
196+197+198+199+200
အပိုင်း(၁၉၆)
သစ္စာဖောက်အတွက် တန်ရာတန်ကြေး(၂)
“ကျွန်မ ရှင့်ကို နောက်ဆုံးအနေနဲ့ အခွင့်အရေး တစ်ခုပေးမယ်။ ရှင့်အပြစ်အတွက် အသနားခံချင်လား”
မိန်းကလေး၏ စကားလုံးတိုင်းက သြဇာ လွှမ်းမိုးမှုရှိပြီး ဘာကိုမျှ ဂရုမစိုက်သည့် သဘောရှိတယ်။ သူမ ခပ်တည်တည် ကုလားထိုင်ပေါ် မှီထိုင်လိုက်ပြီး ပျင်းရိလေးတွဲစွာ မေးလိုက်တယ်။
ဝူကျုံး မျက်နှာက တစ်ခဏချင်း ပြောင်းလဲသွားတယ်။ သူ အံကြိတ်လိုက်ပြီးတော့
“မင်းနဲ့ ရဲ့လင်းက ဘယ်လို ဆက်ဆံရေးရှိလဲ ဆိုတာတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ လော့ဖုန်း စံအိမ်တော်ကို ရဲ့လင်းနဲ့ ကျုပ်က တည်ထောင်ခဲ့ရတာ။ လွန်ခဲ့တဲ့ ခြောက်လလောက်က မင်းက ဘာတွေများ လုပ်ကိုင်ခဲ့ဖူးလို့လဲ။ မင်းက လော့ဖုန်းစံအိမ်တော် အတွက် ဘာကောင်းကျိုးမှ မပြုလုပ်ခဲ့ဘူး။ ဘာကြောင့် ကျုပ်က မင်းကို သခင်အဖြစ် ယူဆရမလဲ”
သူမက အသက် ၁၄နှစ်အရွယ်သာ ရှိတဲ့ ကလေးမလေး တစ်ယောက်လေ။ သူမက ဘာလုပ်တတ်မှာမို့လဲ။ ရဲ့လင်းက သူမကို ချစ်ခင် နှစ်သက်နေတာကြောင့် သူမ ကျေနပ်စေဖို့ လော့ဖုန်း စံအိမ်တော်ကို တည်ထောင်တာ ဖြစ်ရမယ်။
သူလည်း ရဲ့လင်းကို မကြိုက်သော်လည်း ရဲ့လင်းက ပါရမီရှင်တစ်ယောက် ဆိုတာတော့ သူ ဝန်ခံရမယ်။ ယွမ်လော့ဖုန်း အတွက်ကတော့ စစ်သူကြီးယွမ်မှာ အမှိုက်နဲ့တူတဲ့ မြေးတစ်ယောက် ရှိတယ်လို့ သူကြားဖူးတယ်။ သူမက သူ သစ္စာခံမှုနဲ့ မထိုက်တန်ဘူး။
“ဝူကျုံး”
ရဲ့လင်းမျက်နှာက ဒေါသရိပ်သန်းသွားတယ်။
“သခင်ကို ချက်ချင်း ပြန်တောင်းပန်စမ်း”
ဝူကျုံး သရော်ပြုံး ပြုံးလိုက်တယ်။
“သူမ ဘယ်သူလဲဆိုတာ မသိခဲ့ရင် သူမကို အတွေ့ကြုံနဲ့ စွမ်းအား တိုးတက်ဖို့ ကြိုးစားနေတဲ့ ကလေးမ တစ်ယောက်အဖြစ် မှတ်ယူပြီးတော့ သူမကို တပည့်တော်မိမှာ သေချာပါတယ်။ ၁၄နှစ်အရွယ် ကလေးမ တစ်ယောက်က သူမကို သစ္စာခံတဲ့လူအပေါ် အသနားခံလာစေဖို့ သူမမှာ ဘာအရည်အချင်း ရှိနေလို့လဲ။ ဒါပေမဲ့ အခုချိန်မှာ သူမက ယွမ်လော့၏မြေးမှန်း သိပြီးတဲ့နောက်မှာ ရိုးစင်းတဲ့ စိတ်ကူးမျိုး ကျုပ်မှာ မရှိတော့ဘူး။ ရဲ့လင်း မင်း ဒီကောင်မလေး စိတ်ကျေမနပ်စေချင်ရင် မင်းဘာသာ မင်း စိတ်ကျေနပ်အောင် သူမကို ခစားနေလိုက်တော့။ လော့ဖုန်းစံအိမ်တော် တစ်ခုလုံးကိုတော့ သူမကို မပေးလိုက်နဲ့။ သူမက ဘာမှ အသုံးမဝင်တဲ့ အမှိုက်မ တစ်ယောက်…။ ဘာကြောင့် သူမကို ကျုပ်တို့က သခင်အဖြစ် လက်ခံရမှာလဲ”
ရဲ့လင်းကို သူ မကျေမနပ် ကြည့်လိုက်တယ်။ ရဲ့လင်းမှ အေးစက်စက် အငွေ့သက်တွေ ထုတ်လွှင့်နေတယ်လို့ ခံစားရတယ်။
“မင်း လက်ထောက် စံအိမ်တော်သခင် အဖြစ် တာဝန် မထမ်းဆောင်ချင်ရင် မင်း ထွက်သွားလိုက်….။ ငါအများကြီး ကြိုးစား အားထုတ်ခဲ့တဲ့ လော့ဖုန်း စံအိမ်တော်က မင်းလက်ထဲမှာ ပျက်စီးသွားတာကို ငါမမြင်ချင်ဘူး”
ရဲ့လင်းမျက်နှာက ပိုပြီးတော့ ခက်ထန် မာကျောလာတယ်။ သူ ထုတ်လွှင့်လိုက်တဲ့ လေအေးက ပတ်ဝန်းကျင်ကို ရေခဲတမျှ အေးစက်စေတယ်။ သူတို့ တစ်ခုခုကို ပြုလုပ်ဖို့ ကြံရွယ်နေစဲမှာ သေးသွယ်တဲ့ လက်မောင်းလေးက ဘေးဘက်မှ ထွက်ပေါ်လာပြီး သူ့ကို တားဆီးလိုက်တယ်။
“ကျွန်မက လော့ဖုန်း စံအိမ်တော်ကို ပိုင်ဆိုင်ဖို့ အရည်အချင်း မရှိဘူးလို့ ရှင်က ပြောလိုက်တာလား”
ယွမ်လော့ဖုန်း တခစ်ခစ် ရယ်မောပြီးတော့ ပြောလိုက်တယ်။
“သေချာတာပေါ့”
ဝူကျုံး ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းကို မော့လိုက်တယ်။
“မင်းနဲ့ရဲ့လင်း နှစ်ယောက်စလုံး အရည်အချင်း မရှိဘူး”
“အို့စ်”
ယွမ်လော့ဖုန်း အပြုံးက ပိုပြီးတော့ အသက် ဝင်လာတယ်။
“ဒါဆို ရှင်တစ်ယောက်တည်း အရည်အချင်း ရှိတယ်ပေါ့”
“မင်းတို့ နှစ်ယောက်စလုံး လော့ဖုန်း စံအိမ်တော်ကို ကောင်းစွာ မစီမံနိုင်ဘူးဆိုရင် ကျုပ်က မင်းတို့ကိုယ်စား စီမံပေးလို့ ရပါတယ်”
