
Ep18
အပိုင်း(၁၈)
ဖုန်းယွီစားသောက်ဆိုင်က လုံယွမ်တိုင်းပြည်မှာ အကျော်ကြားဆုံးသော ဇိမ်ခံစားသောက်ဆိုင် ဖြစ်တယ်။ ကောလာဟလတွေအရ ဖုန်းယွီစားသောက်ဆိုင် ပိုင်ရှင်က တော်ဝင်မိသားစုထဲက တစ်ယောက်ဖြစ်တယ်လို့ ကြားတယ်။ ဒါကြောင့်လည်း ဘယ်သူမှ ဖုန်းယွီစားသောက်ဆိုင်မှာ ပြဿနာမရှာရဲဘူး။
အထက်စီးဆန်ဆန် ပြောဆိုတတ်ပြီး မာနဝင့်ဝါနေတဲ့ မင်းမျိုးနွယ် သားသမီးတွေဖြစ်လည်း ဖုန်းယွီစားသောက်ဆိုင်မှာ ကောင်းစွာ နေထိုင်ရတယ်။
ဖုန်းယွီစားသောက်ဆိုင်ရဲ့ အကောင်းဆုံး သီးသန့်ခန်း စားသောက်ဆိုင်မှာ အိမ်ရှေ့စံမင်းသား ကွမ်လန် အေးစက်တဲ့မျက်နှာနဲ့ ထိုင်နေတယ်။ အေးစက်တဲ့ အငွေ့သက်တွေကို ထုတ်လွှင့်နေသလိုပဲ။
ပိုးဖဲအင်္ကျီကို ဝတ်ဆင်ထားတဲ့ အမျိုးသားလေးက သူ့ဘေးနားမှာ ထိုင်နေတယ်။ နောက်ဆုံး ထိုအမျိုးသားလေးက သည်းမခံနိုင်တော့ပဲ မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
"မင်း စစ်သူကြီးအိမ်ကို သွားလည်ခဲ့တယ်မလား။ စစ်သူကြီး အိမ်တော်က ပြန်လာကတည်းက လူသတ်တော့မလို အကြည့်တွေနဲ့ပဲ ကြည့်နေတယ်။ စစ်သူကြီး အိမ်တော်မှာ ဘာတွေ ခံစားလာရတာလဲ။ ဘယ်သူက မင်းကို စိတ်တိုအောင် လုပ်လိုက်တာလဲ”
"အဲဒီ အမှိုက်မ ယွမ်လော့ဖုန်းကြောင့်ပေါ့။ ငါက စေ့စပ်တာဖျက်သိမ်းဖို့ ကျင်းလင်းကို ယွမ်လော့ဖုန်းရောဂါကို ကုသခိုင်းတယ်။ ဒါပေမဲ့ သူက ငါ့ကိုနှောင့်ယှက်ချင်လို့ ငြင်းတယ်လေ။ သူနဲ့ငါက လုံးဝ မဖြစ်နိုင်ဘူး။ အမှိုက်မ ဘာတွေ တွေးနေလဲဆိုတာ မသိခဲ့ဘူး။ အမှိုက်မ ငါ့ကိုဘာလို့ မုန်းမုန်းတီးတီး နှောင့်ယှက်နေရတာလဲ”
"မဖြစ်နိုင်ပါဘူး"
ပိုးသားအင်္ကျီနဲ့ အမျိုးသားလေးက ငြင်းဆိုတယ်။
"ယွမ်လော့ဖုန်းက သူ့ကိုယ်သူတောင် ဂရုမစိုက်ပဲ မင်းကိုပဲ လက်ထပ်ချင်တဲ့ ရည်ရွယ်ချက် ရှိတာပါ။ ယွမ်လော့ဖုန်းရဲ့ အစဉ်မြဲ သစ္စာရှိရှိ အချစ်တွေကို ပြန်ငဲ့ကြည့်ပြီး မင်း သူ့အချစ်ကို လက်ခံလိုက်ပါ ပြောချင်တယ်"
ကွမ်လန်က ပိုးသားဝတ်စုံနဲ့လူကို အေးစက်စွာ ကြည့်လိုက်တယ်။
"အမှိုက်မ ယွမ်လော့ဖုန်းအတွက် ကိုယ်လုပ်တော်ရာထူးက အတော်ကို မြင့်နေပြီ။ လက်ထပ်တဲ့ကိစ္စကိုတော့ ဘာပဲဖြစ်ဖြစ် ဖျက်သိမ်းရမယ်"
ပိုးသားဝတ်စုံနဲ့ အမျိုးသားက ခေါက်ထားတဲ့ ယပ်တောင်လေးကို ဖွင့်လိုက်ပြီးတော့ အပြုံးလေးနဲ့ ပြောတယ်။
"ဒါကြောင့် မင်းနဲ့ အပြင်ပိုင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ တူတဲ့လူကို ရှာပြီးတော့ မင်းအဝတ်စားတွေ ဝတ်ခိုင်းပြီး ယွမ်လော့ဖုန်းကို အမြင်မှားစေတာပေါ့။
