
206+207+208+209+210
အပိုင်း(၂ဝ၆)
မင်းလက် တစ်ဖက်ကို ဖြတ်ထုတ်ပစ်မယ်(၁)
ခဏလောက် တိတ်ဆိတ် နေပြီးတော့မှ လူငယ်လေး အသံကို သူမစိတ်ထဲမှ ကြားလိုက်ရတယ်။
“သခင်… စိတ်ဝိညာဉ် စွမ်းအားကို နောက်တစ်ကြိမ် ထပ်ပြီးတော့ တိုးမြှင့်ချင် တာလား။ ဒါပေမဲ့ သခင် … စိတ်ဝိညာဉ် စွမ်းအားကို တိုးမြှင့်မယ်ဆိုလည်း သူ့ကို အနိုင်ရနိုင်ချေက ၅ဝရာခိုင်နှုန်းပဲ ရှိတယ်”
“၅ဝ ရာခိုင်နှုန်းပဲ ရှိတယ် ဟုတ်လား”
ယွမ်လော့ဖုန်းလည်း သူမ မေးဖျားလေးကို ထိကိုင်နေသည်။ သူမပုံစံက တစ်ခုခုကို အခိုင်မာ ဆုံးဖြတ်ချက် ချမှတ်နေပုံပဲ။
“ဒီထက် မပိုနိုင်တော့ဘူးလား။ ရှောင်မို…. ငါကို စိတ်ဝိညာဉ်စွမ်းအား တိုးမြှင့်ပေးဖို့ ကူညီပေးစမ်းပါ”
ထိုစကားကို ပြောနေစဉ်မှာ သူမ တန်ခိုးကို ဖုံးကွယ်ထားတာကို ရပ်တန့်လိုက်တယ်။ သူမ တန်ခိုးက ကျယ်လောင်စွာ ပေါက်ကွဲ မြည်ဟည်းလာတယ်။ သမုဒ္ဒရာပြင်မှာ လှိုင်းလုံး ထန်ပြီးတော့ မိုးခြိမ်းသံများ မြည်ဟည်းနေသကဲ့သို့ ခံစားရတယ်။
“ကမ္ဘာမြေကြီး အနိမ့်ဆင့် စိတ်စွမ်းအား ကျင့်ကြံသူ”
မိန်းမပျိုလေး၏ ကြောက်လန့်ဖွယ် တန်ခိုး အရှိန်ဝါကို ခံစားမိပြီးနောက်မှာ ပိုင်စီ မျက်နှာ အမူအရာက တည်ငြိမ်သွားတယ်။ နှမြောတသခြင်းက အသက်ရွယ် ကြီးရင့်တဲ့ သူ့မျက်နှာမှာ ပေါ်ပေါက်လာတယ်။
“မင်းက ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကမ္ဘာမြေကြီး အဆင့် ရောက်ရှိနေပြီဆိုတော့ ပါရမီရှင် တစ်ယောက်ပါပဲ။ မင်းရဲ့ အမုန်းအာဃာတကို ဖယ်ဖျက်လိုက်ရင်တော့ မင်းက သေချာပေါက် တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်နိုင်မှာပါ”
ပိုင်စီ ဟန်ဆောင်ပြုံး ပြုံးလိုက်ပြီးတော့ ယွမ်လော့ဖုန်းကို သနားကြင်နာသော မျက်ဝန်းတစ်စုံဖြင့် ကြည့်လိုက်တယ်။
“နှမြောစရာ ကောင်းစွာနဲ့ မင်းမှာ အမုန်း အငြိုးတွေဖြင့် ပြည့်နှက်နေတယ်။ ကြောက်ခမန်းလိလိ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်ခြင်းကို ကာကွယ်ဖို့ အတွက် ကျုပ် မင်းရဲ့ ခြေလက်တွေကို ဖြတ်ထုတ် ရလိမ့်မယ်။ မင်း စွမ်းအားတွေကိုလည်း ပျက်စီးအောင် ပြုလုပ်ရလိမ့်မယ်။ ကောင်မလေး…. ကျုပ်ကို မမုန်းပါနဲ့။ ကျုပ်က မင်းကောင်းဖို့အတွက် ပြုလုပ်ရတာပါ”
သူ့စကားက ယွမ်လော့ဖုန်းကို သတ်ရတာက သူမကောင်းဖို့အတွက် သတ်ရတာပါလို့ စောင်းပါးရိပ်ခြည် ပြောနေတာပါ။
သူမအတွက်တော့ ပိုင်စီဆိုတဲ့ အဘိုးအိုကို မုန်းခွင့်လည်း မရှိသလို သူမက ပိုင်စီကို ကျေးဇူးတင် နေရမလို လာပြောနေတယ်။
လူတိုင်းက သူ့ကို ကလေးမလေး တစ်ယောက်ကို သတ်တာကို အပြစ်တင်မှာစိုးလို့ လောကကြီးကို ကယ်တင်ဖို့ သတ်ရတာပါလို့ ပြောနေတာပေါ့လေ။ ယွမ်လော့ဖုန်းကို အသက်ရှင်ခွင့် ပေးထားရင်လည်း တစ်နေ့မှာ သူ့ကို လက်စားလာချေမှာ သေချာတယ်လေ။ ယွမ်လော့ဖုန်း ကောင်းဖို့ ပြုလုပ်တယ်ဆိုတာ ဖြစ်နိုင်မည်တဲ့လား။
“အခုတော့ အရှက်မဲ့သူတွေသာ အောင်မြင်မှု ရရှိတယ် ဆိုတာ နားလည်လိုက်ပြီ”
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီးတော့ မထီမဲ့မြင် အပြုံး တစ်ခုကို ဆင်မြန်းလိုက်တယ်။ သူမ၏ အမည်းရောင် မျက်ဝန်းတွေက ပိုင်စီကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ဒီလို ထူးခြားတဲ့ အပြုအမူမျိုးကို မည်သူမှ မပြုလုပ်နိုင်သေးဘူး။ ဒီနေ့ ငါ့အမြင်အာရုံကို အလင်းပွင့်စေတယ်”
ပိုင်စီလည်း မျက်မှောင်ကြုတ် လိုက်တယ်။ ဒီကောင်မလေးက တကယ်ကို ခေါင်းမာတာပဲ။ သူမက သူ၏ စိတ်ရှည် သည်းခံသော ကောင်းမွန်သည့် အကြံဉာဏ်ကို နားမထောင်ချင်ဘူး ပေါ့လေ။ ဒါဆိုလည်း သူမ စွမ်းအားကို ဖျက်ဆီးရုံပဲ ရှိတာပေါ့။
“ကောင်မလေး…. မင်းက အရမ်းကို ငယ်ရွယ်လွန်းပါတယ်။ ဒါပေမဲ့ မင်းက ကမ္ဘာမြေကြီးအဆင့် စွမ်းအားကို ရောက်ရှိနေပြီ။ ဒါကြောင့်လည်း မင်းက မာန ဝင့်ကြွား နိုင်တာပေါ့လေ။ သို့သော်လည်း ပါရမီရှင်က ပါရမီရှင် တစ်ယောက်ထက် မပိုနိုင်ဘူးဆိုတာ မမေ့သင့်ဘူး။ အရွယ်မရောက်သေးတဲ့ ပါရမီရှင် တစ်ယောက်ကို ဘယ်သူမဆို သတ်နိုင်တယ်”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“ကျွန်မ ခြေလက်ကို ရှင် အလွယ်တကူ မချိုးနိုင်မှာ စိုးရိမ်မိတယ်”
နူးညံ့တဲ့ လေပြည် လေညင်းလေးနှင့် အတူတူ မိန်းမပျိုလေးက မာန ဝင့်ကြွားနေပြီးတော့ သူမနှုတ်ပေါ်မှာ ဘာကိုမျှ ဂရုမစိုက်သည့် အပြုံးကို ဆင်မြန်းထားတယ်။ သူမ၏ မျက်ဝန်းနက်တွေက ပိုင်စီကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူမမျက်နှာမှာ အနည်းငယ်မျှ ကြောက်ရွံ့နေသော အရိပ်ယောင်ကို မတွေ့ရပေ။
“ဟား….”