ဝူကျုံးလည်း ယွမ်လော့ဖုန်းကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ကျုပ် ကြိုးစား လုပ်ကိုင်ထားတဲ့ အလုပ်တစ်ခုကို ဖျက်ဆီးဖို့ အမှိုက်မ တစ်ယောက်ကို ခွင့်မပြုနိုင်ဘူး”
အရူးတစ်ယောက်ကို ကြည့်နေသည့် ပုံစံအတိုင်း ဝူကျုံးကို ရဲ့လင်း ကြည့်လိုက်တယ်။
ယွမ်လော့ဖုန်းက အမှိုက်မ တစ်ယောက်ဆိုရင် သူတို့အားလုံးက ဘာဖြစ်သွားမလဲ။ လော့ဖုန်း စံအိမ်တော်ကို သူ တစ်ယောက်တည်း စီမံနိုင်တယ်လို့ ပြောရဲတဲ့ သတ္တိရှိတယ်ပေါ့။
“ရဲ့လင်း … ကျွန်မ ရှင့်ကို ပြောဖူးပါတယ်။ ကျွန်မရဲ့ လက်အောက် ငယ်သားတွေက အရည်အချင်းရှိဖို့ မလိုအပ်ဘူး။ ဒါပေမဲ့ အားလုံးက သစ္စာ ရှိဖို့တော့ လိုအပ်တယ်။ အခုတော့ ရှင့်ကို တကယ်ပဲ ကျွန်မ စိတ်ပျက်မိတယ်”
ယွမ်လော့ဖုန်းလည်း သူမခေါင်းကို ခါယမ်းလိုက်တယ်။
“ဒီခြောက်လအတွင်း ရှင် လေ့ကျင့် ပျိုးထောင် ပေးခဲ့တဲ့လူလား”
ထိုစကားကို ကြားတော့ ရဲ့လင်း ကြမ်းပြင်ပေါ်သို့ ဒူးထောက် လိုက်တယ်။
“သခင် ကျွန်တော့် အမှားပါ။ သနားညှာတာသော အားဖြင့် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
“မှတ်ထားလိုက်…။ နောက်တစ်ကြိမ် တူညီတဲ့ အမှားမျိုး မပြုလုပ်စေနဲ့”
ယွမ်လော့ဖုန်းလည်း ရဲ့လင်းကို တစ်ချက် ကြည့်လိုက်ပြီး သူမ မျက်ဝန်းနက်ကို ဝူကျုံးဘက်သို့ လှည့်လိုက်တယ်။ သူမ ပြုံးလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်တယ်။
“ရှင် တစ်ယောက်တည်းပဲ လော့ဖုန်းစံအိမ်တော်ကို ပိုင်ဆိုင်ဖို့ အရည်အချင်း ရှိတယ်လို့ ရှင် တကယ် ပြောလိုက်တာလား။ ရှင်က ရည်ရွယ်ချက် အရမ်းကြီးမားမယ်လို့ မထင်ထားခဲ့ဘူး”
ဝူကျုံး မျက်မှောင်ကြုတ် လိုက်တယ်။ သူ့ကို ချဉ်းကပ်လာတဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ သူ စိတ်ထဲ ဝမ်းနည်းလာသလို ခံစားရတယ်။
သူ အတွေးအရတော့ ရဲ့လင်းက ဒီကောင်မလေးကို ချစ်ခင် နှစ်သက်တာကြောင့် သူမ စိတ်ကျေနပ်စေဖို့ ဒါတွေအားလုံး ပြုလုပ်ပေးတယ်လို့ တွေးထင်ခဲ့မိတယ်။ သူမ ရှေ့မှာ ဒူးထောက်မယ်လို့ မထင်ထားခဲ့ဘူး။ ရဲ့လင်းက သိက္ခာကျဆင်းမယ့် ကိစ္စမျိုးကို ဘာကြောင့် ပြုလုပ်ရတာလဲ။
***
အပိုင်း(၁၉၇)
သစ္စာဖောက်အတွက် တန်ရာတန်ကြေး(၃)
“မင်း ဘာလုပ်ချင်တာလဲ”
သူ အတွေးရေယာဉ်ကြောမှာ နစ်မျောနေစဉ် ယွမ်လော့ဖုန်းက သူ့ရှေ့ကို ရောက်နေခဲ့ပြီ ဖြစ်တယ်။ ရုတ်တရက် သူ မျက်နှာပြင်ကို လေအေး ရိုက်ခတ်သွားသလို ခံစားရတယ်။ သူ ခိုက်ခိုက်တုန်အောင် အေးစိမ့်သွားရတယ်။ သူ့ကို ၁၄နှစ်အရွယ် ကောင်မလေးက လွှမ်းမိုးနေတာကြောင့် သူ အံ့ဩနေမိတယ်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူ့ထက်ပိုပြီးတော့ စွမ်းအား ကောင်းမွန်တဲ့ လူတစ်ယောက်နဲ့ တိုက်ခိုက် ရင်ဆိုင်ခဲ့ရစဉ်က ဒီလို ထိတွေ့မှုမျိုးကို မခံစားခဲ့ရဘူး။
“ရှင်က လော့ဖုန်းစံအိမ်တော်ကို ပိုင်ဆိုင်ချင် ခဲ့တာမလား”
ယွမ်လော့ဖုန်းလည်း သူမ မျက်ခုံးကို မြင့်တက်လိုက်ပြီးတော့ ပြောလိုက်တယ်။
“ဒါဆိုလည်း ကျွန်မက ရှင့်ရည်ရွယ်ချက်ကို ဖြည့်ဆည်း ပေးရတာပေါ့။ ရှင်… ကျွန်မကို အနိုင်တိုက်နိုင်ရင် လော့ဖုန်း စံအိမ်တော်က ရှင့်အပိုင်ပဲ”
ဝူကျုံးလည်း မယုံကြည်နိုင် ဖြစ်ရတယ်။ ထို့ကြောင့် ယွမ်လော့ဖုန်းကို ပြူးကျယ်သော မျက်လုံးဖြင့် ငေးကြည့်လိုက်တယ်။ သူမကို အနိုင်တိုက်နိုင်ရင် လော့ဖုန်း စံအိမ်တော်ကို တကယ် စွန့်လွှတ်မှာလား။
“မင်း တကယ် ပြောတာလား”
ဝူကျုံး မျက်လုံးက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက် သွားရတယ်။ သူ လော့ဖုန်း စံအိမ်တော်ကို အလွယ်တကူ ပိုင်ဆိုင်ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
“ဟုတ်တယ်”
ယွမ်လော့ဖုန်းလည်း ပြုံးစစဖြင့် ပြောလိုက်ပြီး ဝူကျုံးကို လက်ပိုက်ပြီးတော့ ကြည့်လိုက်တယ်။
“နိုင်ရာစား လောကက နေရာတိုင်း အသုံးဝင်တာပဲ။ ရှင်…. ကျွန်မကို အနိုင် တိုက်နိုင်ရင်တော့ လော့ဖုန်း စံအိမ်တော် သခင် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့….”
