blue waves
ငါငိုနေတာတွေ့ရင် မနှစ်သိမ့်ပါနဲ့
စုတ်ပြတ်သပ်အောင်ပြိုလဲနေလည်း ကမ်းလင့်မယ့် မင်းရဲ့
လက်ကိုပြန်ရုတ်ခဲ့လိုက်ပါ
ငါက ဒီလိုလူ
အရမ်းမွန်းကြပ်လာတဲ့အခါ လွှတ်ချပြီး
တစ်နေရာရာက ငြိမ်သက်မှုမရှိတဲ့အခါ မတုံ့မဆိုင်း
ချန်ထားပစ်ခဲ့နိုင်တဲ့ ကြောင်တစ်ကောင်လို
ငါက ငါသာရာချောင်ကိုရှာပြီး ဝင်ခွေမှာ
ငါ့အမွှေးတွေကို သပ်ပေးချင်တဲ့
လက်ဖဝါးတိုင်းကို မာန်ဖီလွှတ်ဦးမှာ
ငါက ငါ့အတွက်ပဲ ကြည့်မယ်လူ
ဘယ်လိုအဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးတစ်ခုကိုမှ မတည်ဆောက်ပဲ
ဘယ်တစ်ဦးတစ်ယောက်အတွက်မှ
စေတနာ မေတ္တာတွေရှိမနေဘဲ
ငါ့အတွက်ကောင်းမယ်ဆို
အကုန်လုံးကိုနင်းခြေပစ်နိုင်တဲ့လူ
ငါ့လိုလူကိုရှောင်ပါ
ငါ့လိုလူကို မလွမ်းပြနဲ့
ငါ့အတွက်သတိရခြင်းဆိုတာ အလိမ်အညာတွေမလို့
ငါက ငါတစ်ယောက်တည်းနဲ့လုံလောက်တဲ့သူ
ငါ့ရဲ့ လျစ်လျူရှုခြင်းတွေကို အပြစ်တင်ဖို့
မင်းရဲ့ ဂရုစိုက်ခြင်းကရှိခဲ့ရမှာမလို့
မင်းလည်းငါ့ကို လျစ်လျူရှုပါ
တစ်ကြိမ်တစ်ခါမှ ငါ့ကိုငဲ့ကြည့်ပေးဖို့
တောင်းဆိုခဲ့ဖူး တာမှမဟုတ်တာ
မင်းရဲ့ မျှော်လင့်ချက်တွေကို မင်းကိုယ်တိုင် ရိုက်ချိုးလိုက်တဲ့အခါ မင်းလည်းပဲ ပျော်ရမှာ.. ။
Bạn đang đọc truyện trên: Truyen247.Pro