သူမကို အပြစ်လွှဲပြီး ဂုဏ်သိက္ခာပျက်စီးအောင် လုပ်တယ်။ ဒီလိုနည်းလမ်းနဲ့ စေ့စပ်ပွဲဖျက်ချင်တယ်ပေါ့”
ကွမ်လန် စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး ပါးလွှာတဲ့ သူ့နှုတ်ခမ်းမှာ အပြုံးကို ဆင်မြန်းလိုက်တယ်။
"စစ်သူကြီးယွမ်လော့မှာ စစ်သည်တွေနဲ့ စစ်အာဏာ ပိုင်ဆိုင်တယ်။ အကြောင်းပြချက် မရှိဘဲ စေ့စပ်ပွဲကို ဖျက်သိမ်းရင် စစ်သူကြီး ယွမ်လော့ ဒေါသကို သွားဆွပေးသလို ဖြစ်မှာပေါ့။ တစ်ချိန်တည်းမှာ ငါတို့ တော်ဝင်မိသားစုအတွက် ထိခိုက်နစ်နာ လိမ့်မယ်"
"မင်းအကြံစည်ကြောင့် ယွမ်လော့ဖုန်း ဂုဏ်သိက္ခာပျက်စီးမယ်လေ” ပိုးသားဝတ်စုံနဲ့လူက စကားပြော ခဏရပ်လိုက်တယ်။
"ဒါပေမဲ့ ငါကြားတာတော့ မင်းအကြံစည်ကြောင့် ယွမ်လော့ဖုန်း သူ့ကိုယ်သူ သေကြောင်း ကြံစည်ခဲ့တယ်ဆို"
ကွမ်လန် စိတ်ပျက်တဲ့အသံနဲ့ ပြောတယ်။
"ယွမ်လော့ဖုန်းမှာ အရှက်သိက္ခာဆိုတာ ရှိသေးလား။ အရှက်သိက္ခာမဲ့တယ်ဆိုတဲ့ ဘွဲ့ရာထူးတွေပဲ ပိုင်ဆိုင်နေတာမလား။ လမ်းပေါ်မှာ ယောက်ျားလေး တစ်ယောက်ကို လှမ်းဖက်တာ ဘာသဘောလဲ။ နောက်ဆုံး လက်မခံနိုင်တော့ သူ့ဘာသာ သတ်သေတာပေါ့။ သူမ သေသွားရင်လည်း အပြစ်တွေ ကျန်နေခဲ့မှာ။ အများအမြင်ကလည်း သူမဘက်က မရပ်တည်ပေးဘူး။ ဘယ်လို မျက်နှာမျိုးနဲ့ စစ်သူကြီးယွမ်က သူမအတွက် လက်စားချေပေးမလဲ။ စိတ်ပျက်စရာ ကောင်းတာက အမှိုက်မက မသေသွားဘူး။ ခုထိ အသက်ရှင်နေတယ်”
သူ့ဘေးနားက ပိုးသားဝတ်စုံနဲ့ အမျိုးသားလေးကို အလွန်ကို ယုံကြည်သောကြောင့် သူ မူလစိတ်နေထားကို မဖုံးကွယ်ဘဲ ရက်စက်တဲ့နှလုံးသားက ရက်ရက်စက်စက် စကားလုံးတွေကို ပြောနေတာပေါ့။
"အို"
ရုတ်တရက် အံ့အားသင့်တဲ့အသံက ဘေးနားမှ ထွက်လာတယ်။ ပိုးသားဝတ်စုံနဲ့ အမျိုးသားလေးက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေတယ်။ မျက်ဝန်းထဲမှာ ရွှင်မြူးရိပ် သန်းနေတယ်။
"အိမ်ရှေ့စံမင်းသားရဲ့ စေ့စပ်ထားတဲ့ အမှိုက်မလေး ယွမ်လော့ဖုန်း ဟုတ်တယ်မလား"
ကွမ်လန် ခဏတာ အံ့အားသင့်သွားပြီး ပိုးသားဝတ်စုံနဲ့လူရဲ့ မျက်ဝန်းမှ ကြည့်နေတဲ့ အပြင်ဘက်ကို လိုက်ကြည့်လိုက်တယ်။ ထို့အချိန် ခဏတာ အတွင်းမှာ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမပေါ်မှာ အဖြူရောင် ဝတ်စုံနဲ့မိန်းကလေး တစ်ယောက် သူမြင်ကွင်းတဲ့ ပေါ်လာတယ်။ ဒါပေမဲ့ ထိုမြင်ကွင်းက သူ့မျက်ဝန်းတွေကို ပိုအေးစက်လာစေတယ်။
***
Bạn đang đọc truyện trên: Truyen247.Pro