သူမ စကားပြောတာက ခဏရပ်လိုက်တယ်။ သူမ၏ မည်းနက်နေသော မျက်ဝန်းမှ အေးစက်စက် အငွေ့သက် ဖြာထွက်နေတယ်။
“ရှင် ကျွန်မကို တိုက်ခိုက်ရင်တော့ ရှင် သစ္စာဖောက်တာက သေချာတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ။ ရှင် တိုက်ခိုက်မယ် ဆိုတာ သေချာလား”
“ဟား ဟား…”
သူ ခံစားနေရသည့် စိုးရိမ်ပူပန်မှုကို လျစ်လျူရှုဖို့ ကြိုးစားရင်း သူ့နှုတ်ခမ်းထောင့်ကို မြင့်တက်လိုက်တယ်။ လောဘတကြီး ပြုံးလိုက်ရင်း
“အရည်အချင်းရှိတဲ့ လူတစ်ယောက်တည်းသာ လော့ဖုန်း စံအိမ်တော်ကို ပိုင်ဆိုင်သင့်တယ်။ ကျုပ်က အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်နေတော့လည်း ဒီအခွင့်အရေးကို လက်လွတ်စေမှာ မဟုတ်ဘူး။ ပြောရရင် မင်းက အမှိုက်…”
သူ စကားကို ပြီးဆုံးအောင် ပြောခွင့် မရခဲ့ပေ။
ဘန်း
သေးသွယ်တဲ့ အဖြူရောင် လက်ချောင်းလေးတွေက အလွန် အားကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားပုံရတယ်။ ဝူကျုံး ရင်ဘတ်ကို တိုက်ခိုက်လာတယ်။ သူ့ခန္ဓာကိုယ်က နှင်းကဲ့သို့ ဖြူဖွေးတဲ့ နံရံနဲ့ ဝင်တိုက်ခိုက် သွားတယ်။
နံရံမှ ဘိလပ်မြေနှင့် သဲမှုန့်များ ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးသွားတယ်။ သူ မတ်တတ် ထရပ်လိုက်တယ်။ သူ့ရင်ဘတ်ကို လက်ဖြင့် ဖုံးကွယ်လိုက်တယ်။ သူ့ရင်ဘတ်က ဒေါသစိတ်ကြောင့် မြင့်လိုက် နိမ့်လိုက် ဖြစ်နေရတယ်။
“ယွမ်လော့ဖုန်း…. မင်း….”
ဝုန်းခနဲ မြည်ဟည်းသံ…။
ခြေထောက်က ဘေးဘက်မှ ထွက်ပေါ်လာပြီးတော့ သူ့မျက်နှာကို ပြင်းထန်စွာ ကန်လိုက်တယ်။ ထိုအချိန် တစ်ခဏလေး အတွင်းမှာ သူ့ခန္ဓာကိုယ်က အဝေးသို့ လွင့်စဉ်သွားပြီး နံရံကို ဝင်တိုက်သွားတယ်။ နံရံပေါ်မှာ ကြီးမားတဲ့ အပေါက်တစ်ခု ဖန်တီးလိုက်တယ်။
“ထစမ်း”
သူမ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး မည်းမှောင်တဲ့ မျက်လုံးမှာ ကောက်ကျစ်စဉ်းလဲမှုနှင့် ပြည့်နေတယ်။
“တိုက်ခိုက်လေ”
ကျိုးပဲ့နေတဲ့ နံရံအပိုင်းစအောက်မှာ ဝူကျုံးက ပါးစပ်အပြည့်ရှိတဲ့ သွေးကို အန်ထုတ်လိုက်တယ်။ သူ၏ဘယ်ဘက်ပါးက ဖူးရောင်နေတယ်။ ဒေါသထွက်နေသည့် သူ့မျက်လုံးတွေက အံ့ဩမှု ပြည့်နေတယ်။
“မင်းက အသုံးမဝင်တဲ့ အမှိုက်မ မဟုတ်ဘူးလား”
ဘယ်သူက လုံယွမ်တိုင်းပြည် စစ်သူကြီး မြေးကို အမှိုက်မလို့ ပြောလိုက်တာလဲ။ အမြင့်တန်း မြင့်မားသောအဆင့် စိတ်စွမ်းအား ကျင့်ကြံသူ တစ်ယောက်က အမှိုက်မ ဖြစ်နေမယ်တဲ့လား။ ယွမ်လော့ဖုန်းကို အမှိုက်မလို့ ကောလာဟလ လွင့်တဲ့ လူကိုသာ မိရင် သေချာပေါက် သတ်ပစ်မယ်။
“လူတိုင်းက ကျွန်မကို အမှိုက်မလို့ ပြောကြတယ်။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ အမှိုက်အဖြစ် မွေးဖွားလာတဲ့ လူတစ်ယောက်မှ မရှိဘူးဆိုတာ မေ့နေပုံရတယ်”
ယွမ်လော့ဖုန်းလည်း ဝူကျုံးကို အလွန်တရား မာနဝင့်ကြွားပြီး ယုံကြည်မှု ရှိသည့်ပုံစံဖြင့် ကြည့်လိုက်တယ်။
“ဝူကျုံး… ရှင်က တကယ်ကို လော့ဖုန်းစံအိမ်တော် သခင် ဖြစ်ချင်နေတာ ကျွန်မ သိသွားပြီ။ ဒါကြောင့် ရှင့်ကို အခွင့်အရေး တစ်ခုပေးမယ်။ ရှင် ကျွန်မ အဝတ်စားကို ထိနိုင်ခဲ့ရင် ရှင်လိုချင်တာကို ကျွန်မ ပေးမယ်”
“ဟန်များလွန်းတယ်”
ဝူကျုံး သရော်လိုက်တယ်။ ဒီကောင်မလေးက အမှိုက်မ မဟုတ်လည်း ဘာဖြစ်လဲ။ အမြင့်တန်း အမြင့်စားအဆင့် စိတ်စွမ်းအား ကျင့်ကြံနေသူ ဖြစ်နေလည်း သူမ အဝတ်စကို သူ မထိနိုင်စရာ မရှိပါဘူး။ ထိုအကြောင်းကို တွေးတောနေရင်း ဝူကျုံးလည်း ယွမ်လော့ဖုန်းကို လှမ်းကြည့်လိုက်တယ်။
***
အပိုင်း(၁၉၈)
