Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 853-857

အပိုင်း(၈၅၃)

 
များပြားစွာသော သက်တော်စောင့်များက တစ်ယောက်ကို တစ်ယောက်  ငေးကြည့်လိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက် ချလိုက်လေသည်။ 
“အကြီးအကဲ ခင်ဗျား … လင်းသခင်လေးက သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ဆောင်ခဲ့တာပါ … ကျွန်တော်မျိုးတို့မှာလည်း ရွေးချယ်ခွင့် မရှိလို့ သူ့အတွက် လိမ်လည် ပေးရတာပါ … ကျွန်တော်မျိုးတို့ကို အကြီးအကဲ …သနားညှာတာပေးပါ”
ရဲ့ရှန်းအကြီးအကဲ၏ မျက်နှာက တဖြည်းဖြည်းချင်း တည်ငြိမ်လာပြီး ရဲ့ထန်လင်းကို အေးစက်သော အကြည့်စူးစူးဖြင့် ကြည့်လိုက်လေသည်။
“အမှန်ပဲလား”
အစကတော့ ပြစ်တင် ပြောဆိုရန် ယုံကြည်ချက် ရှိခဲ့သော်လည်း ရဲ့ရှန်းအကြီးအကဲ၏ စကားသံကို ကြားပြီးနောက် … သူ့ခန္ဓာကိုယ်က ပျော့ခွေသွားပြီး အောက်ကျို့သော အသံနှုန်းနှင့် ပြန်လည် ဖြေကြားလိုက်လေ၏ ။
“အကြီးအကဲ ခင်ဗျား ... ဒီမိန်းမပျက်က ကျွန်တော့် လက်ကို ထိန်းချုပ်ပြီး ကိုယ့်ဘာသာ ပါးရိုက်စေခဲ့ပါတယ် … အားလုံးက သူမရဲ့ အမှားပါ …”
ဖြန်း …
ပါးရိုက်ချက် သူ့အပေါ် ကျရောက်လာပြီး ရဲ့ထန်လင်းကို အင်မတန် တုန်လှုပ် ချောက်ချား သွားစေလေ၏ ။  သူ့ရှေ့၌ ရပ်နေသည့် အမျိုးသားကြီးကို တအံ့တဩ ကြည့်လိုက် လေသည်။ 
“ကျေးဇူး မသိတတ်တဲ့သား …”
ရဲ့ကျင်းရွှမ်ကို ကြည့်ရသည်မှာ အတော်လေးကို ဒေါသထွက် နေသည်။
“ငါ မင်းကို ဘယ်လိုမျိုး ဆုံးမ သွန်သင်ထားလဲ … မင်းအစ်ကိုတွေနဲ့ အစ်မကို ဘယ်လိုမျိုး ပြုမူ ဆက်ဆံလိုက်တာလဲ … အခုချက်ချင်း … ကိုယ့်အခန်းကိုယ် ပြန်ပြီး အမှားကို ပြန်သုံးသပ်လိုက်စမ်း … ငါ့အမိန့် မရှိဘဲ … အခန်းထဲက ခြေတစ်လှမ်းမှ မထွက်နဲ့ …”
ရဲ့ထန်လင်းက သူ့မျက်နှာကို လက်ဖြင့် ကွယ်ထားလိုက်လေပြီး မကျေလည်သည့် မျက်ဝန်းများဖြင့် ယွမ်လော့ဖုန်းကို ကြည့်လိုက်လေသည်။ ဤ အကြည့်က လူသတ်နိုင်မည် ဆိုပါလျှင် ယွမ်လော့ဖုန်းကို အကြိမ်ပေါင်း ထောင်ချီ ပိုင်းဖြတ် ပြီးလောက်ပြီ။
“အစ်ကိုကြီး”
ရဲ့ကျင်းရွှမ်လည်း ရဲ့ကျင်းချန်းဘက် မျက်နှာမူ၍ ပြုံးပြလိုက်လေရာ …
“ဒီကိစ္စက လူငယ်တွေကြားမှာ နားလည်မှု လွဲခဲ့တာပါ … အစ်ကိုကြီးက အမြဲတမ်း အကျိုးအကြောင်း စဉ်းစားတတ်သူ ဖြစ်နေပြန်တော့ ဒီကိစ္စလေးကြောင့်နဲ့ လင်းအာကို အခက်အခဲ မဖြစ်စေဘူးလို့ ယုံကြည်မိပါတယ် …”
သူ့စကားသံက အမှားကို ဝန်ခံနေသည့်လို့ ထင်မှတ်ရသော်လည်း အမှန်တကယ်က  ... ရဲ့ကျင်းချန်း ခွင့်မလွှတ်လျှင် အကျိုးအကြောင်း မဆီလျော်သူ ဖြစ်နိုင်မည်ဟု ခြိမ်းခြောက်ခြင်းပေ။
တခြားသူ ကြားသိခဲ့လျှင် သူတို့၏ သဘောထားကြီးမှုကို ပြသရန် ရဲ့ထန်လင်း၏ အပြုအမူကို ခွင့်လွှတ်ပေးရမည်။ ကံဆိုးမိုးမှောင် ကျရောက်ချင်ပြန်တော့ သူတို့တွေ ရင်ဆိုင်နေရသည့် သူက တခြားသူ မဟုတ်ဘဲ ဇနီးသည်ကို ကာကွယ်ရန် စိတ်အားထက်သန်သည့် ရဲ့ကျင်းချန်း ဖြစ်နေပြန်သည်။
ကျွင်းဖန်လျန်၏မျက်နှာတွင် အပြုံးတစ်ပွင့် ဖူးပွင့်လာလေရာ …
“ရှင် ပြောတာ မှန်သင့်သလောက် မှန်ပါတယ် ... ရှင့်အစ်ကိုကြီးက စဉ်းစား ဆင်ခြင်တတ်သူပါ …”
