
191+192+190+194+195
အပိုင်း(၁၉၁)
သစ္စာဖောက်ခြင်းကို လက်မခံဘူး(၃)
ရဲ့လင်း သရော်လိုက်တယ်။ သူလည်း ရဲ့သုန်းကို အာရုံထဲ ထားမနေပေ။ ရေခဲတမျှ အေးစိမ့်ပြီး ကျောချမ်းစေသည့် အကြည့်များဖြင့် ဝူကျုံးကို ကြည့်နေခဲ့တယ်။ ထိုအေးစိမ့်မှုက တစ်စုံတစ်ယောက်ကို ကြောင့်ကြမှုကို ခံစားရစေတယ်။
ရဲ့သုန်းစကားက ဝူကျုံးကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့တယ်။
ရဲ့လင်းကို လွေ့ကျင်းတိုင်းပြည်က မင်းသား၃ ဖြစ်နေမယ်လို့ အရင်က မတွေးခဲ့မိဘူး။ တော်ဝင် မိသားစုကို မလိုမုန်းတီးနေတာ အံ့ဩစရာ မရှိတော့ဘူး။ နှစ်ပေါင်းများစွာ တခြား တိုင်းပြည်မှာ ဓားစာခံအဖြစ် စွန့်ပစ်ခံခဲ့ရတဲ့အတွက် သူ့ကို စွန့်ပစ်ခဲ့တဲ့ တော်ဝင်မိသားစုကို အငြိုးတေး ကြီးမားရတာပေါ့။
“ကျေးဇူးကန်းတဲ့သား။ အခုချက်ချင်း ဒူးထောက်စမ်း”
ရဲ့လင်းဘက်မှ နာခံခြင်း မရှိသည့် အတွက် ရဲ့သုန်းအသံက ပိုပြီး ပြင်းထန်လာသည်။
“ဒူးထောက်ရမယ် ဟုတ်လား။ သူ ဒီလိုပုံစံမျိုးနဲ့ ခစားတာကို လက်မခံနိုင်မှာ စိုးရိမ်မိတယ်”
လှောင်ပြုံးက ရဲ့လင်းရဲ့ ချောမောလှပတဲ့ မျက်နှာမှာ ပေါ်ပေါက်လာတယ်။ သူ တစ်လုံးချင်း မေးလိုက်တယ်။
“ကျုပ်ပြောတာ မှန်တယ်မလား ဝူကျုံး”
“အဟွတ် အဟွတ်”
ဝူကျုံးလည်း ဟန်ဆောင် ချောင်းဆိုး လိုက်တယ်။
“လက်ထောက် သခင်ပြောတာ မှန်ပါတယ်။ ကျွန်တော် သတ္တိ အလွန် ကောင်းလည်း ကျွန်တော့်ကို လက်ထောက် သခင်က ဒူးထောက် တောင်းပန်တာကို မခံယူဝံ့ပါဘူး။ ဒီလိုအပြုအမူမျိုးက ကိုယ့်အကြီးကဲကို အမှားကျူးလွန်တာ ဖြစ်တဲ့အတွက် ကျွန်တော်မျိုး သေချာပေါက် ပြုလုပ်မှာ မဟုတ်ပါဘူး”
သူ… ရဲ့လင်းကို မကျေနပ်သော်လည်း ဒီလို အခြေနေမျိုးမှာ ဝူကျုံး ပြန်လည် မချေပရဲပေ။ ဒါကြောင့်လည်း ရဲ့လင်း ဘယ်သူလဲဆိုတာ ဖော်ထုတ် လိုက်တာလေ။
သို့သော်လည်း သူ့စကားက မိုးကြိုးမုန်တိုင်း တစ်ခုကဲ့သို့ ရုတ်တရက် လူအုပ်ကြီးကြားမှာ ဆူဆူညံညံ ဖြစ်သွားစေတယ်။
ရဲ့သုန်း ရုတ်တရက် မတ်တတ် ထရပ်လိုက်တယ်။ သူ့မျက်လုံးတွေက ဝူကျုံးရဲ့ အနည်းငယ် ပြုံးနေသော မျက်နှာကို မတွေမေဝ စူးစူးစိုက်စိုက် ကြည့်နေမိတယ်။ ကျစ်နေအောင် ဆုပ်ကိုင်ထားတဲ့ သူ့လက်သီးက အနည်းငယ် တုန်ရီနေတယ်။
“ရဲ့လင်းကို ဘယ်လို ခေါ်လိုက်တာလဲ။ လက်ထောက်စံအိမ်သခင် ဟုတ်လား”
“ဟုတ်ပါတယ်”
ဝူကျုံး မျက်ဆန်က အနည်းငယ် မှေးမှောင်သွားပြီး နွမ်းလျလျ ပြုံးလိုက်တယ်။
“မင်းသား၃က ကျွန်တော်မျိုးတို့ လော့ဖုန်း စံအိမ်တော်ရဲ့ လက်ထောက် စံအိမ်သခင်ပါ”
ဘန်း
ရဲ့သုန်းလည်း ယိမ်းယိုင်သွားပြီးတော့ ပလ္လင်တော်မှ ပြိုလဲကျဆင်း သွားတယ်။ သူ့မျက်နှာသွင်ပြင်က နေမကောင်းသည့် လူနာ တစ်ယောက်ကဲ့သို့ ဖြူဖျော့သွားတယ်။ သူ့နှလုံးသားက ပြင်းပြင်းထန်ထန် တသိမ့်သိမ့် တုန်ခါနေတယ်။ သက်ရှိလူသား အားလုံး အသက်မဲ့သွားပြီးတော့ လက်တွေ့ဘဝသို့ ပြန်မရောက်လာနိုင်သလို ခံစားနေရတယ်။
ရဲ့လင်းက လော့ဖုန်း စံအိမ်တော်ရဲ့ လက်ထောက် စံအိမ်တော် သခင်တဲ့လား။
သူအတွက်တော့ ရယ်စရာ ကောင်းနေခဲ့ပြီလေ။ အနီးနားမှာ ရှိတာကို စွန့်ပစ်ပြီး ဝေးဝေးက အရာဝတ္ထုကို သွားရှာဖွေနေမိတာပဲ။ အလွယ်တကူ ရရှိနိုင်တဲ့ လက်ထောက် စံအိမ်တော် သခင်ကို လျစ်လျူရှုပြီးတော့ ကြီးကြပ်ရေးမှူး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားခဲ့မိတာပဲ။
သို့သော်လည်း လော့ဖုန်းစံအိမ်တော်ရဲ့ လက်ထောက် စံအိမ်တော် သခင်က သူ့သားအရင်း ဖြစ်လာမယ်လို့ မထင်ထားခဲ့မိဘူး။ သူ့သား အရည်အချင်းကို သူ လုံးဝ သတိမထားမိခဲ့ဘူး။ သူ့သား မွေးရာပါ အရည်အချင်းက သာလွန် ကောင်းမွန် နေသော်လည်း အမြင့်တန်း တိုးတက်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား။
ရိပုဖန်လည်း နှစ်ပေါင်းများစွာ မတွေ့ခဲ့ရတဲ့ သူ့တူတော်ကို မိန်းမောတွေဝေစွာ ကြည့်နေမိတယ်။ သူ့တူတော် အကြောင်းကို သူနှံ့နှံ့စပ်စပ် မသိခဲ့မိဘူး ဆိုတာ နားလည်ခဲ့ရတယ်။ ကွယ်လွန်သွားခဲ့တဲ့ ညီမတော်လေး တူတော်လေး၏ ပြောင်းလဲမှုကို မြင်ရင် သေချာပေါက် အလွန်မင်း ကျေနပ် နှစ်သက်နေမှပါလေ။
“စောစောက ရှင့်ကို ကျွန်မက နှစ်သက်တယ်လို့ ဧကရီရုန်က ရှင့်ကိုပြောတယ်ဆိုတဲ့ စကားကို ကြားလိုက်မိတယ်။ ရှင်က သူမစကားကို တကယ် ယုံနေတာလား”
ယွမ်လော့ဖုန်းလည်း ဝူကျုံးအနားသို့ လျှောက်လှမ်း သွားပြီး သူမ မဲ့ပြုံး ပြုံးလိုက်တယ်။
ဝူကျုံး ရှေ့နားကို ရောက်တော့ မိန်းမပျိုလေးက သူမခြေလှမ်းကို ရပ်တန့်လိုက်တယ်။ သူမ မျက်ခုံး အနည်းငယ် မြှင့်တက် သွားပြီးတော့ …
“အိုမင်း ရင့်ရော်နေတဲ့ ရှင့်လို အိုကြီးအိုမကို ကျွန်မက တကယ် နှစ်သက်တယ်လို့ ယုံကြည်နေတဲ့ သတ္တိ ရှင် ဘယ်က ရလာတာလဲ ဆိုတာ သိချင်မိတယ်”
ဝူကျုံး မျက်နှာ အမူအရာက မပြုံးမရယ် ခပ်တည်တည် အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားတယ်။ ရဲ့လင်းက လက်ထောက် စံအိမ်တော်သခင် ဖြစ်နေတာကြောင့် သူ့ရာထူးကို ထိခိုက်မှာ စိုးရိမ်တာကြောင့် ကြောက်ရွံ့ ထိတ်လန့် နေခဲ့မိတယ်။ သို့သော်လည်း ထိုမိန်းမပျိုလေးက ရဲ့လင်း နှစ်သက်မှုကို ရရှိထားလည်း လော့ဖုန်း စံအိမ်တော် အတွင်းက သူ့ရာထူးကို မကိုင်လှုပ်နိုင်ဘူး။
ထိုအကြောင်းကို တွေးကြည့်ရင်း သူ လှောင်ပြုံးပြုံးကာ ခနဲ့လိုက်တယ်။
“ဒီတိုင်းပြည်ထောင်စုမှာ ယောက်ျား တစ်ယောက်က ငွေနဲ့ အာဏာသာ ရှိနေရင် အရောင်သွေးစုံတဲ့ အလှလေးတွေက ယောက်ျားလေး တစ်ယောက်ရဲ့ လက်မောင်းထဲ ပြေးဝင် လာမှာပဲလေ။ ဒါကြောင့်လည်း ကျုပ်မှာ ယုံကြည်မှု အပြည့် ရှိနေတာပေါ့”
“ဒီလိုလား”
ယွမ်လော့ဖုန်းလည်း နတ်ဆိုး တစ်ယောက်ကဲ့သို့ ဟားတိုက် ရယ်မောလိုက်တယ်။
“ရှင့်လက်ရှိ အဆင့်အတန်းနဲ့ အာဏာကို လော့ဖုန်း စံအိမ်တော်က ပေးထားတာ ဆိုရင်တော့ အခုချက်ချင်း ကျွန်မ ရှင့်အာဏာကို ပြန်လည် သိမ်းယူနိုင်တယ်။ ရှင့်ယုံကြည်မှုက အမြင့်တန်း တိုးတက်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူ ဖြစ်နေတာကြောင့် ဆိုရင်တော့ ရှင့်ခြေလက်တွေကို ရိုက်ချိုးမယ်။ မှတ်ထား လိုက်စမ်းပါ။ ကျွန်မဆိုတဲ့ ယွမ်လော့ဖုန်းက သစ္စာဖောက်တာကို လက်မခံဘူး”
***
အပိုင်း(၁၉၂)
သစ္စာဖောက်ဖြင်းကို လက်မခံဘူး(၄)
ယွမ်လော့ဖုန်း အသံက လွန်စွာ နူးညံ့တယ်။ နူးညံ့ တိုးလျ လွန်းတာကြောင့် ဝူကျုံးနဲ့ သူမ နှစ်ယောက်တည်းသာ ကြားနိုင်တယ်။
မိန်းမပျိုလေးရဲ့ စကားသံကို ကြားပြီးနောက် ဝူကျုံး မိန်းမော တွေဝေသွားတယ်။ သူ စိတ်အလွန်မင်း ရှုပ်ထွေး လာရတယ်။ သူ စိတ်ကို ထိန်းချုပ်ရ ခက်ခဲစေတယ်။
လော့ဖုန်းစံအိမ်တော်။ ယွမ်လော့ဖုန်း…။
လော့ဖုန်းစံအိမ်တော် နောက်ကွယ်က သခင်၏ မျိုးရိုးနာမည်က ယွမ်တဲ့…။
အကြောင်းရာ အားလုံးကို ဆက်စပ် တွေးတောပြီးနောက် သူ့ခန္ဓာကိုယ် တစ်ခုလုံး ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ မလှုပ်ရှားနိုင် ဖြစ်သွားရတယ်။ သူ့မျက်နှာ အသားရေက ကျန်းမာရေး မကောင်းတဲ့ လူနာ တစ်ယောက်ကဲ့သို့ ဖြူဖျော့ သွားရတယ်။
မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး။ လော့ဖုန်း စံအိမ်တော် နောက်ကွယ်က ကြိုးကိုင်နေတဲ့ သခင်က မိန်းမပျိုလေး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မလဲ။ သူမက သခင်မဟုတ်ဘူးဆိုရင် ရဲ့လင်းက သူမဘေးနားမှာ ရှိနေရတာလဲ။ သူမနာမည်မှာ လော့ဖုန်းဆိုတဲ့ နာမည် ပါဝင်နေတယ်။ ဘာကြောင့် တိုက်ဆိုင်နေရတာလဲ။
သဘောကျ နှစ်ခြိုက်တော် မူတယ်။ ဟုတ်တယ်…။ လော့ဖုန်းစံအိမ်တော် သခင်က သူ့စွမ်းအားကြောင့် သူ့ကို အထင်ကြီးခဲ့တာမလား။ လော့ဖုန်းစံအိမ်တော်တစ်ခုလုံးကို သူမ ပိုင်ဆိုင်နေတာလေ။ ဘာကြောင့် ကြီးကြပ်ရေးမှူး တစ်ယောက်ကို ဖက်တွယ် နှစ်သက်နေရမလဲ။
ထိုအချက်ကို စဉ်းစားကြည့်ရင် ဝူကျုံး မျက်နှာသွင်ပြင်က ပိုပြီးတော့ အကျည်းတန် ရုပ်ဆိုးလာတယ်။ ဧကရီရုန် သူ့ကို ပြောခဲ့တဲ့ လိမ်လည် လှည့်ဖြားတဲ့ စကားတွေကို ပြန်တွေးကြည့်ရင်း သူ့ရင်ထဲမှ အမုန်းတွေ ပိုပို တိုးလာရတယ်။
လက်ရှိ အချိန်မှာတော့ ရဲ့သုန်းက တွေဝေ မိန်းမောနေသည့်မှာ ပြန်လည် အသိဝင်လာခဲ့တယ်။ ဟန်ဆောင် ချောင်းတုကို နှစ်ကြိမ်တိတိ ဆိုးလိုက်ပြီးတော့ …
“ခမည်းတော်ရဲ့ သားတော်လေး …. သားတော်လေးက လောဖုန်းစံအိမ်တော်ရဲ့လက်ထောက် စံအိမ်တော်သခင် ဖြစ်နေတာကို ခမည်းတော်ကို စောစောတည်းက ဘာလို့ မပြောရတာလဲ။ သားတော်လေးက လုံယွမ်တိုင်းပြည် ထိန်းချုပ်မှုအောက်က လွတ်မြောက် သွားခဲ့လည်း သားတော်လေးက လွေ့ကျင်း တိုင်းပြည်က မင်းသား တစ်ပါးပါပဲလေ”
စောနက ရဲ့သုန်းက ရဲ့လင်းကို ထောင်နန်းစံ စေချင်ခဲ့တာလေ။ သို့သော်လည်း သူဘယ်သူလဲဆိုတာ သိသွားခဲ့ပြီး နောက်ပိုင်းမှာ သူ့သားတော်အဖြစ် အသိမှတ်ပြုနေတယ်။ ရယ်စရာ အကောင်းဆုံး ဟာသ တစ်ခုပဲ။
ဘယ်အချိန်ဖြစ်ဖြစ် ခမည်းတော်က သူ့ကို ခွဲခြား ဆက်ဆံခဲ့တာပါပဲ။ ရဲ့လင်း နာကြည်းစွာ လှောင်ရယ်လိုက်တယ်။
“လွေ့ကျင်းတိုင်းပြည်က မင်းသား၃ ဆိုတဲ့ အဆင့်အတန်းနဲ့ ပျော်ရွှင်ဖို့ ကံကြမ္မာ မရှိမှာ သားတော် စိုးရွံ့မိပါတယ်။ သားတော် …. နန်းတော်ကို လာရတဲ့ အကြောင်းရင်းကလည်း ခမည်းတော်ကို မေးစရာကိစ္စ တစ်ခုရှိနေလို့ပါ။ စစ်သူကြီယွမ်ယန်နဲ့ သူ့ဇနီးကို သတ်ခဲ့တဲ့ တရားခံက ဘယ်သူလဲ”
“မင်း….”
ရဲ့သုန်း ဒေါသထွက်နေချိန်မှာ ရဲ့လင်း နောက်ဆုံး ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားတယ်။ ခံစားချက်မဲ့နေသော လူတစ်ယောက်ကဲ့သို့ လှောင်ပြောင် သရော်လိုက်တယ်။
“လူယုတ်မာ ယွမ်ယန်က အရည်အချင်း မရှိဘူးလေ။ ဒါကြောင့်လည်း စစ်ပွဲမှာ သေဆုံးသွားခဲ့တာပေါ့။ ဒီကိစ္စကို လူတိုင်း သိနေတာပဲ။ မင်းက ဘာအတွက်ကြောင့် လာမေးနေရတာလဲ”
ထိုစကားကို ပြောနေစဉ်မှာ ရဲ့သုန်းမျက်လုံးက မတည်မငြိမ် ဖြစ်နေတယ်။ ထိုစကား ခေါင်းစဉ်ကို ရှောင်လွှဲဖို့ ကြိုးစားနေသည့် ပုံစံဖြစ်နေတယ်။
“တကယ်ပဲ။ အဲ့လို ဟုတ်လို့လား”
ထိုအချိန်လေး အတွင်းမှာ ရယ်သံကို ကြားလိုက်ရတယ်။ ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်ပြီးတော့ ခေါင်းကိုမော့ကာ ရဲ့သုန်းရဲ့ ကစဉ်းကလျား ဖြစ်နေသည့် အကြည့်ကို ကြည့်ပြီးတော့ မေးလိုက်တယ်။
“လွေ့ကျင်းတိုင်းပြည်က မာယာ ထောင်ချောက်ကို မသုံးခဲ့ရင် မုချင်ချောင်က စစ်နည်းဗျူဟာကို ထုတ်ဖော်မိမှာ မဟုတ်ဘူး။ သို့သော်လည်း စစ်နည်းဗျူဟာ ပေါက်ကြားသွားလို့ သူတို့ဇနီးမောင်နှံ သေဆုံးရတာ မဟုတ်ဘူး။ အခုချိန်မှာ သူတို့ဇနီးမောင်နှံကို ဘယ်သူသတ်လဲ ဆိုတာကိုသာ အတိကျ သိချင်တယ်”
မိန်းကလေးရဲ့ စကားသံကြောင့် ရဲ့သုန်း နှလုံးသား ပြင်းထန်စွာ တုန်လှုပ် သွားရတယ်။
“မင်းက ဘယ်သူလဲ။ ယွမ်ယန်တို့ ဇနီးမောင်နှံနဲ့ မင်းက ဘာတော်စပ်မှု ရှိလို့လဲ”
ယွမ်လော့ဖုန်းလည်း ခံစားချက်မဲ့စွာ လှောင်ရယ် လိုက်တယ်။
“ကျွန်မက ယွမ်ယန်တို့ ဇနီးမောင်နှံရဲ့ သမီး … ယွမ်လော့ဖုန်း…”
ယွမ်လော့ဖုန်းက သူမနာမည်ကို ကိုယ်တိုင် ကြေညာလိုက်တာကို ကြည့်ရင်း ရိပုဖန် ခေါင်းကို တွင်တွင်ခါလိုက်တယ်။ နောက်ဆုံးတော့လည်း ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်တွေ့ကြုံရမယ်လို့ သူ မထင်ခဲ့မိဘူး။
တစ်ဖက်က လွေ့ကျင်းတိုင်းပြည် အရှင်သခင်..။ တခြားတစ်ဖက်က သူ့ချစ်ရတဲ့ မိန်းကလေးရဲ့ သမီး။ သူ ဘာရွေးချယ်မှုကို ပြုလုပ်သင့်လဲ။
“မင်းက ယွမ်ယန်နဲ့ ပိုင်လင်းရဲ့ သမီးလား”
ရဲ့သုန်း မျက်နှာ အမူအရာက လုံးဝ ပြောင်းလဲသွားတယ်။ သူ့အကြည့်က အကဲခတ်နေသည့် ပုံစံပါပဲ။
“မင်းက ဒီတိုင်းပြည်မှာ ဘာလာလုပ်တာလဲ”
ပိုင်လင်းသမီးက ဒီတိုင်းပြည်ကို ရောက်လာမယ်လို့ မထင်ထားခဲ့မိဘူး။ ဒီမိန်းကလေးကို မြင်တော့ ရင်းနှီးတယ်လို့ ခံစားရတာ မဆန်းပါဘူး။ တကယ်တမ်းတော့ ပိုင်လင်းသမီး ဖြစ်နေတာလေ။ ဘာပဲဖြစ်ဖြစ် မျက်နှာပုံစံသာမက ပိုင်လင်းနဲ့ အားလုံး တစ်ပုံစံတည်း တူနေတာပါ။ အစတည်းက သူက မှတ်မိဖို့ မကြိုးစားကြည့်လို့ပါ။ ရဲ့သုန်းနဲ့ ရိပုဖုန်က ခြားနားတယ်။ ရိပုဖန်က ပိုင်လင်းကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတယ်။ ဒါကြောင့်လည်း ပိုင်လင်းရဲ့ မျက်နှာသုန့်မှုန်တာနဲ့ ပြုံးနေတဲ့ အမူအရာကအစ သူ့စိတ်ဝိညာဉ်ထဲမှာ နက်နက်နဲနဲ စွဲထင် ကျန်ရစ်နေတယ်။ တစ်ချက် ငေးကြည့်လိုက်တာနဲ့ ယွမ်လော့ဖုန်း ဘယ်သူလဲဆိုတာ သိနေတာပေါ့။
သို့သော်လည်း ပိုင်လင်းကို အရင်က ဆုံတွေဖူးတဲ့ ရဲ့သုန်း အတွက်တော့ မှတ်မိဖို့ ခဲယဉ်းတယ်။ ပိုင်လင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိသည့်အတွက် ယွမ်လော့ဖုန်းကို ရင်းနှီးတယ်လို့သာ ခံစားမိမှာလေ။ ပိုင်လင်း သမီးအဖြစ် မှတ်မိနိုင်မှာတော့ မဟုတ်ပေ။
***
အပိုင်း(၁၉၃)
စွဲမက်ဖွယ်အလှ(၁)
“ကျွန်မမိဘတွေ ဘယ်သူကြောင့် သေရလဲဆိုတာ သိချင်လို့ ဒီတိုင်းပြည်ကို လာခဲ့တာလို့ ရှင့်ကို ပြောခဲ့ပြီးပြီလေ”
ယွမ်လော့ဖုန်း မျက်နှာပေါ်က အသက်ရှူမှားလောက်တဲ့ အပြုံးက ဘိန်းပင် တစ်ပင်ကဲ့သို့ ဘေးအန္တရာယ်ရှိမှန်းနဲ့ တပ်မက်မှုကို ဖြစ်စေတယ်။ ယွမ်လော့ဖုန်း၏ အနည်းငယ် မှေးစင်းတဲ့ မျက်ဝန်းက အားလုံးထိပ်မှာ ထိုင်နေတဲ့ ရဲ့သုန်းကို မကျေမချမ်း ကြည့်နေတယ်။
ရဲ့သုန်း တဖြည်းဖြည်းနဲ့ အသိပြန်ဝင်လာခဲ့ပြီး ယွမ်လော့ဖုန်းကို လှောင်ပြောင် သရော်စွာ ကြည့်လိုက်တယ်။
“တိုင်းပြည်နှစ်ခု စစ်မက် ဖြစ်ပွားရင် စစ်ပွဲမှာ သေဆုံးသူ၊ ဒဏ်ရာ ရရှိသူဆိုတာ ရှိတယ်လေ။ ဒီအကြောင်းပြချက် ကြောင့်တော့ လွေ့ကျင်း တိုင်းပြည်ကို ရောက်လာခဲ့တာ မဖြစ်နိုင်ဘူး။ ယွမ်လော့ဖုန်း …. မင်း ဘာရည်ရွယ်ချက်နဲ့ ဒီတိုင်းပြည်ကို ရောက်လာခဲ့ရတာလဲ။ ငါကိုယ်တော်မြတ်ကို အမှန်တိုင်း ဝန်ခံလိုက်စမ်းပါ။ ငါကိုယ်တော်မြတ်က မင်းကို သူလျှို ဆိုပြီး မမှတ်ယူတာဘဲ မင်းအတွက် ကံကောင်းတယ်လို့ ယူဆလိုက်လေ။ ငါကိုယ်တော်မြတ်က မင်းကို သနားညှာတာ ပေးလိုက်တာလို့ မှတ်ယူထားလိုက်။ အစောင့်တွေ လာခဲ့စမ်း…။ ဒီအမျိုးသမီးကို ဖမ်းခေါ်သွားစမ်း”
ရဲ့သုန်းလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ အမိန့်ပေးလိုက်တယ်။
“ဘယ်သူ သတ္တိရှိရှိ လာရဲလည်း ဆိုတာ ကြည့်ရတာပေါ့”
ရဲ့လင်း …. ယွမ်လော့ဖုန်း အနားကို ကပ်ထားလိုက်တယ်။ သူ့မျက်နှာပေးမှာ ဘာကိုမျှ ကြောက်ရွံ့သည့် ပုံစံမရှိပေ။ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ ရဲ့သုန်းကို ကြည့်လိုက်တယ်။ ချောမော ခန့်ညားသည့် မျက်နှာပေါ်မှာ မချိပြုံးတစ်ခုကို ဆင်မြန်း လိုက်ပြီးတော့
“ဒီနေ့ မည်သူ့ကိုမှ သူမကို အနည်းငယ်မျှ ထိခွင့်ပေးမှာ မဟုတ်ဘူး”
ဒီနှစ်တွေမှာ ရဲ့သုန်း… ရဲ့လင်းကို လျစ်လျူရှုခဲ့တယ်။ သူ့နှလုံးသားထဲမှာ ဧကရီရုန်နဲ့ သူ့သားတော် တစ်ယောက်တည်းသာ ရှိနေခဲ့တယ်။ ဒါကြောင့်လည်း သူ့ခမည်းတော်ကို သူ စိတ်ပျက် နာကြည်းရတာပေါ့။
ယှဉ်ကြည့်လိုက်ရင် သူ့ကို ဘဝသစ်တစ်ခုကို ပေးတာ ယွမ်လော့ဖုန်းဆိုတဲ့ သူမ တစ်ယောက်တည်း။ သူ့ကို လောကကြီးမှာ နောက်တစ်ကြိမ် ရပ်တည်လာနိုင်ဖို့ လက်ကမ်းပေးခဲ့တယ်။ လဲကျနေချိန်မှာ သူ့ကိုယ်တိုင် ပြန်လည် ရပ်တည်ပေးဖို့ ဆွဲထူပေးခဲ့တယ်။ ကိုယ်တိုင် ကလဲ့စားချေနိုင်ဖို့ အတွက်လည်း ကူညီပေးခဲ့တယ်။
ရဲ့သုန်း မျက်နှာသွင်ပြင် ပြောင်းလဲသွားတယ်။ သူ့မျက်လုံးက ဒေါသရိပ် သန်းနေတယ်။
“သားတော်လေး ….. သားတော်လေးက လော့ဖုန်း စံအိမ်တော်ရဲ့ လက်ထောက် စံအိမ်တော် သခင် ဖြစ်နေသော်လည်း ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ခမည်းတော်ရဲ့ သားတော် တစ်ပါးပါပဲ။ ခမည်းတော် စကားကို မနာခံတာက ခမည်းတော်ကို ကျေးဇူး မသိတတ်တာနဲ့ အတူတူပါပဲ။ သားတော် ခြေလှမ်း နောက်ဆုတ်လိုက်ရင် ကောင်းမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သားတော်လေးကို အပြစ်မယူဘဲ ခွင့်လွှတ်ပေးမယ်။ ဘာကိုမှ ပြန်လည် ပေးဆပ်စရာ မလိုအပ်ဘူး။ ခုချက်ချင်း အိမ်ရှေ့စံ မင်းသား ရာထူး အပ်နှင်းပေးမယ်”
ရဲ့လင်း ခံစားချက်မဲ့စွာ ဟားတိုက် ရယ်မောလိုက်တယ်။ ချောမောခန့်ညားတဲ့ သူမျက်နှာမှာ အထင်မြင်သေးတဲ့ အပြုံးတစ်ခု ပေါ်ပေါက်လာတယ်။ ရဲ့သုန်း စကားကို သူ့စိတ်ထဲ ထားမနေဘူး။
“ကျွန်တော်က အိမ်ရှေ့စံမင်းသား ရာထူးကို ဂရုမစိုက်ဘူး”
အိမ်ရှေ့စံမင်းသား နေရာက ယွမ်လော့ဖုန်း ဘေးနားမှာ နေရတာနဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ထိုအကြောင်းပြချက် ကြောင့်လည်း ရဲ့သုန်း သူ့ကို အိမ်ရှေ့စံ နေရာကိုပေးလည်း သူ ဘယ်တော့မှာ နေမှာ မဟုတ်ဘူး။
“မင်း….”
ရဲ့သုန်း ဒေါသ ပေါက်ကွဲထွက်လု နီးပါးပါပဲ။ ရုတ်တရက် အားကောင်းတဲ့ စွမ်းအားတစ်ခုက မိုးချူန်းသံကဲ့သို့ သူ့စိတ်ထဲကို ရိုက်ခတ်လာခဲ့ပြီး သူ့ခန္ဓာကိုယ် တုန်ရီမှုကို ဖြစ်ပေါ်စေခဲ့တယ်။ အချိန် တစ်ခဏလေး အတွင်းမှာ သူ့စိတ် ဗလာကျင်း ဖြစ်သွားခဲ့ပြီး သူ့မျက်လုံးတွေက မူလ ဒေါသထွက်နေသည်မှ အမြင်အာရုံ ထုံထိုင်းသည့် အခြေနေသို့ ပြောင်းလဲ သွားခဲ့တယ်။ ဘာကိုမျှ မမြင်နိုင် ဖြစ်သွားရပေတယ်။
မိန်းမပျိုလေး၏အသံက ခက်ထန်နေသော်လည်း ချစ်စဖွယ်ကောင်းသော အသံဖြင့် ပြောဆိုနေတယ်။
“ထိုနှစ်က ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ပြောစမ်း။ ကျွန်မ မိဘတွေ သေဆုံးရတဲ့ အကြောင်းရင်းကိုလည်း ပြော။ ရှင် သိသမျှ အကြောင်းရာတိုင်းကို ကျွန်မကို ပြောရမယ်”
ရဲ့သုန်းလည်း အသက်မဲ့တဲ့ အကြည့်နဲ့ ယွမ်လော့ဖုန်းကို စူးစိုက် ကြည့်လိုက်တယ်။
“လွန်ခဲ့သော ၁ဝနှစ်က ပိုင်လင်းနဲ့ တစ်ခါ တွေ့ဆုံခဲ့ဖူးတယ်။ သူမအလှက နတ်ဘုရားတွေကိုလည်း ယစ်မူးစေတယ်။ သာမန် လူသား တစ်ယောက်ဖြစ်တဲ့ ငါကိုယ်တော်မြတ် ကတော့ ဆိုဖွယ်ရာ မရှိပေါ့။ သူမကို မြင်ရင် ချစ်ခင် ကြင်နာစိတ်ကို ထိန်းချုပ်လို့ မရဖြစ်တယ်။ ထိုအချိန်က လွေ့ကျင်းတိုင်းပြည် အမတ်တစ်ယောက်က လုံယွမ် တိုင်းပြည် မင်းသားတစ်ပါးကို မတော်တဆ သတ်မိသွားခဲ့တယ်။ တကယ်တော့ ဒီကိစ္စ သေးသေးလေးအတွက် အမတ်ကို လုံယွမ်တိုင်းပြည်ကို ပေးအပ်ပြီးတော့ စစ်ပွဲကို ရှောင်ရှားလို့ ရနိုင်ခဲ့တယ်။ တိုက်ဆိုင်စွာနဲ့ ငါ့ကိုယ်တော်မြတ်က လုံယွမ်တိုင်းပြည်ကို ဆန့်ကျင်ပြီး စစ်ပွဲဆင်နွဲဖို့ လမ်းစရှာနေခဲ့တာ။ ဒါကြောင့် ဒီကိစ္စကို အကြောင်းပြုပြီးတော့ စစ်ပွဲဆင်နွဲဖို့ ကြေညာခဲ့တယ်”
ထိုစကားတစ်ခွန်းက ခန်းမဆောင်မှာရှိတဲ့ အမတ်တွေအားလုံး ခန္ဓာကိုယ်ကို တုန်ရီစေတယ်။ သူတို့အားလုံး ပြင်းထန်တဲ့ ငလျင်ကို ခံစားလိုက်ရသည့်ပုံစံနှင့် ဆင်တူနေတယ်။
အားလုံးထဲမှာ အကြီးမားဆုံး တုန်လှုပ်သွားသူက စစ်သူကြီးရိပုဖန်…။
သူအစက ထင်ခဲ့မိတာက လုံယွမ်တိုင်းပြည်ကို စစ်တိုက်ဖို့ ကြေညာခဲ့တာက လွေ့ကျင်းတိုင်းပြည်က ပြည်သူ ပြည်သားတွေကို ကာကွယ် ပေးချင်တာကြောင့်လို့ ထင်မှတ်ခဲ့တာ။ လွေ့ကျင်းတိုင်းပြည်က အရင်ဦးဆုံး အမှား ကျူးလွန်ခဲ့ရင်တောင် ရန်သူ့ကို တိုက်ခိုက်ဖို့ သူ့လက်နက်ကို ထုတ်ပြီး ဦးဆောင် တိုက်ခိုက်သွားမှာပါ။ သို့သော်လည်း တိုင်းပြည်နှစ်ခု စစ်မက်ဖြစ်ပွားရတဲ့ နောက်ကွယ် အကြောင်းရင်းက ရဲ့သုန်းက အလှလေးကို စွဲမက်လို့တဲ့လား။
“ဟား ဟား…”
ရုတ်တရက် သူ စတင်ပြီး အော်ရယ်လိုက်တယ်။ ပြုံးနေတဲ့မျက်နှာမှာ နာကြည်းမှု အငွေ့သက် ပေါ်လွင်နေတယ်။ နဂါးပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ရဲ့သုန်းကို စိတ်ပျက်တဲ့ အကြည့်နှင့် ကြည့်လိုက်တယ်။
“ဒီလိုသာ ဆိုရင်တော့ သူ့ တစ်ကိုယ်ကောင်း ဆန်မှုကြောင့် တိုင်းပြည်အတွက် ရဲရင့်စွာ တိုက်ခိုက်ခဲ့တဲ့ စစ်သည်တွေ စတေးခဲ့ရတယ်။ ဒီလိုစတေးမှုမျိုးက လုံးဝမထိုက်တန်ဘူး”
***
အပိုင်း(၁၉၄)
စွဲမက်ဖွယ်အလှ(၂)
ရဲ့သုန်းပုံစံက မူမမှန်ဖြစ်နေတာကို ရိပ်မိသော်လည်း မှူးမတ်အပေါင်း ဝင်ရောက် စွက်ဖက်ခြင်း မပြုပေ။ သူတို့ ကြားသိရတဲ့ သတင်းကြောင့် တွေဝေမိန်းမောကာ သတိလက်လွတ် ဖြစ်နေကြတယ်။
“ဒါဆိုရင် ကျွန်မ မိဘတွေက ဘယ်လို သေဆုံးခဲ့ရတာလဲ”
ယွမ်လော့ဖုန်း၏ မျက်ဝန်းနက်က တခြားလူတွေနဲ့ မတူ ခြားနားစွာ တည်ငြိမ်နေတယ်။ ကျက်သရေရှိတဲ့ သူမမျက်နှာကို မော့လိုက်ပြီးတော့ ရဲ့သုန်းကို စူးစူးစိုက်စိုက် ကြည့်ပြီး ဆက်မေးလိုက်တယ်။
“ဟွန့်”
ရဲ့သုန်းအသံက ခက်ထန် တင်းမာနေတယ်။
“ပိုင်လင်းဆိုတဲ့ မိန်းမက ငါကိုယ်တော်မြတ် ကမ်းလှမ်းမှုကို ငြင်းဆိုတာကြောင့် ဒီလို အဖြစ်ပျက်တွေ ဖြစ်လာရတာလေ။ သူမကို စာချွန်လွှာပေးပို့ အတွက် တစ်ယောက်ယောက်ကို စေခိုင်းခဲ့တယ်။ သူမသာ ငါ့ကိုယ်တိုင်မြတ်နောက် လိုက်ဖို့ ဆန္ဒရှိရင် စစ်တပ်ကို ချက်ချင်း ရုပ်သိမ်းလိုက်မှာပါ။ ဒါပေမဲ့ သူမက ငါ့ကိုယ်တော်မြတ်ရဲ့စာကို ဆွဲဖြဲပြီးတော့ ဖားပြုပ်က ငန်းသား စားချင်နေတဲ့ ဆိုတဲ့ စကားနဲ့ ပုတ်ခတ် ပြောဆိုတယ်”
ထိုစကားကလည်း အမှန်ပဲ မဟုတ်ဘူးလား။ ပန်းလေး တစ်ပွင့်ကဲ့သို့ ချောမောလှပတဲ့ ပိုင်လင်းက ဘုရင်ဆိုတဲ့ ပလ္လင်တစ်ခုတည်း ပိုင်ဆိုင်တဲ့ ရဲ့သုန်းနဲ့ ထိုက်တန်မှု မရှိဘူး။ ယွမ်စစ်သူကြီးကို စွန့်လွှတ်ပြီးတော့ သူမက တဏှာရာဂမှာ ပျော်မွေ့နေတဲ့ အရည်အချင်းမရှိတဲ့ ဘုရင်တစ်ပါးကို ရွေးချယ်စရာလား။
“ဒီကိစ္စကြောင့် စစ်သူကြီး ယွမ်ယန်ကို လျှို့ဝှက် ကြံစည်ခဲ့တယ်ပေါ့”
အမုန်း အာဃတတွေ ပြည့်နှက်နေသော မျက်ဝန်းဖြင့် ယွမ်လော့ဖုန်း ကြည့်လိုက်တယ်။ ထိုအကြည့်က ကြောက်ရွံ့ ထိတ်လန့်ဖို့ အလွန်ကောင်းတယ်။ သူမ အသံအနေထားက လူသတ်ချင်စိတ် ပြင်းပြနေပုံရတယ်။
“မဟုတ်ဘူး” ရဲ့သုန်း ခနဲ့လိုက်တယ်။
“ပိုင်လင်းက လက်ထပ်ပြီးတဲ့ အမျိုးသမီး တစ်ယောက်။ ငါကိုယ်တော်မြတ်က သူမကို တော်ကောက်ချင်တာ သူမအတွက် ဂုဏ်ယူစရာ ဖြစ်နေခဲ့ပြီလေ။ ဒါပေမဲ့ သူမက ငါ့ကို ပြက်ရယ်ပြုရဲတယ်။ ငါ ကိုယ်တော်မြတ်က ထိုမိန်းမကို လုံးဝ အလွတ်မပေးဘူး။ သူမကို အနိုင်ကျင့် စော်ကားဖို့ အတွက် စိတ်ဝိညာဉ် သားရဲ အကောင် ၈ဝဝကို သူမကို ထားတဲ့ နေရာကို လွှတ်ပေးလိုက်တယ်။ သူမ ငါကိုယ်တော်မြတ်ကို ငြင်းတဲ့အတွက် ပေးဆပ်ရမယ့် တန်ရာတန်ကြေးပဲ”
ရိပုဖန် နှလုံးသား တဖြည်းဖြည်းနဲ့ ကြေကွဲ ခံစားရတယ်။ သူ့မျက်ဝန်းကို ပိတ်လိုက်ပြီးတော့ သက်ပြင်းချလိုက်တယ်။ ဘုရင်ကို ငြင်းလိုက်မိတဲ့အတွက် သူမအတွက် ရက်စက်တဲ့ ညှဉ်းပန်းမှုက စောင့်ကြိုနေတယ်တဲ့လား။
ပိုင်လင်းကို သူ့ချစ်ရသူအဖြစ် မှတ်ယူထားသော်လည်း သူမကို ကောင်းမွန်စွာ မကာကွယ်ပေးနိုင်ဘူး။ ထို့အစား မကောင်းမှုကို ကျူးလွန်နေတဲ့ အရည်အချင်း မရှိတဲ့ ဘုရင်ကို ကူညီခဲ့မိတယ်။
သူ နောင်တကြီးစွာ ရတယ်။
ခွေးနဲ့တူတဲ့ ဘုရင်တစ်ပါးအတွက် သူ အချစ်စစ်နဲ့ ချစ်ရတဲ့ မိန်းကလေးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ရင်နင့်အောင် နောင်တရရတယ်။
“သနားဖို့ သိပ်ကောင်းတယ်မလား”
ရဲ့သုန်း သူ့ခေါင်းကို ခါယမ်းလိုက်တယ်။ သူ့စကားပြောနေတဲ့ ပုံစံက နောင်တတွေ ပြည့်နှက် နေသလိုပဲ။
“ပိုင်လင်း စစ်ပွဲမှာ တကယ် သေဆုံးခဲ့ရတာလား ဆိုတာတော့ ငါလည်း သေချာ မသိဘူး။ ငါ သူမကို မပိုင်ဆိုင်ဖို့ မအောင်မြင်ခင်မှာ ချောမောတဲ့ အလှလေး သေဆုံးသွားရတာ တကယ်ကို နှမြောဖို့ ကောင်းတယ်”
ယွမ်လော့ဖုန်း တစ်ယောက် တိတ်ဆိတ် သွားတယ်။ သူမ မျက်ဝန်းတစ်စုံက နက်နက်နဲနဲ တွေးတောနေပုံ ရတယ်။ တခြားလူတွေ သူမ အတွေးကို မြင်နိုင်ဖို့ တားဆီးထားတယ်။
အခုချိန်မှာ သူမ စွမ်းအားကို အသုံးပြုပြီးတော့ ရဲ့သုန်း စိတ်ဝိညာဉ်ကို ထိန်းချုပ်ထားတယ်။ သူမ သိချင်တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် တွန်းအားပေး စေခိုင်းထားတာ ဖြစ်တယ်။ ဒါကြောင့်လည်း သူ့အတွက် လိမ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ယွမ်ယန်တို့ ဇနီးမောင်နှံကို ဘယ်သူသတ်တာလည်း ဆိုတာ သူ မသိတာ အမှန်ပဲ ဖြစ်ရမယ်။
ရုတ်တရက် ယွမ်လော့ဖုန်း မျက်မှောင်ကြုတ် လိုက်တယ်။ သူမ၏ အမည်းရောင် မျက်ဝန်းမှ အလင်းတန်း ဖြာဆင်းသွားရတယ်။
“သခင်မလေး”
ချင်ယွမ် ထိတ်လန့်နေရတယ်။ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာမှာ စိုးရိမ်တဲ့ အကြည့် ဖြစ်ပေါ်နေပြီး ယွမ်လော့ဖုန်း ဘေးနားမှာ စိုးရိမ် ထိတ်လန့်စွာနဲ့ မလှုပ်မရှား ရပ်နေခဲ့တယ်။
သူမတို့တွေ အမှန်တရားကို မထုတ်ဖော်နိုင်ခဲ့မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ ကံမကောင်းစွာ သူတို့ အကြောင်းကို ထုတ်ဖော်မိသလို ဖြစ်သွားရတယ်။ အကျိုးဆက် အနေနဲ့ သခင်မလေး ဘဝကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ် ဖြစ်လာနိုင်တယ်။
“ချင်ယန် ... ငါတို့တွေ လိုချင်တဲ့ အဖြေကို ရပြီးသွားပြီ။ အိမ်တော်ကို ပြန်တော့မှ ကျန်တာ ဆက်ပြောတာပေါ့”
ယွမ်လော့ဖုန်း သူမ နှုတ်ခမ်းထောင့်ကို အနည်းငယ် မြင့်တက်လိုက်ပြီးတော့ ပြုံးလိုက်တယ်။
“သူ့ကို အခုချိန်မှာ ပြန်လည် နိုးထစေရတော့မယ်”
သူမစကားသံ အဆုံးသတ်သွားတဲ့ ရဲ့သုန်း မျက်ဆန်၏ မှန်ဘီလူး ဆုံချက်က တဖြည်းဖြည်း အမြင်အာရုံ ပြန်လည် ကြည်လင် လာခဲ့တယ်။ အခုချိန်မှာ နိုးလာတဲ့ သူ့အတွက်တော့ နဝေတိမ်တောင် ဖြစ်နေရတယ်။ အကြောင်းရာတိုင်းကို မမှတ်မိနိုင် ဖြစ်ရတယ်။ သူ ပြောခဲ့တဲ့ အကြောင်းရာကို ပြန်လည် တွေးတောရင်း သူ့မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲ သွားရတယ်။
“မိန်းကလေး …. မင်း စောနက ငါကိုယ်တော်မြတ်ကို ဘာလုပ်လိုက်တာလဲ”
“ရဲ့လင်း”
ယွမ်လော့ဖုန်း အကြည့်က ရဲ့သုန်းမှ သွေ့ဖည်သွားတယ်။ သူမ ပျင်းရိပျင်းတွဲ ပြုံးလိုက်ပြီးတော့
“ဒီနေ့အတွက်တော့ ငါတို့ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ။ ဝူကျုံးကို ခေါ်လာပြီး ငါ နောက် လိုက်ခဲ့”
***
အပိုင်း(၁၉၅)
သစ္စာဖောက်အတွက် တန်ရာတန်ကြေး(၁)
“မင်းတို့တွေ သတ္တိ ကောင်းနေတယ်ပေါ့”
သူတို့အားလုံး ထွက်သွားတော့မှာကို တွေ့ရတော့ ရဲ့သုန်း ထလိုက်ပြီး ဒေါသထွက်စွာ အော်ဟစ်လိုက်တယ်။
“စစ်သူကြီးရိ ဒီလူတွေကို တားထားလိုက်စမ်း”
ရိပုဖန်က အမိန့်ကို မကြားပုံရတယ်။ နန်းဆောင်ထဲမှာ မတ်တတ်သာ ရပ်မြဲ ရပ်နေတယ်။ သူ့မျက်လုံးမှာ စိတ်ပျက်မှု ၊ ပြက်ရယ်ပြုမှုနဲ့ ပြည့်နေတယ်။ ယွမ်လော့ဖုန်းနဲ့ သူမရဲ့ဘက်တော်သားတွေ သူ့ဘေးနားက ဖြတ်သွားတာကို သိနေခဲ့တယ်။ သို့သော်လည်း သူလက်ကို မပြီးတော့ သူတို့ကို တားဆီးဖို့ မကြိုးစားခဲ့ပေ။
“စစ်သူကြီးရိက ငါကိုယ်တော်မြတ် အမိန့်ကို ဖီဆန်ရဲတာလား”
ရဲ့သုန်း မျက်နှာ အမူအရာ ပြောင်းလဲ သွားပြီးတော့ ဒေါသထွက်စွာ အော်ဟစ်နေတယ်။
သို့သော်လည်း စစ်သူကြီးဘက်က မည်သည့် လှုပ်ရှားမှုမှ မရှိသေးပေ။ ကျောက်ဆစ်ရုပ် တစ်ရုပ်ကဲ့သို့ အေးတိအေးစက် လှုပ်ရှားမှုမဲ့စွာ မတ်တတ်ရပ်နေတယ်။
ဘန်း
ကောင်မလေးနဲ့ သူမ အပေါင်းဖော်တွေ သူ့အမြင်က သွေဖည်သွားတာကို ကြည့်ရင်း သူ့အင်အား အားလုံး ကုန်ခန်းသွားသကဲ့သို့ ပလ္လင်ပေါ်က ပစ်လဲကျသွားတယ်။ သူ မချိပြုံး ပြုံးလိုက်ပြီးတော့
“တော်တယ်။ အရမ်း တော်လွန်းတယ်။ ရိပုဖန် မင်း ဘာဖြစ်နေတာလဲ။ မင်းက ငါကိုယ်တော်မြတ် အမိန့်ကို မနာခံဘဲ နေရဲတယ်ပေါ့။ မင်းက ဘယ်နေရာမှာ အသုံးဝင်တော့မလဲ။ မင်းကို ငါကိုယ်တော်မြတ် ဘာအတွက်ကြောင့် လိုအပ်တော့မလဲ”
ရိပုဖန်လည်း ရှေ့ဘက်သို့ ခြေနှစ်လှမ်း လှမ်းလိုက်ပြီး ဦးခေါင်းညွှတ် ဂါရဝပြုလိုက်တယ်။ သူ စကားပြောတဲ့ပုံစံ ရိုသေခယလွန်းတဲ့ ပုံစံမျိုး မဟုတ်ပေ။
“အရှင်မင်းကြီး… မင်းသား၃က လော့ဖုန်း စံအိမ်တော်၏ လက်ထောက် စံအိမ်တော်သခင် ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးမှာ လက်ထောက် စံအိမ်တော်သခင်ကို တားဆီးဖို့ အရည်အချင်း မရှိပါဘူး။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို အသုံးမဝင်ဘူးလို့ တွေးထင်ခဲ့လျှင်တော့ ကျွန်တော်မျိုးကို ရာထူးက ဖယ်ရှားပြီး စစ်သူကြီး ရာထူးကို အသုံးဝင်တဲ့ တစ်စုံတစ်ယောက်ကို ပေးအပ်လိုက်ပါတော့”
“မင်း”
ရဲ့သုန်းလည်း ဒေါသစိတ်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာရတယ်။ သူ တကယ်ကို စစ်သူကြီးရိကို သတ်ချင်စိတ် ဖြစ်လာရတယ်။ ဒါပေမဲ့ အခုချိန်မှာ သန်မာပြီး စွမ်းအား ကြီးမားတဲ့လူက လွေ့ကျင်း တိုင်းပြည်မှာ နည်းသထက် နည်းလာရတယ်။ ရိပုဖန်ကို သတ်ဖို့ သူမှာခိုင်မာတဲ့ ဆုံးဖြတ်ချက် မရှိသေးပေ။
“ရဲမက်တွေ … စစ်သူကြီးရိကို အိမ်တော်မှာ အကျယ်ချုပ် ချုပ်ထားဖို့ ခေါ်ဆောင် သွားစမ်း။ သူ့အမှားကို သူကိုယ်တိုင် ပြန်လည် သုံးသပ်စေ။ ငါကိုယ်တော်မြတ် အမိန့်မရဘဲ အိမ်တော်က ထွက်ခွာခွင့် မပြုဘူး”