သစ္စာဖောက်အတွက် တန်ရာတန်ကြေး(၄)
နူးညံ့ညင်သာတဲ့ လေပြည်လေညင်းနှင့် အတူတူ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက အသက်ရှူ မှားလောက်အောင် လှပနေတယ်။ သူမပုံစံက မာနဝင့်ကြွားပြီး ဘာကိုမှ ဂရုမစိုက်သည့် သဘောရှိတယ်။ ရက်စက်တဲ့ မထီမဲ့မြင် အပြုံးတစ်ခုက သူမရဲ့ အသက်ရှူ မှားလောက်အောင် လှပတဲ့ မျက်နှာပေါ်မှာ ပေါ်ပေါက်လာတယ်။ အမည်းရောင် မျက်ဝန်းနက်တွေက အထင်မြင်သေးမှုကို ပုံဖော်နေတယ်။ သူမက ဘယ်သူမှ ယဉ်ကျေးလာအောင် ပြုပြင် ထိန်းကျောင်းလို့ မရတဲ့ မြင်းရိုင်း တစ်ယောက်နဲ့ ဆင်တူတယ်။
သူ့ကို ကြည့်နေတဲ့ သူမ မျက်လုံးကြောင့် ပြင်းထန်တဲ့ စွမ်းအား တစ်ခုကြောင့် ရုတ်တရက် သူ ပေါက်ကွဲ ထွက်တော့ သကဲ့သို့ ခံစားရတယ်။ ထက်တဲ့ ဓားတစ်တစ်လက်ကဲ့သို့ အဝေးမှာ ရပ်နေတဲ့ ယွမ်လော့ဖုန်း ဘက်သို့ အရှိန်ဖြင့် ပြေးသွားလိုက်တယ်။
ကောင်မလေးက ဘာကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် လက်နောက်ပစ်ကာ ရပ်နေလိုက်တယ်။ ရက်စက်သည့် အပြုံး တစ်ခုကို ရှိနေသော်လည်း သူမမျက်နှာက ပျင်းရိလေးတွဲနေပုံ ရတယ်။ ရေတံခွန်ကဲ့သို့ အမည်းရောင် ဆံနွယ်လေးက လေပြည်လေညင်းနဲ့ အတူတူ လွင့်မျောနေတယ်။
သူမ ကိုယ်ဟန် အနေထားက တကယ်ပဲ ဝူကျုံးကို ပြိုင်ဘက် တစ်ယောက် အဖြစ် အာရုံထဲ မထည့်ထားပုံရတယ်။ သူမမျက်နှာပေါ်က အထင်မြင်သေးတဲ့ အကြည့်ကြောင့် ဝူကျုံးကို စိတ်မကျေမနပ် ဖြစ်စေရတယ်။ ဒါကြောင့်လည်း သူမကို သတ်ဖို့ သူ ပြင်းပြင်းထန် ကြိုးစားပြီး ဒေါသတကြီး တိုက်ခိုက်နေတယ်။
မင်း အဝတ်စလေးကိုမျှ ကျုပ်က မထိနိုင်ဘူးလို့ မင်း ပြောလိုက်တယ်ပေါ့။ ဒီလိုအခြေနေမျိုး ရောက်လာတော့လည်း ကျုပ်စွမ်းအား အစစ်မှန်ကို ပြရသေးတာပေါ့လေ။
ဝူကျုံး ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်ပြီး သံချိတ်ပုံစံ သူ့လက်သီးက ယွမ်လော့ဖုန်း ရင်ဘတ်နားကို ရောက်ရှိသွားခဲ့တယ်။ ရက်စက်ယုတ်မာတဲ့ အပြုံးက သူ့မျက်နှာပေါ်မှာ ပိုပြီး အသက်ဝင် လာရတယ်။ သူ့မျက်လုံးမှ ကြောက်ဖို့ ကောင်းတဲ့ အလင်းတန်း ဖြာထွက်နေတယ်။
သို့သော်လည်း….
သူ့လက်ဖြင့် ယွမ်လော့ဖုန်း နှလုံးသားကို ဖမ်းဆုပ်နိုင်ပြီလို့ တွေးမိတဲ့ အချိန်မှာ…. မိန်းကလေးက သူမဘေးနားမှာ ဖြတ်သွားတဲ့ လေပြည်လေညင်းနှင့် အတူတူ ပေါ့ပါးစွာ ရှောင်တိမ်း သွားပြီးတော့ မဆိုင်းမတွ ပြန်လည် တိုက်ခိုက် လာခဲ့တယ်။
ဝူကျုံးလည်း အံ့ဩ ထိတ်လန့်မှုကို မဖော်ပြနိုင်ခင်မှာ ခြေထောက်တစ်စုံက သူ့အစာအိမ်အပေါ်သို့ အညှာတာ ကင်းမဲ့စွာ တိုက်ခိုက်လာခဲ့တယ်။
ဘန်း
သူ့ခန္ဓာကိုယ်က အဝေးသို့ လွင့်စဉ်သွားခဲ့ပြီး တင်ပါးက မြေပြင်ပေါ်နှင့် ပြင်းထန်စွာ ရိုက်ခတ် သွားရတယ်။ သူ့တင်ပါးက သူ့ပိုင်ဆိုင်သည့် ခန္ဓာကိုယ် အစိတ်ပိုင်း မဟုတ်တော့သလို ခံစားရတယ်။ သူ့သိက္ခာ ရစရာ မရှိအောင် ကျဆင်းခဲ့ရတယ်။
“ရှင်…. လော့ဖုန်း စံအိမ်တော် သခင် ဖြစ်ချင်သေးလား”
ယွမ်လော့ဖုန်းလည်း ဝူကျုံး အနားသို့ တိုးလိုက်ပြီး သူ့ရင်ဘတ်ကို တက်နင်းလိုက်တယ်။ အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ရှင် မစွန့်လွှတ်ချင် သေးရင်တော့ ကျွန်မက ရှင့်ကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးရတာပေါ့လေ။ စိတ်မကောင်းစရာပဲနော်… ရှင် … ကျွန်မ အင်္ကျီအဝတ်စကိုတောင် မထိလိုက်နိုင်ခဲ့ဘူး”
မိန်းကလေးအသံက စိတ်ကြီးဝင်နေသည့် သြဇာလွှမ်းမိုးသော အသံဖြစ်တယ်။ သူ့မျက်ဝန်းနက်က အထင်မြင်သေးသည့် ပုံရိပ်ဖြင့် ပြည့်နေတယ်။