ကျွင်းဖန်လျန်၏ တုံ့ပြန်သည့် အပြုအမူက သူ လိုချင်သည့် အနေအထားမျိုး ဖြစ်နေသည့်အတွက် ရဲ့ကျင်းရွှမ်း ပြုံးလိုက်လေ၏။  ထိုမိန်းမက အရင်အတိုင်း ဖြစ်နေပါလား။ ရဲ့မိသားစု နှစ်သက်မှုကို ရရှိဖို့ သူမ၏ ဒေါသစိတ်ကို မျိုသိပ်နေတုန်းပါလား။ 
“ဒါပေမဲ့ …”
ရုတ်ခြည်း အမျိုးသမီး၏ အသံက ပြောင်းလဲ သွားတော့သည်။
“ရှင့်အစ်ကိုကြီးက အကျိုးအကြောင်း စဉ်းစားတတ်တော့ အမှား၊ အမှန်ကို ခွဲခြားတတ်တယ် … ဒါကြောင့် ရှင့်သားက ကျွန်မတို့သားနဲ့ ချွေးမကို ဖြေရှင်းချက် ဖြေရှင်းချက် ပေးရလိမ့်မယ် …”
ရဲ့ကျင်းရွှမ်၏ မျက်နှာထားက တည့်တံ့ သွားလေသည်။
“ခင်ဗျားက အစ်ကိုကြီးရဲ့ ဇနီးသည် ဖြစ်နေလို့ အစ်ကိုကြီး မျက်နှာကြောင့် ကျုပ်တို့က ခင်ဗျားကို ခေါ်ပြောနေရတာ … မဟုတ်ရင်တော့ ရဲ့မိသားစုက ခင်ဗျားရဲ့ ဖြစ်တည်မှုကို ဂရုစိုက်မယ်များ ထင်နေလား … အခုလည်း ကျုပ် အစ်ကိုကြီးနဲ့ စကားပြောနေတာ … ခင်ဗျား ဝင်ရှုပ်စရာ မလိုအပ်ဘူး …”
ရဲ့ကျင်းချန်းလည်း သူ့ကို သွေးအေးစွာ ကြည့်လိုက်ပြီး …
“သူမက ငါ့ဇနီး … သူမရဲ့စကားက ငါ့ဆုံးဖြတ်ချက်ကို ကိုယ်စားပြုတယ် …”
ရဲ့ကျင်းချန်း၏ စကားကြောင့် အကြီးအကဲအားလုံးကာ သည်းမခံနိုင်၍ မတ်တတ် ထရပ်လိုက်စဉ် အပြစ်ရှာ ဝေဖန်သံက ခန်းမဆောင်မှာ ပျံ့လွင့်လာခဲ့သည်။
“အကြီးဆုံးသခင်လေး … ယောက်ျား တစ်ယောက်က မိန်းမ စကားကို လိုက်နာဖို့ လိုအပ်လို့လား … အမျိုးသမီး တစ်ယောက်က ဖခင်၊ ခင်ပွန်းနဲ့ သား စကားကို လိုက်နာရမယ် … ဒီအချက်ကို သွေဖည်ခဲ့တဲ့ အမျိုးသမီး ရှိခဲ့လို့လား … ရဲ့မိသားစုကလည်း ဒီအချက်ကို လက်သင့်ခံရမယ်..”
“မိသားစု တစ်စုမှာ အမျိုးသားတွေက ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့် ရှိသူ ဖြစ်တဲ့ အပြင် အမျိုးသမီးတွေအတွက် မိုးကောင်းကင်ကြီးလည်း ဖြစ်နေပြန်တယ် … ဒီအမျိုးသမီးက မိုးကောင်းကင်ကို ဆန့်ကျင်ရဲနေတာပဲ … သူမကို ဖမ်းချုပ်ပြီး သေသည်အထိ ရိုက်နှက်သင့်တယ် … အခုအချိန်အထိ အကြီးဆုံးသခင်လေးက သူမကို ကာကွယ်ပေးနေတုန်းပဲ …”
ယွမ်လော့ဖုန်းလည်း သူမရဲ့လက်ကို  ကျွင်းဖန်လျန်၏ ပခုံးပေါ် တင်လိုက်ပြီး အရေးမထားဟန် ရှိသည့် အမျိုးသမီး၏ မျက်နှာကို ကြည့်ကာ မျက်ခုံးကို တွန့်ချိုး လိုက်လေသည်။
ကုန်လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် ဤကဲ့သို့ နေထိုင်ခဲ့ရခြင်းလော။ ယခင် လက်ထပ် ထိမ်မြားခြင်းမှာ အရှုံးများခဲ့ခြင်းကြောင့် တခြားသူများက သူမကို ဤကဲ့သို့ ပြစ်တင် ပြောဆိုနေခြင်းလော။ သူမကို လက်ညှိုး ငေါက်ငေါက်ထိုးကာ အပြစ်ဖော် ဆုံးမနေသည်ကို ထိုကဲ့သို့ ငြိမ်ခံ နေခဲ့ခြင်းလား။
သစ္စာမဲ့သည့် ယောက်ျားများက သူ့တို့ကိုယ်သူတို့ မှန်ကန်နေသယောင် … ဩဇာအာဏာ ရှိသယောင် ပြုမူနေဖို့ မည်သည့် အခွင့်အရေးမျိုး ပိုင်ဆိုင်နေသည်နည်း။ ယောက်ျားတွေ  ကျူးလွန်ခဲ့သည့် ကိစ္စရပ်တိုင်းကို အမျိုးသမီးများက ခွင့်လွှတ်ပေးပြီး သစ္စာစောင့် သိရမည်လား။ သူမအတွက် ထိုကိစ္စက ရယ်စရာ အကောင်းဆုံး ပြက်လုံး တစ်ခုဖြစ်နေသည်။
 
