
211+212+213+214+215
အပိုင်း(၂၁၁)
ယွမ်ရှောင်… ရှင်လာမယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်(၂)
“သခင်လေး… ဒီမိန်းကလေးက အရမ်းကို ခေါင်းမာလွန်းတယ်။ သူမကို သခင်လေး ဘယ်လိုပဲ ပြောပြော အသုံးဝင်မှာ မဟုတ်ဘူး”
ဖြူဖျော့နေသော မျက်နှာ အမူအရာဖြင့် သွေးထွက်နေသည့် လက်မောင်းကို တစ်ချိန်လုံး ထိကိုင်နေတယ်။ ယွမ်လော့ဖုန်းကို မုန်းသည့် အမုန်း အာဃာတက ပိုပြီးတော့ နက်ရှိုင်းလာရတယ်။
ပိုင်စုက အဘိုးကို တစ်ချက်မျှ မကြည့်ပေ။ လေပြည်လေညင်းနှင့် အတူတူ ပျံ့လွင့်နေသော သူ့ခန္ဓာကိုယ်က ယွမ်လော့ဖုန်း ရှေ့နားသို့ ရုတ်တရက် ရောက်ရှိလာတယ်။ သူ့နှုတ်ခမ်းက ကောက်ကျစ် စဉ်းလဲသော အပြုံးကို ဆင်မြန်းထားတယ်။
ပြင်းထန်သော စွမ်းအားတစ်ခုက ယွမ်လော့ဖုန်း တောင်တစ်တောင် ကဲ့သို့ ဖိနှိပ်ထားတယ်။ သူမခန္ဓာကိုယ်က အေးခဲသွားသလို ခံစားရတယ်။ သူမ ပြန်လည် ခုခံချင်တယ်။ သို့သော်လည်း သူမ စွမ်းအားကို အသုံးပြုလို့မရ ဖြစ်နေတယ်။
ပိုင်စီကို တိုက်ခိုက်သည့် အချိန်က သူမ ဘာစွမ်းအားမှ အသုံးမပြုလိုက်ရဘူးလို့ ထင်ကောင်း ထင်နေလိမ့်မည်။ ဒါပေမဲ့ တကယ်တမ်း သူမ စိတ်စွမ်းအားကို အလွန်အကျွံ အသုံးပြုခဲ့ရတယ်။ ထိုကြောင့်လည်း လက်ရှိအချိန်မှာ သူမ ခန္ဓာကိုယ်က အရမ်းကို အားနည်း နေရတယ်။
ပိုင်စုလည်း ယွမ်လော့ဖုန်းကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။ သူမအပေါ် သက်ရောက်နေသော သူ့စွမ်းအားကို ပိုပြီးတော့ တိုးမြှင့်လိုက်တယ်။ သူမ ဒူးထောက်စေဖို့ အတင်းကျပ် ကြိုးစားနေတယ်။
ကောင်မလေးရဲ့ ဒူးခေါင်းက တုန်ရီမှုကို တားဆီးလို့ မရနိုင်ပေ။ ဖြုံလောက်သော ဖိအား အောက်မှာ သူမခြေထောက်တွေက ဆက်ပြီးတော့ သည်းမခံနိုင်တော့ သကဲ့သို့ ခံစားနေရရှာတယ်။
သို့သော်လည်း…။
သူမအရိုးများ ကျိုးကြေတော့မည် သကဲ့သို့ ခံစားနေရသော်လည်း သူမ ဒူးခေါင်းကို ကွေးသွားဖို့ ခွင့်မပြုနိုင်ပေ။ သူမ ကျောရိုးများကို အတင်းကျပ် ဖြောင့်တန်းထားပြီး သူမ၏ မျက်ဝန်းနက်က ဆုံးဖြတ်ချက် ခိုင်မာမှုဖြင့် ပြည့်နှက်နေတယ်။
“ကောင်မလေး….. မင်းက မျှော်လင့်ထားတဲ့အတိုင်း မဆိုးပါဘူး”
ပိုင်စုက ယွမ်လော့ဖုန်းကို ချီးမွမ်းစကား ပြောပြီး တစ်ချက် လှမ်းကြည့် လိုက်တယ်။ သို့သော်လည်း သူ့စွမ်းအားကိုတော့ မရပ်တန့်လိုက်ပေ။ ထို့အစား ယွမ်လော့ဖုန်း အပေါ်သို့ သက်ရောက်နေသော သူ့စွမ်းအားကို တိုးမြှင့်လိုက်တယ်။
“မင်း ဘယ်လောက်ထိ ကြာကြာ သည်းခံနိုင်မလဲ ဆိုတာ ကိုယ် စောင့်ကြည့် ရတာပေါ့လေ”
ဒီကောင်မလေးရဲ့ ကိုယ်ရည် ကိုယ်သွေးအရ ပြောရရင် အရမ်းကို ခေါင်းမာလွန်းတယ်။ အခုတည်းက သူမကို ယဉ်ကျေးအောင် မပြုလုပ်ထားခဲ့ရင် အနာဂတ်မှာ သူမကို အသုံးချရင် သူ အတွက် အခက်ခဲ ဖြစ်လာနိုင်တယ်။
ပိုင်စုက သူ့ခန္ဓာကိုယ်မှာ ရှိနေသော စွမ်းအား အားလုံးကို ထုတ်လွှင့် လိုက်ပြီးတော့ ယွမ်လော့ဖုန်းရှိရာသို့ ပို့လိုက်တယ်။
သာမန် လူတစ်ယောက် ဆိုရင်တော့ သူ့စွမ်းအားကြောင့် ဖိနှိပ်နိုင်တာ ကြာလောက်ပါပြီလေ။ ဒါပေမဲ့ အခုက ယွမ်လော့ဖုန်းက နာနာကျင်ကျင် ခါးခါးသီးသီးကို အဆုံးထိ အလျှော့မပေးပေ။
သူမ ဒူးခေါင်းမှာ တုန်ခါမှုက ပြင်းထန်လာပြီး သူမ ခြေထောက်က တဖြည်းဖြည်းချင်း ညွတ်ကွေး လာတယ်။
ယွမ်လော့ဖုန်း၏ ချွေးများ တသွင်သွင် စီးဆင်းနေတာကို ကြည့်ရင် ချင်ယန်နှင့် ရဲ့လင်းတို့ နှစ်ယောက်မှာ စိုးရိမ်မှုဖြင့် ဗျာပါဒ များနေရတယ်။
သို့သော်လည်း ပိုင်စုက သူ့စွမ်းအားကို ယွမ်လော့ဖုန်းပေါ်မှာ သက်ရောက်ထား သကဲ့သို့ တချို့ စွမ်းအား ကိုလည်း ထုတ်ထားတယ်။ ဒီအပိုစွမ်းအားက သူတို့နှစ်ယောက် အပေါ်လည်း သက်ရောက်မှု ရှိနေသောကြောင့် သူတို့နှစ်ယောက်လုံး ခြေတစ်လှမ်းမျှ ရွေ့မရပေ။ ယုံကြည်ဖို့ ခက်ခဲသော စွမ်းအားအောက်မှာ ယွမ်လော့ဖုန်းက အပြင်းထန် သည်းခံနေရရှာသည်ကို ကူရာမဲ့စွာ ကြည့်နေခဲ့ရတယ်။
ယွမ်လော့ဖုန်း၏ ခန္ဓာကိုယ်က သည်းခံနိုင်သော အတိုင်းတာကို ကျော်လွန်နေခဲ့ပါပြီ။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော မျက်နှာကို ချွေးစေးများဖြင့် ဖုံးလွှမ်းထားတယ်။ သူမ အဝတ်စားကလည်း ချွေးများဖြင့် လုံးဝ စိမ့်ဝင်နေတယ်။ သူမခန္ဓာကိုယ် အလှကို ပေါ်လွင် နေစေတယ်။
“ယွမ်ရှောင်….”
