ငယ်ဘဝထဲကသူမ
အပိုင်း(၃)
Yan Yi Jun [ရန်ရီကျွင်း]လက်ထဲက ကော်ဖီခါးခါးတစ်ခွက်ကို အရသာခံသောက်ရင်း သူ့စိတ်ကြိုက်ပြင်ဆင်ထားတဲ့ သူ့တိုက်ခန်းကို လှည့်ပတ်ကြည့်နေရင်း အကျေနပ်ကြီးကျေနပ်နေသည်။ အိမ်လဲ အဆင်သင့် ဖြစ်နေပြီမလို့ မနေ့က သူဟိုတယ်ကနေ ဒီကို ပြောင်းလာခဲ့သည်။ အနက်နှင့် အဖြူရောင်ကို အဓိက ထားပြီးအလှဆင်ထားတဲ့ အခန်းတွေက ခေတ်မီသေ သပ်တဲ့ အငွေ့အသက်ကို ဖော်ကျူးနေသည်။ တလက်လက်တောက်ပနေတဲ့ မီးဆိုင်းကြီးတွေကလဲ ကြည့်မိတာနှင့် မျက်စိမလွဲနိုင်အောင် ဆွဲဆောင်ထားနိုင်စွမ်းရှိသည်။ သူအခုဝယ်လိုက်သည့်တိုက်ခန်းက .. အိပ်ခန်း သုံးခန်း.. ဧည့်ခန်းကျယ်တစ်ခုရယ် မီးဖိုချောင်တစ်ခုတင်သာမက လျှောက်လမ်းကျယ်ပါ ပါသည့်အတွက် တစ်ဦးထဲ နေမည့်သူ့အတွက်တော့ လိုအပ်သည်ထက်ကို ပိုပြီးပြည့်စုံနေသည်။ သူတက်မည့်ကျောင်းကိုလည်း ဆယ့်ငါးမိနစ်လောက်သာ ကားမောင်းရမည့် အကွာအဝေးမလို့ အတော်လေးကို အဆင်ပြေနေသည်။ ဘယ်အချိန်ထဲက အိမ်ကထွက်သွားစေချင်နေလဲ မသိသည့် ဖခင်က သူ့ကို USD လေးသန်းပင် account ထဲထည့်ပေးခဲ့သည်လေ။ တကယ်တော့ သူ့အဖေဆီကနေ အချိန်ပေးမှုရယ် နွေးထွေးမှုရယ်က လွဲရင် တခြားအရာတွေ အားလုံးကို သူရခဲ့ပါသည်။ ဒါပေမယ့်လဲ မိဘရဲ့ နွေးထွေးမှုကို ပိုက်ဆံဆိုတဲ့ သက်မဲ့အရာက ဘယ်အစားထိုးနိုင်မှာတဲ့လဲ... ဒါပေမယ့် Beijing ကိုရောက်ထဲက သူ့အဖေဆီက ဖုန်းသုံး
လေးခေါက်လောက်ဝင်ထားသည့်အတွက် Yan Yi Jun ရင်ထဲတော့ ပီတိလေးတွေ ကျန်ရစ်နေခဲ့သည်။
" ဘာလိုလိုနဲ့ ကျောင်းတောင်တက်ရတော့မှာပဲ.."
ကျောင်းတက်ရမည့်အကြောင်းစဉ်းစားလိုက်မိတော့ Li Na အကြောင်းက သူ့ခေါင်းထဲ ရောက်လို့လာသည်။ ရယ်လိုက်ရင် ချိုင့်ဝင်သွားတဲ့ ပါးချိုင့်လေးနှင့် ဆံပင်ရှည်ရှည်လေးနဲ့ သူမက သူ့ဆယ်ကျော်သက်ဘဝရဲ့ ပထမဆုံးရင်ခုန်ရတဲ့သူဖြစ်ခဲ့သည်။ သူသိတတ်စလောက်ထဲက LiNa က သူတို့အိမ်ဘေးပြောင်းလာသည်မို့ သူတို့နှစ်ယောက်က ဆော့ဖော် ဆော့ဖက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ လူပျိုပေါက်အရွယ်လောက်ရောက်တော့ သူLi Na ကို ရင်ခုန်မိပေမယ့်လဲ သူမက အနေအေးလွန်းသည့်အပြင် သူဖွင့်ပြောလိုက်ရင် လက်မခံပဲ မူရင်းသူငယ်ချင်းသံယောဇဉ်လေးပင် ပျက်သွားနှာစိုးတာ မလို့ သူဖွင့်မပြောဖြစ်ခဲ့..