***
အပိုင်း(၈၅၄)

 
ယခင် ဘဝတွင် ယွမ်လော့ဖုန်းက သူမအတွက်သာ အသက်ရှင် နေထိုင်ခဲ့ပြီး ယောက်ျား တစ်ယောက်ကို သူမအတွက် အရာရာလို့ မမှတ်ယူခဲ့ပေ။ ထို့ကြောင့်လည်း ယခင်ကမ္ဘာမှာ တစ်ကိုယ်တည်း ဘဝဖြင့် နှစ် ၂၀ကျော်နေထိုင်ခဲ့လေသည်။  ယခု ယွမ်ရှောင်နှင့် ဆုံတွေ့ပြီး သူမချစ်ရသူကို သူမ၏ ကမ္ဘာကြီးဟု မှတ်ယူခဲ့မိလေသည်။ သူနှင့် အတူတူ ရှိရမည်ဆိုလျှင် အခက်ခဲပေါင်းစုံကို ရင်ဆိုင် တိုက်ခိုက် ဝံ့ပါသည်။
“ယွမ်ရှောင်”
သူမနောက်မှာ ရပ်နေသည့် အမျိုးသား၏ ခက်ထန်သော အရှိန်အဝါကို ခံစားမိ၍ ယွမ်လော့ဖုန်းလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ကာ မာယာများသော မျက်ဝန်းများကို ဖုံးကွယ် လိုက်လေသည်။
“ဒီကိစ္စကို ကျွန်မ ဖြေရှင်းမယ်”
အရေးကြီးသည့် ကိစ္စ မရှိဘဲ ယွမ်ရှောင်ကို သူ့ခွန်းအား အစစ်အမှန်အား မထုတ်ဖော်စေချင်ဘူး။
“အားလုံး ပါးစပ် ပိတ်ကြစမ်း”
ထိုစဉ် ဒေါသထွက်နေသည့် အသံက ပဲ့တင်ထပ်လာခဲ့ပြီး ဆူညံ ပွက်လောရိုက်နေသည့် ခန်းမဆောင် တစ်ခုလုံးကို တိတ်ဆိတ် သွားစေသည်။
ရဲ့ကျင်းချန်းမှာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားသောကြောင့် လက်ဆစ်ချိုးသံကို ကြားနိုင်လေ၏။  သူ့ဒေါသစိတ်များကို မျက်ဝန်းတွင် အတိုင်းသား မြင်တွေ့နေရပြီး ရှိရှိသမျှ အကြီးအကဲ အားလုံးကို သွေးအေးသော အကြည့်ဖြင့် ဖြန့်ကျက် ကြည့်ရှု လိုက်လေသည်။
“ရဲ့ကျင်းချန်းဆိုတဲ့ ကျုပ်က  ရဲ့မိသားစု အကြီးဆုံးသား ... ငါ့ဇနီးက သခင်မ တစ်ပါးပဲ၊  သူမကို စော်ကားမော်ကား ပြောဆိုဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုထားလို့လဲ”
“အောက်ကျို့ခံတဲ့ ဇနီးမျိုး … အမေ့ချစ်တဲ့ ဇနီးကောင်းမျိုးကို ကျုပ်က လိုအပ်မယ်လို့များ ထင်နေလား … ကျုပ်တစ်ဘဝလုံး ကျုပ်ကို အဖော်ပြု သွားပေးနိုင်တဲ့ လူယုံ တစ်ယောက်ကိုပဲ ကျုပ် လိုအပ်ခဲ့တာ …”
“ဒီလောကကြီးထဲမှာ … ကျုပ်စိတ်ဝိညာဉ်က လိုလိုလားလား တောင့်တမိတဲ့ ရင်ခုန်မိသူက  ကျွင်းအာ တစ်ယောက်တည်းပဲ”
“ခင်ဗျားတို့ အားလုံးက ခင်ဗျားတို့ရဲ့ အောက်ပိုင်းကို ဘယ်လို အသုံးပြုရမလဲ တွေးနေတဲ့ သားရဲကောင်နဲ့ မခြားတဲ့လူတွေပဲ … ခင်ဗျားတို့ တစ်ဘဝလုံး ဒီခံစားချက်ကို နားလည်မှာ မဟုတ်ဘူး …”
ရဲ့ကျင်းချန်းက တော်ဝင်မြို့တော်မှာ စိတ်ထားနူးညံ့သူ အဖြစ် လူသိများ ကျော်ကြား ခဲ့ပါသည်။ ထိုမျှလောက်အထိ တစ်ကြိမ် တစ်ခါမျှ ဒေါသ မထွက်ခဲ့ဖူးဘူး။ ထိုလူများက သူ့ကို သည်းမခံနိုင်လောက်သည် အထိ ဒေါသထွက်စေခဲ့မှန်း သိသာ ထင်ရှားလွန်းလေပြီ။
ယွမ်လော့ဖုန်းလည်း ရဲ့ကျင်းချန်းကို ကြည့်လိုက်လေ၏။ ရဲ့အိမ်တော်တွင် ခေါင်းမာသည့် အဘိုးကြီး အမြောက်အမြား  ရှိနေသော်လည်း သူတို့ အားလုံးက ရဲ့ကျင်းချန်းကို ဤကဲ့သို့သော စိတ်နေသဘောထား ရှိသူ ဖြစ်အောင် သင်ကြား ပြသပေးနိုင်‌ချေ။
“ယွမ်ရှောင် … ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်မကို မလိုအပ်တော့ဘူး ထင်တယ် … အဖေသာ ဒီနေရာမှာ ရှိနေရင်တော့ အမေ့အတွက် စိတ်ပူနေဖို့ မလိုအပ်တော့ဘူး”
