်းပြချက်မျိုးကို သူမ ရှာဖွေသင့်တယ်။ ရှောင်ယွီချင်းကို မျက်စိစပါးမွေးစူးတာနဲ့ ယွမ်လော့ဖုန်းက ဒီလိုကိစ္စမျိုး လုပ်တာတော့ မဖြစ်နိုင်ဘူး။ နောက်ကွယ်မှာ အကြောင်းအရင်း ရှိနိုင်တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro