Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

161+162+163+164+165

အပိုင်း(၁၆၁)

ပီတိဖြာသော ဘိုးဘိုး(၄)

 
နောက်ဆုံးတော့ ယွမ်လော့ဖုန်း စိတ်သက်သာရာ ရသွားပြီးတော့ ပြုံးလိုက်တယ်။ 
“နောင်ဆို ပစ္စည်းကောင်းလေး ရရင် အဘိုးကို အရင်ဆုံး ပေးပါမယ်”
“ကောင်းပြီလေ” ယွမ်လော့လည်း ကျေနပ်စွာ ပြုံးလိုက်တယ်။
“ဒါဆိုလည်း မနှောင့်ယှက်တော့ဘူး လေ့ကျင့်ရေးကို အကောင်းဆုံး ကြိုးစားပါ။ အခုတော့ ထွက်သွားတော့မယ်။ ဟား….”
ထိုစကားကို ပြောပြီးတာနဲ့ ဟားတိုက် ရယ်မောပြီး လေ့ကျင့်ရေး အခန်း အပြင်ဘက်သို့ ထွက်ခွာသွားတယ်။
“ဒုတိယဦးလေး….”
အဘိုး ထွက်ခွာ သွားပြီးနောက် ချောမော ခန့်ညားတဲ့ အမျိုးသားဘက်သို့ လှည့်လိုက်တယ်။
“ဖုန်းအာမှာ စိတ်ဝိညာဉ် သစ်သီး ၅ခု ရှိသေးတယ်။ အဆင့်မြင့် စိတ်ဝိညာဉ် ကျင့်ကြံသူ အဆင့်ကို ရောက်နေတဲ့ အဖွဲ့ဝင်တွေကို ခွဲဝေပေးလိုက်ပါ။ အဆင့်မြင့် ကျင့်ကြံသူ အဆင့်ကို ရောက်ရှိတယ်မယ် လူရှိရင် ဖုန်းအာကို သတင်းပေးဖို့ မမေ့ပါနဲ့”
ယွမ်ချင်ရာ ပြုံးလိုက်တယ်။
“ကောင်းပါပြီ”
“ဒါနဲ့ ဖုန်းအာပေးထားတဲ့ ဆေးကို မှန်မှန်သောက်ဖို့ မမေ့ပါနဲ့။ မနက်ဖြန် ဖုန်းအာ  လုံယွမ်က ထွက်သွားတော့မယ်။  ပြန်လာရင် ဦးလေး ဝိညာဉ်ကြောကို ပြန်ပြင်ဆင်ပေးဖို့နဲ့ ခွန်အား ပြန်လည် ရရှိလာဖို့ ကူညီပေးမယ်”
ယွမ်ချင်ရာလည်း ယွမ်လော့ဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။
“ဖုန်းအာလေး… ဦးလေး ခွန်အား ပြန်လည် ရရှိလာအောင် ကူညီမယ်လို့ ပြောလိုက်တာလား”
“ဟုတ်ကဲ့”
ယွမ်လော့ဖုန်း ခေါင်းညိတ်လိုက်ပါ။
“ခွန်အား ပြန်လည် ရရှိလာအောင် ကူညီပေးနိုင်တဲ့ အပြင် ပိုပြီးတော့ စွမ်းအား ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ ဆေးမှန်မှန် သောက်ဖို့ကို မမေ့ပါနဲ့။ ပြန်လာရင် ကူညီပေးပါမယ်”
ထိုအချိန်မှာ ယွမ်ချင်ရာ နှလုံးသားလေး လှုပ်ရှား သွားရတယ်။
လွန်ခဲ့သော ၁ဝနှစ်ခန့်က ထိခိုက်မှု ဖြစ်ခဲ့ကတည်းက  သူ့ခွန်အား ပြန်လည် ရရှိလာမယ်လို့ အိပ်မက်တောင် မမက်ဘူးခဲ့ပေ။  သူ အခု မတ်တတ်ရပ် လာနိုင်တာကို ကျေနပ်နေပါပြီ။ သူ့တူမလေးက သူ့ခွန်အားတွေ ပြန်လည် ရရှိလာအောင် ကူညီပေးနိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ထိုကိစ္စက သူ တွေးတောင် မတွေးရဲသော ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။
“ဖုန်းအာလေးကို ဘယ်လို ကျေးဇူးတင်ရမလဲ ဆိုတာ မသိတော့ဘူး”
ယွမ်လော့ဖုန်းလည်း မျက်တောင် တဖျတ်ဖျတ် ခပ်လိုက်ပြီးတော့ ပြုံးလိုက်တယ်။
“ကျေးဇူးတင်စရာ မလိုအပ်ပါဘူး။ မိသားစုဝင် အချင်းချင်းပဲလေ။ ဘာပဲဖြစ်ဖြစ် ဦးလေးကို ပျောက်ကင်းအောင် ကုသပေးမှာပါ”
မိန်းကလေး၏ ဆုံးဖြတ်ချက် ခိုင်မာသော မျက်လုံးကို ကြည့်ပြီးတော့ ယွမ်ချင်ရာ ပြုံးလိုက်တယ်။ သူ၏ ခန့်ညားသော မျက်နှာမှာ ယုံကြည်ချက်၊ ဂုဏ်ယူမှုနှင့် ပြည့်နေတယ်။
“ဖုန်းအာလေး ရှိနေတော့ ယွမ်မိသားစုက ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာ… သေချာတယ်။ ဦးလေး… တူမလေးကို ယုံကြည်တယ်။ ပြန်လာမှာကို စောင့်နေပါမယ်”
 စစ်တပ် နှစ်ခုလုံးမှ အဖွဲ့ဝင်တွေသည် ကျေးဇူးတင်စိတ်တွေ ပိုဖြစ်ပေါ်နေပြီး ကြိုးစားချင် စိတ်တွေ ဖြစ်ပေါ်လာတယ်။
သူတို့ကို စိတ်ဝိညာဉ် သစ်သီးကဲ့သို့ ရတနာ တစ်ပါးကို သူတို့ကို ပေးတာကြောင့် ဖြစ်တယ်။ အားလုံးက အထင်ကြီး လေးစားမှု ရအောင် တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်လာတယ်။ အဆင့်မြင့်သော စိတ်ဝိညာဉ် ကျင့်ကြံသူအဆင့် ရောက်ရှိအောင် ကြိုးစားချင်စိတ် ပေါ်ပေါက်လာတယ်။
သူမ ဒီနေ့ အပြုမူက  စစ်တပ်အဖွဲ့ဝင် အားလုံး၏ အရမ်း အထင်ကြီးလေးစားမှုကို ရမယ်လို့ မထင်ခဲ့ဘူး။ အဆင့်မြင့် ကျင့်ကြံသူ အဆင့် ရောက်ရှိဖို့ အတွက်  လေ့ကျင့်ရေးကို မမောပန်းနိုင်အောင် လေ့ကျင့်ပြီး အတားအဆီးကို ဖြတ်ကျော်ဖို့ ကြိုးစားတော့တယ်။
နောက်တစ်နေ့ မိုးသောက်ချိန်မှာ
ကျယ်လောင်သော အော်ဟစ်သံသည် စစ်သူကြီး အိမ်တော်မှာ ပဲ့တင်ထပ်နေတယ်။
“ယွမ်လော့ဖုန်း… လူလိမ်မလေး…။ ထွက်ပြေးရဲတယ်ပေါ့။  ပြန်လာမှ ကောင်းကောင်း ရိုက်ပြီးတော့ အပြစ်ပေးမယ်”
ဒေါသထွက်သော အော်ဟစ်သံကို ကြားပြီးနောက် ယွမ်အိမ်တော်မှ လူများအားလုံး ထိတ်လန့်နေတယ်။ သခင်မလေးက စစ်သူကြီးကို ဒေါသထွက်အောင် ဘာတွေ ပြုလုပ်သွားတာလဲ။
ကြည့်ရတာ  စစ်သူကြီးက သခင်မလေးကို ၂ရက် ၃ရက်လောက် ဒေါသ ထွက်တော့မယ်။ တစ်နေ့မှာ သခင်မလေးက စစ်သူကြီးကို သေစေတဲ့အထိ ဒေါသထွက်စေမိမှာ စိုးရိမ်မိတယ်။
ယွမ်လော့ အရမ်း ဒေါသထွက်နေရသည်။ မနေ့က သူ့စာကြည့်ခန်းကို အနည်းဆုံး စိတ်ဝိညာဉ်သစ်သီး ၈ခု ပို့ပေးမယ်လို့ ကောင်မလေး  ပြောခဲ့တယ်။ သူ မနက်ခင်း တစ်ခုလုံး စောင့်ဆိုင်း နေခဲ့တယ်။ ကောင်မလေး ပေါ်မလာခဲ့ဘူး။ သူ ဆက် မစောင့်နိုင်တော့တာကြောင့် ကောင်မလေး အခန်းကို သွားခဲ့တယ်။ စာ တစ်စောင်ကိုသာ တွေ့တယ်။ အချိန် တချို့ ကြာတဲ့အထိ အိမ်နဲ့ ဝေးဝေး နေမယ်လို့ စာထဲမှာ ရေးထားတယ်။
တကယ်တမ်း ယွမ်လော့  ဒေါသထွက်လို့  အော်နေသော်လည်း သူ့မြေးလေးကို မရိုက်ရက်ပေ။  သူမ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်သွားအောင် မပြုလုပ်ရက်ပေ။ သူ့မြေးလေး ဆံခြည်မျှင် အနည်းငယ်မျှ ဆုံးရှုံးသွားခဲ့ရင် သူ အချိန် အကြာကြီး စိတ်မကောင်း ဖြစ်နေရမှာ သေချာတယ်။ 
 