ထိုလူက စကားကို ကြော့ရှင်းအောင် ပြောဆိုခြင်း မရှိသော်လည်း မရိုးဖြောင့်သည့် စကားလုံးများကို မသုံးနှုန်းပေ။ သူကိုယ်တိုင်က မည်သို့မည်ပုံ ပြုံးရမည်ကို မသိစွမ်းနိုင်သည့် လူနုံလေး တစ်ဦးမျှ ဖြစ်နေပေသည်။
“ယွမ်ရှောင် … ကျွန်မကို တခြားသူတွေ စော်ကား မော်ကား ပြောဆိုခဲ့ရင် ရှင် ဘာလုပ်မလဲ”
ယွမ်လော့ဖုန်းက အပြုံးလေးနှင့် မေးလိုက်လေ၏။
အမှန်တကယ်တော့ သူမကို နာကြည်းအောင် လုပ်ဆောင်နိုင်ခဲ့သူ တစ်ယောက်တစ်လေမျှ မရှိခဲ့ချေ။ ကံဆိုး မိုးမှောင်ကျသူက အမြဲတမ်း တခြားသူဖြစ်ခဲ့ပြီး တစ်ကြိမ် တစ်ခါလေးမျှ သူတစ်ပါးကို မရှုံးနိမ့်ခဲ့ပေ။
ယခုအချိန်တွင် ရဲ့ကျင်းချန်း၏ ဒေါသထွက်နေသည့် အပြောအဆိုကြောင့် ကျွင်းဖန်လျန် အံ့ဩ တုန်လှုပ်မိလေသည်။ ဖီးနက်ငှက်ကဲ့သို့ မျက်ဝန်းနီ တစ်စုံက သူ့ကို တုန်လှုပ် ချောက်ချားစွာ ကြည့်နေမိလေသည်။ စိတ်တိုနေသည့် ခံ့ညားသော သူ့ပုံစံကို ပထမဆုံးအကြိမ် သူမ မြင်တွေ့မိခြင်းပေ။
“ရဲ့ကျင်းချန်းဆိုတဲ့ ကျုပ် အသက်ရှင်နေသရွေ့ … ကျုပ်မိန်းမကို အနိုင်ကျင့်ဖို့ မတွေးနဲ့”
ရဲ့ကျင်းချန်းလည်း ခေါင်းမာသည့် အကြီးအကဲများကို သတိပေးဟန် ကြည့်လိုက်လေ၏။
“စောစောက စကားမျိုး နောက်တစ်ခါ ထပ်ကြားရရင်တော့ … ကျုပ်အဖေ့ စကားကို မနာခံဘဲ အကြီးအကဲ အားလုံးကို သတ်ပစ်မယ် .... ကျွင်းအာ …ပြန်မယ် …”
ရဲ့ကျင်းချန်းက ကျွင်းဖန်လျန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး  ပြတ်ပြတ်သားသား ကာကွယ်ပေးနေသည်။ သူ့မျက်နှာသွင်ပြင်က ဆုံးဖြတ်ချက်ကို ပြုပြင်မည့် အလားအလာ မရှိချေ။  ရဲ့မိသားစုကို ပြန်လာခဲ့စဉ်တည်း သူ့ဇနီးကို စိတ်နာကြည်းမှု မဖြစ်ရလေအောင် အကောင်းဆုံး ကာကွယ်ပေး သွားမည်ဟု သစ္စာဆိုထားပြီးပြီ။ ယခုတော့ ထိုဆုံးဖြတ်ချက်ကို ဖြည့်ဆည်း ပေးနိုင်လေပြီ။
သာမန် အတွေးအမြင်ကို ဆန့်ကျင့်ခြင်းနှင့် မိသားစုကို ပုန်ကန်ခြင်းကို ပြုလုပ်ခဲ့လျှင်ပင်  ဘာများ အရေးထား နေရမည်နည်း။
ဤဘဝမှာ သူချစ်ရသူကို ကာကွယ်ပေးချင်သည့် စိတ်ဆန္ဒ တစ်ခုတည်းသာ ရှိလေသည်။
“ရဲ့ရှန်း အကြီးအကဲ … သခင်လေးကို ကြည့်စမ်းပါဦး …”
အကြီးအကဲ အားလုံးက ရဲ့ရှန်း အကြီးအကဲ အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့လေသံမှာ မကျေချမ်းမှုနှင့် မခံမရပ်နိုင် ဖြစ်မှုများ ရောနှော ပါဝင်နေ၏ ။ 
“မင်းတို့ ပြဿနာရှာလို့ မဝသေးဘူးလား …”
ရဲ့ရှန်းအကြီးအကဲက ဂရုမစိုက်ဟန် မေးလိုက်လေ၏။ 
“မင်းတို့ကိုယ်မင်းတို့ မရှက်ဘူးလား၊ အရင်တုန်းလည်းလည်း အကြီးဆုံး သခင်လေးကို မင်းတို့တွေ တွန်းအားပေးပြီး ရဲ့မြို့တော်ကို မောင်းထုတ်ခဲ့တယ် … အခုမှ သူ့မှာ ခက်ခက်ခဲခဲ ပြန်လာခဲ့ရတာ …  သခင်လေးနဲ့ ရာထူး ဂုဏ်ရှိန် ယှဉ်လုမယ်လို့ ထင်နေလို့လား …  ဘာကြောင့်များ သူ့မိန်းမ နဲ့ ကလေးတွေကို ပြဿနာရှာချင်နေရလဲ …”
 
***
အပိုင်း(၈၅၅)

 
အကြီးအကဲ အားလုံး၏အသံက ခြောက်ကပ်သွားပြီး  သူ့ကို ပြန်လည် ချေပဖို့ အလို့ငှာ စကားရှာ မရ ဖြစ်နေ ရပြန်သည်။
ရဲ့ရှန်း ဖြည်းဖြည်းချင်း မတ်တတ် ထရပ်လိုက်လေ၏။
“သာမန် ပြည်သူတွေသာ ရဲ့မိသားစုဟာ အမျိုးသမီး တစ်ယောက်ကို ဘက်ပေါင်းစုံက ပြဿနာရှာပြီး တိုက်ခိုက်နေမှန်း သိရင် ငါတို့ကို အားလုံးကို အထင်မြင်သေးမှာ တွေးမိရဲ့လား”
သူ့အသံက ယခင်လို အေးစက်ပြီး ဂရုမစိုက်ဟန် ရှိနေသေးသည်။ ဝေခွဲရခက်သည့် မျက်ဝန်းတွင် ခံစားချက် အတိ ကင်းမဲ့နေခဲ့လေသည်။ သူ့အသံက ရုတ်တရက် မိုးကြိုးထပစ် သကဲ့သို့  အားလုံးသော အကြီးအကဲများ၏ နှလုံးသားတွင် ပေါက်ကွဲ သံစဉ် ဖြစ်လာလေ၏ ။
“နောက်၃ရက်ကြာရင် သွေးစမ်းသပ်ခြင်း အခမ်းအနားကို ကျင်းပမယ် … အဲဒီကိစ္စ မတိုင်ခင်တော့ ပွက်လောမရိုက်ဖို့ ဆုတောင်းမိတယ် …”
ထိုစကားကို ပြောလိုက်ပြီးနောက် ရဲ့ရှန်းက သူ့အင်္ကျီလက်ကို ခါထုတ်ကာ ခန်းမဆောင် အပြင်ဘက်သို့ ခပ်သွက်သွက် ထွက်သွားလေသည်။
ထွက်ခွာသွားသည့် သူ့ပုံရိပ်ကို ကြည့်ကာ တခြားသော အကြီးအကဲများ စိတ်ပျက် ညည်းညူ မိလေသည်။ ခေတ္တခဏ ကြာပြီးနောက် … ခန်းမဆောင် တစ်ခုလုံး၌ ရဲ့ကျင်းရွှမ်တို့ သားအဖသာ ကျန်ရှိခဲ့တော့သည်။
“အဖေ”
ရဲ့ထန်လင်းလည်း ဒေါနှင့်မောနှင့် ပြောလိုက်လေရာ …
“ကျွန်တော့်ဘာသာ ပါးရိုက်လိုက်တဲ့ ကိစ္စက ယွမ်လော့ဖုန်း လှည့်ဖြားခဲ့လို့ပါ …”
ရဲ့ကျင်းရွှမ်လည်း ခပ်တိုးတိုး သက်ပြင်း ချလိုက်လေသည်။
“ငါ သိတယ် …”
“ဒါဆို ဘာလို့ …”
“လင်းအာ”
ရဲ့ကျင်းရွှမ်လည်း သူ့သားကို စွေးခနဲ ကြည့်လိုက် လေသည်။
“တချို့ကိစ္စတွေက မင်း ထင်သလို မရိုးရှင်းဘူး … ရဲ့မိသားစုမှာ မင်းအဘိုးကလွဲရင် ရဲ့ရှန်း အကြီးအကဲက ဩဇာအာဏာ အရှိဆုံးပဲ …  အဖေ … သူ့ကို အဖေတို့ဘက် ပါလာဖို့ ဘယ်လိုပဲ ကြိုးစားခဲ့ ကြိုးစားခဲ့  … မအောင်မြင်ခဲ့ဖူးဘူး …”
ရဲ့ကျင်းရွှမ်း မုန်းလွန်းလို့ အံကြိတ်လိုက်လေရာ သူ့မျက်ဝန်းများတွင် အတိတ်နိမိတ် မကောင်းသည့် လက္ခဏာများ ထင်ဟပ် လာခဲ့သည်။
“ဒီပြင် သူက မိသားစု အချင်းချင်း အငြင်းပွားတာကို မကြိုက်ဆုံးပဲ … သူက မင်းတို့အဘိုးကို မကျေမနပ် တိုင်ကြားလိုက်ရင် သေချာပေါက် မင်းတို့အဘိုးရဲ့ အမျက်သင့်မှာပဲ”
ရဲ့ထန်လင်း ခေါင်းငုံ့ထားလိုက်သည်။
“အဖေရဲ့သား အမှားကို သိပါပြီ”
“မင်းအမှားကို သိတယ် ဟုတ်လား … ဘယ်နေရာမှာ မင်း ဘာအမှား လုပ်ထားလဲ သိလို့လား …”
“အဖေ့သားဖြစ်တဲ့ ကျွန်တော်က အမျိုးယုတ် ကလေးကို မဆန့်ကျင်သင့်ပါဘူး …”
“မဟုတ်ဘူး …”
ရဲ့ကျင်းရွှမ် ခေါင်းခါ လိုက်လေ၏။
“ရဲ့ကျင်းချန်းရဲ့ သားသမီးတွေကို ဆန့်ကျင်တာ မမှားဘူး … မင်းအမှားက သူတို့ အားနည်းချက်ကို မရှာနိုင်တာပဲ … တစ်ချက်တည်းနဲ့ မင်း သူတို့ကို သတ်နိုင်တဲ့ ယုံကြည်ချက် ရှိမရှိရင်တော့ မင်း ခံစားချက်ကို ထိန်းချုပ်လိုက်တာ ပိုကောင်းမယ် …”
ဤအချက်ကြောင့်လည်း ရဲ့ကျင်းရွှမ်က သူ့စိတ်ကို ချုပ်တည်းပြီး ရဲ့ကျင်းချန်းကို မသတ်နိုင်ခဲ့ခြင်းပေ။ သူ့အားနည်းချက်ကို သိနိုင်ခဲ့ရင် တစ်ချက်တည်း ဘဝနိဂုံး ချုပ်ပေးမည်။ သို့မှ မဟုတ်လျှင် သူတို့ကို ဆက်လက် အသက်ရှင်ခွင့် ပေးထားလိမ့်မည်။
“အဖေ … ကျွန်တော် နားလည်ပါပြီ …”
ရဲ့ထန်လင်း ခေါင်းမော့ လိုက်လေသည်။
“ဒါနဲ့ သွေးသွားရင်းချာ စစ်ဆေးတဲ့ အခမ်းအနား ကျင်းပဖို့ ရဲရှန်းအကြီးအကဲ ဘာအကြောင်းကြောင့် ပြောတာလဲ …”
ထိုစကားကြောင့် ရဲ့ကျင်းရွှမ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။ သူလည်း ရဲ့ထန်လင်းကို ကြည့်ကာ သက်ပြင်း ချလိုက်လေသည်။ 
“မင်းကို ပြောလို့လည်း ပြဿနာတော့ မရှိပါဘူး … မျိုးမစစ်ကလေး ယွမ်ရှောင်က ရဲ့ကျင်းချန်းရဲ့ သား ဖြစ်နိုင်တယ် …”
“ဘယ်လို … ဘယ်လို …”
ရဲ့ထန်လင်းမှာ အတော်လေးကို တုန်လှုပ်မိပြီး တုံ့ပြန်စကား ပြောရန် အချိန်အတော့်ကို ယူလိုက်ရလေ၏။ 
“ဦးလေးမှာ သားမရှိခဲ့လို့ မိသားစု ခေါင်းဆောင် ရာထူးကို အဖေ ရခဲ့တာ … အခု ဦးလေးမှာ သားရှိတော့ …”
ရဲ့ကျင်းရွှမ်လည်း ဟားတိုက် ရယ်မောပြီး ရဲ့ထန်လင်း၏ ဆက်ပြောမည့် စကားကို ဟန့်တား လိုက်လေသည်။
“ဒါက ကိစ္စမရှိဘူး … ကျွင်းဖန်လျန်ရဲ့သား ဖြစ်သူက အရည်အချင်း မရှိလို့ ရှောင်မိသားစုရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရဖူးတယ် … ဒီပြင့် သွေးသားရင်းချာ စစ်ဆေးတဲ့ အခမ်းအနား အောင်မြင် သွားတော့လည်း ဘာဖြစ်လဲ … ရဲ့မိသားစုက သုံးစားမရတဲ့ ငနုံကောင်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုမယ်များ ထင်နေလား … အချိန်တန်ရင် သူကို ရဲ့မိသားစုရဲ့ သွေးမျိုးဆက် ဖြစ်ကြောင်း အပြင်လောကကို တရားဝင် ထုတ်ပြောမှာ မဟုတ်ဘူး …”
ထိုမှသာ ရဲ့ထန်လင်း စိတ်အေးချမ်း ရသည်။ သူ့မျက်ဝန်းမှာ လှောင်ပြောင်ရိပ်များ ရစ်သိုင်း နေခဲ့လေသည်။ တစ်နေ့ကျရင် သူ့ကို အနိုင်ကျင့်ခဲ့သူများကို နောင်တ ရသွားအောင် လက်တုံ့ပြန်မည်။ 
“လင်းအာ … ဒီကိစ္စကို အပြင်လူတွေ မသိစေနဲ့ …  မဟုတ်ရင်တော့ ဒီကိစ္စကြောင့် စိတ်ပင်ပန်း ရလိမ့်မယ် …”
ရဲ့ကျင်းရွှမ် လေးနက်စွာ အမိန့်ပေး လိုက်လေသည်။
ရဲ့လင်းထန်လည်း အသိပြန်ဝင်လာပြီး လေးနက် တည်ကြည်စွာ  ပြန်ဖြေလိုက်လေသည်။
“အဖေ … စိတ်ချပါ … ကျွန်တော့်ပါးစပ်ကို ပုလင်းအဖုံးလို သေသေချာချာ ပိတ်ထားပါမယ် … စကားတစ်ခွန်းတောင် အပြင်မထွက်စေရဘူး …”
 