သူမ မျက်ဝန်းကို မှေးစင်းလိုက်ပြီးတော့ သူမ နှုတ်ခမ်းပါးလေး ပြုံးပြီးတော့ ထိုနာမည်လေးကို တိတ်တဆိတ် ရေရွတ်လိုက်တယ်။
ယွမ်ရှောင်ဆိုတာ ဘယ်သူလဲ။
လူတိုင်းက သူမ ရေရွတ်လိုက်တဲ့ စကားနှစ်ခွန်းကို ကြားလိုက်ပါတယ်။ ဒါပေမဲ့ သူမပြောလိုက်တဲ့ ယွမ်ရှောင်ဆိုတဲ့ စကားကို နားမလည်နိုင် ဖြစ်ရတယ်။
ထိုအချိန်လေး အတွင်းမှာ ပြင်းထန်သော အရှိန်ဝါတစ်ခုက ချက်ချင်း ရိုက်ခတ်လာပြီး ထိုအရှိန်ဝါ နောက်မှာ အမည်းရောင် အရိပ်တစ်ခုက တစ်ဟုန်ထိုး သူတို့အားလုံး ရှိရာသို့ ရောက်ရှိလာခဲ့တယ်။ မြေဝပ်ငှက် တစ်ကောင်နှင့် ဆင်တူတယ်။ လမ်း တစ်လမ်းလုံးကို လေပြင်း တိုက်သွား သကဲ့သို့ ဖြစ်သွားစေတယ်။
မြန်လွန်းတယ်။
ရွေ့လျားနှုန်းက မြန်လွန်းတယ်။ ထိုလူက လေပြင်းတစ်ခု အတိုင်းပဲ။ အားလုံး အသိပြန်ဝင် လာချိန်မှာ အမျိုးသားလေး တစ်ယောက်က ယွမ်လော့ဖုန်း အနားကို ရောက်နေခဲ့ပြီ ဖြစ်တယ်။
တိုတောင်းသော ကာလအတွင်းမှာ မြေပြင်ပေါ်သို့ လဲလျောင်းတော့မည်ဟု ခံစားနေရသော ယွမ်လော့ဖုန်းလည်း သူမနောက်ဘက်မှ ဆန့်တန်းလာသော လက်မောင်း တစ်ခုကို ခံစားလာရတယ်။ သူမခန္ဓာကိုယ်က နွေးထွေးသော ရင်ခွင်ထဲမှာ လဲလျောင်း သွားတယ်။
ထိုအမျိုးသားလေးရဲ့ ကျယ်ပြန့်သော ရင်ခွင်ထဲမှာ ပွေ့ဖက်ခံထားရသော ခံစားချက်ကြောင့် လှပသော သူမမျက်နှာပေါ်မှာ အပြုံးပန်းလေး တစ်ပွင့် ပေါ်ပေါက်လာတယ်။
“ယွမ်ရှောင်… ရှင်လာမယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်”
နှစ်ဝက်ခန့် ရင်းနှီးကျွမ်းဝင်ပြီး နောက်ပိုင်းမှာ သူမက ဒီအမျိုးသားလေး ရနံ့ကို ရင်းနှီးနေခဲ့ပြီလေ။ သူမက ဒီအမျိုးသားလေး ရနံ့ကို အာရုံခံမိတာကြောင့် သူမ စိတ်အေးချမ်းစွာဖြင့် သူမ ခန္ဓာကိုယ်ကို လဲလျောင်းဖို့ ခွင့်ပြုလိုက်တာပေါ့လေ။
“ကိုယ် နောက်ကျသွားခဲ့တယ်”
ထိုအမျိုးသားလေးက ပြုံးနေပြီး သူ့ဝတ်စုံက လေထဲမှာ လွင့်နေတယ်။ ကောင်မလေးကို သူ့ရင်ခွင်ထဲမှာ တင်းကျပ်စွာ ဖက်ထားတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက လူသတ်ချင်တဲ့ အငွေ့သက်ကို ထုတ်လွှင့်နေတယ်။
***
အပိုင်း(၂၁၂)
ဧကရီရုန်၏ဇာတ်သိမ်း(၁)
သူ အဝေးကို ရက်အနည်းမျှ ကြာအောင် ထွက်ခွာ သွားခဲ့တယ်။ ဒါပေမဲ့ သူပြန်လာတဲ့ အချိန်မှာ ပထမဆုံး မြင်လိုက်ရတဲ့ အကြောင်းရာက ယွမ်လော့ဖုန်းကို ဝိုင်းအနိုင်ကျင့် နေတာပဲ။
ယွမ်ရှောင် အနည်းငယ်မျှသာ နောက်ကျခဲ့ရင်တော့ အကျိုးဆက်က မတွေးရဲစရာပါပဲ။
“ငရဲကို သွားစေရမယ်”
ထိုအမျိုးသားလေးရဲ့ ရက်စက်တဲ့ မျက်ဝန်းက ယွမ်လော့ဖုန်းမှ ပိုင်စုဘက်သို့ လှည့်လာတယ်။
“သူမကို အနိုင်ကျင့်တဲ့ လူတိုင်း ငရဲကို သွားသင့်တယ်”
အခုမှ ပေါ်လာသော ယွမ်လော့ဖုန်းဘေးနားမှာ ရပ်နေသော အမျိုးသားလေးကို ရက်စက် ကြမ်းကြုတ်သော မျက်ဝန်းဖြင့် ကြည်လိုက်တယ်။ သူ့မျက်ဝန်းမှာ သိမ်မွေ့မှု ရေးရေးမျှသာ တွေ့ရတယ်။
“သူမကို ကြိုက်နှစ်သက်တဲ့လူက ကျုပ် တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ မင်းလည်း သူမကို ကြိုက်နှစ်သက် တယ်ပေါ့။ ငါ ကြိုက်တဲ့ မိန်းကလေးကို တခြားယောက်ျား တစ်ယောက်က လာရောက် ကြိုက်နှစ်သက်ခွင့် မပေးနိုင်ဘူး”
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို မြေပြင်ပေါ်သို့ နူးညံ့ညင်သာစွာ လဲလျောင်းထား လိုက်တယ်။ ခံစားချက်မဲ့စွာ ချင်ယန်ကို အမိန့်ပေးလိုက်တယ်။
“သူမကို သေချာ ဂရုစိုက်ထားလိုက်”
ထို့နောက် သူ့မျက်လုံးကို ပိုင်စီ ဘက်သို့ လှည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်က ချွန်မြသော ဓားတစ်လက်ကဲ့သို့ ဖြောင့်မတ်နေပြီး မျက်ဝန်းနက်မှာ လူသတ်ချင်နေသော အငွေ့သက်ဖြင့် ပြည့်နှက် နေတယ်။