ပိုင်စီ အံကြိတ်လိုက်တယ်။
“ဒီလို ဆိုတော့လည်း ကျုပ်ရဲ့ စွမ်းအားအမှန်ကို မင်းကို ပြသရသေးတာပေါ့”
သူတို့ နှစ်ယောက်လုံးက ကမ္ဘာမြေကြီး အဆင့်အတန်း စိတ်စွမ်းအား ကျင့်ကြံသူများ ဖြစ်တယ်။ ဒါပေမဲ့ ဒီကောင်မလေးက အနိမ့်အဆင့်သာ ရှိနေသေးတယ်။ အခုချိန်မှာ သူက အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေခဲ့ပြီလေ။ သူတို့နှစ်ယောက် ကြားမှာ အဆင့် နှစ်ဆင့် ကွာခြားတယ်။ ဒါကြောင့်လည်း သူ့ကို ဒီကောင်မလေး အနိုင်ရဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဝုန်းခနဲ မြည်သံ
ရုတ်တရက် ပြင်းထန်သော လေပြင်းတစ်ခုက ပိုင်စီ လက်ဖဝါးမှ ထွက်ပေါ်လာပြီးတော့ ယွမ်လော့ဖုန်းကို လာရောက် ရိုက်ခတ်တယ်။ ထိုလေက ဘေးမှ ရပ်ကြည့်နေသော လူအများ၏ ပါးကို ဓားကဲ့သို့ လှီးဖြတ်လိုက်တယ်။ ယွမ်လော့ဖုန်း အတွက်တော့ ကြီးမားသော လက်သီး ထိုးနှက်ချက်ကဲ့သို့ သူမ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာတယ်။
ဘန်း
ယွမ်လော့ဖုန်းလည်း သူမ လက်ကို မလိုက်ပြီးတော့ ပိုင်စီ လက်သီးကို တားဆီးလိုက်တယ်။ သူမ ခြေလှမ်း အနည်းငယ် နောက်ဆုတ် သွားရတယ်။ သူမ နှုတ်ခမ်းထောင့်မှ သွေးများ စီးဆင်း လာရတယ်။ သူမ၏ မျက်ဝန်းနက်က ရက်စက်မှုကို ပုံဖော်နေတယ်။
“ရှင်က ကျွန်မကို သတ်ချင်နေတယ် ဆိုကတည်းက သေချာပေါက် ကျွန်မနဲ့ အတူတူ သေရအောင် ဆွဲခေါ်ရတာပေါ့”
ယွမ်လော့ဖုန်းလည်း သူမနှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး ဘေးဘက်သို့ လှည့်ကာ ရဲ့လင်း လက်ထဲမှ ဓားရှည်ကို ဆွဲယူလိုက်သည်။ သူမရဲ့ အဖြူရောင် ဝတ်စုံလေးက လေပြည်လေညင်းနှင့် အတူတူ တလွင့်လွင့် ဖြစ်နေတယ်။ သူမ ပုံစံက မိုးကောင်းကင်ယံမှ ကြွေဆင်းလာတဲ့ ဆီးနှင်းပွင့်လေးများနှင့် ဆင်တူတယ်။ သူမက ဂုဏ်မောက်သော၊ အေးတိ အေးစက်နိုင်သော၊ မည်သူ့ကိုမျှ ဂရုမစိုက်သည့် မိန်းကလေး တစ်ယောက် ဖြစ်တယ်။ အရမ်းကို ချောမော လှပလွန်းတာကြောင့် မည်သူမှ သူမကို ကြည့်နေတာမှ အကြည့်လွဲနိုင်မည် မထင်ပေ။
“သခင်မလေး”
ချင်ယန် မျက်ဝန်းက စိတ်လှုပ်ရှားမှုကို ဖော်ပြနေပြီး သူမနှလုံးသားက အရူးတစ်ယောက် ကဲ့သို့ တဒုန်ဒုန်း ခုန်နေရတယ်။ တောက်ပတဲ့ မျက်ဝန်းက စိုးရိမ် ထိတ်လန့်မှုဖြင့် ပြည့်နေရတယ်။ သူမနှုတ်ခမ်းကို အတင်းဖိကိုက်ရင် ယွမ်လော့ဖုန်းကို ငေးကြည့်နေမိတယ်။
***
အပိုင်း(၂ဝ၇)
မင်း လက်တစ်ဖက်ကို ဖြတ်ထုတ်ပစ်မယ်(၂)
“ချင်ယန် … ရဲ့လင်းနဲ့အတူတူ နောက်ဆုတ်နေစမ်း။ ဘယ်သူ့ကိုမှ ငါ့အမိန့် မရှိဘဲ ချဉ်းကပ်ဖို့ ခွင့်မပြုနိုင်ဘူး”
မိန်းမပျိုလေးက သူမလက်ထဲမှ ဓားရှည်ကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။ သူမ၏ မျက်ဝန်းနက်တွေက ရက်စက် ကြမ်းကြုတ်မှု အလင်းတန်းတွေ ဖြာထွက်နေတယ်။
“ပိုင်စီ…. ငါဆိုတဲ့ ယွမ်လော့ဖုန်းက ကိုယ့်အပြုအမူနဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း သိတယ်။ ပြောရရင် ငါက အလွယ်တကူ အနိုင်ယူလို့ ရနိုင်တဲ့ ပျော့ညံ့ညံ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူး။ ငါ့ကို ဘယ်သူမှ အနိုင်ယူဖို့ ခွင့်မပြုနိုင်ဘူး”
ပိုင်စီ၏ မျက်ဝန်းက အနည်းငယ် မှေးကျဉ်း သွားရတယ်။ သူ ဘာကိုမှ ဆက်ဟန်ဆောင် မနေတော့ဘဲ လူသတ်ချင်နေတဲ့ အရှိန်ဝါကို ထုတ်လွှင့်နေတယ်။ သူ့ပုံစံကလေကို ထိုးဖောက်ပြီး အလင်းရောင် တဖိတ်ဖိတ် တောက်နေသော ဓားအိမ်မှ ထုတ်ထားသည့် ဓားရှည် တစ်လက်နှင့် ဆင်တူနေတယ်။
“ကောင်မလေး…. အစကတော့ မင်း နောက်ထပ် စိတ်စွမ်းအား ကျင့်ကြံလို့ မရနိုင်အောင် မင်း စွမ်းအားကိုသာ ဖျက်ဆီးချင်ခဲ့တာ…။ ဒါပေမဲ့လည်း မင်းက သေချင်နေတော့ ကျုပ်က မင်းဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့လေ”
ပိုင်စီ၏ ရွေ့လျားနှုန်းက အလွန် လျင်မြန်လွန်းတယ်။ ယွမ်လော့ဖုန်း ပြန်လည် တိုက်ခိုက်ဖို့ ပြင်ဆင်ချိန် မရလိုက်ပေ။ ကံကောင်းစွာပဲ ယွမ်လော့ဖုန်းက စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီးတော့ ပိုင်စီ စိတ်ကို တားဆီးလိုက် နိုင်သေးတယ်။ ပိုင်စီ၏ အာရုံစိုက်ရာ ဗဟိုချက်ကို ပျောက်ဆုံးစေခဲ့တယ်။
သို့သော်လည်း ပိုင်စီက ကျင်းလင်းကဲ့သို့တော့ မဟုတ်ပေ။ သူတို့ နှစ်ယောက်ကြားမှာ စိတ်စွမ်းအားက ကြီးမားသော ကွာခြားချက် ရှိတယ်။ ဒါကြောင့်လည်း ယွမ်လော့ဖုန်းက စိတ်ဝိညာဉ် တန်ပြန်တိုက်မှုကို အချိန် အနည်းငယ်မျှ ကြာအောင်သာ အသုံးပြုနိုင်တယ်။ ပိုင်စီက လျင်မြန်စွာ အသိပြန်ဝင် လာတတ်တယ်။ ပိုင်စီ၏ တိုက်ခိုက်မှုက ပိုပြီးတော့ ရက်စက်လာတယ်။ သူ့မျက်လုံးက သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်။
ကံကောင်းစွာနဲ့ ယွမ်လော့ဖုန်း၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အနည်းငယ် အောင်မြင်မှု ရရှိအောင် ထောက်ပံ့ ပေးနေတယ်။ သူမမှာ စက္ကန့် အနည်းမျှ အချိန်ရမယ် ဆိုလည်း သူမ လက်ထဲက ဓားရှည်ကို အသုံးပြုနိုင်ဖို့ လုံလောက်မှု ရှိပါတယ်။ တစ်ဖက်လူ၏ ပြင်းထန်သော တိုက်ခိုက်ချက်ကို ပြန်လည် တွန်းလှန် နိုင်ပါသေးတယ်။
ဘန်း
လက်သီးက ဓားရှည်ပေါ်သို့ ရုတ်တရက် ကျရောက် လာခဲ့တယ်။ အားလုံးက ဒေါင်ခနဲ မြည်သံကို ကြားလိုက်ရတယ်။ ယွမ်လော့ဖုန်းဓားက နှစ်ခြမ်း ကွဲကြေ သွားရရှာလေတယ်။ ကျိုးပဲ့သွားသော ဓားလေးက မြေပြင်ပေါ်မှာ ကြွေကျ ခဆင်း ရလေသည်။
ကောင်မလေးက နောက်ဘက်သို့ ခြေနှစ်လှမ်း ယိမ်းယိုင်သွားတယ်။ သူမလက်က သူမရင်ဘတ်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။ သူမမျက်ဝန်းက လေးနက် တည်ငြိမ်နေတယ်။
“ကောင်မလေး…. မင်း ဆက်ပြီးတော့ လက်စား ချေချင်သေးလား ဆိုတာ ကျုပ် သိချင်တယ်”
ပိုင်စီ မျက်ဝန်းက သနားညှာတာခြင်းဖြင့် ပြည့်နှက်နေတယ်။
“ဧကရီရုန်က မင်းမိဘတွေကို သတ်ခဲ့သော်လည်း အချိန်အများကြီး ကြာညောင်းခဲ့ပြီလေ ဘာကြောင့် ဒီကိစ္စကို ပြန်အစဖော်ချင် နေရတာလဲ။ ခေါင်းမာစွာ လက်စားချေချင် နေရတာလဲ”
ဧကရီရုန်က တရားခံလား။ မျှော်လင့်ထားတဲ့ အတိုင်းပဲ ဧကရီရုန် ဖြစ်နေတာပါလား။
နောက်ဆုံးတော့ သူမ လိုအပ်တဲ့ အဖြေကို ရလိုက်ပြီပေါလေ။ ယွမ်လော့ဖုန်း၏ နှုတ်ခမ်းက ကောက်ကျစ်သော အပြုံးနှင့် မြင့်တက် သွားရတယ်။
“ကျွန်မက ရှင့်မိဘနဲ့ သားသမီးကို သတ်ပြီးတဲ့အထိ စောင့်လိုက်ပါဦးလေ။ ပြီးတော့မှ ဒီစကားကို ကျွန်မကို ထပ်ပြောပေါ့လေ။ ဒါမှလည်း ကျွန်မက ဒီစကားကို လက်ခံ ယုံကြည် ပေးနိုင်မှာပေါ့လေ”
“မင်းက တကယ်ကို ကယ်တင်လို့ မရနိုင်တော့ဘူး”
ပိုင်စီ ခေါင်းကို ခါယမ်းလိုက်ပြီးတော့ လျစ်လျူရှုစွာ စကားကို ဆက်ပြောလိုက်တယ်။
“ဒါဆိုလည်း အနာဂတ်မှာ အဆုံးစမဲ့သော နာကျင် ခံစားမှုများကို ကာကွယ်နိုင်ဖို့ မင်းကို သတ်ရတာပေါ့လေ”
ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ပုံရိပ်က ယွမ်လော့ဖုန်း ရှေ့နားကို ရောက်နှင့်နေပြီ ဖြစ်တယ်။ သူက ဝိညာဉ် တစ်ကောင်ကဲ့သို့ လျင်မြန် လွန်းတယ်။
“ကောင်မလေး …. မင်းမှာ နောက်ဆုံးအနေနဲ့ ပြောချင်တဲ့ စကား ရှိသေးလား”
ယွမ်လော့ဖုန်းလည်း ဟားတိုက် ရယ်မောလိုက်ပြီး မြေပြင်ပေါ် ရောက်ရှိနေတဲ့ သူမ ဓားကို ပစ်ပေးလိုက်တယ်။ သူမနှုတ်ခမ်းက မထီမဲ့မြင် အပြုံး ပြုံးလိုက်ပြီး အလွန်တရာ ကောက်ကျစ် စဉ်းလဲသော သူမ မျက်ဝန်းနက်ကို လူသတ်ချင်နေသော အငွေ့သက်ဖြင့် ဖုံးလွှမ်းထားတယ်။
ရဲ့လင်းလည်း ယွမ်လော့ဖုန်း ရှေ့မှာ ရပ်နေဖို့ တိတ်တဆိတ် လျှောက်လှမ်းသွားတယ်။ သူမ ရှေ့က ကားဆီး ပေးထားလိုက်တယ်။ ချောမော ခန့်ညားသည့်မျက်နှာက သေခြင်းဖြင့် ရင်ဆိုင်ဖို့ မတွန့်ဆုတ်သည်ကို ပြသနေတယ်။