ရဲ့သုန်း မတ်တတ် ထရပ်လိုက်ပြီး ဒေါသထွက်စွာ အင်္ကျီလက်ကို အသာ ပုတ်လိုက်တယ်။ ထိတ်လန့်ဖွယ် ဖြူဖျော့နေတဲ့ သူ့မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်တယ်။
***
လော့ဖုန်းစံအိမ်တော်
ချင်ယန်လည်း စားပွဲခုံပေါ်သို့ ထိုင်ကာ လက်ဖက်ရည် သောက်နေတဲ့ မိန်းကလေးကို ကြည့်နေရင်း သိချင်စိတ် ပြင်းပြတာကြောင့် မေးလိုက်မိတယ်။
“သခင်မလေး… ဒီနေ့ ကျွန်မတို့တွေ အရမ်းကို စိတ်လိုက်မာန်ပါ ပြုမူသလို ဖြစ်သွားတယ်မလား။ အခုတော့ လူသတ်တရားခံကို ရှာချင်တဲ့ ကျွန်မတို့ ရည်ရွယ်ချက်လည်း အထမမြောက်တော့ဘူး”
ယွမ်လော့ဖုန်းလည်း သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို အောက်ဘက်သို့ ချထားလိုက်ပြီး ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုကို ပုံဖော်လိုက်တယ်။
“ငါ့မိဘတွေကို သတ်တဲ့လူက ရဲ့သုန်း မဟုတ်ဘူးဆိုတာ သိနေခဲ့ပါတယ်။ သူ လုံးဝ မဖြစ်နိုင်ပါဘူး”
အချိန် တစ်ခဏလေး အတွင်းမှာ ရဲ့လင်း သူ့ကိုပြောခဲ့တာ စကားကို ပြန်တွေးခဲ့မိတယ်။
ဧကရီရုန်…။
ဒီတစ်ချိန်တော့ ဘယ်အချိန်ထိ တည်ငြိမ်မှုကို ထိန်းထား နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။
“ဘယ်လို…”
ချင်ယန်မျက်ဝန်းက အံ့သြမှုနှင့် ပြည့်နေတယ်။
“စစ်သူကြီးယွမ်ကို သတ်တာက တော်ဝင်မိသားစုက မဟုတ်တာကို သိနေခဲ့ရင် ဘာကြောင့် ရဲ့သုန်းရှိတဲ့ နန်းတော်ကို သွားခဲ့ရတာလဲ”
“ဘာကြောင့်လဲဆိုတော့ လွေ့ကျင်းတိုင်းပြည် ဧကရာဇ်ကို သွားရောက် တွေ့ဆုံမှ ငါ့မိဘတွေကို ဘယ်သူသတ်တာလဲ ဆိုတာ ရှာဖွေနိုင်ဖို့ အခွင့်အရေး ရမှာကြောင့်ပေါ့”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို မြင့်တက်လိုက်တယ်။
“ငါ သုံးလိုက်တဲ့ လှည့်ကွက်က တွင်းထဲက မြွေထွက်လာအောင် ဆွဲထုတ်တဲ့ နည်းလမ်းပဲ။ အခုတော့ ဒီနေရာမှာ စောင့်နေရုံပဲ လိုအပ်တော့တယ်။ မကြာခင်မှာ အဖြေ ရလာတော့မှာပါ”
ချင်ယန်လည်း ကြည်လင်နေတဲ့ သူမမျက်လုံးကို မှိတ်တုတ် မှိတ်တုတ် ပြုလုပ်လိုက်ပြီး ယွမ်လော့ဖုန်းကို မျက်တောင် မခတ် ငေးကြည့်လိုက်တယ်။
ဘာကြောင့်မှန်းတော့ မသိဘူး သခင်မလေးက တည်ငြိမ်ပြီးတော့ ယုံကြည်ချက် ရှိတယ်လို့ ခံစားရတယ်။ လောကကြီးထဲမှာ သခင်မလေးကို တားဆီးနိုင်တဲ့ မည်သည့် အခက်အခဲမျှ မရှိသကဲ့သို့ သခင်မလေးက အမြဲ တည်ငြိမ်နေတယ်။
“ချင်ယန်… ဝူကျုံးကို ဒီနေရာကို ခေါ်လာခဲ့”
ယွမ်လော့ဖုန်း အပြုံးက အန္တရာယ်ရှိတဲ့ အငွေ့သက်ကို ဖော်ဆောင်နေတယ်။
“ငါ အရင်တည်းက ပြောဖူးပါတယ်။ သစ္စာဖောက်တဲ့ မည်သူ့ကိုမဆို သနားညှာတာ ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ တစ်ယောက်ယောက်က ကျွန်မကို သစ္စာဖောက်ရဲလျှင် သူ့ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ပါ သခင်မလေး”
ချင်ယန်လည်း သူမ အမိန့်ကို နာခံပြီးတော့ ထွက်ခွာ သွားခဲ့တယ်။
သိပ်မကြာခင်မှာဘဲ ဝူကျုံးကို ချင်ယန်နဲ့ ရဲ့လင်းက အခန်းထဲကို ခေါ်ဆောင် လာခဲ့တယ်။ သူ့ပုံစံကြည့်ရတာ ဖြူဖျော့နေပြီး မျက်မှောင်ကြုတ်နေတယ်။ သူ ဘယ်လို ပြန်လည် ဖြေရှင်းချက် ပေးရမလဲဆိုတာ တွေးနေပုံ ရတယ် ဆိုတာ ရှင်းနေတာပဲ။
“ဝူကျုံး ရှင့်အပြစ်အတွက် အသနားခံချင် သေးလား”
ယွမ်လော့ဖုန်းလည်း မာနဝင့်ကြွားစွာ မျက်ခုံးပင့်လိုက်ပြီး လက်ပိုက်ပြီး ဝူကျုံး ဘာဖြေရှင်းချက် ပေးမလဲ ဆိုတာ ကြည့်နေလိုက်တယ်။
“ကျွန်တော့်မှာ အပြစ်မရှိပါဘူး”
ဝူကျုံး ခေါင်းမော့ပြီးတော့ ယွမ်လော့ဖုန်းကို တည့်တည့်မတ်မတ် ကြည့်လိုက်တယ်။
“ကျွန်တော့်ကို ဧကရီရုန်က မကောင်း ကြံစည်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း မတရားခံရတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်က အပြစ်ကို အသနားခံနေမှာ မဟုတ်ဘူး”
***
Bạn đang đọc truyện trên: Truyen247.Pro