***
အပိုင်း(၈၅၆)

 
ကြည်လင် သန့်ရှင်းသည့် အခန်းလေး အတွင်းတွင် ကျွင်းဖန်လျန်က သူမ၏ လက်ဖက်ရည်ခွက်ကို မြှောက်ကာ အရသာကို မြည်းစမ်း ကြည့်လိုက်လေသည်။ သူရဲကောင်း ဆန်သည့် မျက်ခုံးများကို ဝင့်ကာ အပြုံးတစ်ပွင့်ကို ဖန်ဆင်း လိုက်လေသည်။
“ဖုန်းအာ … သမီးရဲ့လက်ဖက်ရည်က အရသာကောင်းတယ် … အမေ  … လက်ဖက်ရည်ကြမ်းကို သုံးဆောင်လာတာ ကြာပြီ … သမီး  လက်ဖက်ရည်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး …”
“အမေ ကြိုက်ရင်တော့ ကတ်တီ အနည်းငယ်လောက် လက်ဆောင်ပေးလို့ ရပါတယ် …”
ယွမ်လော့ဖုန်း၏လက်ချောင်းများက စားပွဲခုံကို ထိခေါက် နေလေသည်။
“အဖေနဲ့ အမေတို့ လုပ်ဆောင်ရမယ့် ကိစ္စ ရှိသေးတယ်လေ …”
“ဘာကိစ္စလဲ …”
ကျွင်းဖန်လျန်လည်း ယွမ်လော့ဖုန်းကို တအံ့တဩ ကြည့်ကာ မေးလိုက်လေ၏ ။ 
ယွမ်လော့ဖုန်းလည်း အချိန်အကြာကြီး နှုတ်ဆိတ် နေမိလေသည်။ 
“ရဲ့မိသားစုက သွေးသားရင်းချာ စစ်ဆေးတဲ့ ပွဲကို ၃ရက်အတွင်း ကျင်းပလိမ့်မယ် … ဒါက ကျွန်မရဲ့ ရည်ရွယ်ချက် အစစ်အမှန်တော့ မဟုတ်ဘူး …”
“သမီး ပြောချင်တာက …”
ကျွင်းဖန်လျန်က တစ်စုံတစ်ရာကို နားလည်သွားသည် ထင်ပါသည် … ယွမ်လော့ဖုန်းကို ထူးဆန်းသည့် အကြည့်ဖြင့် ငေးကြည့် နေမိလေသည်။
ယွမ်လော့ဖုန်းလည်း သိမ်မွေ့စွာ ပြုံးလိုက်လေသည်။
“အမေတို့ရဲ့ ဩဇာအာဏာကို အသုံးချပြီးတော့ သွေးသားရင်းချာ စစ်ဆေးပွဲ အကြောင်း သတင်းလွှင့်ချင်တယ် … လူများများ သိလေ … ပိုကောင်းလေပဲ … ဒီပြင် သတင်း ပေါက်ကြားခြင်းနဲ့ ထိုက်သင့်တဲ့ တာဝန်ယူမှုကို  ရဲ့ထန်လင်းပေါ် ပုံချမယ် …”
သူမ ပြောလိုက်သည့် စကားကို ကြားလိုက်ပြီးနောက် ကျွင်းဖန်လျန် တိတ်ဆိတ် နေမိလေသည်။  တစ်စုံတစ်ရာကို ချင့်ချင့်ချိန်ချိန် တွေးခေါ်နေသည်ဟု မှတ်ယူနိုင်လေ၏ ။
 ခေတ္တခဏ ကြာပြီးနောက် သူမက ခေါင်းမော့ကာ မေးမြန်း လာခဲ့သည်။
“ဒါဆို အမေက ဒီကိစ္စမှာ ဘယ်လို ကူညီပေးရမလဲ”
“လွယ်ပါတယ် …”
ယွမ်လော့ဖုန်း၏ မျက်နှာတွင် မာယာများသည့် အပြုံးလေး ထင်ဟပ် လာခဲ့လေသည်။
“ရဲ့ထန်လင်းမှာ သုံးစားမရတဲ့ မိတ်ဆွေ အများကြီးရှိတယ် … ဒါကြောင့် တစ်စုံတစ်ယောက်က သူ့မိတ်ဆွေအဖြစ် အယောင်အဆောင်ပြီး ရင်းနှီး စေမယ် ... ပြီးရင်း မူးအောင် တိုက်မယ် …”
“အရက်မူးရင် အမှန်တရားကို ပြောမယ်လို့ သမီး ထင်နေတာလား … ဒါက ဖြစ်နိုင်ချေ ရှိပေမယ် … ရဲ့ထန်လင်းက အမှန်တရားကို မပြောလောက်ဘူး ထင်တယ် …”
“မဟုတ်ဘူး …”
ယွမ်လော့ဖုန်းလည်း သူမ၏ဦးခေါင်းကို လှုပ်သည့်ဆိုရုံမျှ ခါလိုက်လေသည်။
“သူ့ဘက်က အမှန်ပြောခြင်း မပြောခြင်းကို ဂရုမစိုက်ဘူး … ငယ်သားတွေကို ဒီကိစ္စ လူသိများအောင် လုပ်ဆောင်ရမယ်လို့ အမိန့်ပေးထားရမယ် … အရက်မူးပြီး ထွေရာလေးပါး လျှောက်ပြောသူက ရဲ့ထန်လင်းလို့ အများသိသွားရင် လုံလောက်ပြီ … ဒီလိုဆိုရင် ကျွန်မရဲ့ အစီအစဉ်ကို သူ နှောင့်ယှက်လို့ မရတော့ဘူး”
အစတည်းက ကျွင်းဖန်လျန်ကို ဒီသတင်းတချို့ကို ဖြန့်စေချင်ခဲ့သော်လည်း  တခြားသူကို ချောက်ချဖို့ မရည်ရွယ်ခဲ့ဘူး။ ကောင်စုတ် ရဲ့ထန်လင်းက ကျော့ကွင်းထဲ ဆိုက်ဆိုက်မြိုက်မြိုက် တိုးဝင်လာမည်ဟု မည်သူက ထင်မိမည်နည်း။
 သူ့အတွက် အန္တရာယ် ဖြစ်စေမည့် ဧရာမ လက်ဆောင်ကြီး တစ်ခုကို ပေးလိုက်ခြင်းပေ။
အရက်စက်ဆုံး နည်းလမ်းပဲ
 ဤအကြံအစည်က အရက်စက်ဆုံး နည်းလမ်းပေ၊။
ခေါင်းမာသည့် အဘိုးကြီးများသာ သတင်းဖြန့်ဝေသူက ရဲ့ထန်လင်းဟု ယုံကြည်ခဲ့လျှင် … ရဲ့မိသားစုတွင် နေထိုင်ရသည့် သူ့နေ့ရက်များ မကောင်းမွန် နိုင်တော့ပေ။
ဉာဏ်ကောင်းလွန်းသည့် ချွေးမလေးကို ပိုင်ဆိုင်ထားရ၍ ကျွင်းဖန်လျန် စိတ်အေးချမ်း ရသည်။ သူမလည်း ချွေးမလေး၏ ရန်သူ ဖြစ်ခဲ့လျှင် သူမ၏ ထောက်ချောက်မှာ ကျရှုံးမှာ သေချာနေလေသည်။
“ဖုန်းအာ …အမေ … သမီးပြောတဲ့ နည်းလမ်းအတိုင်း လုပ်ဆောင် ပေးမယ်”
ကျွင်းဖန်လျန်လည်း ပြုံးလိုက်လေ၏။ 
“အရင်တုန်းကလည်း အမေ့ကို ရဲ့အိမ်တော်က အတင်းအကျပ် မောင်းထုတ်ခဲ့တယ် … အခုလည်း အမေ့ကို ပြဿနာရှာဖို့ ကြိုးစားပြန်တယ် … ဒါကြောင့် ဒီလူတွေကို ခွင့်လွှတ်ပေးလို့ မရတော့ဘူး”
ယွမ်လော့ဖုန်း၏ အပြုအမူကြောင့် ကျွင်းဖန်လျန်မှာ သူမကို မှားယွင်းသည်လို့ မထင်မှတ်မိချေ။  တစ်စုံတစ်ယောက်က သူ့ရန်သူကို သနားညှာတာမိလျှင် ထိခိုက်နစ်နာမည့်လူမှာ သူတို့ကိုယ်တိုင် ဖြစ်လာနိုင်သည်။ ကျွင်းဖန်လျန် ပြုံးနေလိုက်လေ၏။
“အမေ … ဒီကိစ္စကို ဖြေရှင်းလိုက်မယ် … သမီးတို့က ပျားရည်ဆမ်းခရီးမှာ ပျော်ပျော်ရွှင်ရွှင်နေ … တခြားသူတွေ လာမနှောင့်ယှက်စေချင်ရင် အမေ ပြောဆို ထားလိုက်မယ် …”
ယွမ်လော့ဖုန်းလည်း  ခေါင်းညိတ် လိုက်လေသည်။
“ကောင်းပါပြီ”
 