ဘယ်သူမှ သူမကို ထိခိုက် နာကျင်အောင် မပြုလုပ်ရဘူး။
“ကျုပ်ကလည်း ကျော်ကြားနေတဲ့ သရဲဘုရင်ရဲ့ တကယ် စွမ်းအားကို မြင်ဖူးချင်နေတာပါ”
ပိုင်စုက ယွမ်ရှောင်ကို မကြောက်လန့်သော ဟန်ဖြင့် ပြုံးပြီးတော့ အေးဆေး တည်ငြိမ်စွာ ယွမ်ရှောင်ကို ကြည့်လိုက်တယ်။
ယွမ်လော့ဖုန်း ဘေးနားမှာ ယွမ်ရှောင် တည်ရှိနေတာကြောင့် သူမကို ပိုပြီးတော့ စိတ်ဝင်စား လာခဲ့တယ်။
သရဲဘုရင် ဟုတ်လား။
ရဲ့သုန်းတစ်ယောက် ကတုန်ကရီ ဖြစ်နေပြီး သူ့မျက်လုံးထဲမှာ ကြောက်ရွံ့သော အသွင် ပေါ်ပေါက်နေတယ်။ သူ နောက်ပြန်လှည့်လို့ မရမှန်း သိနေခဲ့တယ်။ သူ့မျက်လုံးက ကစဉ့်ကလျား ဖြစ်နေပြီး သူ နောက်ပိုင်းမှာ ဘာဆက်လုပ်သင့်လည်း ဆိုတာ တွေးတောနေတယ်။
အမည်းရောင် ဝတ်စုံနှင့် ကြောက်လန့်ဖွယ် အမျိုးသားလေးက အကြင်နာတရား ခေါင်းပါးတယ်ဆိုတဲ့ သရဲဘုရင်လား။ အမလေး…. ယွမ်လော့ဖုန်းက သရဲဘုရင်နဲ့ သိနေခဲ့တာလား။ သူတို့နှစ်ယောက် ပုံစံကို ကြည့်ရတာ အတော်ကို ရင်းနှီး ကျွမ်းဝင်ပုံ ရတယ်။
ဒါဆို… သူက သရဲဘုရင်ရဲ့ မိန်းကလေးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့မိတာလား။
ဝုန်း…
လေထဲမှာ… ပိုင်စု တစ်ယောက် ယွမ်ရှောင် တိုက်ခိုက်မှုကို ခံလိုက်ရတယ်။ လက်သီးနှစ်ခု ထိခိုက်ချိန် တစ်ခဏလေး အတွင်းမှာ အားကောင်းသော စွမ်းအားက ထွက်ပေါ် လာခဲ့တယ်။ ပတ်ဝန်းကျင်မှာ ရှိနေသော သစ်ပင်အားလုံးကို ဖျက်ဆီးလိုက်ပြီး မြေပြင်ပေါ်မှာ ကြီးမားသော အက်ကွဲကြောင်းကို ဖြစ်ပေါ်စေခဲ့တယ်။
ပိုင်စုလည်း ဆက်လက်ပြီးတော့ တန်ပြန် တိုက်ခိုက်နေပြီး သူတို့နှစ်ယောက် တိုက်ပွဲက အချိန် အတော်ကို ကြာညောင်းခဲ့ရတယ်။ သူ့မျက်နှာပေါ်မှာ ရက်စက်သော အပြုံးဖြင့် နတ်ဘုရားကဲ့သို့ အေးတိ အေးစက်နိုင်သော အမျိုးသားလေးကို ကြည့်လိုက်တယ်။
“သရဲဘုရင်ရဲ့ အင်အားက တကယ်ကို မဆိုးပါဘူး။ အခုတော့ ကျွန်တော့်ကို ဉာဏ်အလင်း ပွင့်စေခဲ့တယ်။ ကျွန်တော် အရင်ဆုံး ထွက်သွား လိုက်တော့မယ်။ နောင်တစ်ချိန်မှာမှ နောက်တစ်ကြိမ် တိုက်ခိုက် ကြတာပေါ့”
ပိုင်စု ထွက်ပြေး သွားတာကို ကြည့်ရင်း ယွမ်ရှောင်၏ မျက်နှာ မည်းမှောင် သွားရတယ်။ ပိုင်စု နောက်ကို လိုက်ဖို့ ပြင်နေဆဲမှာ သူ့ဘေးနားမှ နိမိတ် မကောင်းသော အငွေ့သက်ကို ခံစားလိုက်ရတယ်။
“သခင်လေး… ပြေးတော့”
ပိုင်စီလည်း ပိုင်စုကို အော်ပြောလိုက်ပြီး သူ့အတွင်းအားကို ထိန်းချုပ်နေတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ပူဖောင်းကဲ့သို့ ဖောင်းပွလာပြီး ရက်စက် ကြမ်းကြုတ်သော မျက်နှာက သူ့အသက်စွန့်ဖို့ သေချာနေသည့် ဆုံးဖြတ်ချက်ကို ပြသနေတယ်။
အကယ်၍ ယွမ်ရှောင်သာ ပိုင်စု နောက်ကို လိုက်ခဲ့ရင် ပိုင်စီ တစ်ယောက် သူ့ကိုယ်သူ ပေါက်ကွဲအောင် ကြံစည်တာကို အချိန်မီ တားဆီးနိုင်မည် မဟုတ်ပေ။ ဒါဆိုရင် အခုချိန်မှာ မလှုပ်ရှားနိုင်တဲ့ ယွမ်လော့ဖုန်းကို သူ့ကိုယ်သူ စတေးသော လူတစ်ယောက်ကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရစေမှာပါ။
ဘယ်အရာက မှန်ကန်သော ရွေးချယ်မှုလဲ ဆိုတာ ယွမ်ရှောင် သေချာ သိပါတယ်။ သူ၏ အရပ်အမောင်း ရှိသော ခန္ဓာကိုယ်က ပိုင်စီ ရှေ့မှာ ပေါ်လာပြီးတော့ အဘိုးအိုကို သူ့လက်ဖြင့် လှမ်းဆွဲလိုက်ကာ အေးတိအေးစက် ပြောလိုက်တယ်။
“ကိုယ့်ဘာသာ ပေါက်ကွဲချင် နေတယ်ပေါ့။ ကောင်းပြီလေ ကျုပ်က ခင်ဗျားကို ကူညီပေးရတာပေါ့လေ”
ဝုန်း…
အားကောင်းသော အတွင်းအား တစ်ခုက အဘိုးအို၏ ခန္ဓာကိုယ် အတွင်းမှာ ဖြတ်ပြေးသွားပြီး သူ့စွမ်းအားကို ပယ်ဖျက်လိုက်တယ်။ တစ်ခဏလေးအတွင်း သူ့ခန္ဓာကိုယ်က စတင်ပြီး အက်ကွဲလာခဲ့တယ်။ သူ့သွေးရည်များက အရေပြားမှ တဖြည်းဖြည်း စီးဆင်းလာခဲ့တယ်။
“အား….”