***

အပိုင်း(၁၆၂)

နှစ်ဝက်အတွင်း အင်အား ကြီးမားလာခြင်း(၁)

 
လွေ့ကျင်းနိုင်ငံတော်
လွေ့ကျင်း တိုင်းပြည်သည် အင်အား ကြီးမားသော နိုင်ငံများအနက် နိုင်ငံ တစ်ခု ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် အနည်းငယ်က လွေ့ကျင်း တိုင်းပြည် စစ်သူကြီးရိပုဖန်သည် စစ်သူကြီး ယွမ်လော့ကို စစ်ရှုံးခဲ့သည်။ ထို့ကြောင့် လွေ့ကျင်း တိုင်းပြည်၏ တတိယမြောက် မင်းသား ရဲ့လင်းကို ဓားခံအဖြစ် လုံယွမ်တိုင်းပြည်သို့ ပေးပို့ရန် တွန်းအား ပေးခံရသည်။ ထိုအချိန်မှ စပြီး လွေ့ကျင်းတိုင်းသည်  လုံယွမ်တိုင်းပြည် အတွက် လက်ပါးစေ တိုင်းပြည် ဖြစ်ခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော ခြောက်လခန့်က လော့ဖုန်း စံအိမ်ဟု ခေါ်သည့် အင်အား ကြီးမားသည့် စံအိမ်တစ်ခု လွေ့ကျင်း တိုင်းပြည်မှာ ပေါ်ပေါက်ခဲ့သည်။ ထိုစံအိမ်သည် ပြည်ထောင်စု အတွင်းမှာရှိတဲ့ တိုင်းပြည်အားလုံး၏  အသိပညာများကို လက်ဝယ် ပိုင်ဆိုင်ထားသည်။ ခြောက်လကြာပြီး နောက်ပိုင်းမှာ ပြည်ထောင်စု နာမည် ကျော်ကြားလာခဲ့သည်။ အာဏာရှိတဲ့ လူအများစုက လော့ဖုန်း စံအိမ်တော်၏ ပိုင်ရှင်ကို ရှာဖွေချင်သည်။ သူမက အရမ်းကို လျှို့ဝှက် ဆန်းကြယ်သည်။ မည်သူမှ သူမကို မမြင်ဖူးပေ။ သူမ နာမည် အစစ်မှန်ကို မဖော်ထုတ်နိုင်ခဲ့ပေ။
ထိုအချိန်မှာ ယွမ်လော့ဖုန်းသည် လော့ဖုန်းစံအိမ် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာတယ်။ အလင်းတန်းများသည် သူမအပေါ် ကျရောက်လာပြီး သူမကို ခစားနေသည်။
“သခင်မလေး…. ကျွန်မ သခင်မလေးကို အရမ်း သတိရတယ်”
ချင်ယန်တစ်ယောက် သူမ သခင်မလေးကို တွေ့ရတာ အရမ်း စိတ်လှုပ်ရှား နေတယ်။ ကံမကောင်းစွာ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးက သူမကို ရှောင်တိမ်းဖို့ ဘေးဘက်သို့ ရွေ့လျားသွားသည်။
“ပစ်လဲကျသံ”
ချင်ယန် ရပ်တန့်လိုက်ဖို့ အချိန်မမီလိုက်ဘဲ မြေပြင်ပေါ်သို့ ပစ်လဲကျသွားတယ်။
“သခင်မလေး”
အစေခံ မိန်းကလေးငယ်သည်  မကျေမနပ် ဖြစ်နေသည့် မျက်နှာကို မော့လိုက်ပြီး  စိတ်မကောင်း ဖြစ်စွာ ယွမ်လော့ဖုန်းကို ကြည့်လိုက်သည်။
“ချင်ယန်…. ဒီနေရာကို အလုပ်ကိစ္စနဲ့ လာခဲ့တာနော်။ နင်နဲ့ စကားပြောဖို့ အချိန်မရှိဘူး”
ယွမ်လော့ဖုန်းလည်း သူ့နှုတ်ခမ်းထောင့်ကို မြင့်တက် လိုက်တယ်။ ကောက်ကျစ်စဉ်းလဲသော အပြုံးကို ဖန်တီးလိုက်တယ်။
သူမရှေ့မှာ ရပ်နေသည့် မိန်းကလေးက ချင်ယန်။ မီးတောက်အဖွဲ့ အုပ်ချုပ်သူ အဖြစ် မြှင့်တင်ပေးခဲ့သည့် ချင်ယန်…..။
လွန်ခဲ့သော ခြောက်လခန့်က ချင်ယန်နှင့် ရဲ့လင်းကို လွေ့ကျင်း တိုင်းပြည်သို့ ပို့ခဲ့တယ်။ လော့ဖုန်း စံအိမ်ကို ဖန်တီးခဲ့သည်။ သူမ မိဘတွေကို သတ်ခဲ့သည့် အစစ်မှန် လူသတ်သမားနှင့် ပတ်သက်သည့် သတင်းကို ရှာဖွေ ခိုင်းခဲ့သည်။ သူတို့တွေ တိုးတက်မှု ရှိတာကြောင့် သူမ လွေ့ကျင်း တိုင်းပြည်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ဒါနဲ့… ရဲ့လင်း ဘယ်မှာလဲ။ ဘာလို့ ဒီနေရာ မရှိတာလဲ”
ယွမ်လော့ဖုန်း မျက်လုံးဝှေ့ပြီး ကြည့်လိုက်သော်လည်း ရဲ့လင်းကို တွေ့ရပေ။
ထိုစကားကို ကြားတော့ ချင်ယန် မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
“သခင်မလေး… ရဲ့လင်း ဘယ်သူလဲဆိုတာ ပေါက်ကြား သွားခဲ့ပါတယ်”
“ဘယ်လို ဖြစ်ရတာလဲ”
ယွမ်လော့ဖုန်းလည်း ချင်ယန်ဘက်သို့ လှည့်လိုက်သည်။
“ဘာဖြစ်လို့ ငါ့ကို သတင်း မပို့ရတာလဲ”
ချင်ယန် သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီးတော့ သူမမျက်နှာက ဒေါသထွက်သည့် ဘက်သို့ ပြောင်းလဲသွားသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရဲ့လင်း…. သူ့ရဲ့ သွေးတစ်ဝက်နှော အစ်ကို ဒုတိယမင်းသား ရဲ့လော်နဲ့ လမ်းမှာ တွေ့ခဲ့တယ်။ သူ့ကို မှတ်မိသွားတယ်။  လွေ့ကျင်း တိုင်းပြည်မှာ ထိုသတင်းက ပျံ့နှံ့သွားတယ်။ သူ့အစ်ကိုက ဆိုးသွမ်ဆုံးပဲ။  ပါရမီ အရည်အချင်းနဲ့ စွမ်းအားကို ယှဉ်ရင်တော့ ရဲ့လင်း ပြိုင်ဘက် မဖြစ်နိုင်ဘူး။ သို့သော်လည်း သူ့မိခင်ကို လွေ့ကျင်းဘုရင် နှစ်သက်တာကြောင့် ရဲ့လင်းကို အရှက်ခွဲ ရဲတယ်။ ထိုလူမျက်နှာကို သေးနဲ့ ပက်ချင်တယ်”
အစေခံမလေး၏ ဒေါသထွက်နေသော မျက်နှာကိုကြည့်ရင်း ယွမ်လော့ဖုန်း ပြုံးပြီး မေးလိုက်တယ်။
“အရှက်ခွဲခံရတာ ရဲ့လင်းလေ။ ချင်ယန် မဟုတ်ဘူးလေ။ ဘာလို့ အရမ်း ဒေါသ ထွက်နေတာလဲ။ နင်နဲ့ ရဲ့လင်း…”
“သခင်မလေး”
ချင်ယန် အလျင်မြန်ပဲ ယွမ်လော့ဖုန်း ပြောမည့် စကားကို တားဆီးလိုက်တယ်။ သူမ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေတယ်။
“ဘာတွေ ပြောနေတာလဲ။ ရဲ့လင်းနဲ့ ကျွန်မက သွေးသောက် ရဲဘော်ရဲဘက် ဖြစ်ရုံလေးပါပဲ။ သူ အနိုင်ကျင့် ခံရတာကို မကြိုက်တာပါ။ သခင်မလေး တွေးနေသလို မဟုတ်ရပါဘူး”
“တကယ်လား”
ယွမ်လော့ဖုန်းလည်း စနောက်ချင်သော အပြုံး ပြုံးလိုက်တယ်။ သူမ မျက်ဝန်းအကြည့်က ချင်ယန်သို့ ကျရောက်သွားသည်။
“ချင်ယန်….. ရဲ့လင်းက လွေ့ကျင်းတိုင်းပြည်၏ တတိယမြောက် မင်းသား။ ချင်ယန်က အစေခံငယ်လေး ဖြစ်နေလည်း နင်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ချစ်ရင် လက်ထပ်လို့ ရအောင် ကူညီပေးမယ်”
ချင်ယန် နှလုံးသား တုန်ရီသွားရတယ်။ သူမ စိတ်လှုပ်ရှားလွန်းလို့ သူမ၏ ကြည်လင်သော မျက်ဝန်းတစ်စုံသည် မျက်ရည်များနှင့် စိုရွှဲနေသည်။
 
