
146+147+148+149+150
အပိုင်း(၁၄၆)
မုဝူစွမ်း ကျူးလွန်ခဲ့သော ပြစ်မှု
ဆူညံညံ ဖြစ်နေသော မြို့ဝင်ဂိတ်မှာ လူတွေအားလုံး ထိုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေကြတယ်။ မုဝူစွမ်းလည်း သူမလက်ထဲက စာကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးတော့ သူမခေါင်းကို ငုံ့ပြီး မျက်လုံး မှေးစင်းထားတယ်။ သူမ မျက်လုံးမှာ အေးစက်စက် အငွေ့သက်တွေကို ထုတ်လွှတ်နေတယ်။
ယွမ်လော့ဖုန်း …. ဒီနေ့ ငါ့အရှက်ကွဲခံရမှုကို မှတ်ထားလိုက်မယ်။ နင် ပြန်ပေးဆပ် စေရမယ်။
ထိုအကြောင်းကို တွေးရင်းနှင့် သူ့ရင်ထဲမှ ဒေါသစိတ်ကို ထိန်းချုပ်လိုက်တယ်။ သူမလက်ထဲမှာ ဝန်ခံစာရွက်ကို ဖွင့်လိုက်ကာ
“ကျွန်မ…. မုဝူစွမ်း… ပြစ်မှု များစွာကို ကျူးလွန်ခဲ့တာကို ကောင်းကင်ဘုံက သိပါတယ်။ ကျွန်မ မရေတွက် နိုင်လောက်အောင် လူအများကြီးကို သတ်ခဲ့ပါတယ်”
မရေတွက် နိုင်လောက်အောင် လူသတ်ခဲ့တယ်။
ဘန်း
မုဝူစွမ်း စကားက တခြားလူတွေကို ရုတ်တရက် မိုးကြိုးထပစ် ခံရလိုက်သလို ထိတ်လန့်စေတယ်။ အားလုံးရဲ့ နှလုံးသားကို ထိတ်လန့် တုန်လှုပ်စေတယ်။ သူတို့တွေလည်း ကြာပန်းဖြူလေးကဲ့သို့ ဖြူဖျော့နေသော မုဝူစွမ်းကို မှင်တက်စွာ ငေးကြည့်နေတယ်။ သူတို့နားများ ပြဿနာတစ်ခုခု ဖြစ်နေတယ်လို့သာ ထင်မှတ်နေမိတယ်။
အားလုံးရဲ့ အံ့ဩတဲ့ အကြည့်တွေကို ရင်ဆိုင်ရင်း မုဝူစွမ်း ခေါင်းကို ငုံ့ထားတယ်။ တုန်ရီစွာ ဝန်ခံစာရွက်ကို ကြည့်နေခဲ့တယ်။
“အိမ်ရှေ့စံမင်းသားနဲ့ နှစ်ဝက်လောက် လျှို့ဝှက်စွာ စာပို့ခဲ့ရုံသာမက ယွမ်လော့ဖုန်းကို လမ်းလယ်မှာ ယောက်ျား တစ်ယောက်နဲ့ ကလူတယ်ဆိုတဲ့ သတင်းထွက်ဖို့ ယောက်ျား တစ်ယောက်ကို ရှာဖို့ အကြံပေးခဲ့တယ်။ လုံယွမ် တိုင်းပြည်မှာ အိမ်ရှေ့စံမင်းသားကို ကြိုက်နှစ်သက်နေတဲ့ မိန်းကလေးတွေ အများကြီး ရှိခဲ့တယ်။ သူတို့တွေ အားလုံးကို တိတ်တဆိတ် သတ်ပြီးတော့ တခြားလူကို အပြစ်ပုံချခဲ့တယ်”
“ယွမ်လော့ဖုန်းရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ အတွက် ဦးနှောက်မရှိတဲ့ မိန်းမ၊ လမ်းမှားရောက်နေသူ၊ အလွယ်တကူ ချစ်စိတ်မွှန်နေသူ ဆိုတဲ့ သတင်းတွေကို ကျွန်မ ဖြန့်ခဲ့တယ်။ ထို သတင်းကြောင့် အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ထားတာ ပျက်စီးပြီးတော့ သူမ အိမ်ရှေ့စံ ကြင်ရာတော် ဖြစ်လာဖို့ အတွက်ပဲ။ လွန်ခဲ့သော ဆယ်နှစ်က ယွမ်ချင်ရာကို ဘာမှ မကူညီပေးဖို့ ဆရာကို ပြောခဲ့တယ်။ ကျွန်မမှာ အဖေတူ အမေကွဲ ညီမတစ်ယောက် ရှိတယ်။ သူမက အိမ်ရှေ့စံမင်းသားနဲ့ ချစ်နေတာကို မတော်တဆ သိသွားခဲ့တယ်။ ကျွန်မ ညီမလေးက ကျွန်မလက်ထဲမှာ သေခဲ့တယ်”
လုံယွမ် မြို့သူ မြို့သားတွေက မုအိမ်တော်က ဒုတိယ သခင်မလေးကို မှတ်မိပါတယ်။ ထိုကောင်မလေးက မုဝူစွမ်းကဲ့သို့ ပါရမီ အရည်အချင်းနဲ့ ဉာဏ်ကောင်းမွန်ခြင်း မရှိဘူး။ သူမမိခင်က ကိုယ်လုပ်တော် တစ်ယောက်…။ တရားဝင်ဇနီး မဟုတ်ပေ။ ထို့ကြောင့်လည်း သူမ သေဆုံးခြင်းကို မည်သူမှ ဂရုမစိုက်ပေ။
အမတ်ချုပ် မုအိမ်တော်က သခင်မလေးက မုဝူစွမ်းလက်မှာ သေဆုံးမယ်လို့ မထင်ထားခဲ့မိဘူး။
ဒါက … အားလုံး အံ့ဩနေခဲ့တယ်။
မုချင်ချောင်က အဆုံးမဲ့သော သက်ပြင်းချသံတွေကို ဖန်တီးနေတယ်။ မုဝူစွမ်း အပြုအမူတွေက မယုံကြည်နိုင်စရာပဲ။ အများရှေ့မှာ တည်ငြိမ်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ မုအိမ်တော်က သခင်မလေးက သူ့ညီမလေးကို သတ်မယ်လို့ မထင်ထားခဲ့ဘူး။