“ရဲ့လင်း ဖယ်စမ်း”
ရဲ့သုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ပြင်းထန်စွာ ဆူပူလေတယ်။
“ဒီကိစ္စက သားတော်နဲ့ ဘာမှ မသက်ဆိုင်ဘူး။ ငါကိုယ်တော်မြတ် မင်းကို ထွက်သွားဖို့ ပြောနေတယ်လေ”
ရဲ့လင်းလည်း ရဲ့သုန်းကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်သည်။
“ခင်ဗျားက သူမကို သတ်ချင်နေတယ် ဆိုရင်တော့ ကျွန်တော် သေဆုံးသွားမှ ရလိမ့်မယ်။ ကျွန်တော် သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားမှ ရလိမ့်မယ်”
“ရဲ့လင်း”
ရဲ့သုန်း ဒေါသစိတ် ပေါက်ကွဲ ထွက်လာရတယ်။ ယွမ်လော့ဖုန်းက ဘာတွေများ ကြီးကျယ် မြင့်မြတ်နေလို့ သူ့သားတော် ရဲ့လင်းက အဆုံးထိ ကာကွယ် ပေးချင်နေရလည်း ဆိုတာ နားမလည်နိုင်ဘူး။
သားတော်က ယွမ်လော့ဖုန်း၏ အစေခံကို ကြိုက်နှစ်သက်တယ် ဆိုရင်လည်း ယွမ်လော့ဖုန်း အတွက် သူ့ဘဝကို အဆုံးရှုံးခံစရာ မလိုအပ်ပါဘူးလေ။
“ရဲ့လင်း”
ယွမ်လော့ဖုန်းလည်း သူမကို ကာဆီးထားတဲ့ ချောမောတဲ့ လူငယ်လေးကို ကြည့်ပြီး ပြောလိုက်တယ်။
“ဖယ်လိုက်။ ငါဆိုတဲ့ ယွမ်လော့ဖုန်းက အလွယ်တကူ အနိုင်ယူလို့ရမယ့် လူစားမျိုး မဟုတ်ဘူး”
***
အပိုင်း(၂ဝ၈)
မင်း လက်တစ်ဖက်ကို ဖြတ်ထုတ် ပစ်မယ်(၃)
ရဲ့လင်းကို ထိတ်လန့်စေတယ်။ ယွမ်လော့ဖုန်းမှ ဝေးရာသို့ ထွက်ခွာ မသွားခင် သူ ခဏတာ တိတ်ဆိတ် နေမိတယ်။
သူက သူမကို ယုံကြည်သင့်တယ်။ ယုံကြည်ရမယ်။ သခင့်စွမ်းအားက ကြီးမြတ်တယ်။ သခင်က ဖယ်ခိုင်းတယ် ဆိုတော့ သခင်က သေချာပေါက် အနိုင် ရရှိမှာပါလေ။ သူမက မသေချာတဲ့ တိုက်ပွဲ တစ်ခုကို တိုက်ခိုက်မှာ မဟုတ်ဘူး။
“ကောင်မလေး ကျုပ်ဆိုတဲ့ ပိုင်စီက လူအများကြီးနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ မင်းလို ဘဝင်မြင့်လွန်းတဲ့ လူစားမျိုး မတွေ့ကြုံခဲ့ဖူးဘူး”
ပိုင်စီ နှုတ်ခမ်းက မတူမတန်သော အပြုံးဖြင့် မြင့်တက် သွားရှာတယ်။ ဟန်ဆောင်မှုဖြင့် ဖုံးကွယ်ထားသော ဖော်ရွေသော မျက်ဝန်းက မောက်မာသော ပုံစံသို့ ပြောင်းလဲသွားပြီး ခက်ထန်စွာ ပြောလာခဲ့တယ်။
“တကယ်လို့ မင်းအရှုံးကို လက်ခံချင်တယ် ဆိုရင်တော့ မင်းကို ခြေလက် ကျိုးအောင် ပြုလုပ်ရုံလေးပါပဲ။ သို့သော်လည်း ကျုပ် အခုတော့ နားလည် သွားခဲ့ပြီလေ။ မင်းကို မသတ်ခဲ့ရင် နောက်ပိုင်းမှာ ကျုပ်အတွက် ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျုပ် မင်းကို သတ်ရလိမ့်မယ်”
ပေါက်ကွဲခြင်းက ပဲ့တင် ထပ်လာခဲ့တယ်။ ပိုင်စီရဲ့ ပုံရိပ်က ဓားရှည် တစ်လက်ကဲ့သို့ မိုးကောင်းကင်ယံ ထက်သို့ လျင်မြန်စွာ ထိုးဖောက် ဝင်ရောက် သွားခဲ့တယ်။ သူ့လက်သီးက ကြွေကျလာသော ကြယ်ပျံနှင့် ဆင်တူတယ်။ ကောင်းကင်ကို ထိုးဖောက်ပြီး ယွမ်လော့ဖုန်း ရှိရာ နေရာသို့ ကျဆင်းလာတယ်။
မြန်လွန်းတယ်…။
အရမ်းကို မြန်လွန်းတယ်…။
ယွမ်လော့ဖုန်းလည်း သူမမျက်ဝန်းကို အနည်းငယ် မှေးစင်းလိုက်ပြီး အလင်းတန်းကဲ့သို့ သူမရှိရာသို့ အရှိန်ဖြင့် ခုန်ဆင်းလာတဲ့ အသက်ရွယ် ကြီးရင့်နေတဲ့ အဘိုးအိုကို စောင့်ကြည့် နေလိုက်တယ်။ အလျင်မြန်ပဲ သူမ ခြေလှမ်းကို နောက်သို့ ဆုတ်ခွာလိုက်တယ်။
သို့သော်လည်း သူမ တုံ့ပြန်ချက်က အရမ်းကို နှေးလွန်းခဲ့တယ်။ အဘိုးအိုရဲ့ လက်သီးက သူမ ရင်ဘတ်ပေါ်သို့ ရုတ်ခြည်း ရောက်ရှိလာခဲ့တယ်။ အချိန် တစ်ခဏလေးအတွင်း သူမ မဆိုင်းမတွ နောက်သို့ အလျင်မြန် နောက်ဆုတ် လိုက်တယ်။ မြေပြင်ပေါ်မှာ ရှည်လျားသော ခြေရာ ကျန်ရစ်ခဲ့တယ်။
“ဒါက ကမ္ဘာမြေကြီး အမြင့်ဆုံးအဆင့် စိတ်စွမ်းအား ကျင့်ကြံသူ တစ်ယောက် ပြုလုပ်နိုင်တာ အကုန်ပဲလား”
ယွမ်လော့ဖုန်းလည်း သူမရဲ့ ပါးစပ်မှ သွေးစများကို သုတ်ဖယ်လိုက်ပြီး ပိုင်စီကို မကျေမနပ် ကြည့်လိုက်တယ်။ သူမပုံစံက အလွန်မင်း ယုံကြည်ချက် ရှိနေပုံရတယ်။