စူးစူးဝါးဝါး အော်သံနှင့်အတူတူ အဘိုးအို၏ ခန္ဓာကိုယ်က ဘောလုံး တစ်လုံးကဲ့သို့ ပေါက်ကွဲ သွားခဲ့တယ်။ သွေးအိုင် တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားခဲ့တယ်။
ထို့နောက် လမ်းတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ် သွားခဲ့တယ်။
ယွမ်ရှောင်က အဘိုးအို၏ အဝတ်စားများကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး ယွမ်လော့ဖုန်း အနားသို့ လျှောက်လှမ်း သွားတယ်။
“ကိုယ်… သူ့ကို ဒဏ်ရာ ရစေခဲ့တယ်။ ပြန်လည် သက်သာဖို့ အချိန်အများကြီး ယူရဦးမှာပါ။ ထိုအချိန် အတောတွင်းမှာ သူ မင်းကို မနှောင့်ယှက်နိုင်ဘူး။ သူ့နောက်ကို လိုက်ဖို့ ကိုယ်က လူတစ်ယောက် လွှတ်ပေး ထားလိုက်မယ်နော်”
***
အပိုင်း(၂၁၃)
ဧကရီရုန်၏ဇာတ်သိမ်း(၂)
ယွမ်လော့ဖုန်းလည်း ခေါင်းကို မော့လိုက်ပြီး အမျိုးသားလေး၏ အေးတိအေးစက် မျက်ဝန်းကို ငေးကြည့်လိုက်တယ်။ ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်ပြီးတော့
“ယွမ်ရှောင်…. ကျွန်မ အရမ်းကို ပင်ပန်းနေတယ်။ အနားယူဖို့ အတွက် ပြန်ခေါ်သွားပေးပါ”
“ကောင်းပါပြီ”
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်း အနားသို့ သွားလိုက်ပြီး ညွတ်ကွေးလိုက်ပြီး သူမကို ပွေ့ဖက်ချီကာ လော့ဖုန်းစံအိမ်တော် အတွင်းသို့ လှမ်းဝင် သွားခဲ့တယ်။
ထွက်ခွာသွားသော လူနှစ်ယောက်ကို ကြည့်နေရင်း ရဲ့သုန်းလည်း အံ့ဩ ထိတ်လန့်နေရာမှ အသိပြန်ဝင်လာခဲ့တယ်။ သူ့မျက်နှာ တစ်ပြင်လုံး ဖြူဖျော့နေပြီး သူ့မျက်လုံးတွေက ကစဉ့်ကလျား ဖြစ်နေတယ်။
“သားတော် … သားတော်လေး သရဲဘုရင်ကို သိလား”
ရဲ့လင်းလည်း မထီမဲ့မြင် လှောင်ပြုံး ပြုံးလိုက်ပြီး ချောမောလှပသည့် မျက်နှာမှာ အထင်မြင်သေးမှုဖြင့် ပြည့်နေတယ်။
“ကျွန်တော်က သရဲဘုရင်ကိုတော့ မသိဘူး။ သူမ တစ်ယောက်တည်း ကိုသာ သိတယ်”
သူပြောနေတဲ့ သူမ ဆိုတာက ယွမ်လော့ဖုန်းကို ရည်ညွှန်းတာပါ။
“သားတော်”
ရဲ့သုန်းရဲ့ မျက်နှာက ပိုပြီးတော့ ဖြူဖျော့လာရတယ်။
“ခမည်းတော်က ယွမ်မိန်းကလေးကို အမှားကျူးလွန်ဖို့ မရည်ရွယ်ပါဘူး။ ခမည်းတော်က ပိုင်မိသားစုရဲ့ အမိန့်ကို နာခံရုံလေးပါ။ ခမည်းတော် ကိုယ်စား ကြားဝင် တောင်းပန်ပေးပါနော်”
အခုရှိနေသော တခြားလူ အားလုံးက သရဲဘုရင် အကြောင်းကို ကြားဖူးမည် မဟုတ်ပေ။ ဒါပေမဲ့ သူက တိုင်းပြည်၏ ဘုရင်တစ်ပါး ဖြစ်နေတာကြောင့် သရဲဘုရင် အကြောင်းကို မသိဘဲ နေမလား။
ဒါကြောင့်လည်း ယွမ်ရှောင်က သရဲဘုရင် ဖြစ်တဲ့ အကြောင်းကို ကြားရတော့ သူ အရမ်းကို ထိတ်လန့် သွားရတယ်။
“ခမည်းတော် အတွက် ကျွန်တော်က ကြားဝင် တောင်းပန်ပေးရမယ် ဟုတ်လား။ ခမည်းတော်က သူမကို ဖမ်းခေါ်သွားချင်ရုံတင် မဟုတ်ဘူးလေ။ သူမရဲ့ စွမ်းအားကို ရယူဖို့ ကြိုးစားခဲ့တယ်။ အခုတော့ ခမည်းတော် ကိုယ်စား ကျွန်တော်က ကြားဝင် ဖြေရှင်းပေးရမယ်ပေါ့ ဟုတ်လား”
ရဲ့လင်းလည်း ခနဲ့လိုက်ပြီး အေးတိအေးစက် ပြောလိုက်တယ်။
“ဘာပြောလိုက်တယ်”
ရဲ့သုန်းလည်း ခဏရပ်လိုက်ပြီး ဆက်မေးလိုက်တယ်။
“သားတော်က ဘာအကြောင်းကို ပြောလိုက်တာလဲ။ ဘယ်အချိန်က ခမည်းတော်က သူ့စွမ်းအားကို ရယူဖို့ ကြိုးစားခဲ့လို့လဲ။ ခမည်းတော်က….”