***

အပိုင်း(၁၆၃)

နှစ်ဝက်အတွင်း အင်အား ကြီးမားလာခြင်း(၂)

 
သခင်မလေး ကြိုးဆွဲချ သေဖို့ ကြိုးစားပြီး ကတည်းက တခြားလူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသည်။ လက်ရှိ သခင်မလေးက ယုံကြည်လို့ရပြီး ပိုပြီးတော့ ဆွဲဆောင်မှု ရှိသည်။ သူမ သခင်လေးကို ပို ပိုပြီးတော့ ကြိုက်နှစ်သက် လာသည်။
“သခင်မလေးက ကျွန်မကောင်းဖို့ အတွက် စဉ်းစားပေးတယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့  ကျွန်မတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်လည်း လွေ့ကျင်းဘုရင်က ခွင့်ပြုမှာ မဟုတ်ဘူး။ စုံတွဲ နှစ်ယောက်က အဆင့်တန်း တူရမယ်လို့ သတ်မှတ်ထားတယ်”
“အဆင့်တန်း တူရမယ်”
ယွမ်လော့ဖုန်း တခစ်ခစ် ရယ်မောလိုက်သည်။
“နင်တို့ နှစ်ယောက်လုံးက စစ်တပ်က အဖွဲ့ဝင်တွေ…။ ငါ့အမြင်မှာတော့ နင်တို့ နှစ်ယောက်လုံးက အဆင့်တန်း အတူတူပဲ။ နင်တို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် တကယ် ချစ်တယ်ဆိုရင် လွေ့ကျင်းဘုရင် ဘယ်တော့မှ တားလို့ရမှာ မဟုတ်ဘူး။ ငါ့မိန်းကလေးက ဘယ်ယောက်ျားလေးနဲ့ မဆို ထိုက်တန်တယ်။ သို့သော်လည်း ထိုယောက်ျားလေးက တကယ် မချစ်ရင်တော့ ငါလည်း မကူညီပေးနိုင်ဘူး။ အချစ်ဆိုတာ အတင်း တွန်းအားပေးလို့ မရနိုင်ဘူး”
ချင်ယန် ခေါင်းညိတ်လိုက်တယ်။ သူမ၏ အဆင်းလှသော မျက်နှာသည် အပြုံးလေးကို ဖော်ပြနေသည်။
“သခင်မလေး ဘာကို ဆိုလိုလည်း ဆိုတာကို ချင်ယန် နားလည်ပါတယ်”
ယွမ်လော့ဖုန်းလည်း ချင်ယန် ပခုံးလေးကို ပုတ်ပေးလိုက်တယ်။
“ရဲ့လင်း ရှိတဲ့ နေရာကို သွားမယ်….။ သူ့ကို မေးစရာရှိတယ်”
“ဟုတ်ကဲ့ပါ သခင်မလေး”
ယွမ်လော့ဖုန်း နှစ်သိမ့်ပြီး နောက်ပိုင်းမှာ ချင်ယန်သည် ဖျတ်လတ်ပြီး ရွှင်ပျသော စိတ်ဝိညာဉ်ကို ပြန်လည် ရရှိခဲ့သည်။ လော့ဖုန်း စံအိမ်တော်မှ ရယ်မော စကားပြောပြီး ပြန်လည် ထွက်ခွာ သွားခဲ့သည်။
ပျော်ရွှင်နေသော အစေခံငယ်လေးကို ကြည့်ရင်း သူမ ခေါင်းကို ခါလိုက်ပြီး ပြုံးပြလိုက်သည်။ ချင်ယန်နှင့် အတူတူ အပြင်ဘက်သို့ ထွက်ခွာ လာခဲ့သည်။
လွေ့ကျင်း တိုင်းပြည်မှာ မင်းသားများ အရွယ်ရောက်သည်နှင့် နန်းတော်မှ ထွက်ခွာ သွားရသည်။ သူတို့ ကိုယ်ပိုင် စံအိမ်တော်မှာ နေထိုင်ကြသည်။
ထိုအချိန်မှာ တတိယ မင်းသား စံအိမ်တော် အတွင်းမှာ  ရဲ့လင်းသည် သူ့စာကြည့်ဆောင် အတွင်းမှာ ထိုင်နေသည်။ သူ့လက်ထဲမှာ စာအုပ် တစ်အုပ်ကို ကိုင်ဆောင်ထားသည်။ စိတ်မပါ စွာ ဖတ်ရှုနေသည်။
ထိုအချိန်မှာ သူ့ခြေထောက် ဘေးနားမှ ကြွက်အော်သံ ပေါ်ထွက်လာပြီးတော့ သူ့အာရုံကို ဖမ်းစားသွားသည်။
အဖြူရောင် ကြွက်လေးက သူ့ခြေထောက်နားမှာ အော်နေတာကို တွေ့လိုက်ရသည်။ ရဲ့လင်း ထိတ်လန့်သွားပြီး မေးလိုက်တယ်။
“ရွှေရှာကြွက်လေး…. ဘာကြောင့် ဒီနေရာကို ရောက်နေတာလဲ။ ဒါဆို…..”
သူ တစ်ခုခု ဖြစ်တော့မည့်အတိုင်း ရဲ့လင်း စိတ်လှုပ်ရှားသွားသည်။ သူ့ဦးခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီးတော့  တံခါး အပြင်ဘက်သို့ ကြည့်လိုက်တယ်။
အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးသည် တံခါးကို မှီပြီး ရပ်နေသည့် ပုံရိပ် သူမျက်လုံးထဲမှာ ရောင်ပြန် ဟပ်လာသည်။
သူမ လက်ကို ပိုက်ထားပြီး သူမ ခန္ဓာကိုယ်က ပျင်းရိစွာ နံရံကို မှီထားသည်။ ကောင်မလေးက အံ့သြ လှပဖွယ် အပြုံးလေးကို ဖန်တီးသည်။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံသည် လေပြည်လေညင်းထဲမှာ လွင့်မျောနေသည်။ သူမပုံစံက နတ်ပြည်က နတ်သမီး တစ်ပါးနှင့် တူသည်။
“ရဲ့လင်း မတွေ့ရတာ ကြာပြီနော်။ လွေ့ကျင်း တိုင်းပြည်က တတိယမြောက် မင်းသားတစ်ပါး ထပ်ဖြစ်ခဲ့ပြီပေါ့”
ရဲ့လင်းလည်း  သူ့မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လိုက်ပြီး လေးစားသည့် ပုံစံကို ပြသလိုက်သည်။ သူလည်း ထိုင်ခုံပေါ်မှ အလျင်မြန် ထလိုက်ပြီး တံခါးနားမှ မိန်းကလေးကို နှုတ်ဆက်လိုက်တယ်။
“သခင်… ဘာအကြောင်း ကိစ္စကြောင့် လာခဲ့ရတာလဲ”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ နူးညံ့သော လေပြည်လေညင်းနှင့်အတူ  စာကြည့်ဆောင် အတွင်းသို့ ဝင်ရောက်လာသည်။ စားပွဲခုံရှေ့မှာ ရှိနေသော ထိုင်ခုံမှာ ထိုင်လိုက်သည်။
“ဘာလဲ… ရှင်က ကျွန်မကို မလာစေချင်ဘူးလား”
မိန်းကလေးက သူမ၏ အဖြူရောင် ဝတ်စုံကို ပုတ်လိုက်ပြီးတော့ ခြေထောက်ချိတ်ပြီး ထိုင်လိုက်သည်။ စားပွဲခုံပေါ်မှ စုတ်တံကိုယူပြီး ကစားနေသည်။
ရဲ့လင်းကို ကောက်ကျစ်စဉ်းလဲသော အပြုံးနှင့် ကြည့်လိုက်သည်။ ဘာကိုမှ ဂရုမစိုက် နိုင်လောက်အောင် ပျင်းရိနေသည်။
“ရှင့်အလုပ်ကို ရှင် ကောင်းကောင်း လုပ်နေတယ်လို့ ထင်ပါတယ်”
သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူမ မျက်နှာပေါ်က အပြုံးက ပိုပြီးတော့ အသက်ဝင်လာသည်။
ရဲ့လင်း ခါးသက်စွာ ပြုံးလိုက်ပြီးတော့
“သခင် မနောက်ပါနဲ့။ တတိယမင်းသား ဖြစ်ရတာ ဘာကောင်းလို့လဲ။ လော့ဖုန်း စံအိမ်တော်၏ လက်ထောက် အုပ်ချုပ်သူ ဖြစ်ရတာ  ပိုပြီး အင်အားကြီးပါတယ်။ စက်ဆုပ်ဖွယ်  တတိယမင်းသား ဖြစ်ရတာထက် လက်ထောက် အုပ်ချုပ်သူ ဖြစ်ရတာ ပိုကောင်းပါတယ်”
ရဲ့လင်း စကားကို ကြားတော့ သူမ ရယ်လိုက်သည်။ သူမ မျက်ခုံးကို အနည်းငယ် မြင့်တက် လိုက်ပြီးတော့
“ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြော။ လွေ့ကျင်း တိုင်းပြည်ကို ရုတ်တရက် ပြန်လာတော့ တော်ဝင်မိသားစုက ရှင်ကို သံသယ ဝင်နေတယ်လို့ ခံစားရလား”
 