“သေးနုပ်တဲ့ ရှင့်စွမ်းအားလေးက ကျွန်မ အတွက်တော့ ဘာဘေးအန္တရာယ်မှ မဖြစ်စေဘူး”
ပိုင်စီလည်း မျက်မှောင်ကြုတ်ပြီး ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ သူ၏ ရှည်လျားသော အဖြူရောင် ဝတ်စုံနှင့်အတူ သူမရှေ့မှာ နောက်တစ်ကြိမ် ထပ်ပေါ်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ အဘိုးအိုက လက်ဦးစွာ တိုက်ခိုက်မှာကို ယွမ်လော့ဖုန်း စောင့်မနေတော့ပေ။
သူမ၏ လက်လှုပ်ရှားမှုနှင့်အတူ သေးငယ်တဲ့ ငွေအပ်လေးက လေထဲမှာ မြန်မြန် လှုပ်ရှားသွားတယ်။ တဝီဝီ မြည်သံကို ထုတ်လွှင့်ပြီးတော့ ပိုင်စီ၏ ဦးခေါင်းရှိရာသို့ လျင်မြန်စွာ ပျံသန်း သွားတယ်။
ပိုင်စီ၏ မျက်ဝန်းတွေက လှောင်ပြောင် ခနဲ့မှုကို ဖော်ပြနေတယ်။ သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ပျံသန်းနေသော အပ်ကို လှမ်းဖမ်းလိုက်တယ်။ သူ ပြန်မပြောခင်မှာ နှာမှုတ်လိုက်တယ်။
“ယွမ်လော့ဖုန်း…. ဒါက မင်းတတ်တဲ့ ပညာ အကုန်ပဲလို့ ကျုပ် မထင်ထားခဲ့မိဘူး။ မင်းက ကျုပ်ကို အနိုင် မယူနိုင်ပါဘူး။ လျှို့ဝှက် အပ်လေး တစ်ချောင်းနဲ့ ကျုပ်ကို ဒဏ်ရာ ရစေဖို့ စီစဉ် ထားတာလား။ ရယ်စရာ သိပ်ကောင်းတယ်။ မင်းက စကားကြီး စကားကျယ် ပြောတတ်ရုံ ပါလား။ တကယ်တော့ အရည်ချင်း မရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ”
ဒီကောင်မလေးက သူ့ကို ဘာကြောင့် အထင်မြင်သေးတဲ့ ပုံစံနဲ့ ကြည့်နေရတာလည်း ဆိုတာ နားမလည်နိုင်ဘူး။ သေးနုပ်တဲ့ သူမ အရည်ချင်းလေးနဲ့ သူ့ကို အထင်မြင်သေးစွာ ကြည့်ဖို့ သူမမှာ ဘာအခွင့်အရေး ရှိလို့လဲ။
“ဒီလိုလား”
ယွမ်လော့ဖုန်းလည်း သူမ၏ နဖူးပေါ်က ချွေးစများကို သန့်ရှင်းလိုက်ပြီး သူမ နှုတ်ခမ်းက ကောက်ကျစ်စဉ်းလဲသော အပြုံးနှင့်အတူတူ တွန့်ကွေးသွားတယ်။
“ပိုင်စီ…. ရှင့်ရဲ့ အကြီးမားဆုံးက အားနည်းချက်က ဘာလဲ သိလား။ ကိုယ့်ဘာသာ အရမ်းကို အထင်ကြီးလွန်း တာလေ”
“ဘာပြောလိုက်တယ်။ ပြန်ပြော လိုက်စမ်းပါ”
ပိုင်စီ….. တွေဝေမိန်းမော နေချိန်မှာ ထိုကောင်မလေးက သူ့ကို စော်ကားမော်ကား ပြောလာခဲ့တယ်။ သူလည်း တစ်ခုခုကို ပြန်လည် ချေပဖို့ ပြင်နေဆဲမှာ ရုတ်တရက် သူ့လက်ဖဝါးမှ စူးစူးရှရှ နာကျင်လာတယ်။ သူ သတိရချိန်မှာ သူ့လက်မှာ ကိုင်ထားတဲ့ ငွေအပ်က လက်ဖဝါးထဲသို့ စိုက်ဝင်နေပြီ ဖြစ်တယ်။
ယွမ်လော့ဖုန်း ပြောတာလည်း မှန်တယ်။ သူ့ကိုယ်သူ ယုံကြည်မှု အရမ်း လွန်ကဲ သွားခဲ့တယ်။ ယွမ်လော့ဖုန်းက အပ်မှာ အဆိပ်ခတ်ထားမယ် ဆိုရင်လည်း သူ့မှာ အဆိပ်ပြန်ဖြေနိုင်တဲ့ နည်းလမ်း ရှိမယ်လို့ ယုံကြည်နေသေးတယ်။ ဒါကြောင့်လည်း လက်ဗလာနဲ့ သူက အပ်ကို လှမ်းဖမ်းရဲတာပေါ့။
ဒီအပ်က သူ့လက်မှာ လာစိုက်ဝင်နေမယ်လို့ သူ တကယ်ကို မထင်ထားခဲ့မိဘူး။ ဒါ့ပြင် အပ်တစ်ခုလုံးက သူ့အသားထဲ နစ်ဝင်သွားပြီး အရာအားလုံးရဲ့ သက်သေအဖြစ် သူ့လက်ဖဝါး အလယ်မှာ သေးငယ်တဲ့ အမည်းရောင် အစက်လေးသာ ကျန်ရှိခဲ့တယ်။
“ယွမ်လော့ဖုန်း …. မင်းက တကယ်ကို စက်ဆုပ်ဖွယ် ကောင်းပြီး သစ္စာမဲ့တဲ့ မိန်းမ တစ်ယောက်ပဲ။ လျှို့ဝှက် လက်နက်နဲ့ တစ်စုံ တစ်ယောက်ကို ထိခိုက်အောင် ပြုလုပ်ရဲတယ်ပေါ့”
သူ့လက်ဖဝါးမှ စူးစူးရှရှ နာကျင်ရသော ခံစားချက်ကြောင့် ပိုင်စီလည်း သူ့ဟန်ဆောင် မျက်နှာဖုံး ကွာကျတာကို ဂရုမစိုက် နိုင်တော့ပေ။ ယွမ်လော့ဖုန်းကို ဒေါသဖုံးလွှမ်း နေသော မျက်ဝန်းဖြင့် မကျေမနပ် ကြည့်လိုက်တယ်။
“နောက်ဆုံးတော့ ဟန်ဆောင်နေတာကို ရပ်လိုက်ပြီပေါ့”
ယွမ်လော့ဖုန်းလည်း လှောင်ပြုံး ပြုံးလိုက်တယ်။