သူ LAကိုရုတ်တရက်ပြောင်းရချိန် အသက်13 နှစ်ထဲက မတွေ့ဖြစ်တာဆိုတော့ ဘာလိုလိုနဲ့ ငါးနှစ်ပင်ရှိခဲ့ပြီ.. အရင်နေ့တွေက သူငယ်ချင်းအချို့နဲ့ ပြန်တွေ့ဖြစ်တော့ LiNa ကလဲ သူတက်မည့် UIBE မှာပဲ တက်နေသည် ဆိုတဲ့ သတင်းသူသိခဲ့ရသည်။ သူအရင်အိမ်အဟောင်းဖက်က LiNaတို့အိမ်ကို သွားကြည့်ခဲ့ပေမယ့် သူတို့လဲ အိမ်ပြောင်းသွားတာ သုံးနှစ်လောက်ပင်ရှိနေပြီမလို့ သူLiNa ကို တွေ့ဖို့ မလွယ်တော့ဟုထင်လိုက်မိပေမယ့် ရေစက်ထပ်ဆုံဖို့ ကံပါလာပုံရတဲ့LiNaနှင့်သူ က ကျောင်းပါလာတူနေသည်လေ.. LiNa က သူ့ထက်တစ်နှစ်ကြီးပေမယ့် ငယ်ငယ်ထဲကလည်ပင်းဖက်ပေါင်းလာခဲ့သည့် သူတွေမလို့ သူကတော့ သူမကို နာမည်အလုံးလိုက်အတိုင်း LiNaလို့သာခေါ်သည်။
" 🎵🎵See you..see you..see you again.. love your..love yourself.. I can't..I can't take your hand Baby 🎵🎵 "
သူ့ရဲ့ idol ကြီးZitao၏အသံက နားထဲတိုးဝင်လာတာမလို့.. Yan Yi Jun ကော်ဖီခွက်ကို စားပွဲပေါ်ချခဲ့ရင်း အိပ်ခန်းထဲကို သွက်လက်သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။ ဒီဖုန်းကတ်က တရုတ်ပြန်ရောက်မှ ဝယ်ထားတဲ့ ဖုန်းကတ်မလို့..သူ့ဖုန်းကို သိပြီး ခေါ်မည့်သူက များများစားစားရယ်လို့ မရှိ.. ဖုန်းcontact ကိုကြည့်မိတော့ သူတစ်ချက်ပြုံးလိုက်ရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။
" အေး..သားကြီးပြော.."
" မင်းဒီညအားလား.."
" အေးအားပါတယ်ကွ..ဘာလို့လဲ.."
" အော်..ငါ့ကို တစ်ဝိုင်းဒကာခံဖို့..အသင့်ပြင်ထားလို့ပြောမလို့ပါကွ..ဟားဟား.."
" မင်းဟာကလဲ ဘာမှလဲ မဆိုင်ဘူး.."
" မဆိုင်ဘူးလို့ဘယ်သူပြောလဲ..ငါ့မှာသတင်းကောင်းတစ်ခုရှိတယ်ကွ..မင်းကြားလိုက်ရင် သိပ်ဝမ်းသာသွားမယ်ဆိုတာ ငါပြောရဲတယ်.."
" အမယ်...သေချာလှချည်လား..ပြောစမ်းပါဦး.."
" တစ်ဝိုင်းနော် သားကြီး.."
"အေးပါကွာ..မဟုတ်လဲ ငါက ကျွေးပီးသားပါကွ .. ပြော..ပြောဘာလဲ.."
" ငါ ဘယ်သူ့ဖုန်းနံပါတ်ကို ရခဲ့တယ်ထင်လဲ.."
" ငါက ဘယ်လိုလုပ်သိမှာလဲ ဟျောင့်.."
" အဲ့ဒါကြောင့်မို့ မင်းကို ပိန်းပါတယ်လို့ပြောတာပေါ့.. မင်းရဲ့ Jie Jie ကြီးဖုန်းနံပါတ်ဟုတ်ပြီလား.."