***

အပိုင်း(၁၆၄)

နှစ်ဝက်အတွင်း အင်အား ကြီးမားလာခြင်း(၃)

 
ရဲ့လင်းလည်း နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း နာကြည်းမှုနှင့်အတူ ခေါင်းကို ခါယမ်းလိုက်သည်။
“လုံယွမ်တိုင်းပြည်က စစ်သူကြီး အိမ်တော်မှ ဆက်ဆံသူ့ကို ဖြားယောင်း သွေးဆောင်ဖို့အတွက် စစ်သူကြီး အိမ်တော်ကို ပို့ခဲ့တယ်လို့ ပြောလိုက်တယ်။ အခွင့်အရေးကို အသုံးချပြီးတော့ ထွက်ပြေးခဲ့တယ်။ သူတို့တွေ ကျွန်တော်မျိုးကို သံသယ မဝင်ဘဲ လက်ခံခဲ့တယ်။ ပြန်လာတာကို စ်တ်မဝင်စားတာ ဖြစ်နိုင်ပါတယ်။ တချို့လူတွေက နေ့တိုင်း လုပ်ကြံသူတွေ လွှတ်ပြီးတော့ လုပ်ကြံလေ့ရှိတယ်။ ကံကောင်းစွာပဲ နှစ်ဝက်အတွင်း အင်အား ကောင်းမွန်အောင် လေ့ကျင့်ခဲ့လို့ လုပ်ကြံသူတွေ တစ်ယောက်မှ မအောင်မြင်နိုင်ခဲ့ဘူး”
ယွမ်လော့ဖုန်းကတော့ စုတ်တံနှင့် ဆက်စကား နေမြဲဖြစ်သည်။ သူမ မျက်ဝန်းနက်တွေမှာ နူးညံ့မှု အလင်းရောင် ဖြာထွက်နေ၏။
“ကျွန်မ စုံစမ်းခိုင်းထားတဲ့ ကိစ္စက ဘယ်လိုလဲ။ ကျွန်မ မိဘတွေကို သတ်တဲ့လူကို ရှာဖွေ ပြီးပြီလား”
လွန်ခဲ့သော ၁ဝနှစ်ခန့်က ယွမ်ယန်နှင့် သူ့ချစ်ဇနီးတို့သည် လွေ့ကျင်း ရန်သူ တိုင်းပြည်ကို တိုက်ခိုက်ရန် အတွက် စစ်ဗျူဟာ ပြင်ဆင်ပြီး စစ်တပ်နှင့်အတူ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း စစ်နည်း ဗျူဟာကို  အမတ်ချုပ်မုက ပေါက်ကြား စေခဲ့သည်။ ရန်သူက ထိုနည်းဗျူဟာကို အခွင့်ကောင်းယူပြီး သူတို့ကို အောင်မြင်စွာ ထောင်ချောက် ဆင်ခဲ့သည်။
သို့သော်လည်း ထိုလင်မယားကို သတ်သည့်သူမှာ တခြားတစ်ယောက် ရှိနေသေးသည်။ ထိုလူသည် တော်ဝင်မိသားစုနှင့် ဆက်စပ်မှု ရှိသည်မှာ သေချာတယ်။
ထို့ကြောင့်လည်း ယွမ်လော့ဖုန်းက တကယ် လူသတ်တရားခံကို ရှာဖွေရန် အလို့ငှာ ရဲ့လင်းကို ဒီတိုင်းပြည်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်  သဲလွန်စ တချို့တော့ ရှာတွေ့ထားပါတယ်။ အချိန် နည်းနည်းတော့ ပေးပါ။ အမှန်တရားကို ရှာတွေ့မှာပါ။ ထို ပြဿနာက ဧကရီရုန်နှင့် ပတ်သက်မှုတော့ ရှိနေသည်”
ဧကရီရုန်သည် ဒုတိယ မင်းသားရဲ့လော်၏ မိခင်ဖြစ်သည်။ ရဲ့လင်းကို လုံယွမ်တိုင်းပြည်သို့ ဓားစားခံအဖြစ် ပို့ဆောင်ရန် ဧကရာဇ်ကို အကြံဉာဏ် ပေးသူလည်း ဖြစ်သည်။ ထိုအခွင့်အရေးကို အသုံးချပြီးတော့ သူမ၏သားတော် အိမ်ရှေ့စံမင်းသား ဖြစ်စေလိုသည်။  သူမ အကြံစည်က အောင်မြင်လုနီးပါပဲ။ ဒါပေမဲ့ ထိုအောင်မြင်မှု မရောက်ရှိလာချိန်မှာ ရဲ့လင်း ပြန်လည် ရောက်ရှိလာခဲ့သည်။
ဧကရီရုန်က ရဲ့လင်းကို မမုန်းဘဲနေမလား။ အမတ်အားလုံးက ရဲ့လင်းကို နှစ်သက် သဘောကျသည်။ ရဲ့လင်း ဦးလေးမှာ စစ်သူကြီး ရိပုဖန် ဖြစ်သည်။ ထိုအချက်များကြောင့် သူမ သားတော်က အိမ်ရှေ့စံမင်းသား ဖြစ်လာဖို့ အတွက် ခက်ခဲနေရတာပေါ့။
ဓားစားခံအဖြစ် အနစ်နာခံခဲ့သည့် ရဲ့လင်းက ပြန်လာရဲတယ်ပေါ့။
သူမ ကြိုးစားခဲ့သမျှ အလကား ဖြစ်ခဲ့သည်။ ဧကရီရုန် ပြန်လည် ကလဲ့စား ချေချင်လာသည်။ ထို့ကြောင့်လည်း ညတိုင်း … ရဲ့လင်းကို မတူညီသော လုပ်ကြံသူများနှင့် လုပ်ကြံခဲ့တာပေါ့။ သို့သော်လည်း ယွမ်လော့ဖုန်း အံ့သြမိသည်က  ဧကရီရုန်နှင့် သူမ မိဘတွေ သေဆုံးခြင်း ဆက်စပ်နေခြင်းပေ။ သူမမျက်လုံးသည် သွေးဆာနေသည့် ဘက်သို့ ပြောင်းလဲခဲ့ချေ။ ယွမ်လော့ဖုန်းလည်း လက်ရေးလှရေးသည့် စုတ်တံနှင့် ကစားခြင်းကို ရပ်တန့်လိုက်ပြီးတော့
“ရဲ့လင်း … ကျွန်မ လွေ့ကျင်း တိုင်းပြည်မှာ အချိန်တစ်ခု ကြာသည့်အထိ နေထိုင်မယ်။ လော့ဖုန်း စံအိမ်မှာ  နေဖို့က အဆင်မပြေဘူး။ ရှင့်အိမ်တော်မှာ နေမယ်။  ကျွန်မ မိဘတွေ သေဆုံးမှု နောက်ကွယ်က အကြောင်းရင်းကို ရှာဖွေဖို့ အခွင့်အရေးကို အသုံးချပါ”
“ဟုတ်ကဲ့ပါ ….သခင်”
ရဲ့လင်းလည်း ရိုသေ လေးစားစွာ ပြန်လည် ဖြေကြားလိုက်သည်။
လွန်ခဲ့သော ခြောက်လခန့်က သူမကို သစ္စာခံဖို့ ကတိပေးခဲ့ ကတည်းက သူ့ဘဝကို သူမ ပိုင်ဆိုင်သည်။ သူမက လွေ့ကျင်း တိုင်းပြည် တစ်ခုလုံးကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့မယ်ဆိုလျှင် သူက သူမ အမိန့်ကို ငြင်းဆန်မှာ မဟုတ်ပေ။
“ရှင့်အိမ်တော်မှာ နေထိုင်တဲ့အချိန်မှာ ကျွန်မကို သခင်လို့ မခေါ်နဲ့။ ကျွန်မ နာမည်ကိုသာ ခေါ်ပါ”
လုံယွမ်တိုင်းပြည်မှာ ယွမ်လော့ဖုန်း နာမည်က လူသိများ ကျော်ကြားသည်။ ဒါပေမဲ့ အခု လွေ့ကျင်း တိုင်းပြည်မှာတော့  အမှိုက် ယွမ်လော့ဖုန်း အကြောင်းကို ဘယ်သူမှ မကြားဖူးပေ။ ထို့ကြောင့်လည်း ရဲ့လင်းကို သူမ နာမည် ခေါ်ခိုင်းခြင်း ဖြစ်သည်။
“ဒါဆိုလည်း….” ရဲ့လင်းလည်း ဘာလုပ်ရမှန်း မသိအောင် ကြောက်ရွံ့မိသည်။
“ဒါဆိုလည်း ယွမ်မိန်းကလေးလို့ ခေါ်ပါမယ်။ နာမည်ခေါ်တာက လေးစားမှု မရှိသလို ဖြစ်တယ်”
သူ့သခင်ကို နာမည်နှင့် မခေါ်ရဲပါဘူး။ ထိုသို့ ခေါ်ဆိုဖို့လည်း သတ္တိ မရှိပေ။
“ကောင်းပြီလေ”
ယွမ်လော့ဖုန်း ဖြည်းဖြည်းလေး ထရပ်လိုက်ပြီးတော့ ပျင်းရိစွာ အကြော ဆန့်လိုက်သည်။
“ကျွန်မက အနည်းငယ် ပင်ပန်းနေတယ်။ ကျွန်မအတွက် အခန်း ပြင်ဆင် ပေးထားလိုက်။ ကျွန်မ အနားယူဦးမယ်။ သဲလွန်စ ရရင် ကျွန်မကို ပြော…”
ထို့နောက် စာကြည့်ဆောင် အဝေးသို့ လမ်းလျှောက် ထွက်လာခဲ့သည်။
 