“သားတော်”
သူ ပြန်မပြောနိုင်ခင်မှာ သူ့ကို ကောင်လေး၏ အေးတိအေးစက် အသံက နှောင့်ယှက် သွားတယ်။
“သားတော်က ခမည်းတော်ကို ပြောဖို့ မေ့သွားခဲ့တယ်။ လော့ဖုန်း စံအိမ်တော်က သူမပိုင်ဆိုင်တဲ့ အိမ်တော်တစ်ခု ဖြစ်တယ်။ ကျွန်တော်က သူမအတွက် အလုပ် လုပ်ပေးခဲ့တာပါ။ သူမက လော့ဖုန်းစံအိမ်တော်ရဲ့ ပိုင်ရှင် အစစ် ဖြစ်တယ်”
လော့ဖုန်းစံအိမ်တော်။
ယွမ်လော့ဖုန်း။
ရဲ့သုန်း တစ်ယောက် အမှန်တရားကို ဘာကြောင့် မသိခဲ့ရတာလဲ။ ထိုးနှက်ချက်ကို ခံနိုင်ရည် မရှိတာကြောင့် သူ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့တယ်။
ပထမတည်းက လော့ဖုန်းစံအိမ်တော် ဆိုတာ ယွမ်လော့ဖုန်း နာမည်ကို ပေးထားတယ် ဆိုတာ သူ မသိခဲ့ဘူး။ လော့ဖုန်း စံအိမ်တော်ဆိုတာ ယွမ်လော့ဖုန်းနဲ့ ဆက်စပ်နေတယ် ဆိုတာ မသိခဲ့ရလောက်အောင် သူ တုံးအခဲ့တယ်။ တွေးကြည့်လေ သူ့မျက်နှာက ပိုပြီးတော့ ဖြူဖျော့လေ ဖြစ်နေတယ်။
ရဲ့လင်းလည်း ရဲ့သုန်းကို ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်တယ်။
“ခမည်းတော်က ကိုယ့်သေတွင်း ကိုယ်မတူးရင်တော့ မသေနိုင်ပါဘူး။ အခုတော့ ကိုယ့်ဒုက္ခကိုယ်ရှာတာ ဆိုတော့ ခမည်းတော်က ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”
***
တောအုပ်အတွင်းမှာ ခရမ်းနုရောင် ဝတ်စုံနှင့် အမျိုးသား တစ်ယောက်က လေထဲမှာ လွင့်စဉ်လာတယ်။ သူ့ကိုယ်သူ အားယူဖို့ ဘေးနားမှာ ရှိနေတဲ့ ရှေးဟောင်း သစ်ပင်ကို ကိုင်ထားတယ်။ သူ့ပါးစပ်အပြည့် သွေးများ အန်ထွက် လာတယ်။
သူလည်း သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး သူ့အနီးနားမှာ ရှိနေတဲ့ ကောင်းကင်ယံကို ရက်စက် ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် ငေးကြည့် လိုက်တယ်။
“ငါက ဒီကောင်မလေးကို တကယ် လျှော့တွက်ခဲ့မိတာ ပါလား။ သူမဘေးနားမှာ သရဲဘုရင်ကဲ့သို့ လူစားမျိုး ရှိနေမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ သရဲဘုရင်ရဲ့ စွမ်းအားက သူ တွေးထင်ထားတာထက် ပိုပြီးတော့ စွမ်းအား ကောင်းမွန်တယ်။ သူ အတွင်းအားကို ပျက်စီး ကြွေမွလုနီးပါးပဲ”
ပိုင်စီက သူ့ကိုယ်သူ စတေးတာကြောင့်သာ မဟုတ်ရင် သူ လွတ်မြောက်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
“ဒီနေ့မှာ ခံစားရတဲ့ သိက္ခာကျဆင်းမှု အတွက် ပြန်လည် ပေးဆပ်စေရမယ်”
***
တော်ဝင်နန်းတော်……
တန်ဖိုးရှိသော ရတနာများဖြင့် ပြည့်နှက်နေသော နန်းတော် အတွင်းမှာ ဧကရီရုန် တစ်ယောက်လည်း နူးညံ့သော ခုတင်ပေါ်မှာ လဲလျောင်း နေတယ်။ ဣန္ဒြေရှိသော မျက်နှာမှာ တက်ကြွ ရွှင်မြူးနေသော အပြုံးကို ဆင်မြန်းထားတယ်။
“ပိုင်လင်း … နင့်ကို ငါသတ်ခဲ့တယ်။ နင့်သမီးလည်း ဒီကံတရားက မလွတ်မြောက်နိုင်ပါဘူး။ နင်နဲ့ နင့်သမီးက စရိုက်တူလွန်းတယ်။ နှစ်ယောက်လုံးက ဂုဏ်သိက္ခာ ကျဆင်းရမှာထက် သေရတာ ပိုကောင်းတယ်လို့ ယုံကြည်နေတဲ့ လူစားတွေ။ ဒါကြောင့်လည်း ယွမ်လော့ဖုန်းက ပိုင်မိသားစုရဲ့ သြဇာ အာဏာ ကြီးမားသော အမျိုးသားလေး လက်က မလွတ်မြောက်နိုင်ပါဘူး”
***
အပိုင်း(၂၁၄)
ဧကရီရုန်၏ဇာတ်သိမ်း(၃)
ဧကရီရုန်လည်း သူမမျက်ဝန်းကို မှေးစဉ်းလိုက်တယ်။ သူမမျက်နှာပေါ်က တက်ကြွ ပျော်မြူးနေသော အပြုံးက ပိုပြီးတော့ အသက်ဝင် လာခဲ့တယ်။
ပိုင်မိသားစုဝင်တွေက စည်းမျဉ်းအတိုင်း လုပ်ဆောင်လေ့ရှိတယ်။ သူတို့ မပြုလုပ်နိုင်တဲ့ အရာတစ်ခုကို မည်သူမှ မပြုလုပ်နိုင်စေရဘူး။ တကယ်လို့ ယွမ်လော့ဖုန်းက ပိုင်မိသားစုက စွမ်းအားကြီးတဲ့ အမျိုးသားနဲ့ အတူတူ ထွက်သွားဖို့ ငြင်းဆိုခဲ့ရင်တော့ သူမဘဝက သေဆုံးခြင်းဖြင့် အဆုံးသတ် ရလိမ့်မယ်။
“ဟား… ဟား….”