“ကျွန်မက ရှင့်ရဲ့ ကရုဏာရှင် မျက်နှာကို ရှင်အမြဲ ဟန်ဆောင် နိုင်မယ် ထင်ခဲ့တာ။ ဒါပေမဲ့ ရှင်လည်း ဆက်ပြီး မသည်းခံ နိုင်တော့ဘူးလား။ ငါဆိုတဲ့ ယွမ်လော့ဖုန်းက စက်ဆုပ်ဖွယ် ကောင်းသော၊ သစ္စာမဲ့သော၊ ကောက်ကျစ် စဉ်းလဲသော အရှက်မဲ့သော မိန်းကလေး ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ငါက ဘာတွေကို ဂရုစိုက်နေရမလဲ။ အနိုင်ရရှိဖို့က အရေးကြီးဆုံးပဲလေ။ ငါက ဘာနည်းလမ်းကို သုံးသုံး အနည်းဆုံးတော့ ရှင်ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့တယ်လေ”
***
အပိုင်း(၂ဝ၉)
မင်း လက်တစ်ဖက်ကို ဖြတ်ထုတ်ပစ်မယ်(၄)
အစတည်းက ယွမ်လော့ဖုန်းက ပိုင်စီကို အမြင်မှားအောင် ပြုလုပ်ခဲ့တာပါ။ ဘယ်လို အမြင်မှားအောင် ပြုလုပ်လည်း ဆိုတော့ သူမက အရမ်း အားနည်းပြီးတော့ သူမမှာ ပြန်လည် တုံ့ပြန်နိုင်သော စွမ်းအား မရှိဘူးပေါ့။
ပိုင်စီတစ်ယောက် သတိမမူ ဖြစ်နေစေဖို့ သူမ အမြင်မှား တစ်ခုကို ဖန်တီးခဲ့တာလေ။
ပြင်းထန်သော မြည်သံ
အမျက်ဒေါသက ပိုင်စီ၏ စိတ်ထဲမှ ပေါက်ကွဲ ထွက်လာခဲ့တယ်။ သူ့မျက်နှာက ချက်ချင်းပဲ အမျက်ဒေါသကြီးသော လူတစ်ယောက် ပုံစံသို့ ပြောင်းလဲ သွားခဲ့တယ်။ အစောပိုင်းက ဖော်ရွေ ကြင်နာတ်သော လူကြီး လူကောင်းပုံစံနှင့် လုံးဝ ခြားနားနေတယ်။
ပွဲကြည့် ပရိသတ်များ အားလုံးလည်း သက်ပြင်း ချရတော့တယ်။ အစကတော့ ပိုင်စီက ဖော်ရွေ ကြင်နာတတ်သော လူကြီးလူကောင်း တစ်ယောက်လို့ တွေးထင်ခဲ့မိတယ်။ ဒါပေမဲ့ ဒီအဘိုးအိုက ဒေါသထွက်ပြီးတော့ သူတစ်ပါးကို မကောင်း ကြံစည်တတ်သော လူယုတ်မာ တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
“ယွမ်လော့ဖုန်း…. မင်းက သေချင်နေတော့လည်း ကျုပ်က ကူညီ ပေးရတာပေါ့လေ”
ပိုင်စီလည်း အံကြိတ်ရင်း မုန်းတီးမှုနှင့် ဒေါပွနေလေတယ်။ သူ့မျက်နှာက သားရဲတစ်ကောင် ကဲ့သို့ ရက်စက် ကြမ်းကြုတ်နေတယ်။ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လေတယ်။
ထောင်ပေါင်းများစွာ အလေးချိန်ရှိသော သူ့လက်သီးကို စွမ်းအားအကုန် ထည့်သွင်းပြီး တစ်ရှိန်ထိုး တိုက်ခိုက် နေလေသည်။ ထိုလက်သီး ရိုက်ချက်များကြောင့် ပတ်ဝန်းကျင်မှာ လေပြင်းထန်စွာ တိုက်ခိုက်လေတယ်။
ထိုလက်သီးက ယွမ်လော့ဖုန်း ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့မယ် ဆိုရင်တော့ အကျိုးဆက်က မတွေးရဲစရာပါပဲ။
ယွမ်လော့ဖုန်း၏ အားနည်းတဲ့ ခန္ဓာကိုယ်မှာ သွေးများ စီးဆင်းနေသော အပေါက်တစ်ခုကို သေချာပေါက် ဖန်တီးလိမ့်မယ်။ သူမ အတွင်းအင်္ဂါများလည်း ထိုလက်သီး ရိုက်ချက်ကြောင့် ကြေမွ ပျက်စီး သွားနိုင်တယ်။
ထိုလက်သီးအားဖြင့် ဖန်တီးထားသော လေပြင်းအလယ်မှာ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးက မထိမဲ့မြင်အပြုံးကို ပြုံးနေပြီး သူမရဲ့ မျက်ဝန်းနက်က သူမရှေ့ကို ရောက်ရှိလာမယ် လက်သီးကို တိတ်ဆိတ်စွာ စူးစူး စိုက်စိုက် ကြည့်နေတယ်။
ထိုစဉ်…
မိန်းကလေးက ရှောင်တိမ်းမည့်အစား ပိုင်စီ လက်သီးနှင့် တွေ့ဆုံရန် လာရာ လမ်းကြောင်းမှာ မားမားမတ်မတ် ရပ်နေတယ်။
ဒီလို ဘေးအန္တရာယ် များလွန်းတဲ့ မြင်ကွင်းနှင့် ရင်ဆိုင်ရတော့ လူတိုင်း၏ နှလုံးသားများ ချက်ချင်း ရပ်တန့်သွားသလို ခံစားရတယ်။ တချို့ဆိုရင် ထိတ်လန့်လွန်းလို့ သူတို့ မျက်လုံးကို ပိတ်ထားကြသည်။ လှပချောမောသော မိန်းကလေး တစ်ယောက်ရဲ့ သွေးများ လွှမ်းမိုးနေသော မြင်ကွင်းကို မမြင်ရက်ပေ။
ဒီအမျိုးသမီးက ရူးနေတာလား။ သူမက အရည်အချင်း ရှိတယ် ဆိုရင်လည်း သူမက ကမ္ဘာမြေကြီး အနိမ့်ဆင့် စိတ်စွမ်းအား ကျင့်ကြံသူသာ ဖြစ်နေသေးတယ်လေ။ အမြင့်ဆုံး အဆင့်ရောက်နေတဲ့ လူတစ်ယောက်ကို စိန်မခေါ်သင့်ဘူးလေ။ သူက သေချင်နေတာလား။
မျှော်လင့်ထားတဲ့ အတိုင်းပါပဲ….။
ပိုင်စီရဲ့ အားကောင်းသော လက်သီးနှင့် ရင်ဆိုင်လိုက်ရတဲ့အတွက် ယွမ်လော့ဖုန်းရဲ့ ခန္ဓာကိုယ်က သူမ နောက်ဘက်မှရှိတဲ့ လူအုပ်ရှိရာသို့ လွင့်စဉ်သွားတယ်။
“သခင်မလေး….”