***

အပိုင်း(၁၆၅) 

ဖိတ်ကြားခြင်းနှင့် ဖိတ်ကြားမှုကို လက်ခံခြင်း(၁)

 
“မင်း ဘာပြောလိုက်တယ်”
အပျော်စံအိမ်တော် တစ်ခုအတွင်းမှာ မိန်းကလေးများသည် သီချင်းဆိုပြီး ကခုန်နေသည်။
ကန်တစ်ခု အတွင်းမှာ ချောမောသည့် ယောက်ျား  တစ်ယောက်ကို  မိန်းကလေးတွေ ဝိုင်းဝိုင်းလည် နေသည်။ သူ့မျက်လုံးကို အနည်းငယ် မှေးကျဉ်း ထားသည်။ သူ့ရှေ့မှာ ရပ်နေသည့် သစ္စာရှိသော လက်အောက်ငယ်သားကို ကြည့်နေသည်။ သူ့မျက်လုံးမှ ကောက်ကျစ် ယုတ်မာသော အလင်းရောင် ဖြာထွက်နေသည်။
“ငါ၏ တော်ဝင် ညီတော် ၃က မိန်းကလေးနှင့် ပတ်သက်ရင် အမြဲ ကြေးများတယ်။  တတိယမင်းသား အိမ်တော်မှာ မိန်းကလေး တစ်ယောက် နေထိုင်နေတာ အမှန်ပဲလား”
“အရှင့်သား…. လုံးဝ မှန်ကန်ပါတယ်။ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက် အိမ်တော်ထဲသို့ ဝင်ရောက် သွားပါတယ်။ ထိုအမျိုးသမီးက အရမ်းကို ချောမောလှပပါတယ်။ အနီရောင် ပန်းအိမ်တော်မှ နာမည် အကြီးဆုံးသော၊ အချောလှဆုံးသော  အပျော်မယ် မိန်းကလေးလည်း သူမအလှကို မယှဉ်နိုင်ပါဘူး”
မနေ့က တွေ့ခဲ့ရသည့် ချောမော လှပသော မိန်းကလေး အကြောင်းကို တွေးရင်း လက်အောက် ငယ်သားသည် သူ့လျှာကို အသံမြည်အောင် လျက်လိုက်သည်။ ထိုအမျိုးသမီးကို တစ်ညလောက် ပိုင်ဆိုင်ရမယ် ဆိုလည်း သူ ကျေနပ်ပါတယ်။
“အို့စ်….” ရဲ့လော် မျက်လုံး ပြူးသွားတယ်။
“အနီရောင် ပန်းစံအိမ်တော်က အကျော်ကြားဆုံး အပျော်မယ် မိန်းကလေးထက် ပိုပြီး ချောမော လှပတယ်လား။  မိမစစ် ဖမစစ် ကောင်က အရမ်း ကံကောင်း နေတယ်ပေါ့။ ဒါပေမဲ့ ထိုမိန်းကလေးက တတိယ မင်းသားကို ပုံမှန် နှုတ်ဆက်ခြင်း မရှိဘဲ အိမ်တော်မှာ နေထိုင်တယ်။ တချို့ အပျော်စံအိမ်က အပျော်မယ်အသစ် ဖြစ်ရမယ်”
လက်အောက်ငယ်သားသည် အရှင့်သားနောက် လိုက်လုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီ ဖြစ်သည်။ လှပသော မိန်းကလေးများကို အရှင့်သားနှင့်အတူတူ မျှဝေသုံးစွဲ လေ့ရှိသည်။ ဒါကြောင့်လည်း တတိယမင်းသား အိမ်တော်မှာ နေထိုင်နေသည့် မိန်းကလေး အကြောင်းကို ဒီလို ချီမွမ်း ပြောဆိုနိုင်ခြင်း ဖြစ်သည်။ ထိုအမျိုးမီးက တကယ်ကို ထူးထူးခြားခြား လှပသည်။
ထိုကဲ့သို့သော အံ့သြဖွယ် အလှလေးနှင့် ပျော်ပါးဖို့ သူမှာ အခွင့်အရေးရှိသည်။ မိမစစ် ဖမစစ် ရဲ့လင်းနဲ့တော့ မထိုက်တန်ဘူး။
“အခုချက်ချင်း ရဲ့လင်းကို ဖိတ်ကြားစာ ပို့လိုက်။ ငါ့အိမ်တော်ကို လာလည်ဖို့  ဖိတ်ကြားတယ်လို့ ပြောလိုက်”
“အမိန့်တော်မြတ် အတိုင်းပါ။ မင်းသား၂”
လက်အောက် ငယ်သားသည် ဦးညွှတ် အရိုသေပြုပြီး ခမ်းနား ထည်ဝါသော အခန်းထဲမှ ထွက်ခွာသွားသည်။