ယွမ်လော့ဖုန်းလည်း နွမ်းလျစွာ ပြုံးလိုက်တယ်။ သူမမျက်လုံးက လူအုပ်ကြီးကို ကြည့်လိုက်တယ်။ လူအုပ်ထဲမှ သေတော့မယ့် လူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေသော အံ့ဩနေတဲ့ မျက်နှာကို တွေ့လိုက်ရသည်။
လူအုပ်အတွင်းမှာ မုရှန်း အံ့ဩမှုနဲ့ မယုံကြည်နိုင်စွာ မုဝူစွမ်းကို ကြည့်နေတယ်။
“ဒါဆို ရွှယ်အာကို သတ်ခဲ့တာ သူမပေါ့။ အိမ်ရှေ့စံမင်းသား အတွက် နင့်ညီမ မုရုန်ရွှယ်ကို သတ်ခဲ့တယ်”
မုရှန်း နှလုံးသားမှာ အမုန်းတွေ ဖြစ်ပေါ်လာတယ်။
လက်ရှိ လုံယွမ်ပြည်သူတွေက မုအိမ်တော်က သခင်မလေးနဲ့ မုရှန်းကို မေ့လျော့နေတယ် ထင်တယ်။ သူတို့ နှစ်ယောက်လုံးက ကိုယ်လုပ်တော်က မွေးဖွားခဲ့တယ်။ အမေ အတူတူပဲ ဖြစ်သည်။ ဒီလို သတင်းမျိုးကြောင့် သူ စိတ်ပေါက်ကွဲတာ မဆန်းတော့ပါဘူး။
မုရှန်း ဘေးနားက လူတွေက မုရှန်း သွားကြိတ်နေသံကို ကြားနေရတယ်။
“နင်က နင့်ညီမကို သတ်တာ မုချင်ချောင် သိလား”
ယွမ်လော့ဖုန်းလည်း ပြုံးပြီး မေးလိုက်တယ်။ ဆွဲဆောင်မှုရှိတဲ့ အကြည့်တွေက ဖြူဖျော့နေသော မုချင်ချောင်ဘက်သို့ ရွေ့လျား သွားတယ်။
မုဝူစွမ်း မျက်နှာက အရောင်မဲ့ကာ ထိတ်လန့်ဖွယ် ဖြူဖျော့နေသည်။
“ငါ့အဘိုး… သိတယ်။ မုရုန်ရွှယ်က ကိုယ်လုပ်တော်က မွေးတဲ့သမီး။ ငါက တရားဝင်ဇနီးက မွေးတာ။ အဘိုးက ကိုယ်လုပ်တော်မွေးတဲ့ သမီးကို နှစ်သက်မယ်လို့ ထင်နေတာလား”
မုဝူစွမ်းစကားကို ကြားတော့ ယွမ်လော့ဖုန်း မျက်မှောင်ကြုတ် လိုက်တယ်။ သူမ မျက်ဝန်းနက်တွေမှာ ကောက်ကျစ်စဉ်းလဲသော အလင်းတန်းတွေ ဖြာထွက်နေတယ်။
“နင်တို့နှစ်ယောက်က မြေးအဘိုး ဖြစ်ဖို့ ထိုက်တန်ပါတယ်။ တစ်ယောက်က မရီးကို ခိုးယူ ပေါင်းသင်းတယ်။ အစ်ကိုကို သတ်တယ်။ တခြား ပြစ်မှုတွေလည်း အများကြီး…။ မြေးကလေး ကိုယ့်ညီမကိုယ် အလွတ်မပေးဘူး။ ရက်စက် ကြမ်းကြုတ်တဲ့ သားရဲတွေ မိသားစု လာဖြစ်နေတာပဲ”
***
အပိုင်း(၁၄၇)
ပူဆွေးဝမ်းနည်းနေသော အိမ်ရှေ့စံမင်းသား(၁)
မုဝူစွမ်းရဲ့ ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားသည်။ ယွမ်လော့ဖုန်းကို နာကြည်း မုန်းတီးစွာ ကြည့်လိုက်ပြီးတော့
"နင် ဒီဖြစ်ခဲ့ရသော ကိစ္စအတွက် တစ်နေ့မှာ ပြန်လည် ပေးဆပ်စေရမယ်။ ယွမ်လော့ဖုန်း ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်သည်။ သူမနောက်ဘက်တွင် ရပ်နေသော တည်ငြိမ်နေသည့် အမျိုးသားကို မီလိုက်ပြီးတော့… လောကကြီးမှာ ငါ့ထက် အကြံကြီးတဲ့လူဆိုတာ မရှိသေးဘူး။ ကောင်းပြီလေ။ ငါစောင့်နေပေးပါမယ်”
သူမ ထိုစကားကို ပြောပြီးတာနှင့် သူမမျက်နှာကို တည်ငြိမ်သည့်ပုံစံသို့ ပြောင်းလဲ လိုက်သည်။ ခနဲ့သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ယွမ်ရှောင် သူတို့ကို ကြိုးတုပ်ပြီး ကျွန်မမိဘတွေ အုတ်ဂူကို ခေါ်သွားပေး။ ကျွန်မ ဘိုးဘိုး စောင့်နေရတာ ကြာနေပြီ”
"ကောင်းပြီ”
ခံစားချက်မဲ့တဲ့ ထိုအမျိုးသားက လှပသော မိန်းကလေးကို ကြည့်နေရာမှ မုချင်ချောင်နဲ့ မုဝူစွမ်းဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။ ခံစားချက် မဲ့နေသော မျက်ဝန်းများသည် အကြင်နာ ကင်းမဲ့သော လူသတ်ချင်စိတ်ကို ဖော်ပြနေသည်။
"ရပ်စမ်း...။ မင်း ဘာလုပ်တာလဲ...။ ငါက နန်းတွင်း မှူးမတ် တစ်ယောက်။ မင်းက အစောင့်ငယ်လေး....”