သူ့သူငယ်ချင်းစကားကြောင့် Yan Yi Jun [ရန်ရီကျွင်း] အပျော်လုံးဆို့သွားသည်။ LiNaကို တွေ့ရဖို့ ကျောင်းရောက်မှ ကျောင်းရိုးကိုးပေါက်လိုက်ရှာရမည့် ဘဝကနေ အခု ဖုန်းနံပါတ်ရသည်ဆိုတော့ တော်တော်ကို ဝမ်းသာဖို့ ကောင်းသည့် သတင်းမဟုတ်ပါလား..
" သားကြီးအရမ်းတော်တယ်ကွာ...ညကြရင် တဝိုင်းမကဘူး..စားနိုင်ရင် ဆယ်ဝိုင်းလဲစားလို့ရတယ် ဟုတ်ပြီလား.."
" ခွေးကောင် အခုမှ စေတနာတွေ လာပိုနေတာ
သူ့ဖုန်းနံပါတ်ရဖို့က အတော်ကို မလွယ်တာကွ.. သူက သူတို့ကျောင်းမှာတော့ Star တစ်ယောက်ဆိုတော့ သိတဲ့သူတွေကလည်း သူ့ဖုန်းနံပါတ်ကို လွယ်လွယ်ကူကူမပေးချင်ကြဘူး.. ဘာနဲ့ တူလဲဆိုတော့ idol တစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို သိရဖို့ ခက်သလိုပဲ.."
" ဟ..အဲ့လောက်တောင်လား.."
" အေး..ဘောစိအသိုင်းအဝိုင်းကလဲ ဖြစ်တာကိုး.. သူ့ဘဲကြီး အရှိန်ကလဲ ရှိသေးတယ်.. အဲ့ဘဲက ဂျစ်ကန်ကန် ထောင်လွှားလွှားနဲ့..ချောတာတော့ အတော်ချောတယ်..အဲ လက်သံလဲပြောင်တယ်လေ..ငါတော့ တစက်ကလေးမှကြည့်မရဘူး.. မိဘက ပိုက်ဆံချမ်းသာတာနဲ့ ထင်ရာစိုင်းချင်နေတာ..UIBE မှာတော့ သူတို့အတွဲက နာမည်ကြီးပဲ.."
" အော်.."
Yan Yi Jun အသံတစ်ချက်ပဲ ပြုလိုက်နိုင်ရင်းချက်ချင်းငြိမ်ကျသွားသည်။ Li Na ရည်းစားရှိတာ သိလိုက်ရလို့ပဲလား..သူ့ဘဲဆိုတဲ့ အကောင်က ခပ်ဆိုးဆိုးဆိုတာ သိလိုက်ရ၍ လားတော့မသိ.. ရင်ထဲတော့ အတော်လေးမကောင်းဖြစ်သွားသည်။ သူ့မျက်လုံးထဲ ပေါ်လာတာက အနေအရမ်းအေး၍ ပြုံးလိုက်ရင် ချစ်စရာကောင်းလွန်းသော သူမ..
" မတွေ့ရတဲ့ ငါးနှစ်အတွင်းမှာ ဘာတွေများ ဖြစ်ကုန်ပြီလဲကွာ.."
" Yi Jun.. ငါဖုန်းနံပါတ်ကို message ပို့လိုက်မယ်နော်.."
" အေး.အေး..ကျေးဇူးတင်တယ်နော်.."
" ရပါတယ်ကွာ...ကျွေးဖို့သာ မမေ့နဲ့.."
" အေးပါကွာ..မမေ့ပါဘူး.."
ဖုန်းချချပြီးချင်း Yi Jun အိပ်ရာပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်သည်။ သူ့စိတ်အခုအတော်လေးပင်နောက်ကျိနေသည်။ စက္ကန့်နည်းနည်းကြာတော့ ဖုန်းဆီကို message ဝင်သံထွက်လာသည်။ သူကြည့်လိုက်တော့ သူ့သူငယ်ချင်း ပို့ထားတဲ့ နံပါတ်လှလှနှင့် ဖုန်းနံပါတ်ကလေး..
" ဟူး.."