ယွမ်လော့ဖုန်းလေး အလွန်မင်း စိတ်ပျက်ဖွယ် သေဆုံးရမှာကို တွေးကြည့်ရင်း ဧကရီရုန် တစ်ယောက် သူမအပြုံးတွေကို စွန့်ကြဲနေလေတယ်။ သူမ မျက်နှာက ရက်စက် ကြမ်းကြုတ်သော အသွင်ရှိပြီး ဣန္ဒြေရှိသော အပြုအမူများက ဝါးလုံးကွဲ ရယ်မောမှုကြောင့် ပျောက်ဆုံးနေခဲ့တယ်။
“မိဖုရားကြီး မိဖုရားကြီး”
ရုတ်တရက် အဆောတလျင် အသံတစ်ခုကို ကြားလိုက်ရပြီး နန်းတော် အစေခံတစ်ယောက် နန်းဆောင်ထဲသို့ အမောတကော ပြေးဝင်လာခဲ့တယ်။
“ဘယ်လို ဖြစ်သွားပြီလဲ”
ဧကရီရုန်လည်း စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး
“ခွေးမလေး သေသွားပြီလား”
ယွမ်လော့ဖုန်း တစ်ယောက် ဘယ်လိုမျိုး စက်ဆုပ် ရွံရှာဖွယ် သေသွားလည်း ဆိုတာ သိရဖို့အတွက် သူမ ယုံကြည်ရတဲ့ နန်းတော် အစေခံတစ်ယောက်ကို သတင်းပို့ရန် အတွက် လွှတ်ထားခဲ့တယ်။ နန်းတော် အစေခံပြန်လာချိန်မှာ ယွမ်လော့ဖုန်း၏ သေဆုံးခြင်း အကြောင်းကို အသေးစိတ် ထင်ထင်ရှားရှား သိချင်ခဲ့တယ်။
ဧကရီရုန် စကားကို ကြားတော့ အမျိုးသမီးလေးက ရပ်လိုက်ပြီးတော့ ဧကရီရုန်ကို သတိကြီးစွာ ကြည့်လိုက်တယ်။
“မယ်မယ်… ယွမ်လော့ဖုန်းက ကမ္ဘာမြေကြီး အနိမ့်ဆင့် စိတ်စွမ်းအား ကျင့်ကြံသူ တစ်ယောက်ပါ။ သူမက စွန့်စားပြီးတော့ သခင်ကြီး ပိုင်စီလက်ကို မသန်မစွမ်း ဖြစ်အောင် ပြုလုပ်ခဲ့တယ်”
“နင်… ဘာပြောလိုက်တယ်”
ဧကရီရုန် မျက်နှာက ချက်ချင်း ပြောင်းလဲ သွားခဲ့တယ်။ မုန်းတီးမှုများကို သူမမျက်ဝန်းမှာ မြင်တွေ့နေရတယ်။
“နင် အမှန်ကို ပြောနေတာလား”
ယွမ်လော့ဖုန်းက ကမ္ဘာမြေကြီး အနိမ့်ဆင့် စိတ်စွမ်းအား ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ပိုင်စီကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတာ ဟုတ်လား။ ဒီခွေးမလေးက ဘာကြောင့် အရမ်း ထူးချွန်နေရတာလဲ။
“မယ်မယ် အမှန်ပါပဲ။ ယွမ်လော့ဖုန်းက သခင်ကြီး ပိုင်စီကို အနိုင်တိုက်ပြီး နောက်မှာ သခင်ကြီး ပိုင်စုလည်း ထွက်ပေါ်လာခဲ့ပါတယ်”
နန်းတော်အစေခံကို ဧကရီရုန်က ယုံကြည်ခဲ့တာ ကြာခဲ့ပြီလေ။ ဒါကြောင့်လည်း သူမက ပိုင်မိသားစု အကြောင်းကို အနည်းငယ်တော့ သိနေခဲ့တယ်။ ပိုင်မိသားစုက တော်ဝင်မိသားစုကို ထိန်းချုပ်ထားတယ် ဆိုတာတော့ သူမ သေချာ မသိပေ။
“သခင်ပိုင်စုလည်း ပေါ်ထွက်လာခဲ့တာလား”
မျှော်လင့်ချက် အလင်းရောင်က ဧကရီရုန် မျက်ဝန်းမှာ ဖြတ်ပြေး သွားခဲ့တယ်။
“ယွမ်လော့ဖုန်းကို သခင်ပိုင်စုက သတ်လိုက်ပြီလား”
နန်းတော် အစေခံက သူမခေါင်းကို ခါယမ်းလိုက်ပြီးတော့ ပြန်ဖြေလိုက်တယ်။
“ယွမ်လော့ဖုန်းကို သတ်နိုင်မယ်ဆိုတာ သေချာခဲ့ပါတယ်။ ဒါပေမဲ့ သခင်ပိုင်စု ပေါ်လာပြီးတော့ သရဲဘုရင်လို့ခေါ်တဲ့ လူတစ်ယောက် ထပ်ပေါ်လာခဲ့တယ်။ သခင်ပိုင်စုက သူ့ကို ရှုံးပြီးတော့ ထွက်ပြေးသွားခဲ့တယ်။ ပြီးတော့လည်း ယွမ်လော့ဖုန်းက လော့ဖုန်းစံအိမ်တော် သခင်လို့ ပြောနေတယ်”
နန်းတော်အစေခံက သရဲဘုရင်ဆိုတာ ဘယ်သူလဲဆိုတာ သိမှာတော့ မဟုတ်ပေ။ ဒါပေမဲ့ ဒီလူအကြောင်းကို ရဲ့သုန်းက ဧကရီရုန်ကို ပြောပြခဲ့ဖူးတာကြောင့် ကြားဖူးနေတယ်။ ပြောရမယ် ဆိုရင်တော့ သရဲဘုရင်က စွမ်းအားကြီးမားတဲ့ အကြင်နာ ကင်းမဲ့သော သွေးဆာနေတဲ့ လူတစ်ယောက်။ (အမြဲ လူသတ်နေတာ) ။ ဒါကြောင့်လည်း သူ့ကို သရဲဘုရင်လို့ ခေါ်တာပေါ့။
ယွမ်လော့ဖုန်းက လော့ဖုန်း စံအိမ်တော်သခင် ဖြစ်နေသည့်အတွက် ဧကရီရုန် တစ်ယောက် ယူကျုံးမရ ဖြစ်ရတယ်။
ရယ်စရာ ကောင်းလိုက်တာနော်။ သူမက ယွမ်လော့ဖုန်းကို လော့ဖုန်းစံအိမ်တော်က ဘဏ္ဍာထိန်း တစ်ယောက်ဆီမှာ ကိုယ်လုပ်တော် တစ်ယောက် အဖြစ် လက်ဆောင်ပေးဖို့ စီစဉ်ခဲ့တယ်။ ဝူကျုံး စွမ်းအားကြောင့် သူမက ဝူကျုံးကို ရွေးချယ်မယ်လို့ အခိုင်မာ ယုံကြည်ခဲ့တယ်။