ချင်ယန် မျက်နှာက ကြောက်လန့် မိတာကြောင့် ဖြူဖျော့သွားရတယ်။ ခုန်ဆင်း သွားပြီးတော့ လေထဲမှာ လွင့်မျောနေသော မိန်းကလေး၏ ခန္ဓာကိုယ် လှမ်းဖမ်းလိုက်တယ်။ ချစ်ဖို့ကောင်းတဲ့ သူမမျက်နှာလေးက စိုးရိမ်မှုဖြင့် ဗျာပါဒ များနေသည်။
ယွမ်လော့ဖုန်း၏ ရင်ဘတ်နား ပတ်ဝန်းကျင်က စီးကပ်ကပ် သွေးများဖြင့် နီရဲပြီး သွေးများ ဒလဟော စီးဆင်းနေတယ်။ သူမ ပါးစပ်မှလည်း သွေးများ အန်ထွက်လာပြီး ထိုသွေးများက မေးဖျားပေါ်မှာ စိုစွတ်နေလေတယ်။ သူမ မေးဖျားပေါ်မှ သွေးများ သုတ်ဖယ် လိုက်တယ်။ သို့သော်လည်း သူမ သုတ်လေလေ သွေးများက ပိုစီးဆင်းလာလေ ဖြစ်နေတယ်။ ဒါဆို ဘယ်လိုပဲဖြစ်ဖြစ် သွေးက မရပ်တန့်တော့ဘူး။
“သခင်မလေး…. အဆင်ပြေရဲ့လား”
ချင်ယန် စိတ်ပူရလွန်းလို့ မျက်ရည် ဝိုင်းလာတယ်။ သူမ မငိုမိစေရန် အားတင်း ထိန်းချုပ် ထားရတယ်။ သခင်မလေး…. မြေပြင်ပေါ် လဲကျသွားမှာ စိုးရွံ့မိတာကြောင့် သခင်မလေးကို တင်းကျပ်စွာ ဖက်တွယ်ထားတယ်။
ယွမ်လော့ဖုန်းလည်း အားအင် ဖျော့လျော့စွာ သူမ ခေါင်းကို ခါလိုက်တယ်။ သူမလည်း ချင်ယန်ကို စိတ်မပူစေချင်ဘူး။ သူမမှာ ပါးစပ် ဖွင့်ဟဖို့ပင် အင်အား မရှိတော့ပေ။ အခုချိန်မှာ သူမ တခြား အကြောင်းရာကို ဂရုမစိုက်နိုင်တော့ပေ။ ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေအတွင်းမှာ စိတ်ဝိညာဉ် ဆေးမြစ်ကို ယူပြီး မျိုချလိုက်တယ်။
“အား…”
ရုတ်တရက် စူးစူးရှရှ အော်သံကို ကြားလိုက်ရတယ်။ အစက လူတိုင်းက ယွမ်လော့ဖုန်းကို အာရုံစိုက်နေရာမှ အော်သံကြောင့် ပိုင်စီဘက်သို့ အာရုံ ပြောင်းလိုက်ကြတယ်။
ပိုင်စီလည်း နောက်ဘက်သို့ ခြေလှမ်း အနည်းငယ်မျှ ယိမ်းယိုင် သွားရတယ်။ ညိုမည်းနေသော မျက်နှာ အမူအရာဖြင့် ဒေါသထွက်စွာ အော်ဟစ်နေတယ်။
“မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”
သူ့လက်မောင်းပေါ်မှ များစွာသော သွေးပြန်များက ဖောက်ခနဲ မြည်သံနှင့်အတူတူ ပေါက်ကွဲ ထွက်သွားတယ်။ မရေမတွက်နိုင်သော တီကောင်များ သူ့လက်မောင်းပေါ်မှာ ပြေးလွှား နေသကဲ့သို့ ခံစားနေရတယ်။ သွေးပြန်ကြောများက သူ့လက်မောင်း တစ်ခုလုံးကို ကြောက်ရွံ့ ထိတ်လန့်ဖွယ် ဖုံးအုပ်ထားတယ်။
ယွမ်လော့ဖုန်းက သူမပါးစပ်ပေါ်က သွေးစများကို သန့်ရှင်းလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ် ထရပ်လိုက်တယ်။ မထီမဲ့မြင် ပြုံးလိုက်ပြီးတော့
“ကျွန်မ … ရှင့်ကို ပြောပြီးသားပါနော်။ ကျွန်မကို သတ်ဖို့ မလွယ်ပါဘူးလို့။ အကယ်၍ ကျွန်မက ရှင့်ကို အခုချက်ချင်း မသတ်နိုင်သော်လည်း ကျွန်မက ရှင့်လက်တစ်ဖက်ကို ဖြတ်ထုတ်ပစ်နိုင် ပါသေးတယ်”
အရှုံးကလွဲရင် ကျွန်မက အရာရာတိုင်းကို လက်ခံနိုင်သေးတယ်။
ပိုင်စီက သူမကို လက်သီးဖြင့်ထိုးဖို့ ချိန်ရွှယ် ကတည်းက သူ့ရဲ့ အာရုံစူးစိုက်မှု ဆုံးရှုံးဖို့အတွက် စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အသုံးပြုခဲ့ရတယ်။ သူမ တတ်နိုင်သလောက် အလျင်အမြန်ပဲ သူမရင်ဘတ်မှာ ငွေအပ်ကို ဖွက်ထားလိုက်တယ်။ ပိုင်စီ လက်သီးက ငွေအပ်ပေါ် ကျရောက်သည်နှင့် ထိုအပ်က သူ့လက်ဖမိုးထဲ ထိုးဖောက် ဝင်ရောက် သွားမှာလေ။
***
အပိုင်း(၂၁ဝ)
ယွမ်ရှောင် … ရှင်လာမယ်ဆိုတာ ကျွန်မ သိနေခဲ့တယ်(၁)
ဒါဆိုလည်း ယွမ်လော့ဖုန်းက ဒီအကြံအစည်ကို အစတည်းက အကောင်ထည် မဖော်ခဲ့ရတာလဲ။ သူမအတွက်တော့ ငွေအပ်မှာ စိတ်စွမ်းအား ထည့်သွင်း နိုင်ဖို့အတွက် အချိန် လိုအပ်တယ်လေ။ မဟုတ်ခဲ့လျှင်တော့ သာမန် ငွေအပ်လေးဖြင့် ပိုင်စီ၏ အဓိက အချက်ချာကျသော နေရာကို ထိခိုက် ဒဏ်ရာ ရနိုင်အောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
သူ့လက်မောင်းပေါ်မှ သွေးပြန်ကြောများ ကြွတက်နေသည်ကို ကြည့်ရင်း ထို သွေးပြန်ကြောများသည် သူ့ပခုံးပေါ်အထိ ပျံ့လာခဲ့တယ်။ နောက်ဆုံးတော့ ပိုင်စီ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့တယ်။
သူလည်း အသက် ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီးတော့ အနီးနားမှ တော်ဝင် သက်တော်စောင့်ရဲ့ ဓားရှည်ကို ဆွဲယူလိုက်တယ်။ ဘာကိုမျှ ဆက်တွေး မနေတော့ဘဲ လက်မောင်းရင်းမှ ဓားဖြင့် ဖြတ်ထုတ်လိုက်တယ်။
အား…။
သွေးများက လေထဲသို့ ပျံ့လွင့်သွားခဲ့တယ်။ ပြင်းထန်သော နာကျင်မှုကြောင့် ပိုင်စီ၏ မျက်နှာပုံစံက ဖြူဖျော့ သွားခဲ့တယ်။ သူလည်း နောက်ဘက်သို့ ခြေလှမ်း အနည်းငယ် ယိမ်းယိုင် သွားခဲ့တယ်။ တုန်ရီနေသော ခန္ဓာကိုယ်ကို အားယူဖို့ ဓားကို မြေပြင်ပေါ်သို့ အားဖြင့် ထိုးစိုက်လိုက်တယ်။
ပိုင်စီရှေ့က သွေးဗွက်အိုင်ကို ကြည့်ရင် လူတိုင်း ပင့်သက် ရှိုက်နေရတယ်။ ကိုယ့်လက်ကို ဖြတ်ပစ်ဖို့ဆိုတာ တော်ရုံ သတ္တိနှင့်တော့ မဖြစ်နိုင်ပေ။
“ယွမ်လော့ဖုန်း”
ပိုင်စီအကြည့်က ယွမ်လော့ဖုန်းဘက်သို့ ရောက်ရှိ သွားခဲ့တယ်။ ယွမ်လော့ဖုန်းကို ကောက်ကျစ် စဉ်းလဲသော မြေခွေး အကြည့်ဖြင့် ကြည့်နေလေသည်။ သူမကို ကျိန်ဆဲဖို့ အတွက် သူမ ခန္ဓာကိုယ်က အင်အား အားလုံးကို အသုံးပြုလိုက်ပုံ ရတယ်။
“မင်းလက်နဲ့ လူအများကြီး အသက်ကို နုတ်ယူခဲ့တယ်။ မင်းအတွက်တော့ ကောင်းမွန်တဲ့ အဆုံးသတ် ဆိုတာ မရှိလာနိုင်ဘူး”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“ရှင့်လက်ကို ဖြတ်တဲ့လူက ရှင်လေ။ ကျွန်မနဲ့ ဘာသက်ဆိုင်လို့လဲ။ ထပ်ပြောလိုက်မယ် ရှင့်ကိုယ်ရှင် အပြစ်ကင်းစင်ပြီး ဖြူစင်တဲ့ လူတစ်ယောက်လို ဟန်ဆောင် မနေနဲ့။ ဒီတိုင်းပြည်ထောင်စုမှာ လုံးဝကို သန့်ရှင်း စင်ကြယ်တဲ့ လူဆိုတာ ရှိလို့လား။ သူတို့ လက်တွေ သွေးမစွန်းခဲ့တာ ရှိလို့လား။ ရှင်လည်း လူတစ်ယောက်မှ မသတ်ဖူးဘူးလို့တော့ လာမပြောနဲ့”
“မင်း….”