Yan yi jun သက်ပြင်းအရှည်တစ်ခုကို သာချလိုက်သည်။
ဖုန်းဝင်နေသည့်အသံ တတူတူကိုနားထောင်ရင်း Yan Yi Jun စိတ်လှုပ်ရှားနေမိသည်။ ငယ်ငယ်ထဲက သွားအတူလာအတူ..ကစားအတူဖြစ်ခဲ့သည်မို့ Li Na က သူ့ငယ်ဘဝရဲ့ အမှတ်တရ တွေထဲမှာ နေရာအပြည့်ယူထားသည်။ ပြန်တွေ့ရင် အရင်လိုရင်ခုန်ဦးမလားဆိုတာ မသေချာပေမယ့် သူမက သူ့ဘဝရဲ့ အရေးကြီးသော သူတစ်ယောက်အဖြစ်တော့ ဆက်လက်တည်ရှိနေဦးမှာ သေချာသည်။ ဆယ်ကျော်သက်အရွယ် ရင်ခုန်တာမလို့ အချစ်ဦးလို့လဲ သူမကိုသူအမည်မတပ်ချင်.. အချစ်ဆိုသည့်အရာကတော့ သိမ်မွေ့နက်ရှိုင်းလွန်းသည်မဟုတ်ပါလား..
"Wei.."
တစ်ဖက်က အသံချိုချိုလေးကြားတော့ YiJun သဘောတကျပြုံးလိုက်သည်။
" ဘယ်သူလဲလို့ ခန့်မှန်းကြည့်.."
သူ့စကားဆုံးမှာ တစ်ဖက်က ရယ်သံလွင်လွင်လေးထွက်လာသည်။
"အသံကတော့ တို့သိတဲ့အထဲက မဟုတ်ပါဘူး..
ယူကို တို့သိမှ ယူဘယ်သူလဲဆိုတာ ခန့်မှန်းတတ်မှာပေါ့.."
တစ်ဖက်က စကားသံကြောင့် YiJun မျက်မှောင်ကျုံ့သွားသည်။ LiNa က သူ့ကိုတကယ်မမှတ်မိတာလား.. သူကပဲ ဖုန်းမှားခေါ်မိတာလားလို့ပေါ့.. ဒါပေမယ့် တဖက်က အသံက ညုတုတု အသံပေါက်နေတာကလွဲရင် LiNa အသံဆိုတာ သူသေချာနေပြန်သည်။
" တကယ်ကြီးမသိဘူးပေါ့.."
" ခစ်..ခစ်..ယူကအဆန်းနော်..တို့က မလိမ်တတ်ပါဘူး.."
အစထဲက သူဘယ်သူပါလို့မပြောပဲ လျှာရှည်ပြီးပဟေဋ္ဌိဖွက်လိုက်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်ရမလို.. ဘယ်သူမှန်း မမှတ်မိတဲ့ သူ့သူငယ်ချင်းမကို ဒေါသထွက်ရမလိုနဲ့.. Yan Yi Junတစ်ယောက် စူပုတ်နေသည်။
" Wei..ယူဖုန်းဆက်တုန်းကဆက်ပြီး ဘာမှဆက်မပြောတော့ဘူးလား..ဆက်မပြောရင် တို့ဖုန်းချလိုက်တော့မယ်.."
" ဟေ့..ဟေ့..နေပါဦးဟာ..ငါ Yan Yi Jun လေဟာ.."
" ဟင်.. Xiao Jun[ရှောင်ကျွင်း]. တကယ် Xiao Junလား.."
တစ်ဖက်အသံက စိတ်လှုပ်ရှားပျော်မြူးသွားတဲ့ အသံပေါက်တာမလို့ Yan yi Jun စူပုတ်နေနဲ့ ကြားက ပြုံးဖြစ်အောင် ပြုံးမိလိုက်သည်။
"အေး..ရုပ်ပါ မေ့နေရင် ပုံရိုက်ပြီး ပို့ပေးလိုက်မယ်လေ.."
" ဟီး..ငါက တကယ်မမှတ်မိလို့ပါဟ..နင်က အသံပြောင်းသွားတာကိုး.. ဒါနဲ့ငါ့ဖုန်းနံပါတ်..ဘယ်ကဘယ်လိုရပြီး ဖုန်းဆက်လိုက်တာလဲ.. နင်နော်..တကယ်နေနိုင်တယ်.. ငါ့ကို ဒီကြားထဲ တစ်စက်ကလေးတောင် အဆက်အသွယ်မလုပ်ဘူးနော်.."