သူမက လော့ဖုန်းစံအိမ်တော်၏ သခင်ဖြစ်နေမယ်လို့ ဘယ်သူက ထင်မလဲ။ သူမက ဝူကျုံးကို စိတ်မဝင်စားတာ အံ့ဩစရာ မရှိပါဘူး။
ထိုနေ့က ပြောခဲ့သော စကားကို ပြန်တွေးကြည့်ရင် သူမ အနည်းငယ် တုန်ရီသွားရတယ်။ သူမမျက်ဝန်းကို ပိတ်လိုက်တယ်။ သူမမျက်နှာက စိတ်ပျက်ခြင်းဖြင့် ပြည့်နေတယ်။
“မယ်မယ်… နန်းတော်ထဲမှာ အခြေနေ မကောင်းတော့ဘူး”
ဧကရီရုန်က သူမမျက်ဝန်းကို မှေးစင်းလိုက်တဲ့ အချိန်မှာ တစ်ယောက်ယောက်က နန်းဆောင် အတွင်းသို့ ယိုင်တိယိုင်တိုင်ဖြင့် ဝင်ရောက်လာပြီး စိုးရိမ်တကြီး အော်ဟစ်လေတယ်။
“အရှင်မင်းကြီးကို ဖမ်းချုပ်ထားတယ်။ မင်းသား၃ လူတွေက နန်းတော်ထဲကို ကျူးကျော် ဝင်ရောက်လာနေပြီ။ လုံယွမ်တိုင်းပြည်က စစ်သူကြီးယွမ်နှင့် သူ့ဇနီးအတွက် လက်စားချေဖို့ ဝင်ရောက်လာတယ်လို့ ယူဆရတယ်”
“ဘာပြောလိုက်တယ်”
ဧကရီရုန်လည်း သူမမျက်ဝန်းကို အလျင်မြန် ဖွင့်လိုက်ပြီး စိုးရိမ် ဗျာပါဒများစွာ မေးလိုက်တယ်။
“လော်အာ ဘယ်လိုနေလဲ။ လော်အာ ဘယ်မှာလဲ”
“သတင်းကြား ကတည်းက မင်းသား၂က ထွက်ပြေးချင်ခဲ့တာပါ။ ဒါပေမဲ့ မင်းသား၃ လူတွေက မင်းသား၂ကို ဖမ်းမိသွားခဲ့တယ်”
***
အပိုင်း(၂၁၅)
ဧကရီရုန်၏ဇာတ်သိမ်း(၄)
သူမ၏ ဒူးခေါင်းများက အားနည်းလာပြီး ဧကရီရုန်လည်း မြေပြင်ပေါ်သို့ ပစ်လဲသွားခဲ့တယ်။ ဖြူဖျော့နေသော မျက်နှာနှင့် နန်းဆောင် အပြင်ဘက်ကို စိတ်ပျက်စွာ လှမ်းကြည့်လိုက်တယ်။
သူမဘဝ အဆုံးသတ်ရပြီ။ ဒီတစ်ကြိမ်တော့ သူမဘဝ လုံးဝကို အဆုံးသတ် ရတော့မယ်။
နန်းဆောင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြားနေရတယ်။ ခဏကြာတော့ ချောမော ခန့်ညားပြီး အေးတိအေးစက်နိုင်သော အမျိုးသားလေးက လူအုပ်စု တစ်စုကို ဦးဆောင်ပြီး နန်းဆောင် အတွင်းသို့ ဝင်ရောက်လာခဲ့တယ်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
“အစောင့်တွေ ဧကရီရုန်နဲ့ သူ့လူတွေကို ဖမ်းခေါ်သွားစမ်း”
“ဒီလို လုပ်လို့ မရဘူး”
သူမကို ဖမ်းချုပ်ဖို့ လူအုပ်စု ချဉ်းကပ်လာတာကို ကြည့်ရင်း ဘာတွေ ဖြစ်နေလည်း ဆိုတာ ဧကရီရုန်လည်း နားလည်သွားခဲ့ပြီး အော်ဟစ်လေတယ်။
“နင်တို့တွေ ငါ့ကိုလွှတ်စမ်း။ ငါက တိုင်းပြည်ရဲ့ ဧကရီတစ်ပါး ဖြစ်သလို တိုင်းပြည်ရဲ့ စံပြမိခင် တစ်ပါး ဖြစ်တယ်။ နင်တို့က ငါ့ကို အမှားကျူးလွန် ရဲတယ်ပေါ့။ နင်တို့ တစ်မိသားစုလုံးကို သေဒဏ် ပေးရလိမ့်မယ်”
သူမ၏ ဆံပင်တွေက လျော့ရဲနေပြီး သူမမျက်နှာပေါ်မှာ ဝဲနေတယ်။ ရူးနေသော အမျိုးသမီး တစ်ယောက်ကဲ့သို့ အစောင့်တွေကို ဒေါသထွက်စွာ ကြည့်နေတယ်။
“သူမကို ဖမ်းခေါ်သွားစမ်း”
ရဲ့လင်းက ခံစားချက်မဲ့စွာ အမိန့်ပေးလိုက်တယ်။ အစတည်းက အခုချိန်ထိ သူက ဧကရီရုန်ကို မကြည့်ခဲ့ပေ။
“ရဲ့လင်း… မိမစစ် ဖမစစ်ကောင်…။ တိရစ္ဆာန်ကောင်…။ ငါ နင့်ကို အစတည်းက သတ်ခဲ့ပြီး နင့်အမေနဲ့အတူတူ ငရဲကို ပို့လိုက်သင့်တာ။ နင်ကို မသတ်ခဲ့မိတာကို ငါ နောင်တ အရဆုံးပဲ။ ငါက နင့်အသက်ကို သနားညှာတာ ပေးခဲ့တာကို မစဉ်းစားပေးတဲ့အပြင် ငါ့ကို ထိခိုက်အောင် ပြုလုပ်မယ့်လူကို ကူညီပေးနေတယ်။ နင်က သားရဲကောင်တွေထက် ပိုပြီးတော့ နိမ့်ကျတယ်။ ကျေးဇူးမသိတတ်တဲ့ အကောင်”
ဧကရီရုန်က အတင်းရုန်းနေပြီး သူမမျက်နှာမှာ အမုန်းများဖြင့် ပြည့်နေတယ်။
“မိမစစ် ဖမစစ်ကောင်လေး နင်က ဒီလောကကြီးထဲမှာ အသက်ရှင် မနေသင့်ဘူး။ နင်က သေသင့်တယ်”
ရဲ့လင်းမျက်လုံးက မည်းမှောင်သွားရတယ်။ အစောင့်လက်ထဲမှာ အတင်းကြပ် ရုန်းကန်နေသော ဧကရီရုန်ကို ကြည့်ရင်း သူ ခနဲ့လိုက်တယ်။