“ဘာလို ဖြစ်ရတာလဲ။ မင်းရဲ့ စွမ်းအား အစစ်မှန်က ဘာလဲ”
ဝူကျုံး သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး အံ့ဩ ထိတ်လန့်စွာ မေးလိုက်တယ်။
ထိုအချိန် တစ်ခဏလေး အတွင်းမှာ သူက ရမ်းကာ ကြမ်းတမ်းသော လူတစ်ယောက် ဖြစ်ခဲ့ရတယ်။ အသက် ၁၄နှစ်အရွယ် ကလေးမလေး တစ်ယောက်က ဒီလို အင်အားမျိုး ပိုင်ဆိုင် သည်တဲ့လား။
အားလုံး ဧကရီရုန်ကြောင့် ဖြစ်ရတယ်။ ငါ့ဘဝ ကံဆိုးမှုတွေ ယူဆောင်လာတဲ့ ဧကရီရုန်…။ ကျုပ် မင်းကို ဒီတစ်သက် မကြေဘူး။
သူမကြောင့်သာ မဟုတ်ရင် သူ ဘယ်တော့မှ ယွမ်လော့ဖုန်းကို အမှား ကျူးလွန်မိမှာ မဟုတ်ဘူး။ သူမလက်ထဲမှာ နာကျင်ခံစားရမှာ မဟုတ်ပေ။
“ရှင်က ကျွန်မရဲ့ တကယ်စွမ်းအားကို သိဖို့ မထိုက်တန်ဘူး”
အပြုံးတစ်ခုကို ဖန်ဆင်းလိုက်ပြီးတော့ သူမ ခြေထောက်အောက်က ဝူကျုံးကို မထီမဲ့မြင် ကြည့်လိုက်တယ်။
“ဝူကျုံး …. ကျွန်မက သစ္စာဖောက်တွေကို ဘယ်တော့မှ သနားညှာတာနေမှာ မဟုတ်ဘူး။ ရဲ့လင်းရဲ့ ရန်သူ ဖြစ်နေတာ သိရက်နဲ့ ရှင်က တော်ဝင်မိသားစုနဲ့ လျှို့ဝှက် ဆက်သွယ်တယ်။ ဒီကိစ္စကြောင့် ကျွန်မက ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
ဝူကျုံး ပခုံးတွန့်လိုက်ပြီးတော့ သူ့မျက်လုံးကို မှေးစင်းလိုက်တယ်။
အမှန်ပါပဲ။ သူ …. ရဲ့လင်းကို လွေ့ကျင်း တိုင်းပြည်၏ မင်းသား၃ဆိုတာ မသိသော်လည်း ထိုကောင်လေးက တော်ဝင်မိသားစုကို အရမ်း မုန်းတီးနေမှန်းတော့ ရိပ်မိပါတယ်။ သို့သော်လည်း သူ… ရဲ့လင်းကို သစ္စာဖောက်ပြီးတော့ တော်ဝင်မိသားစုနဲ့ လျှို့ဝှက်စွာ ပူးပေါင်းဖို့ ကြံရွယ်ခဲ့တယ်။
ပြောရရင်တော့ အစတည်းက ဝူကျုံးက ရဲ့လင်းကို စိတ်ရင်းနဲ့ လေးစားမှု မရှိခဲ့ဘူး။ လက်ရှိ အဆင့်အတန်းကို ပိုင်ဆိုင်ရတာက စံအိမ်တော်အတွက် အကျိုးပြုခဲ့တာကြောင့် ရရှိတယ်လို့ ခံယူထားတယ်။ ဒါကြောင့်လည်း ရဲ့လင်းအတွက် ပြိုင်ဘက်ကင်း အလှလေးကို လက်လွတ် မခံတာပေါ့။
သို့သော်လည်း ပြိုင်ဘက်ကင်း အလှမယ်လေးက သူထိလို့ မရသော အဆိပ်ပြင်းတဲ့ မိန်းကလေး တစ်ယောက် ဆိုတာ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့မိဘူး။
***
အပိုင်း(၁၉၉)
ပိုင်စု(၁)
“ဒါဆိုရင် ရှင်က ကျွန်မ လော့ဖုန်း စံအိမ်တော်ကို ပိုင်ဆိုင်ချင်သေးလား”
ဝူကျုံး မကျေမနပ် အံကြိတ်လိုက်ပြီးတော့ သူ နောက်ထပ် ဘယ်လို တိုက်ကွက်မျိုး ထုတ်သုံးရမလဲ ဆိုတာ တွေးတော ကြံရွယ်နေမိတယ်။
ဘန်း
သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လွင့်စဉ်သွားခဲ့တယ်။ ယွမ်လော့ဖုန်းလည်း ဝူကျုံး ရင်ဘတ်ကို ပြင်းပြင်းထန်ထန် တက်နင်းလိုက်ပြီး အေးစက်စက် ပြောလိုက်တယ်။
“တကယ်တော့ ကျွန်မက သစ္စာဖောက် တစ်ယောက် ပေးဆပ်ရမယ့် တန်ကြေးကို သိစေချင်ခဲ့တာ”
ဘန်း
သူ့ခန္ဓာကိုယ် နောက်တစ်ကြိမ် ထပ်ပြီးတော့ လွင့်စဉ် သွားရတယ်။ မိန်းမပျိုလေး ခြေထောက်က ဝူကျုံး ရင်ဘတ်ကို အားနဲ့ ကန်ထုတ် လိုက်တယ်။ သူ့ရင်ဘတ်ပေါ်မှာ ကြီးမားတဲ့ အပေါက်တစ်ခု ဖြစ်သွားရတယ်။ စူးစူးရှရှ အော်ဟစ်သံက လော့ဖုန်း စံအိမ်တော် အတွင်းမှာ ထပ်ခါထပ်ခါ ပဲ့တင် ထွက်လာတယ်။ ထိုအသံက တောရိုင်း တိရစ္ဆာန်များ၏ ခြောက်လှန့်ဖွယ် အော်ဟစ်သံနှင့် ဆင်တူတယ်။
“ရဲ့လင်း…. သူက မသန်မစွမ်း ဖြစ်သွားခဲ့ရပြီ။ အခုချက်ချင်း လော့ဖုန်း စံအိမ်တော် အပြင်ဘက်ကို မောင်းထုတ် လိုက်စမ်း။ သူ ကံကြမ္မာ သူ စီရင်လိမ့်မယ်။ ချန်ထားခဲ့လိုက်”
သူမ၏ ကန်ချက်က သူ့နံရိုး အားလုံးကို ကျိုးပဲ့စေပြီး သူ့စွမ်းအား ကုန်လုံးကို ဖျက်ဆီးလိုက်တယ်။ အခုတော့ သူ့ဘဝက တကယ်ကို အမှိုက်ဘဝ ရောက်ခဲ့ရတယ်။