လက်အောက်ငယ်သား စကားက ရဲ့လော် စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေသည်။ သူ့ဘေးနားမှာ ရှိနေသော မိန်းကလေးတွေကို စိတ်ဝင်စားမှု ချက်ချင်း ပျောက်ဆုံးစေသည်။ သူ့မျက်လုံးက လိုချင် လောဘတွေနှင့် တောက်ပနေသည်။
ထိုအမျိုးသမီး ဘယ်လို ချောမောလည်း ဆိုတာ သိချင်စိတ် ပြင်းပြလာသည်။ အနီရောင် ပန်းစံအိမ်တော်က အကျော်ကြားဆုံး အပျော်မယ်က သူမအတွက် ပြိုင်ဘက် မဟုတ်ဘူးဆိုပဲ…..။
အစောပိုင်း မနက်ခင်း အချိန်မှာ အိမ်တော် တစ်ခုလုံးကို မနက်ခင်း နေရောင်ခြည်နှင့် ဖြည့်ဆည်း ထားသည်။ အိမ်တော်တစ်ခုလုံး နွေးထွေးပြီး သာယာဖွယ် ဖြစ်နေ၏။
ယွမ်လော့ဖုန်းလည်း ခြံဝင်းအတွင်းသို့ ဝင်လိုက်ချိန်မှာ ထိုင်နေသည့် ချောမောလှသော အမျိုးသားကို တွေ့လိုက်ရသည်။  သူ့မျက်လုံးက ခြံဝင်း တစ်နေရာကိုသာ အကြည့်မလွှဲဘဲ ကြည့်နေသည်။ မတွေးဆနိုင်သည့် ခက်ခဲသော အတွေးဂယက်များ ထိုလူ မျက်လုံးမှာ ဝဲလည်နေသည်။ 
ထိုအမျိုးသား ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်ချိန်မှာ ရေကန်နားမှာ ပျော်ရွှင်စွာ ရပ်နေသည့် မိန်းကလေး တစ်ယောက် ဖြစ်နေသည်။ ရဲ့လင်းကို ချစ်နေသည့် ချင်ယန် အချစ်က တစ်ဖက်သတ် အချစ် မဟုတ်ဘူးဆိုတာ သူမ နားလည်သွားသည်။
သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက တိုးတက် လာနိုင်ချေ ရှိတယ်။
“ရဲ့လင်း”
သူမ နှုတ်ခမ်းထောင့်ကို မြင့်တက်လိုက်ပြီး သူ့ကို ခေါ်လိုက်သည်။
စိတ်ကူးယဉ်နေရာမှ အသိပြန်ဝင်လာသည်။ ချင်ယန်ကို ကြည့်နေရာမှ  သူ့အနားကို ချဉ်းကပ်လာသည့် ကျက်သရေရှိသည့် မိန်းကလေးဘက်သို့ လျင်မြန်စွာ လှည့်လိုက်သည်။ ခံစားချက်ကို ရှက်နေမိတယ်။
“ရဲ့လင်း… ချင်ယန်ကို ကြိုက်လား”
“အမ်….”
ယွမ်လော့ဖုန်း၏ ပွင့်လင်းစွာ ပြောဆိုခြင်းကြောင့် ထိတ်လန့် သွားရသည်။
သူ့လက်ချောင်းက ဝတ်ရုံအောက်ခြေကို စိတ်ရှုပ်ထွေးစွာ ဆွဲကိုင်ထားသည်။
“ချင်ယန်ကို ချစ်ဖို့ ကောင်းတယ်လို့ ခံစားမိရုံပါ။ ညီမငယ်လေး တစ်ယောက် အတိုင်းပေါ့….။ ကျွန်တော့်မှာ တခြား…..”
“ရဲ့လင်း… ကျွန်မမှာ အတွေ့အကြုံ အများကြီး ရှိပါတယ်။ ဘယ်အရာမှ ကျွန်မ မျက်လုံး အကြည့်မှ မလွတ်မြောက်နိုင်ပါဘူး”
ယွမ်လော့ဖုန်းလည်း သူမ မျက်ဝန်းအကြည့်ကို  ချင်ယန်မှ ရဲ့လင်းဘက်သို့ ပြောင်းလဲပြီးတော့ မေးလိုက်သည်။
“ကျွန်မ မေးချင်တာက… ရှင့်မှာ လွေ့ကျင်း တိုင်းပြည်၏ တတိယမင်းသား ဆိုသည့် တော်ဝင် အဆင့်တန်း ရှိတယ်။ ချင်ယန်က အစေခံငယ်လေး။ ရှင့် ခမည်းတော်က ရှင် လက်ထပ်ဖို့ကို ဆန့်ကျင်ရင် ရှင် ဘာဆက်လုပ်မလဲ”
သူ ခဏလောက် တိတ်ဆိတ် နေလိုက်ပြီး ကိုးရိုးကားရား ပြုံးလိုက်တယ်။
“ခမည်းတော်။ သူ က တကယ်ကို ကျွန်တော့် ခမည်းတော်လား။ ကျွန်တော် ပြုလုပ်ချင်တဲ့ ကိစ္စကို  ဘယ်သူမှ တားဆီးလို့ မရဘူး။ ခမည်းတော် အပါအဝင်ပေါ့”
 
 
***


Bạn đang đọc truyện trên: Truyen247.Pro