***
 
သူမလည်း ကျွင်းဖန်လျန်၏ အခန်းမှ ထွက်လာခဲ့ပြီးနောက် တံခါးပေါက်ဝမှာ ဂနာမငြိမ် ရပ်နေသည့် ရဲ့ချီကို မြင်လိုက် ရလေသည်။ သူမကို လှမ်းမြင်လိုက်၍ ရဲ့ချီမျက်နှာက ရှိုးတိုးရှန့်တန့် ဖြစ်သွားရလေသည်။ သူမ၏ ဦးခေါင်းကို ငုံ့ကာ ခပ်တိုးတိုး ပြောလိုက်လေ၏။
“ဒီနေ့ ကိစ္စအတွက် ကျေးဇူးတင်ပါတယ်”
“နင် … ငါ့ကို ကျေးဇူးတင်စရာ မလိုအပ်ပါဘူး”
ယွမ်လော့ဖုန်း၏ အသံက တုံးတိတိ ဖြစ်နေလေ၏။ 
“အမေ့ကို တခြားသူတွေ သိက္ခာ ကျဆင်းအောင် ပြောဆိုတာကို မကြိုက်ရုံပဲ ရှိတယ် …”
“ငါ နားလည်ပါတယ် …”
ရဲ့ချီ ခေါင်းမော့ ကြည့်လိုက်လေသည်။ သူမ၏ သနားစဖွယ် ကောင်းသည့် မျက်ဝန်းများက တိကျပြတ်သား နေခဲ့သည်။
“ဒါပေမဲ့ ငါ … နင့်ကို ကျေးဇူးတင်မိနေလို့ပါ … အရင်တုန်းက ငါ နင့်အပေါ် ဒီလိုမျိုးပဲ ဆိုးဆိုးရွားရွား ပြုမူဆက်ဆံ ခဲ့မိပါတယ် … ငါ မှားမှန်း သိနေပါပြီ”
 
***
 
အပိုင်း(၈၅၇)

 
ရဲ့ချီမှာ တောင်းပန်စကား ပြောမိသော်လည်း ဟိုးယခင်တုန်းက သူမ၏ အပြုအမူကြောင့် အချိန်တိုင်းလိုလို အပြစ်ရှိသလို ခံစားမိနေတုန်းပါ။ သူမတစ်ဘဝလုံးနှင့် ရင်းပြီး တောင်းပန်မည် ဆိုလျှင်ပင် ယခင်အမှားကို ပြန်လည်ပြုပြင်နိုင်တော့မည် မဟုတ်ပေ။
“အရင်တုန်းက နင် ငါ့ကို ထိခိုက်စေခဲ့လို့လား”
ယွမ်လော့ဖုန်းလည်း ရဲ့ချီကို ဘေးဘက်မှ စွေးခနဲ ကြည့်လိုက်ပြီး မေးမြန်း လိုက်လေသည်။
ခေတ္တခဏတော့ ရဲ့ချီ ဘာပြန်ပြောရမှန်း မသိအောင် မှင်တက် သွားရလေသည်။
“ငါ … ငါ နင့်ကို ပြစ်တင် ပြောဆိုခဲ့ဖူးတယ်လေ …”
“ဒါပေမဲ့ … နင် ငါ့ကို ဘယ်တုန်းက မထိခိုက်စေခဲ့ဘူး”
ယွမ်လော့ဖုန်း၏ မျက်နှာပေါ်မှ အပြုံးက နွမ်းလျသော်လည်း ဆွဲဆောင်မှု ရှိလွန်းလေသည်။
“ဒါကြောင့် နင့်ကို မကြိုက်မိပေမယ့် နင့်ကို မရွံ့မိပါဘူး”
ရဲ့ချီမှာ အေးခဲသွားရလေသည်။ သူမ တအံ့တဩ ဖြစ်နေစဉ်  မိန်းမပျိုလေး၏ ခန္ဓာကိုယ်က အရှေ့ဘက်ကို ဆက်လက် သွား၍ သူမ၏အမြင်အာရုံတွင် တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားတော့သည်။
သူမကို ရဲ့အိမ်တော်မှ မောင်းထုတ်ပေးဖို့ ယွမ်လော့ဖုန်းက မွေးစားအမေကို မပြောရတဲ့ အကြောင်းအရင်း အမှန်ကို သူမ နားလည် သွားလေသည်။
အကြောင်းအရင်း အမှန်က သူမကို ရွှယ်ရုံအာက အသုံးချခဲ့သော်လည်း သူမကိုယ်တိုင်က ယွမ်လော့ဖုန်းကို ထိခိုက် နစ်နာအောင် မကြံရွယ်ခဲ့ဖူးဘူး။ ဒါကြောင့် ယွမ်လော့ဖုန်းက သူမကို အချစ် အမုန်း ကင်းမဲ့နေသည်ကိုး …။
ရဲ့ချီမှာ ရှက်ရွံ့မိ၍ ခေါင်းကိုငုံ့ကာ စကားတစ်ခွန်းမျှ မပြောတော့ပါဘူး။ သူမ နောက်ဘက်မှ တံခါး ပွင့်လာပြီး တဖြည်းဖြည်းချင်း သူမလည်း အသိဝင် လာခဲ့လေ၏။ 
“ချီချီ ဖုန်းအာက ခွင့်လွှတ်နားလည် ပေးတတ်တဲ့ မိန်းကလေး မဟုတ် ပြန်တော့ တခြားသူက သူမကို ထိခိုက် နစ်နာလုပ်ဆောင်ခွင့် မပြုမှာ မဟုတ်ဘူး”
ကျွင်းဖန်လျန်လည်း ရဲ့ချီ၏ ဦးခေါင်းကို ပွတ်သပ် ပေးလိုက်သည်။
“တစ်စုံတစ်ယောက်က သူမကို ထိခိုက်စေရင်တော့ သူတို့ကို သူမက သနားညှာတာ ထောက်ထားမှာ မဟုတ်ဘူး”
သာမန်လူတွေက စစ်သူကြီအိမ်တော်၏ သခင်မလေးကို ရက်စက်တတ်ပြီး သနားညှာတာမှု မရှိသည့် လူပေါ်ကြော့ သခင်မလေးဟု ပြောဆိုကြသော်လည်း အမှန်တကယ်က သူမကိုယ်သူမ ကာကွယ်နေခြင်းပေ။
 အသက်ရှင်သန်နိုင်ဖို့ လူသတ်ခြင်းက ဘာများ မှားယွင်း နေသည်နည်း။  တခြားသူများက သူမကို ရန်မစခဲ့လျှင် သူမက ရက်ရက်စက်စက် ဆွေစဉ်မျိုးဆက် သတ်ခဲ့မည် မဟုတ်ပေ။ 
“မွေးစားအမေ …”
ရဲ့ချီ၏မျက်ဝန်းများက နီရဲတွတ်နေပြီး ကျွင်းဖန်လျန်ကို စောင်းငဲ့ ကြည့်လိုက်လေသည်။
“ဒါကြောင့် သူမရဲ့ဘဝကို ထိခိုက်စေမယ့် အခြေအနေမျိုး သမီးလေး မဖန်တီးမိရင် အကောင်းဆုံးပဲ … ဒီလိုမှ မဟုတ်ရင်တော့ ဖုန်းအာ မပြောနဲ့ … အမေကိုယ်တိုင်လည်း သမီးကို ခွင့်မလွှတ်နိုင်ဘူး … နားလည်တယ် မလား”
ကျွင်းဖန်လျန်၏မျက်နှာက အေးစက်လာပြီး ယခင်လို နွေးထွေးသည့် အရိပ်အယောင် တစ်စုံတစ်ရာမျှပင် မတွေ့မြင်ရပေ။
ရဲ့ချီ နောက်တစ်ကြိမ် ခေါင်းငုံ့လိုက်လေရာ …
“သမီး … နားလည်ပါတယ်”
မွေးစားသမီးနှင့် ချွေးမတို့နှစ်ဦးကြား ဘယ်သူက ပိုမိုပြီး အရေးကြီးသည်ကို သူမ ခွဲခွဲခြားခြား သိလေသည်။
“ချီချီ ပင်ပန်းနေပြီမလား … ပြန်ပြီးတော့ အနားယူတော့”
ကျွင်းဖန်လျန်၏ မျက်နှာ အမူအရာက ပြေလျော့ သွားလေသည်။
“နောင်ဆို … ဖုန်းအာနဲ့ ခင်ခင်မင်မင် နေထိုင်ရမယ်နော် …သူမက လိမ္မာသိတတ်တဲ့ ကလေးမလေးပါ … သူမရဲ့ ရန်သူကို ရက်စက်ယုတ်မာ တတ်ပေးမယ် … သူမရဲ့မိသားစုကိုတော့ ဘယ်တုန်းကမှ အန္တရာယ် မပေးခဲ့ဘူး”
ဤအချက်ကြောင့် ယွမ်လော့ဖုန်းကို ကျွင်းဖန်လျန် ပိုပိုပြီး သဘောကျ နှစ်ခြိုက်လာခဲ့သည်။
ရဲ့ချီက စကားမပြောသော်လည်း သူမ၏နှလုံးသားထဲမှာ ကျွင်းဖန်လျန်၏ စကားကို လက်ခံ ယုံကြည်မိလေသည်။ ယွမ်လော့ဖုန်းက သူမ၏ရန်သူနှင့် ရင်ဆိုင်လျှင် ပရိယာယ် ကြွယ်ဝသော်လည်း သူမ၏မိသားစုကို ဘယ်တုန်းကမှ ထိခိုက်အောင် မလုပ်ဆောင်ခဲ့ဘူး။
 