" ငါတောင်းပန်ပါတယ်ဟာ..အဲ့တုန်းက ငါလဲစိတ်နဲ့ကိုယ်နဲ့တောင် မကပ်ချင်တော့တဲ့ အခြေအနေဆိုတာ နင်လဲသိတဲ့ အတိုင်းပဲမလား.. ဒီကလူတွေအကုန်လုံးနဲ့ကို အသွယ်ပျက်သွားခဲ့တာဟ.. အရင်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ပြန်တွေ့မိပြီး သူကနေတဆင့် တခြားသူတွေကိုပါ ပြန်ဆက်သွယ်မိတာ.. နင့်ဖုန်းနံပာတ်လဲသူ့ဆီကနေ ရတာပဲ... ဒါနဲ့ နင် UIBE မှာ star ဖြစ်နေတယ်ဆို.. နင့်ဖုန်းနံပါတ်ရဖို့ ဟိုကောင့်ခမျာ မနည်းကြိုးစားလိုက်ရတာ.."
" ခစ်ခစ်.. အဲ့လောက်လဲမဟုတ်ပါဘူးဟာ.. ဒါနဲ့ ဒီဖုန်းနံပါတ်က ဒီကဖုန်းမလား..နင်အလည်ပြန်လာတာလား.."
" ဟင့်အင်း..ငါဒီမှာပဲ နေတော့မှာ.. အခုက ကျောင်းတက်ရင်းဒီမှာ အပြီးနေဖို့ပြန်တာလာ.."
" ဟင်..တကယ်.. အဲ့ဒါတို ငါတို့မကြာမကြာ တွေ့လို့ရပြီပေါ့.. သူများတွေက တကူးတက နိုင်ငံခြားကိုတောင် ကျောင်းသွားတက်ကြတာ..နင့်ကျမှပဲ..နိုင်ငံခြားကနေ တရုတ်ပြန်လာကျောင်းတက်ရတယ်လို့.."
"ဒီလိုပါပဲဟာ.. ကိုယ့်နိုင်ငံလောက် ဘယ်မှာမှ မကောင်းဘူးမလား.."
"ဒါနဲ့ ဦးလေးရော နေကောင်းရဲ့လား.."
"အေး..သူကဒေါင်ဒေါင်မြည်ဆိုတာ ထက်ကိုပိုနေသေး..အန်ကယ်နဲ့ အန်တီရော နေကောင်းကြလား.."
" အေးမဆိုးဘူးလို့တော့ ပြောရမှာပဲဟာ.. Mama ကတော့ ဆီးချိုရှိတော့ ဆေးခန်း..ဆေးရုံနဲ့ ပြတ်တယ်လို့ကို မရှိဘူးပေါ့..စိုးတော့ မစိုးရိမ်ရပါဘူး....ဒါနဲ့ နင်အခု ဘယ်မှာနေနေတာလဲ.."
" ..Minzu yuan လမ်းပေါ်က Condo တစ်ခုမှာ တိုက်ခန်းတစ်ခန်းဝယ်ထားတယ်လေ.. အခုအဲ့မှာပဲ နေနေတာ.."
" Min Zuyuan လမ်း..? အဲ့ဒါ ငါတို့ကျောင်းသွားတဲ့ လမ်းနားလေးမှာပဲဟ.. ဘယ်နားလေးမှာ နေတာလဲ.."
" McDonald's ဆိုင်နဲ့တော့ နီးတယ်.."
" အမလေး..တကယ်အရမ်းပျော်တယ်သိလား.. ငါအခုအချိန် Beijing မှာသာ ရှိရင် နင့်ဆီကို အပြေးကလေးလာတယ်.. ငါကအခု Hunan ကို ရောက်နေတာလေ.. NaiNai တို့ နင်နဲ့ အဆက်အသွယ်ရကြောင်းသာသိရင် သိပ်ဝမ်းသာကြမှာသေချာတယ်.. ဒါနဲ့ နင်ကဘယ်ကျောင်းတက်မှာလဲ.."
" ငါအခုတိုက်ခန်းကို ဘာလို့ဝယ်လိုက်တယ်ထင်လဲ.."
"အွန်..ငါက ဘယ်လိုလုပ်သိမှာလဲလို့.."