ပိုင်စီလည်း လုံးလုံးလားလား ပျာယာခတ် သွားရတယ်။
“မင်းက ငါ့စကားအတိုင်း လိုက်ပြော နေတာပေါ့”
သွေးအများပြား ဆုံးရှုံးလိုက်ရတာကြောင့် သူ့အသံက ဖျော့တော့နေတယ်။ ချက်ချင်း အသက်ရှူ ရပ်တန့်တော့မည် ပုံစံ ရှိတယ်။
ထိုအချိန်မှာ ဘယ်ကမှန်း မသိသော ဆွဲဆောင်မှုရှိသော အသံက ရုတ်တရက် ထွက်ပေးလာခဲ့တယ်။ ထိုအသံက မြှောက်ပင့်နေသော အသံမျိုး ဖြစ်တယ်။
“မင်းက ပိုင်လင်း သမီး ဖြစ်နေတာ အံ့သြစရာ မရှိပါဘူး။ မင်းက တခြားလူနဲ့ လုံးဝ ခြားနားတယ်။ အခုတော့ မင်းကို မင်းအမေထက် ပိုပြီးတော့ စိတ်ဝင်စားမိ သွားပြီ”
ယွမ်လော့ဖုန်းလည်း မသိမသာ မျက်မှောင်ကြုတ် လိုက်တယ်။ လေထဲမှာ ရပ်နေသော အမျိုးသားကို ကြည့်လိုက်တယ်။ ထိုလူကို ကြည့်ရင်း ဘေးအန္တရာယ်ရှိသော အရိပ်ယောင်ကို ခံစားလိုက်ရတယ်။
မည်းမှောင်နေသော ကောင်းကင်ယံမှာ ရပ်နေသည့် အမျိုးသားက ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာသည့် နတ်သားတစ်ပါးနှင့် ဆင်တူနေတယ်။ သူရဲ့ ခရမ်းနုရောင် ဝတ်စုံက လေထဲမှာ တလွင့်လွင့် ဖြစ်နေပြီး ကြီးမြတ်ခြင်း အရှိန်ဝါကို ဖော်ပြနေတယ်။ လူတိုင်းက သူ့ကို တိုက်ရိုက် မကြည့်ရဲအောင် ပြုလုပ်နိုင်တယ်။
သို့သော်လည်း အကြည့်တစ်ချက်နှင့် ဒီအမျိုးသားက အလွန် ဘေးအန္တရာယ် ရှိကြောင်းကို ယွမ်လော့ဖုန်းက ခံစား သိရှိနိုင်တယ်။ သူမ အရင်က ကြုံတွေ့ဖူးသော လူအားလုံးထက် ပိုပြီးတော့ အန္တရာယ်ရှိတယ်လို့ ပြောလို့ရတယ်။
“ရှင်က ကျွန်မ အမေကို သိနေတာလား”
သူမ ပြန်မပြောခင်မှာ တိတ်ဆိတ် နေမိတယ်။
ပိုင်စု၏နှုတ်ခမ်းက ဆွဲဆောင်မှုရှိသော အပြုံးနှင့်အတူတူ မြင့်တက် သွားလေတယ်။
“မင်းအမေ အကြောင်းကို မင်း ပိုပြီးတော့ မသိချင်ဘူးလား။ မင်းက ငါနဲ့အတူတူ လိုက်ခဲ့ရင်တော့ ငါက မင်းကို ပြောပြမယ်”
ယွမ်လော့ဖုန်းလည်း အေးတိအေးစက် ပြုံးလိုက်တယ်။
“ကျွန်မက ရှင်နဲ့ ဘာကြောင့် အတူတူ လိုက်ရမလဲဆိုတာ ကျွန်မကို အကြောင်းပြချက် ပေးစမ်းပါဦး”
အမျိုးသားလေးက ကောက်ကျစ်စဉ်းလဲစွာ ဟားတိုက် ရယ်မောလေတယ်။ သေးသွယ်သော သူ့လက်ချောင်းက သူ့မေးဖျားလေးကို ထိကိုင်ရင်း ယွမ်လော့ဖုန်းကို စိတ်ဝင်စားမှုရှိသော မျက်ဝန်းများဖြင့် အကဲဖြတ်နေတယ်။
“အကြောင်းပြချက်လား။ ငါက မင်းကို အရမ်းကို စိတ်ဝင်စား နေတယ်လေ။ ဒီအကြောင်းပြချက်က လုံလောက်မှု ရှိတယ်မလား”
“စိတ်မကောင်းပါဘူး”
ယွမ်လော့ဖုန်းလည်း ထိုအမျိုးသားကို တစ်ချက် ကြည့်လိုက်တယ်။
“ကျွန်မက ရှင့်ကို စိတ်မဝင်စားဘူး။ ဒီအကြောင်းပြချက်က လုံလောက်မှု မရှိဘူး”
မိန်းမပျိုလေး၏ စကားက အမျိုးသားလေးကို ဒေါသမထွက်စေပေ။ ထို့အစား ချောမောလှပသော မျက်နှာပေါ်မှာ ကောက်ကျစ်စဉ်းလဲသော အပြုံးကို ပိုပြီးတော့ အသက် ဝင်လာစေတယ်။
“ယွမ်မိန်းကလေး … ကိုယ်တို့ နှစ်ယောက်က စိတ်ဓာတ်ချင်း တူတယ်လို့ မခံစားရဘူးလား။ ကိုယ်တို့ ပူးပေါင်းလိုက်ရင် ဒီတိုင်းပြည်ထောင်စု အားလုံးက ကိုယ်တို့ နှစ်ယောက်အပိုင် ဖြစ်လာမယ်လို့ ကိုယ် ယုံကြည်တယ်”
“ကျွန်မက ငြင်းတယ်ဆိုရင် ဘာဆက်လုပ်မလဲ”
“ကိုယ် ဘာဆက်လုပ်မလဲ ဆိုတာတော့ ကိုယ်လည်း သေချာ မပြောတတ်ဘူး။ မင်းအရည်ချင်းက ထူးချွန် ပြောင်မြောက်ပါတယ်။ ကိုယ်က မင်းအရည်ချင်းကို ဖျက်ဆီး လိုက်မယ် ဆိုရင်တော့ နှမြောစရာ ဖြစ်တော့မယ်”
ဒီထက် ပိုပြီးတော့ ပြောရရင် ဒီကောင်မလေးက သူ့ကို အမှန်တကယ် စိတ်ဝင်စားအောင် ပြုလုပ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူမကို သူ ပိုင်ဆိုင်နိုင်ရမယ်။
***
Bạn đang đọc truyện trên: Truyen247.Pro