ထိုလူရဲ့ လေးစားမှုမရှိသော အပြုအမူကြောင့် မုချင်ချောင် အံ့ဩမိရသည်။ ထိုလူက သူတို့ကို ကြိုးတုပ်ချင်ရုံ သာမက သတ်ချင်နေပုံ ပေါက်နေသည်လို့ ခံစားနေရသည်။ ကြောက်လွန်းလို့ ပြန်ပြေးချင်စိတ် ပေါက်လာသည်။
သူလှည့်ပြီး ထွက်မပြေးနိုင်ခင်မှာ သူတို့ကို ထိုလူက ကြက်တစ်ကောင်ကဲ့သို့ ဖမ်းချုပ်သွားသည်။ သူ့မျက်နှာက ကြောက်ရလွန်းလို့ ဖြူဖျော့နေသည်။
"သွားမယ်"
ယွမ်လော့ဖုန်းလည်း ဖမ်းချုပ်ခံထားရသော လူနှစ်ယောက်ကို ကြည့်နေလိုက်သည်။ ပျင်းရိစွာ သမ်းဝေလိုက်ပြီး မြို့ဝင်ဂိတ်သို့ လှည့်လိုက်သည်။
အရိပ်နှစ်ခု ပျောက်ကွယ် သွားတာနှင့် လူအုပ်ကြီးရဲ့ ဆူညံသော ထင်မြင်ချက်များမှာ မြို့ဝင်ဂိတ်တွင် နောက်တစ်ကြိမ် ထပ်ကြားလာရသည်။
"လူတစ်ယောက်ရဲ့ မျက်နှာကိုသာ သိနိုင်တယ်။ စိတ်ထားကို မသိနိုင်ဘူးဆိုတဲ့ စကားက သိပ်မှန်တယ်။ တင့်တယ်ပြီး ဝုဏ်သိက္ခာရှိတဲ့ သခင်မလေး မုဝူစွမ်းကို ဒီလိုလူစားမျိုး ဖြစ်မယ်လို့ မထင်ခဲ့ဘူး။ သူ့ညီမလေးက အိမ်ရှေ့စံမင်းသားကို စွဲလမ်း ချစ်ခင်မိခဲ့ရုံလေးပါ။ ဘယ်သောအခါမှ လက်ထပ်ဖို့ မတွေးခဲ့မိပါဘူး။ ဒါပေမဲ့ သူ့ညီမလေးကို သတ်ခဲ့တယ်”
"သူမပြောတာ မကြားလိုက်ဘူးလား။ ယွမ်လော့ဖုန်းကိုလည်း သိက္ခာချခဲ့တယ်တဲ့။ လမ်းပေါ်မှာ တွေ့သမျှ ချောမောတဲ့ ယောက်ျားတိုင်းကို ယွမ်လော့ဖုန်းက ကြိုက်နှစ်သက် တယ်လို့ ငါတို့ ယုံကြည်လာအောင် သတင်းလွှင့်တယ်။ မုဝူစွမ်းကို ဒီလိုမိန်းကလေးမျိုး ဖြစ်မယ်လို့ မမျှော်လင့်ဘူး။ သူ့အကြောင်းကို ငါတို့အားလုံးကို သိသွားတော့ အိမ်ရှေ့စံမင်းသားက သူမကို လက်ထပ်ယူချင်မှာ မဟုတ်တော့ဘူး။ သူမက ငါတို့ တိုင်းပြည်ရဲ့ အနာဂတ် ဘုရင်မ ဖြစ်လာဖို့ မထိုက်တန်ဘူး”
မြို့အပြင်ဘက်......
ထင်းရှူးပင်တွေ ဝိုင်းရပ်နေသော တောင်ထိပ်မှာ သင်္ချိုင်းဂူ နှစ်ခု မားမားမတ်မတ် ရှိနေသည်။ အမည်ကို ရေးသား ဖော်ပြထားသည်မှာ သိသာ ထင်ရှားလှသည်။ အမည်ကို သွေးဖြင့် ရေးထိုးထားသည်။
ဆံပင်တွေ ဖြူဖွေးနေသည့် အဘိုးအို တစ်ယောက်သည် မြေပြင်ပေါ်မှာ ဝပ်တွားခယနေသည်။ တုန်ရီနေသော လက်တစ်စုံက အုတ်ဂူ ကျောက်တိုင်ကို ထိတွေ့နေပြီးတော့ သူ့မျက်လုံးက နက်နဲသော နာကျင်ခံစားမှုကို ဖော်ပြနေသည်။
အငယ်တန်း စစ်သူကြီးယွမ်သည် အရည်အချင်းရှိပြီး ထူးချွန်သော လူငယ်တစ်ယောက် ဖြစ်သည်။ စစ်ပွဲမှာ ဝမ်းနည်းကြေကွဲဖွယ် သေဆုံးခဲ့ရသည်။
သူ့ဇနီး ပိုင်လင်သည်လည်း ရဲစွမ်းသတ္တိ ရှိပြီး ထူးချွန်သော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ တိုင်းပြည် အတွက် သူ့ယောက်ျားနှင့်အတူ ရဲရင့်စွာ တိုက်ပွဲ ဝင်ခဲ့သည်။ ထိုစုံတွဲက တိုက်ပွဲမှာ အသတ်ခံ ရပြီးတော့ ဒီနေရာမှာ မြှုပ်နှံထားခဲ့ရသည်။