မြေကြီးပေါ်မှာ လူးလှိမ့်ကာ တုန်ရီနေတဲ့ ဝူကျုံးတစ်ယောက် ယွမ်လော့ဖုန်းကို ကြောက်လန့်မှု၊ အငြိုးအာဃတနှင့် အမုန်းများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် နှလုံးသားထဲအထိ နာနာကျင်ကျင် ကြည့်နေတယ်။
ဟုတ်တယ်။
သူ တကယ်ကို ယွမ်လော့ဖုန်းကို ကြောက်နေတယ်။
ဒီကောင်မလေးက တကယ်ကို စွမ်းအား ကောင်းမွန်ပြီး တိကျပြတ်သားတယ်။ ဒီနေ့ အဖြစ်ပျက်က သူ့ဘဝမှာ ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ အိပ်မက်ဆိုး တစ်ခု ဖြစ်လာတော့မှာပါလေ။
“သခင့် အမိန့်တော်အတိုင်း ဖြစ်စေရပါမယ်”
ရဲ့လင်းလည်း ဦးခေါင်းညွှတ်၍ အရိုသေပေးပြီး လေးစားစွာ ပြန်လည် ဖြေကြားတယ်။ ခံစားချက်မဲ့သော မျက်နှာဖြင့် မြေပြင်ပေါ်က မထနိုင်တော့တဲ့ ဝူကျုံး အနားသို့ လျှောက်လှမ်း သွားတယ်။
“ဝူကျုံး…. မင်းက သခင်ကို အနိုင်တိုက်ဖို့ ကြိုးစားတာ အတော်ကို ကံဆိုးသွားတာပဲ။ ရူးသွပ်တဲ့ စကားတွေနဲ့ သခင်ကို အမှား ကျူးလွန်ရဲတာလဲ။ မင်းကို အစိတ်စိတ် ပိုင်းသွားအောင် မပြုလုပ်တာဘဲ သခင်ကို မင်း ကျေးဇူးတင်သင့်နေပြီ။ အခုက စပြီးတော့ မင်း အပြင်လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပြီ”
အခုချိန်မှာ ရဲ့လင်းလည်း သူ့ကိုယ်သူ အတော်ကို ကံကောင်းတယ်လို့ ခံစားမိတယ်။ ကံကောင်းစွာနဲ့ လွန်ခဲ့သော ခြောက်လခန့်က ယွမ်လော့ဖုန်းအတွက် လက်အောက်ငယ်သား လိုအပ်ခဲ့တယ်။ အကယ်၍ မဟုတ်ခဲ့ရင်တော့ လုံယွမ်တိုင်းပြည် ဘုရင်က သူမကို မကောင်းတာ ကြံစည်နိုင်ဖို့ ကူညီပေးခဲ့သည့်အတွက် သူ့ကို အကြိမ်ပေါင်းများစွာ သတ်ခဲ့ပြီးလောက် ပြီလေ။
“ချင်ယန် ငါ ပင်းပန်းနေတယ်။ ပြန်မယ်… ခဏ အနားယူမယ်”
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ သမ်းဝေလိုက်ပြီးတော့ ဝူကျုံး အနားမှ သူမခြေထောက်ကို နောက်သို့ ပြန်လည် ဆုတ်ခွာ လိုက်တယ်။
ရဲ့လင်းက သူမအမိန့်ကို ကောင်းမွန်စွာ စီမံဆောင်ရွက်မယ် ဆိုတာ ယုံကြည်တယ်။
***
တော်ဝင်နန်းတော်…..
ခမ်းနားကြီးကျယ်ပြီးတော့ အဖိုးတန် ပစ္စည်းများဖြင့် ပြည့်နေသော တော်ဝင်နန်းဆောင် အတွင်းမှာ ဧကရီရုန်က သူမ အစေခံအားလုံးကို သူမအနားမှ ထွက်သွားခိုင်းတယ်။ သူမ ယုံကြည်ရသော လက်အောက်ငယ်သားများကို ဝင်ပေါက်ကို စောင့်ကြည့် ထားစေခဲ့တယ်။ သူမ ပြုလုပ်စရာရှိတာ ပြုလုပ်ပြီး နောက်ပိုင်းမှာ အေးစက်စက် ရယ်သံက တံခါးနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာတယ်။ သူမကို ကြောက်ရွံ့စိတ်ကြောင့် တုန်ရီစေတယ်။
“ယွမ်လော့ဖုန်းဆိုတဲ့ မိန်းကလေးက အတော်ကို စိတ်ဝင်စားဖို့ ကောင်းတာပါပဲနော်”
ဧကရီရုန် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် သူမ နောက်ကျောဘက်မှ ပေါ်ထွက်လာပြီး လက်ဖက်ရည်ကို အေးဆေးစွာ သောက်နေသည့် အမျိုးသားဘက်သို့ သူမ ဦးခေါင်းကို လှည့်လိုက်တယ်။
“သခင်…. ပိုင် ကျေးဇူးပြုပြီးတော့ ကျွန်မကို ကူညီပေးပါ”
ဧကရီရုန်လည်း သူမနှုတ်ခမ်းသားကို ဖိကိုက်လိုက်ပြီး အသနားခံသော မျက်ဝန်းများဖြင့် သခင်ကို ကြည့်လိုက်တယ်။
“စုန်းမ ပိုင်လင်း သမီးက ကျွန်မတို့ကို နောက်ယောင်ခံ လိုက်နေတယ်။ ကျွန်မကို ကူညီပေးဖို့ သခင်ကို အနူးညွတ် တောင်းပန်ပါတယ်။ အခု သူမက လော့ဖုန်း စံအိမ်တော်ကို သူမဘက်က ရပ်တည်အောင် ကြံစည်ခဲ့ပြီးပြီ။ ပိုင်လင်းကို သတ်ခဲ့တဲ့လူက ကျွန်မဆိုတာသာ သိသွားခဲ့ရင် ကျွန်မကို အလွတ်ပေးမှာ မဟုတ်ဘူး”
ပိုင်စုက သူမကို ကောက်ကျစ်စဉ်းလဲသော အကြည့်ဖြင့် ကြည့်ပြီးတော့ သူမကို လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်တယ်။