" ကျောင်းသွားကျောင်းပြန် အဆင်အရမ်းပြေလို့ဝယ်လိုက်တာ..ငါတက်မယ့်ကျောင်းနဲ့ နီးတယ်လေ.."
" ဟင်.. အဲ့..အဲ့ဒါဆို နင်ငါတို့ကျောင်းမှာတက်မှာပေါ့.. ဟာ..တကယ်ကြီးလား Xiao Jun ..ငါအရမ်းကို ပျော်နေတယ်သိလား..နင်ကလေ.. အဆက်အသွယ်မလုပ်တော့လဲမလုပ်ဘူး.. လုပ်တော့လဲ ..လူကို အံ့သြအောင် တခါထဲ လုပ်လိုက်တာပဲ.."
" ငါလဲ ကျောင်းတက်ဖို့ အကုန်လုံးစီပြီးတဲ့ အချိန်နင်လဲအဲ့ကျောင်းကဆိုတာ သိလိုက်ရတုန်းက အတော်လေး အံ့သြ သွားတာ..ဒါနဲ့ နင်စကားတွေ အရမ်းသွက်လာတယ်နော်.. အရင်နဲ့များတခြားစီ.. ခုနက ငါဖုန်းဆက်တော့လဲ.. ယူတွေ..တို့တွေ ဘာတွေနဲ့.. ဟားဟား..."
" သေနာလေး.. ငါက နင်လို့မှ မထင်ပဲ.."
" ဟား..ဟား.. "
" နင်က လဲမရယ်နဲ့ဟာ.."
" ဘာဖြစ်လဲ ရယ်မှာပဲ.. လာကြောင်တဲ့ ဖုန်းထင်လို့ ခရုတွေ ပက်ကျိတွေ ထုတ်သုံးနေတယ်တော့ လုပ်လိုက်.."
" အမလေး.. ငါအဲ့ဒါတွေ ထုတ်မသုံးရင်တောင်မှာ..ယောကျာ်းတွေက ငါ့နောက် တသီကြီးပါပြီးသားပါနော်.."
ဒီနေ့ညတော့ Yan yi jun အိပ်ဖြစ်တော့မည်မထင်.. ငါးနှစ်ကြာမပြောဖြစ်တဲ့ အကြောင်းအရာတွေကို တစ်ယောက်
ာက်တစ်လှည့်ပြောရင်း.. ရယ်မောလိုက်ကြ.. စနောက်လိုက်ကြနှင့်..သူ့စိတ်ထဲလဲ ကြည်နူးပျော်ရွှင်မှုတို့က အပြည့်...မတွေ့ရတာ ဘယ်လောက်ပဲကြာကြာ ပြန်တွေ့တဲ့အခါ..စိမ်းကားမှုမရှိပဲ.. အရင်လိုရင်းနှီးမှုမျိုး ချက်ချင်းပြန်ရတဲ့ ဆက်သွယ်မှုဆိုတာ သူငယ်ချင်းတွေကြားမှာပဲ ရှိသည်မဟုတ်ပါလား.. အခု သူတို့လူချင်းမတွေ့ဖြစ်သေးတာတောင်မှ သူတို့ကြားက ခင်မင်မှုက ကြိုတင်နွေးထွေးအသက်ဝင်လာနှင့်ပြီလေ..
=====>
✨Chinese theme နဲ့ OC မလို့ သာမန် OC တေလောက် attention မရနိုင်မှန်းသိပေမယ့် ဒီအတိုင်းလေးပဲ ရေးဖြစ်ခဲ့ပါတယ်.. ဒါလေးဖတ်တဲ့သူတေအတွက်လဲ ထူးထူးခြားခြားလေး ဖြစ်သွားတာပေါ့.. ဇာတ်လမ်းဘယ်နှပိုင်းရှိမလဲ အသေအချာ မမှန်းတတ်သေးပေမယ့် စာမေးပွဲမဖြေခင် အစအဆုံးပြီးတဲ့စာအုပ်တစ်အုပ်ဖြစ်အောင် ကြိုးစားရေးသွားပါ့မယ် 😊
STARTING POINT ✈✈✈✈✈✈⛵✈✈✈⛵✈✈✈⛵✈✈⛵✈✈✈ MY GOAL✨
🌟 18.6.2017 🌟
Bạn đang đọc truyện trên: Truyen247.Pro