ဖုန်းအာ.... မြေးလေး မိဘတွေရဲ့ ဆန္ဒက ဆူညံမှု ကင်းဝေးတဲ့နေရာမှာ အတူမြှုပ်နှံပြီး လောကကြီးမှာ တခြားလူတွေ အနှောင့်ယှက် ကင်းဝေးဖို့ပဲ။ အခုတော့ သူတို့ဆန္ဒ ပြည့်ဝသွားခဲ့ပြီ။ ဒီသစ်တောထဲမှာ ဘယ်သူမှ နှောင့်ယှက်မှာ မဟုတ်ပါဘူး။
ယွမ်လော့ မျက်လုံးကို အနည်းငယ် ပိတ်လိုက်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ယွမ်ယန်နဲ့ သူ့ဇနီး စစ်ပွဲမှာ အသက် ဆုံးရှုံးခဲ့ရသည့်ဆိုတဲ့ သတင်းကို ကြားရတဲ့ချိန်မှာ နှလုံးသား ပေါက်ကွဲမတတ် နာကျင်ခံစားရမှုကို ပြန်လည် တွေးတော နေလိုက်သည်။
သူ့ရင်ထဲက နာကျင်မှုတွေသည် အနည်မကျသေးပေ။ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ဖို့ သူ့သားကိုယ်စား စစ်ပွဲကို သွားခဲ့ရသည်။
သို့သော်လည်း နောက်ဆုံးမှာ သူ ဘာပြန်ရခဲ့သလဲ။ သူ့သားနှင့် ချွေးမအတွက် လက်စား မချေပေးနိုင်ခဲ့ဘူး။ သူ့သားငယ်လေး မကောင်း ကြံစည်ခံခဲ့ရသည်။ လျှို့ဝှက် အခန်းမှာ ပုန်းအောင်း နေခဲ့ရပြီး နေအလင်းရောင်ကို မြင်ခွင့် မရခဲ့ပေ။ သူ မြေးလေးကို ထားရစ်ခဲ့ပြီး နယ်စပ်ကို ဆယ်နှစ်အကြာ စောင့်ရှောက်ခဲ့သည်က ဘုရင်ကို ကြင်ရာတော်မုက နှစ်ကိုယ်ကြား အိပ်ရာထဲမှာပြောတဲ့ ခေါင်းအုံးအောက်က လေသံကို မယှဉ်နိုင်ခဲ့ဘူး။
***
အပိုင်း(၁၄၈)
ပူဆွေးဝမ်းနည်းနေသော အိမ်ရှေ့စံမင်းသား(၂)
ကိလေသာမှာ တွယ်ညှိနေသော မင်းဆိုး မင်းညစ်က သူ့သစ္စာခံမှုနှင့်် မထိုက်တန်ဘူး။
ယွမ်လော့ဖုန်းလည်း သင်္ချိုင်း ကမ္ပည်းကျောက်စာတိုင် အနားကိုကို ဖြည်းညင်းစွာ သွားလိုက်ပြီး ကမ္ပည်းကျောက်စာတိုင်မှာ ရေးထိုးထားသော စာကို ဖတ်လိုက်တယ်။ စစ်ပွဲမှာ သေဆုံးခဲ့ရသော လေးစားဖွယ် ဇနီးမောင်နှံ ဖြစ်သည်။
"အဖေနဲ့အမေ.... သမီး ရောက်လာခဲ့ပြီ”
သူမက တကယ် အစစ်မှန် ယွမ်လော့ဖုန်း မဟုတ်ပါဘူး။ ဒီခန္ဓာကိုယ်မှာ အသက်ရှင်နိုင်ဖို့ ကြိုးစားနေတဲ့ လူသား တစ်ယောက်ပါ။ သို့သော်လည်း ဒီခန္ဓာကိုယ်နဲ့ ပေါင်းစည်း လိုက်ပြီးတည်းက မူလပိုင်ရှင်နဲ့ တူညီသော ခံစားချက်ကို တဖြည်းဖြည်း ခံစားလာရသည်။
"ဖေဖေနဲ့မေမေ စိတ်မပူပါနဲ့။ ဖေဖေနဲ့မေမေ အတွက် မကြာခင်မှာ သမီးလေးက ကလဲ့စား ချေပေးပါမယ်။ အမတ်ချုပ်၊ မိုက်မဲသောဘုရင်၊ ဖေဖေနဲ့မေမေကို သေစေခဲ့သော မည်သူ့ကိုမဆို သူတိုပြုလုပ်ခဲ့သော မကောင်းမှုကို ပြန်လည် ခံစားစေရမယ်”
မိန်းကလေး၏ စကားသံကို ကြားတော့ အဘိုးအို ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော်လည်း မုချင်ချောင်ဘက်သို့ ကြည့်လိုက်ချိန်မှာ ထိုအပြုံးသည် ပျက်ယွင်းသွားသည်။
"သူခိုးအိုကြီး မုချင်ချောင် ရောက်လာပြီပေါ့။ ငါတို့ကို လာခစားပြီးပေါ့။ ဟား...."
ယွမ်လော့ အော်ရယ်လိုက်သည်။ သူ့အပြုံးက တောက်ပနေပြီး မျက်လုံးက ခက်ထန် မာကျောမှုကို ဖော်ပြနေသည်။
"အခုချက်ချင်း ဒူးထောက်စမ်း”
"မင်း...”
မုချင်ချောင် အရမ်း ဒေါသထွက်ပြီး အဘိုးအိုကို ပြန်လည် ချေပချင်လာသည်။
'ဘန်း'
ထိုအချိန်မှာ တစ်စုံတစ်ယောက်က သူ့ဒူးနောက်ဘက်ကို ပြင်းထန်စွာ ဆောင့်ကန်လိုက်သည်။ ကြည့်လိုက်တော့ သက်တော်စောင့် ဖြစ်နေသည်။ သူမြေပြင်ပေါ်မှာ ဒူးထောက် သကဲ့သို့ ဖြစ်သွားသည်။
ရှက်လိုက်တာ …
ဒါက မဟာ အရှက်ကွဲခံရမှုပဲ။
မုချင်ချောင် ခေါင်းကို မြေပြင်နှင့် ထိကပ် ထားလိုက်သည်။ သူလက်သီးကို ကျစ်ကျစ်ဆုပ်ကိုင် ထားလိုက်သည်။ သူ့မျက်လုံးမှာ အရှက်ရမှုနှင့် ဒေါသတွေ ပြည့်နှက်နေသည်။
သူ အာဏာ ရရှိလာကတည်းက ထိုကဲ့သို့သော အရှက်သိက္ခာ ကျဆင်းမှုကို မခံစားခဲ့ရဘူး။ ဒီနေ့ ဖြစ်ခဲ့သော ကိစ္စတွေကို စိတ်ထဲမှာ မှတ်ထားလိုက်မယ်။ တစ်နေ့မှာ စစ်သူကြီး ယွမ်အိမ်တော်မှ လူအားလုံးက အသက် ချမ်းသာပေးဖို့ ဒူးထောက် တောင်းပန်စေရမယ်။
"ယန်အာ...။ လင်အာ... ကောင်းကင်ကနေ ဒီနေရာကို မြင်နေရလား”
ယွမ်လော့ ကောင်းကင်ကို ငေးကြည့်ရင်း ကျယ်လောင်စွာ အော်လိုက်သည်။
"စစ်ပွဲကာလက စုန်းမသားက သတင်း ပေါက်ကြားအောင် ပြုလုပ်ပြီး ကလေးတို့ကို စစ်ပွဲမှာ သေဆုံးစေခဲ့တယ်။ ဘုရင် ကိုယ်တိုင်ကလည်း ကလေးတို့ တိုင်းပြည်အတွက် အကျိုးပြုခဲ့တာကို မေ့လျော့ပြီး သူတို့ဘက်က ရပ်တည်ခဲ့တယ်။ အခုတော့ ဖေဖေက သူတို့ကို ကလေးတို့ အုတ်ဂူရှေ့မှာ အကြိမ် တစ်ထောင် ဒူးထောက် တောင်းပန်စေမယ်။ ကလေးတို့ ဝိညာဉ် အေးချမ်းစွာ အနားယူနိုင်ပါစေ”
စကားပြောနေရင်း အဘိုးအို မျက်နှာမှ မျက်ရည်များ ကျဆင်းလာသည်။
နှစ်တွေ ဘယ်လောက် ကြာညောင်းခဲ့ပြီးလဲ။
ထိုနေ့ရက်လေး ရောက်ရှိလာဖို့ နှစ်တွေ ဘယ်လောက် စောင့်မျှော်ခဲ့ရလဲ။
ထိုကိစ္စနဲ့ပတ်သက်ပြီး ရှင်ဘုရင်ကို အစီရင်ခံခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး။ ဘုရင် ပြန်ပြောလိုက်တာက
"အခု ပြီးခဲ့တာတွေက ပြီးခဲ့ပြီ။ ရှာဖွေ စုံစမ်းဖို့ ဆိုတာလည်း အချိန်ဖြုန်းရာ ဖြစ်လိမ့်မယ်။ လူကြီးမင်းမုလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို စစ်သူကြီးအိမ်ကို လာတောင်းပန် ခိုင်းလိုက်ပါမယ်။ မင်းလည်း သိနေတာပဲလေ။ သေဆုံးသွားတဲ့လူကို အသက်ပြန်ရှင် လာအောင် မပြုလုပ်နိုင်ဘူး။ ပူဆွေး ဝမ်းနည်းမှုကို ထိန်းချုပ် ထားလိုက်ပါ”
တောင်းပန်မယ်။ ထိုလူက သူ့သားနဲ့ချွေးမကို သတ်လိုက်တာကို ရိုးရှင်းတဲ့ တောင်းပန်မှုနဲ့ ကျေနပ်ရမယ်တဲ့လား။
သူ ဒေါသစိတ်ကြောင့် နယ်စပ်မှာရှိတဲ့ စစ်သည်အားလုံးကို ဆင့်ခေါ်ပြီး မုအိမ်တော်ကို ချင်းနင်းဝင်ခဲ့သည်။ သူ့စစ်ပွဲနှင့်လည်း ပါဝင် ပတ်သက်မှု မရှိချင်တော့ဘူး။ သို့သော်လည်း နယ်စပ်မှာ နေထိုင်တဲ့ ပြည်သူတွေက အသူရာ ချောက်ကဲ့သို့ နာကျင်မှုကို ခံစားနေရသည်ဟု ကြားသိရသည်။ သူ လျစ်လျူ မရှုနိုင်ခဲ့ဘူး။ ထိုကြောင့် စစ်သားတွေကို ဦးဆောင်ပြီးတော့ စစ်ထွက်တိုက်ဖို့ ရွေးချယ်ခဲ့သည်။
"ဘိုးဘိုး"
သူမအဘိုး ခံစားချက်ကို မထိန်းချုပ် နိုင်တာကို တွေ့ရတော့ ယွမ်လော့ဖုန်းလည်း အဘိုးအနားကို ပြေးသွားပြီး သူမလက်နှင့် ဖေးမ ကူညီလိုက်သည်။
ယွမ်လော့ဖုန်း အနည်းငယ် မျက်မှောင်ကြုတ် လိုက်ပြီးတော့
"နောက်ကျနေပြီ။ အိမ်ပြန်ဖို့ ဘိုးဘိုးကို ခေါ်သွားပေးမယ်။ အကြိမ်တစ်ထောင် ဒူးထောက် တောင်းပန်ဖို့ ယွမ်ရှောင်ကို ကြီးကြပ်ခိုင်းထား လိုက်မည်”
"ကောင်းပါပြီ”
ယွမ်လော့လည်း မျက်လုံးကို မှေးစင်းလိုက်တယ်။ သူ ဒီမြင်းကွင်းကို မြင်ရဖို့အတွက် နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသည်။ သူ့နှလုံးသားထဲမှာ ကြီးမားသော ကျောက်တုံးတစ်ခု ရှိနေသလို ခံစားရသည်။ အသက်ရှူရ ခက်ခဲစေတယ်။