“မင်းက ကိုယ့်ဘာသာ ပြဿနာ ရှာလာပြီးတော့ ကိုယ့်အရှုပ်ထွေးကိုယ် မရှင်းနိုင်ဘူးလား။ ပိုင်လင်းကို သတ်ခဲ့တဲ့အချိန်က မင်းမှာ ရှိနေခဲ့တဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်က အခုတော့ ဘယ်ဆီ ရောက်သွားခဲ့တာလဲ။ ဘာကြောင့် အရင်ကရှိခဲ့တဲ့ သတ္တိကို ထုတ် မသုံးရတာလဲ”
ဧကရီရုန် တစ်ယောက် အကြီးကျယ် တုန်လှုပ် ချောက်ချားရတယ်။ သူမ အတွေးဗျာပါဒ များရတယ်။
“ပိုင်စု သူမကို ကူညီဖို့ ငြင်းဆိုခဲ့ရင် သူမဘဝတော့ ကြမ္မာဆိုး ဂြိုဟ်ဆိုး ဝင်တော့မှာပဲ”
မိမစစ် ဖမစစ် ရဲ့လင်းက လော့ဖုန်း စံအိမ်တော်ရဲ့ လက်ထောက် စံအိမ်သခင် ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ လော့ဖုန်း စံအိမ်တော်သခင်က ရဲ့လင်းကို လက်ထောက် စံအိမ်တော် သခင် ခန့်တယ်ဆိုတော့ ကန်းနေတဲ့ လူတစ်ယောက် ဖြစ်ရမယ်။
ဒီလို ရာထူးမျိုးက သူ့သား ပိုင်ဆိုင်သင့်တာလေ။
“သခင်ပိုင် ဒီလူသတ်မှုမှာ ပိုင်မိသားစုလည်း ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတာ မမေ့ပါနဲ့။ သခင့်အကူညီ မပါဘဲနဲ့ ပိုင်လင်းကို ကျွန်မ သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
ဧကရီရုန်လည်း ပိုင်စုကို ခြိမ်းခြောက် လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ပိုင်မိသားစုကို ကိုယ်လွတ်ရုန်း သွားဖို့ ခွင့်မပြုနိုင်ဘူး။
ပိုင်စု၏မျက်လုံးက မည်းမှောင်လာတယ်။ ရုတ်တရက် တခြားလူတွေကို ညှို့ယူဖမ်းစား နိုင်သည့် အပြုံးတစ်ခုကို ဖန်ဆင်းလိုက်တယ်။
***
အပိုင်း(၂ဝဝ)
ပိုင်စု(၂)
“မင်းက ငါ့ကို ခြိမ်းခြောက်ချင် နေတာလား”
မချိပြုံး ပြုံးလိုက်ပြီး ပျင်းရိစွာ ထိုင်ခုံပေါ်ကို ကျောမှီလိုက်သည်။ ကောက်ကျစ်စဉ်းလဲသော မြေခွေး မျက်ခုံးဖြင့်
“ရုန်ရှင်း… မင်းမေ့နေပြီ ထင်တယ်။ မင်းက လော့ဖုန်း စံအိမ်တော်ကို ကြောက်လန့် နေသော်လည်း ငါတို့ ပိုင်မျိုးနွယ်က မကြောက်တတ်ဘူး။ ထပ်ပြောရရင် တော်ဝင် မိသားစုဆိုတာ ငါတို့အတွက်တော့ ခွေးဆိုတာ မမေ့လိုက်နဲ့။ မင်းက ကျုပ်ကို ခြိမ်းခြောက်နိုင်မယ်လို့ တွေးရဲတယ်လား”
ဧကရီရုန် နှလုံးသားက နှလုံးခုန်ဖို့ မေ့လျော့ သွားရတယ်။ သူမ ဘယ်လို ဖြစ်လို့ မေ့ရမလဲ။ သာမန်လူ တစ်ယောက်ကတော့ လော့ဖုန်းစံအိမ်တော်ကို အမှား ကျူးလွန်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆွေကြီးမျိုးကြီး ဖြစ်တဲ့ ပိုင်မျိုးနွယ်နဲ့ ရင်ဆိုင် တိုက်ခိုက်မယ် ဆိုရင်တော့ လော့ဖုန်း စံအိမ်တော်က ဘယ်လိုပဲ အင်အား တောင့်တင်း တောင့်တင်း အသုံးမဝင်တော့ဘူး။
“သခင်ပိုင်…. ကျွန်မ…”
သူမက အတော်ကို စိတ်ရှုပ်ထွေး သွားရသည်။ တစ်စုံတစ်ရာကို ရှင်းပြဖို့ ကြိုးစားမိတယ်။ ဒါပေမဲ့ ယင်းအမျိုးသား၏ အေးစက်စက်အသံက သူမကို နှောင့်ယှက်သွားတယ်။
“သနားစရာ ကောင်းတဲ့ ပိုင်လင်းက ကျုပ်တို့ ပိုင်မျိုးနွယ်ဝင်ပါပဲ။ ကံမကောင်းစွာပဲ သူမက ငါတို့မိသားစုဝင် မဖြစ်လာခဲ့ဘူး။ ကျုပ်မှာက ကိုယ်ပိုင် ဆောင်ပုဒ်တစ်ခု အမြဲတမ်း ရှိနေခဲ့တယ်။ ဒီမိန်းကလေး တစ်ယောက်ကို ကျုပ် မပိုင်ဆိုင်ရရင် ဘယ်သူမှ ပိုင်ဆိုင်ခွင့် မရှိစေရဘူး။ ဒါကြောင့်လည်း သူမကို သတ်ဖို့ မင်းကို ကူညီပေးခဲ့တာပေါ့”
ထိုအမျိုးသားလေးက အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ရင် ဝတ်စား ဆင်ယင်ပုံအရ အသက်၂ဝ ဝန်းကျင်လို့ ထင်ရသော်လည်း အလွန်ထူးဆန်းသော လေသံဖြင့် ပိုင်လင်းကို သနားစရာကောင်းတဲ့ မိန်းကလေးလို့ ပြောနေတယ်။
“ဒါပေမဲ့…..”