***
 
နောက်တစ်နေ့မှာ သတင်းတစ်ခုက တော်ဝင်မြို့တော် တစ်ခုလုံးမှာ အုတ်အော်သောင်းတင် ဖြစ်ခဲ့ရလေ၏။ ကျွင်းဖန်လျန် အပြင်လောကမှာ မွေးဖွားခဲ့သည့် တရားမဝင်သားက ရဲ့ကျင်းချန်၏ သွေးသားအရင်း ဖြစ်သည်ဟု သတင်းပြန့်နေလေသည်။ ရဲ့ကျင်းချန်းက သူ့သားကို ကာကွယ်ပေးချင်သည့် အတွက် တခြားသူများ မသိအောင် ဖုံးကွယ် ထားခဲ့သည်။
သို့သော်ငြားလည်း ယခုအချိန်မှာတော့ တရားမဝင်ကလေး ပြန်လာပြီဟု ကောလာဟလ ကြားသိရပြီး ရဲ့မိသားစုက သွေးစစ်အခမ်းအနားကို ရက်အနည်းငယ်အတွင်း ကျင်းပလိမ့်မည်။
ဤကဲ့သို့သော သတင်း အချက်အလက်များက ဘယ်နေရာမှ ရောက်လာသည်နည်း …
ရဲ့ထန်လင်းက အရက်မူးပြီး ထိုအကြောင်းကို ထုတ်ဖော် ပြောသားခဲ့၍ အစစ်အမှန် ဟုတ်သည် မဟုတ်သည်ကို မေးခွန်းထုတ်နေစရာ မလိုအပ်တော့ပေ။
တော်ဝင်မြို့တော် တစ်ခုလုံးကို ဤသတင်းဖြင့်သာ လွှမ်းမိုးနေခဲ့သည်။ ဤသတင်းကို တော်ဝင်မင်းမျိုးမင်းနွယ်၊ သာမန်လူများကဲ့သို့ အဆင့်တန်းနိမ့်သူများလည်း သိကျွမ်းနေခဲ့လေသည်။
သွေးသားရင်းချာ စစ်ဆေးသည့် အခမ်းအနား သတင်းက ပျံ့နှံ့သွားသည့်အတွက် ရဲ့ရှန်းအကြီးကဲက ရဲ့ထန်လင်းကို မညှာမတာ ရိုက်နှက် ဆုံးမတော့သည်။ ရဲ့ကျင်းရွှမ်နှင့် မျိုးနွယ်စုတူညီသည့် ဝံပုလွေကြီးများ ကိုယ်တိုင် ပြဿနာက သူတို့ကို ပတ်ရှုပ်မှာ စိုးရိမ်သည့်အတွက် ဝင်ရောက် မဖျန်ဖြေရဲပေ။
ထို့ကြောင့် ရဲ့ထန်လင်း၏ ဝေဒနာ ခံစားနေရသည့် ညည်းညူသံကို ရဲ့မိသားစု အိမ်တော် တစ်ခုလုံးတွင် ကြားနေနိုင်လေသည်။
 
***

Bạn đang đọc truyện trên: Truyen247.Pro