သူ စစ်သူကြီးတစ်ယောက် မဖြစ်လာခဲ့ဖို့သာ ဆုတောင်း နေမိတယ်။ သူ စစ်သူကြီး ရာထူး မရှိခဲ့လျှင် သူ့သား ယွမ်ယန်နှင့် သူ့ချွေးမ စစ်ပွဲမှာ အသက် ဆုံးရှုံးရမည် မဟုတ်ပေ။
ထင်းရှူးသစ်တောမှ လမ်းလျှောက် ထွက်လာပြီး ယွမ်လော့ဖုန်း ရပ်လိုက်တယ်။ သူမ မျက်ဝန်းနက်တွေနှင့် သူမဘေးနားက အဘိုးအိုကို ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။
"ဘိုးဘိုး.... ဖုန်းအာကို ဘာမေးခွန်းမှ မမေးတော့ဘူးလား။ မုချင်ချောင်ကို ဘာလို့ မသတ်လဲဆိုတာ မသိချင်တော့ဘူးလား။ မုချင်ချောင်ကို မသတ်ခဲ့လို့ အပြစ် မတင်တော့ဘူးလား”
***
အပိုင်း(၁၄၉)
ပူဆွေးဝမ်းနည်းနေသော အိမ်ရှေ့စံမင်းသား(၃)
ယွမ်လော့ အနည်းငယ် ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။
"မြေးလေးမှာ သူတို့ကို မသတ်ရတဲ့ အကြောင်းပြချက် ရှိမယ် ဆိုတာ ဘိုးဘိုး သိပါတယ်။ ဘိုးဘိုး မမေးပါဘူး”
သူ့မြေးလေး ပြုလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ ဘယ်တော့မှ စိတ်မပူရပါဘူး။
"ဘိုးဘိုး.... ခွေးဘုရင်က မုမျိုးနွယ်ကို သိသိသာသာ ဘက်လိုက်နေတာ မအံ့ဩဘူးလား”
ယွမ်လော့ဖုန်းလည်း သူမမေးရိုးလေးကို ထိကိုင်ပြီး စဉ်းစားတွေးတော ဟန်ပြုကာ "အမတ်ချုပ်မုက စစ်ဗျူဟာကို ပေါက်ကြားစေခဲ့တယ်။ စစ်ပွဲမှာ ဖုန်းအာ မိဘတွေကို သေဆုံးစေခဲ့တယ်။ တကယ်တမ်း ပြောရရင် အမတ်ချုပ်မု အပြုအမူက နိုင်ငံတော် သစ္စာဖောက်တဲ့ ပြစ်မှုပဲ။ ခွေးဘုရင်က ကြင်ရာတော်မှုကို နှစ်နှစ်ကာကာ ချစ်နှစ်သက်သော်လည်း သိသိသာသာ ကာကွယ်ပေးလို့ မဖြစ်နိုင်ဘူးလေ”
ယွမ်လော့လည်း ယွမ်လော့ဖုန်းကို အံ့ဩစွာ ငေးကြည့်နေမိသည်။ သူ့မျက်လုံးမှာ သံသယတွေ ဖြစ်ပေါ်နေသည်။
"အဘိုး... ဒီကိစ္စကို တကယ် မတွေးခဲ့မိဘူး”
တကယ်တမ်း အမတ်ချုပ်မုက နိုင်ငံတော် သစ္စာဖောက်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့သည်။ ဒါပေမဲ့ ဘုရင်က ကြင်ရာတော်မုကို အပြစ်မပေးခဲ့ဘူး။ ထိုအစား အမတ်ချုပ်မုကို ကာကွယ်ပေးဖို့ ရွေးချယ်ခဲ့တယ်။ ကြင်ရာတော်မုကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့လို့ မဟုတ်ဘူးလား။
ယွမ်လော့ဖုန်းလည်း ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်သည်။
"ပြောရရင် ဖုန်းအာက လင်းကုန်းကုန်းကို ယောက်ျားဘဝ ပြန်ရောက်အောင် ကူညီပေးခဲ့တာ။ သို့သော်လည်း ဘုရင်က လင်းကုန်းကုန်း သင်းကွပ်တာကို ရှောင်ရှားခဲ့လို့ဟု ယုံကြည်ခဲ့တယ်။ မောင်းမဆောင်မှာ သင်းမကွပ်တဲ့ ယောက်ျားဆိုတာ ဘာကို ဖော်ပြလဲဆိုတာ ဘိုးဘိုးလည်း သိပါတယ်။ မိဖုရား ဖောက်ပြန်တာကို လက်ခံတယ်ဆိုတဲ့ သဘောပဲ။ အစိမ်းရောင် ဦးထုပ်ကို လိုလိုလားလား လက်ခံတယ်ပေါ့”
ယောက်ျား တစ်ယောက်က မောင်းမဆောင်ထဲမှာ သင်းမကွပ်ဘဲ ကုန်းကုန်း တစ်ယောက် အဖြစ် နေထိုင်နေတယ် ဆိုလျှင် မိဖုရား သစ္စာမဲ့နေတယ်လို့ ဆိုတာပဲ။ ကွမ်တုက သူမ စွမ်းရည်ကို မယုံကြည် နိုင်တာကြောင့် ထိုကဲ့သို့သော ကိစ္စကို လက်ခံခဲ့တယ်။
မုဝူစွမ်းကို ကာကွယ်ပေးနိုင်ဖို့ အတွက် သူ့ကိုယ်တိုင် အစိမ်းရောင် ဦးထုပ်ကို စောင့်နိုင်တယ်လား။
ယွမ်လော့ဖုန်း ထိုကိစ္စကို တွေးနေခဲ့မိတယ်။
"ဖုန်းအာ.... မြေးလေး ပြောသလိုပဲ ထူးဆန်းနေတယ်”
ယွမ်လော့ ခဏ တိတ်ဆိတ် နေလိုက်ပြီးတော့ ဆက်ပြောလိုက်သည်။
"ကွမ်တုက မုမျိုးနွယ်ဘက်ကို အရမ်း ဘက်လိုက်နေတယ်။ အကြောင်းအရင်း ရှိမယ်လို့် ထင်တယ်”
"ဒါကြောင့် ခွေးဘုရင်နဲ့ မုချင်ချောင်ကို သတ်လို့ မရသေးဘူး”
ယွမ်လော့ဖုန်း မျက်လုံးတွေက လူသတ်ချင်စိတ်ကို ဖော်ပြနေသည်။
"သို့သော်လည်း ဖုန်းအာ ကျိန်ဆိုတယ်။ တစ်နေ့မှာ မုချင်ချောင် ခေါင်းနဲ့ ဖုန်းအာမိဘတွေ ဝိညာဉ်ကို ဖြေသိမ့်ပေးမယ်။ မုမျိုးနွယ်ကို ဘက်လိုက်နေတဲ့ ကွမ်တုလည်း ကျရှုံးစေရမယ်”
"ကောင်းတယ်”
ယွမ်လော့ ရယ်လိုက်ပြီး ခေါင်းပုတ် လိုက်ပြီးတော့
"မျှော်လင့် ထားတဲ့အတိုင်း ယွမ်အိမ်တော်ရဲ့ ကောင်းမွန်တဲ့ မျိုးဆက်။ ယွမ်မိသားစုဝင် တစ်ယောက်က ရဲရင့်ရမယ်။ ယုံကြည်ချက် ရှိရမယ်။ မြေးလေး အနာဂတ်မှာ အောင်မြင် လာမယ်လို့ ဘိုးဘိုး ယုံကြည်တယ်”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ ရက်အနည်းကြာရင် အနီရောင် ဖယ်ရီသီး အပင်က စိတ်စွမ်းအား အသီး ခူးဆွတ်ရတော့မယ်။ ဘိုးဘိုးကို အံ့ဩအောင် ပြလို့ရပြီ။
နောက်တစ်နေ့မှာ
ယွမ်အိမ်တော် နောက်ဘက် ခြံဝင်းဘက်မှာ မိန်းကလေး တစ်ယောက်က မှီထိုင်ရသော ထိုင်ခုံပေါ်မှာ ပျင်းရိလေးတွဲစွာ ထိုင်နေတယ်။ လက်ထဲမှာ စပျစ်သီးကို ကိုင်ထားသည်။ စပျစ်သီး အစေ့ကို ဖယ်ရှားပြီးတော့ စပျစ်သီးလေးကို ချိုမြိန်စွာ စားသောက် နေသည်။
"စပျစ်သီးလေးတွေကို ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေထဲမှာ စိုက်လို့ ရလားဆိုတာ သိချင်မိတယ်”
ယွမ်လော့ဖုန်း နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်တယ်။ ကောက်ကျစ် စဉ်းလဲသော ပုံစံကို ဖော်ပြတယ်။ ဒါပေမဲ့ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးပါ။
သူမ တွေးနေရုံလေး ရှိသေးတယ် … သူမ စိတ်ဝိညာဉ်ထဲမှ ချစ်စရာကောင်းတဲ့ အသံလေးကို ကြားလိုက်ရသည်။
"ယွမ်ရှောင် သခင့်ချစ်သူဖြစ်စေမှ အသီးပင်တွေကို ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေမှာ စိုက်ပျိုးလို့ ရမယ်”
ရှောင်မိုအသံက အနည်းငယ် ဒေါသထွက် နေသလိုပဲ။ နှစ်ဝက်လောက် ကြာခဲ့ပြီ။ သခင်က ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။ သခင်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မိတယ်။
ယွမ်လော့ဖုန်း မျက်ခုံးအနည်းငယ် တွန့်လိုက်ပြီးတော့
"ဒါပေမဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာ ရှောင်မိုပြောလေ...”
***
အပိုင်း(၁၅ဝ)
ပူဆွေးဝမ်းနည်းနေသော အိမ်ရှေ့စံမင်းသား(၄)
သူမ စိတ်ဝိညာဉ်ထဲမှာ တစ်ခဏ တိတ်ဆိတ်နေသည်။ သူမကို အံ့ဩစေတဲ့ ရုတ်တရက် ငိုသံကို ကြားလိုက်ရတယ်။
"သခင် လူဆိုးမကြီး.... နောက်ဆို ဒီအကြောင်းကို ထပ်မပြောတော့ဘူး... အဟင့်… ဟင်”
ခဏလောက် ငိုပြီးတော့ ချစ်စရာ ကောင်းတဲ့ ကလေးက သူမနဲ့ ဆက်သွယ်တာကို ဖြတ်တောက် လိုက်သည်။ သူမကို လျစ်လျူရှု လိုက်တယ်။ သူ နောက်လိုက် ကလေးလေးက ထောင့်တစ်ခုမှာ ထိုင်ပြီးတော့ စက်ဝိုင်းလေးတွေ ရေးဆွဲနေတာကို မြင်နေရပါတယ်။ သူ့ချစ်စရာ မျက်နှာလေးက မကျေနပ်ချက်တွေနဲ့ ပြည့်နေတယ်။
ကလေးကို ချော့ဖို့ စဉ်းစားနေစဉ်မှာ ရင်းနှီးထဲ ပုံရိပ်တစ်ခု သူမမျက်ဝန်းထဲ ရောက်ရှိလာသည်။ သူမ ပြုံးလိုက်ပြီးတော့
"ယွမ်ရှောင်... တာဝန် ပြီးမြောက်ခဲ့ရဲ့လား”
ထိုလူက ခံစားချက်မဲ့စွာ ခေါင်းညိတ်သည်။
"အကြိမ်တစ်ထောင် ဒူးထောက် ဂါရဝပြုစေခဲ့တယ်။ လျော့လည်း မလျော့ဘူး။ များလည်း မများစေခဲ့ဘူး”
အကြိမ်၁ဝဝ ဒူးထောက် ဂါရဝပြုမယ် ဆိုရင်တောင် ခေါင်းကွဲနိုင်တယ်။ ထိတ်လန့်ဖွယ် မုချင်ချောင် ပုံစံကို တွေးမိတိုင်း ကျေနပ်မိတယ်။ ဒီအဘိုးကြီးတော့ အတော်ကို အနားယူရမှာပဲ။
"သခင်မလေး”
ရုတ်တရက် အစေခံ ကောင်မလေးက အပြေးလွှား ရောက်ရှိလာသည်။
"အိမ်ရှေ့စံမင်းသား ရောက်ရှိ လာပါတယ်”
"အိမ်ရှေ့စံမင်းသား..."
ယွမ်လော့ဖုန်းလည်း မျက်ခုံးကို အပေါ်သို့ မြှင့်တက်သည်။
"ဝင်ခွင့်ပေးလိုက်...”
"ဟုတ်ကဲ့ပါ သခင်မလေး..."
သူမကို သတင်းပို့ပြီးတာနဲ့ အစေခံမိန်းကလေး ထွက်ခွာသွားတယ်။ သိပ်မကြာခင်မှာ အပြာရောင် ဝတ်စုံနဲ့ အမျိုးသား တစ်ယောက် သူမရှေ့ကို ရောက်ရှိ လာသည်။
ထိုလူငယ်ပုံစံက ဖြူဖျော့နေသည်။ ပင်ပန်းနေသည့် ပုံစံ ဖြစ်နေသည်။ စူးရှတဲ့ မျက်ဝန်းမှာ စိတ်ရှုပ်ထွေး နေတာကို ဖော်ပြနေသည်။ စူးရှတဲ့ မျက်ဝန်းတွေနဲ့ ယွမ်လော့ဖုန်းကို ကြည့်နေသည်။
"ယွမ်လော့ဖုန်း... မင်း ရည်ရွယ်ချက်ရှိရှိ ကြံစည်တာလား”
ကွမ်လန်... လက်သီးကို ကျစ်နေအောင် ဆုပ်ထားသည်။ သူမနဲ့ ပထမဆုံး တွေ့တဲ့အချိန်မှာ သူမကို ကုသပေးဖို့ တောင်းဆိုတာ မဟုတ်ဘဲ ဒီမေးခွန်း မေးဖို့ အတွက်ပေါ့။ သူမကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုဘူးပေါ့။
"ဟုတ်တယ်။ ငါ ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့တာ...။ ရှင်က ဘာလုပ်ချင်လို့လဲ”
မိန်းကလေးအသံက မာနဝင့်ကြွားနေပြီး သြဇာလွှမ်းမိုး လွန်းသည်။ လုံယွမ် တိုင်းပြည်က မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်နေတဲ့ ယောက်ျား တစ်ယောက်ကို သူမ ချစ်သူအဖြစ် မထားဘူး။
"မင်း..."
ကွမ်လန်ရဲ့ ချောမောတဲ့မျက်နှာက လူမမာ တစ်ယောက်လို ဖြူဖျော့လာသည်။
"ငါ နောင်တရမယ်မှန်း သိလို့ ချင်မြစ်ဘေးမှာ မင်းကို နောင်အနာဂတ်မှာ မနှောင့်ယှက်ပါဘူး ဆိုပြီး ကျိန်ဆို ခိုင်းတာပေါ့"
ဒီမိန်းမက ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့တာပဲ။ သူ့ကို ထိုစကားမျိုးပြောဖို့ လှည့်စားခဲ့တယ်။ သူမနဲ့ ဒီလိုအခက်ခဲမျိုး ရင်ဆိုင်ရမယ်လို့ မထင်ထားခဲ့ဘူး။
ယွမ်လော့ဖုန်းလည်း ကွမ်တုရဲ့ ပူဆွေး ဝမ်းနည်းကာ နောင်တရနေသော မျက်နှာကို ကြည့်လိုက်တယ်။ သူမ မဲ့ပြုံး ပြုံးလိုက်ပြီးတော့
"ကျွန်မက အာရုံခံစား မိနေလို့ ထင်ပါတယ်”
ကွမ်လန် နှလုံးသားက နှလုံးခုန်ဖို့ မေ့လျော့ သွားသကဲ့သို့ ခံစားရသည်။
ဟုတ်တယ်။ ယွမ်လော့ဖုန်းက စိတ်စွမ်းအား ကျင့်ကြံလို့ မရတဲ့ အမှိုက် ဖြစ်နေဆဲ...။ ဒါပေမဲ့ ဆေးပညာကို အကျိုးရှိတယ်။ အိမ်ရှေ့စံ မိဖုရားဖြစ်ဖို့ အရည်အချင်း ရှိတယ်။ ဆေးစံအိမ်တော်က ရုန်အကြီးအကဲ ကလည်း အရည်အချင်းရှိတဲ့ သမားတော် တစ်ယောက်အဖြစ် သူမကို လေးစား ချစ်ခင်သည်။
အခုချိန်မှာ ကွမ်လန် တကယ်ကို နောင်တရနေပါပြီ။
"ယွမ်လော့ဖုန်း"
ကွမ်လန်လည်း ယွမ်လော့ဖုန်း အနားကို ချဉ်းကပ် လာပြီးတော့ နှိမ့်ချသော လေသံဖြင့်
"မင်း ကိုယ့်ကို နှစ်ပေါင်းများစွာ ချစ်လာခဲ့တယ်။ မင်းအချစ်ကို အလွယ်တကူ မေ့ပျောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ် သိပါတယ်။ မင်းကို ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်းပေးပြီး မင်းကို လက်ထပ်ပါမယ်”
ယွမ်လော့ဖုန်း ရယ်လိုက်ပြီးတော့
"ဒါဆို မုဝူစွမ်းကို ဘယ်လို လုပ်မလဲ”
ကွမ်လန် ခဏတာ ဆွံ့အသွားသည်။ တွေးဆပြီးတော့ ပြန်ဖြေတယ်။ "နှစ်ယောက်စလုံးကို တစ်ချိန်တည်း လက်ထပ်မယ်လေ။ နှစ်ယောက်လုံး အဆင့်အတန်း တူတူပဲ။ မင်း ကျေနပ်လား”
"ရှင်က တစ်ချိန်တည်း ဇနီးနှစ်ယောက် ယူချင်တယ်။ အကြံလေးက မဆိုးပါဘူး”
ယွမ်လော့ဖုန်း ခနဲ့လိုက်သည်။ သူမစကားနှင့် သူမမျက်နှာမှာ အထင်သေးခြင်း ပြည့်နေသည်။
"ကံဆိုးသွားရှာပြီပေါ့... ကျွန်မက ဘယ်တော့မှ ယောက်ျား တစ်ယောက်ကို မျှဝေ မသုံးစွဲဘူး။ ကျွန်မလူမှာ အမျိုးသမီးဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိရမယ်။ သူ တခြား မိန်းကလေးကို ထိရဲရင် သူနဲ့ ထိုအမျိုးသမီး နှစ်ယောက်လုံးကို သတ်ပစ်မယ်”
***
စာစဉ်(၆)ပြီးပါပြီ
ဆက်ပါဦးမည်။
***
Bạn đang đọc truyện trên: Truyen247.Pro