ပိုင်စု စကားပြောတာ ခဏရပ်လိုက်ပြီး ရက်စက်ယုတ်မာတဲ့ မျက်လုံးက ဧကရီရုန်ဘက်သို့ လှည့်လိုက်တယ်။
“မင်းက ပိုင်လင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ရဲ့သုန်းက ပိုင်လင်းကို နှစ်သက်တာ အံ့ဩစရာ မရှိပါဘူး။ ဒါကြောင့်လည်း မနာလိုဝန်တိုစိတ် ဖြစ်ပြီး သူမကို သတ်တာကို ကူညီဖို့ ကျုပ်တို့ကို တောင်းပန်ခဲ့တာပေါ့”
ဧကရီရုန်မျက်နှာက ဖြူဖပ်ဖြူရော် အဖြစ်သို့ ပြောင်းလဲ သွားတယ်။ သူမ စိတ်ထဲမှာ ပိုင်လင်းကို နောက်တစ်ခါ ထပ်ပြီးတော့ မနာလို ဖြစ်လာရတယ်။
လူတိုင်းက သူမကို ပိုင်လင်း၏ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ဘာကြောင့် သူမမှာ ချောမောလှပတဲ့ မျက်နှာလေး မရှိရမှာလဲ။ ဘာကြောင့် လူတိုင်းက ပိုင်လင်းကို အရမ်း ချီးကျူး နေရတာလဲ။
ကလူတဲ့ မိန်းကလေး အသက်ရှင်နေတာကို သူမ လက်မခံနိုင်ဘူး။ သို့သော်လည်း မြေခွေးမ သေသွားခဲ့သော်လည်း မြေခွေးမက သူ့သမီးကို ဒီတိုင်းပြည်ကို ပို့လာပြီး သူမကို ခြောက်လှန့်နေဆဲပါပဲ။
သူမ ဘဝကို ခြောက်လှန့်နေတာ တော်သင့်ပါပြီ။ အမေနဲ့ သမီး နှစ်ယောက်စလုံးက ငရဲပြည်ကို သွားသင့်တာ။ ဘယ်သူမှ သူမပိုင်ဆိုင်တဲ့ နေရာကို လုယူလို့ မရစေရဘူး။ သူမကို စိတ်ခေါ်လို့ မရစေရဘူး။
“ရုန်ရှင်း …. ရဲ့သုန်းက မင်းကို ဧကရီအဖြစ် ခန့်အပ်တာကို ကျုပ်တို့တွေ ခွင့်ပြုပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတာ သိလား။ မင်းက ထူးချွန် ထက်မြက်တဲ့ မိန်းမတစ်ယောက် မဟုတ်လို့ပဲပေါ့။ ထူးချွန် ထက်မြက်တဲ့ အမျိုးသမီးက ဧကရီရိ လမ်းစဉ်အတိုင်း အဆုံးသတ်မှာပဲလေ”
ပိုင်စုလည်း ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်ပြီး
“ဒါပေမဲ့ မင်းက အရမ်း ထုံထိုင်းမယ်လို့ မထင်ထားခဲ့ဘူး”
သူ့ကို ခြိမ်းခြောက်တယ်တဲ့လား။
သူ့ဘဝမှာ သူ့ကို မည်သူမှ မခြိမ်းခြောက်ရဲခဲ့ဘူး။
ပိုင်စုက သူမကို အတိတ်က ဧကရီရိအကြောင်း ပြောရင် သတိပေးလိုက်ချိန်မှာ သူမ မျက်နှာက ဖြူဖျော့သွားရတယ်။
ဖြူဖျော့နေတဲ့ သူမနှုတ်ခမ်းကို ဖိကိုက်ရင်း သူမမျက်ဝန်းက နောင်တနှင့် အရှက်ရမှုကို ဖော်ကျူးနေတယ်။
ပိုင်မျိုးနွယ်ကဲ့သို့ အာဏာရှိတဲ့ အိမ်တော်အတွက် တော်ဝင်မိသားစု ဆိုတာ ရုပ်သေးရုပ်လေးတွေပါပဲ။ ရုပ်သေးရုပ်လေးတွေက ထူးချွန် ထက်မြက်နေဖို့ မလိုအပ်ဘူးလေ။
ထူးချွန် ထက်မြက်လွန်းတဲ့ ရုပ်သေးရုပ်လေးတွေက သူ့သခင်ကို စိတ်ရှုပ်စေတယ်။
ဒါကြောင့်လည်း ထူးချွန်ထက်မြက်တဲ့ ဧကရီရိကို ရဲ့သုန်းက ရာထူးချပြီးတော့ အအေးနန်းဆောင်မှာ ပစ်ထားလိုက်တာပေါ့။ စိတ်အားငယ်မှုကြောင့် သေဆုံးခဲ့ရတာပေါ့။
“ဒါနဲ့ သခင်ပိုင်…”
ကစဉ့်ကလျား ဖြစ်နေသည့် သူမမျက်ဝန်းကို တည်ငြိမ်အောင် ကြိုးစားရင်း
“ရဲ့လင်းလည်း အရမ်း ထက်မြက်လာတယ်။ အမတ်အားလုံးက ကျွန်မသားကို အိမ်ရှေ့စံမင်းသား မရွေးချယ်ချင်ဘူး။ ရဲ့လင်းကို ထောက်ပံ့ဖို့ ရွေးချယ်ကြတယ်”
“ဒါက မင်းအလုပ် မဟုတ်ဘူးထင်တယ်” အေးစက်စက် အကြည့်များဖြင့် ပိုင်စု ပြောလိုက်တယ်။
“မင်းနဲ့ မဆိုင်တဲ့ ကိစ္စကို ဝင်မရှုပ်ဖို့ မှတ်ထားလိုက်စမ်းပါ။ ပိုင်မျိုးနွယ်ကို ဘာလုပ်ဖို့ လိုအပ်တယ်လို့ မင်း လာပြောဖို့ မလိုအပ်ဘူး”
ထိုအမျိုးသားလေး၏ အသံနောက်ကွယ်မှာ လူသတ်ချင်တဲ့ အငွေ့သက်ကို ခံစားနေရတယ်။ ဧကရီရုန် ကြောက်လွန်းလို့ ခြေဖျား လက်ဖျားများ အေးစက် လာရတယ်။ ချွေးအေး များဖြင့် စိုစွတ်လာရတယ်။
သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကြောက်ဖို့ကောင်းတဲ့ အမျိုးသားကို ဘာစကားတစ်ခွန်းမှ ဆက်မပြောတော့ပေ။ သူမ စကားကြောင့် သူမကိုယ် သူမ သတ်သလို ဖြစ်နေမယ်။
“မင်းနဲ့ လုံယွမ်တိုင်းပြည်က ယွမ်မျိုးနွယ်ကြားက ရန်ငြိုးကို ဖြေရှင်းဖို့ ရဲ့သုန်းကို ပြောဖို့ အကြံပေးချင်တယ်။ သူ မအောင်မြင်ရင် မင်းကိုကူညီဖို့ လူတစ်ယောက် လွှတ်ပေးမယ်”
ပိုင်စုလည်း ထိုင်ခုံပေါ်မှ ဖြည်းညင်းစွာ ထထိုင်လိုက်ပြီးတော့ ဧကရီရုန်ကို ကောက်ကျစ်စဉ်းလဲစွာ ကြည့်လိုက်တယ်။
“အခြေအနေ တစ်ခုတော့ ရှိတယ်။ မင်း … ယွမ်လော့ဖုန်းကို ကျုပ်အနားကို ခေါ်လာရမယ်။ ကျုပ် ဒီကောင်မလေးကို အရမ်း စိတ်ဝင်စားတယ်”
***
စာစဉ်(၈)ပြီးပါပြီ
ဆက်ပါဦးမည်။
***
Bạn đang đọc truyện trên: Truyen247.Pro