“ဧကရီရုန်…. ခင်ဗျားကြီး ပြုလုပ်ခဲ့သော မကောင်းမှုအတွက် ဘုရားသခင်ပေးတဲ့ ပြစ်ဒဏ်က မလွတ်မြောက်နိုင်ပါဘူး။ ဒီနေ့တော့ ခင်ဗျားနဲ့ ထိုက်တန်တာကို ရလိုက်တာလေ။ နင့်ကို ဘယ်လို အပြစ်ပေးရမလဲ ဆိုတာ သေချာ တွေးတော ရမယ်။ နင်ကို သတ်မယ်။ အပိုင်းပိုင်း အစိတ်စိတ် အထိ ဖြစ်အောင် ခုတ်ထစ်မယ်။ ပြီးရင်တော့ နင့်အသားတွေကို ဝံပုလွေအစာ အဖြစ် ကျွေးလိုက်မယ်”
ရဲ့လင်းက အပြစ်ပေးမယ် ပုံစံကို ရေရွတ်တော့ ဧကရီရုန်လည်း ကြောက်လန့် စိတ်ကြောင့် တုန်ရီလာရတယ်။ နောက်ဆုံးတော့ သူမက ထိတ်လန့်မှုကို ခံစားလာရပြီး သူ့ကို တင်းကျပ်စွာ ချုပ်နှောင်ထားတဲ့ အစောင့်ကို တွန်းထုတ်ဖို့ ကြိုးစားတယ်။
“တောင်းပန်ပါတယ်နော်…။ သနားညှာတာပေးပါ။ ရဲ့လင်း…. ငါ နင့်အသက်ကို မသတ်ပေးခဲ့တာကို ညှာတာသော အားဖြင့် ငါ့အသက်ကို ချမ်းသာပေးပါ။ နင့်ကို နောက်ထပ် မကောင်းကြံတော့ဘူးလို့ ငါ ကတိပေးပါတယ်”
ရဲ့လင်းလည်း လှောင်ပြုံး ပြုံးပြီး ဧကရီရုန်ကို ကြည့်လိုက်တယ်။
“ကျုပ် အသက်ကို မသတ်ခဲ့လို့ ခင်ဗျားကြီးကို ကျေးဇူးတင် နေရမယ်လို့ ပြောချင်တာလား။ ခင်ဗျား သိပ်ကံဆိုးသွားခဲ့ပြီလေ။ ခင်ဗျားကို သတ်ချင်နေခဲ့တာ ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး။ အစောင့်တွေ သူမကို ဆွဲခေါ်သွားပြီး အပိုင်းပိုင်း အထစ်ထစ် ဖြစ်အောင် ခုတ်ထစ်ပြီး သတ်ပစ်လိုက်”
“မလုပ်ပါနဲ့”
စူးစူးဝါးဝါး အော်သံက တော်ဝင်နန်းတော် တစ်ခုလုံးမှာ ပျံ့လွင့်သွားခဲ့တယ်။ သူမ ဘယ်လိုပဲ ရုန်းကန် တိုက်ခိုက် နေပါစေ…။ နောက်ဆုံးတော့ အစောင့်နှစ်ယောက်က သူမကို တံခါး အပြင်ဘက်သို့ ဆွဲခေါ်သွားခဲ့တယ်။
တော်ဝင် နန်းတော်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာက အလင်း အလျင်နှုန်းကဲ့သို့ တော်ဝင်နန်းမြို့တော် တစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့တယ်။ ဘုရင်က အာဏာ ဆုံးရှုံးသွားခဲ့ပြီး မိဖုရားကြီးကို ဖမ်းချုပ်ထားတယ်လို့ ပြောနေကြတယ်။ မင်းသား အားလုံးက ထီးနန်းနေရာ အတွက် တိုက်ခိုက်နေကြတယ်။
နောက်ဆုံးတော့ စစ်သူကြီးရိက နန်းတော်ကို စောင့်ရှောက်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့ပြီး သူပုန်များကို နှိမ်နင်းခဲ့တယ်။
ထိုအဖြစ်ပျက်များ ပြီးဆုံးပြီး နောက်ပိုင်းမှာ ယွမ်လော့ဖုန်းက တော်ဝင် နန်းမြို့တော်ကို မကောင်းတဲ့နိမိတ် သယ်ဆောင်လာခဲ့တယ် ဆိုတာကို လွေ့ကျင်းတိုင်းပြည်မှ အမတ်များနှင့် သာမန် ပြည်သူများက သိရှိသွားခဲ့တယ်။ သူတို့အားလုံးက မနက်အစောကြီး လော့ဖုန်း စံအိမ်တော်ကို ဝိုင်းအုံလာကြတယ်။
အမည်မသိ လူတစ်ယောက်၏ ဦးဆောင်မှုကြောင့် လူအားလုံးက ဒေါသထွက်စွာ အော်ဟစ်နေကြတယ်။
“ယွမ်လော့ဖုန်း… ရဲ့လင်း… အရှင်မင်းကြီးကို သတ်ဖို့အတွက် သစ္စာဖောက်တွေက လျှို့ဝှက် ကြံစည်ရဲတယ်ပေါ့။ ထွက်လာခဲ့စမ်းပါ။ ပိုင်လင်း ဆိုတဲ့ အမျိုးသမီးက တကယ်ကို ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးမတစ်ယောက်။ အရာအားလုံးက သူမကြောင့် ဖြစ်ရတာ။ သူမကြောင့်သာ မဟုတ်ရင် တိုင်းပြည်နှစ်ခု စစ်ဖြစ်ရမှာ မဟုတ်ဘူး။ လူအများပြားလည်း သေဆုံးရမှာ မဟုတ်ဘူး”
တိုင်းပြည်ထောင်စုကို ယောက်ျားလေးများသာ လွှမ်းမိုး ချုပ်ကိုင် နိုင်သည်ဟု ယုံကြည်လက်ခံသော ဒီလူများ အတွက်တော့ အမျိုးသမီးများက ကံဆိုးမိုးမှောင် ကျရောက်ခြင်းများ အတွက် အပြစ်တင်ဖို့ မွေးဖွားလာသော လူသား တစ်ယောက်သာ ဖြစ်နေခဲ့တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro