Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

စာစဉ်(၃၅) Ep 848-852

အပိုင်း(၈၄၈)

 
“ခယ်မလေး ... စောစောက စားသောက်ဆိုင်မှာ ဘာပြဿနာတွေများ ဖြစ်ခဲ့လို့လဲ”
ပျားပန်းခပ်နေသည့် လမ်းမအလယ်တွင် ရဲ့ရှီမို့က ခေါင်းကို  ကုတ်ခြစ်လျက် အဖြေရှာမရစွာ မေးမြန်း စုံစမ်းလိုက်လေသည်။
“ဘာကိစ္စမှ မဟုတ်ရပါဘူး”
ယွမ်လော့ဖုန်းက နှုတ်ခမ်းများကို မြှင့်တင်သည် ဆိုရုံမျှ ပြုံးနေလိုက်လေသည်။
“နောက်ကျနေပြီ။ အိမ်ကို စောစောစီးစီး ပြန်သင့်နေပြီ”
“ဘာပြဿနာမှ မရှိခဲ့ဘူးလား။  ဒါဆို အစ်ကိုတို့တွေ ထွက်လာတော့ စားသောက်ဆိုင်မှာ ထိုင်နေတဲ့လူတွေက ဘာကြောင့်များ ခိုးကြောင်ခိုးဝှက် ကြည့်နေကြလဲ”
“ခယ်မလေးက တော်ဝင်မြို့တော်ကို လိုက်ပါလာတည်းက ဒီအစ်ကိုကြီးက ကာကွယ်ပေး သွားမှာပါ။ တစ်ပါးသူနဲ့ အနိုင်ကျင့် နှိပ်စက်မှုကို မခံစားစေရဘူးနော်”
ရဲ့ရှီမို့က သူ့ရင်ဘတ်သူ အားနှင့်မာန်နှင့် ရိုက်ကာ တည်ကြည် လေးနက်သည့် အသံနှင့် ပြောလိုက်လေ၏။
ယွမ်လော့ဖုန်းရှေ့မှာ ကာဆီးကာဆီးနှင့် သူရဲကောင်းဆန်သည့် ဟန်ပန်ကို သရုပ်ဆောင်နေသော ရဲ့ရှီမို့ကို သဘောကျ မနှစ်သက်သည့်အတွက် ယွမ်ရှောင်လည်း  ကျောချမ်း စရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်လေရာ
“သူမကို ကာကွယ်ပေးဖို့ ငါ ရှိတယ် ... ခင်ဗျားကို မလိုအပ်ဘူး”
ထိုစကားက ရဲ့ရှီမို့၏ စိတ်အားထက်သန်မှုကို ယုတ်လျော့ခြင်း အလျင် မဖြစ်ပေါ်စေခဲ့ချေ။  ထို့ကြောင့် ယွမ်ရှောင်လည်း ဆက်လက် ပြောကြား လိုက်လေ၏။
“မင်းရဲ့ ခွန်အားနဲ့ သူမကို မကာကွယ် ပေးနိုင်ဘူး”
ရဲ့ရှီမိုမှာ ရုတ်ခြည်း ဘာပြန်ပြောရမှန်း မသိ ဖြစ်ခဲ့ရလေပြီ ယွမ်ရှောင်ကို မကျေမနပ် ကြည့်နေလိုက်လေ၏။ သူ့မွေးရာပါသန္ဓေက  မဆိုးပါဘူးလို့ ခံစားမိခဲ့သော်လည်း ယွမ်ရှောင်ကို မယှဉ်နိုင်မှန်းတော့ သူ သိနေခဲ့လေသည်။
 
***
 
“ရဲ့ချီ ... ငါတို့မိသားစုက မွေးစားထားတဲ့ နင့်လို့ ခွေးမက ငါတို့ကို အော်ဟစ် ရဲတယ်လား ... ငါတို့ရဲ့ ခွေးမလေးက သူ့အဆင့်အတန်းသူ မေ့နေတယ် ထင်ပါရဲ့”
ပျားပန်းခပ်နေသည့် လမ်းမပေါ်တွင် မောက်မာသည့် အသံကို ရုတ်ခြည်း ကြားလိုက်ရလေပြီး ယွမ်လော့ဖုန်း၏ စိတ်အာရုံကို ညို့ငင် သွားလေ၏။ ရှေ့ဆက်ပြီးတော့ သွားမည်ဆိုလျှင် သိပ်မဝေးသည့် နေရာတစ်ခုမှာ ရဲ့ချီကို အမျိုးသားအဖွဲ့က  ဝိုင်းထားသည့်ကို မြင်လိုက်ရပေသည်။ ချစ်ဖို့ကောင်းသည့် သူမ၏မျက်နှာလေးမှာ တစ်ပြင်လုံး နီရဲတွတ်နေပြီး သူမ၏မျက်ဝန်းနှစ်စုံမှာ နာကြည်းမှု နှင့် မုန်းတီးမှုများ စိုးမိုး ခြယ်လှယ် နေတော့သည်။
“ရဲ့ထန်လင်း  … နင်သာ ငါ့မွေးစားမိဘတွေကို ရိုင်းစိုင်းတဲ့ စကားမပြောရင် ငါကလည်း နင့်ကို ပြစ်တင် ပြောဆိုမှာ မဟုတ်ဘူး။ နင်က အရင်ဦးဆုံး အမှားကျူးလွန်သူ  … ငါက ဘာအမှားမှ မလုပ်ခဲ့ဘူး”
ရဲ့ချီလည်း သူမ၏နှုတ်ခမ်းကို ဖိကိုက်ထား မိလေသည်။
“ငါက မွေးစားထားတဲ့ ခွေးဆိုရင်တောင်  … မွေးစားမိဘတွေရဲ့ ခွေးပဲ ဖြစ်မယ် ... နင်နဲ့ ဘာမှ မသက်ဆိုင်ဘူး”
“အမလေးလေး  … နင်က ကိုယ့်သခင်ကို ကာကွယ်ပေးတတ်တဲ့ ခွေလေးပဲ”
ရဲ့ထန်လင်းလည်း ဟားတိုက် ရယ်မောလိုက်ပြီးနောက်
“နင်အခု ဝတ်နေတဲ့ အဝတ်အစား၊ မျိုဆို့နေတဲ့ အစားအသောက် မှန်သမျှက ငါတို့ ရဲ့မိသားစု ပိုင်ဆိုင်တာကို မမေ့သင့်ဘူး၊ ငါ ဘာပဲ အမိန့်ပေးပေး နင့်ဘက်က နာခံမှု ရှိရမယ်၊ အခုချက်ချင်း ငါ့ပေါင်ကြားအောက်မှာ တွားသွားစမ်း  … ငါ့အမိန့်ကို မနာခံရင်တော့ နင်နဲ့ ရဲ့ရှီမို့ ကောင်းကောင်းမွန်မွန် နေထိုင် စားသောက်ရမယ် မထင်နဲ့”
ရဲ့ချီမှာ ဒေါသထွက်ရလွန်းလို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ကွယ်ဝှက်ထားသည့် ဒေါသများကို မဖုံးနိုင် မထိနိုင်ဖြစ်ကာ ရဲ့ထန်လင်း၏ မျက်နှာကို ထိုးချလိုက်တော့တယ်။ 
ချက်ချင်းကို သူ့နှာခေါင်းပေါက်မှ သွေးများ ကျဆင်း လာတော့သည်။ သူ့နှာခေါင်းအောက်ကို ထိကိုင်လိုက်လေတော့ သူ့မှာ သွေးလေ ချောက်ချား သွားရလေပြီ။
“မိန်းမပျက်  … ဒီသခင်လေးကိုများ တိုက်ခိုက်ရဲတယ်၊  နင့်မွေးစားမိဘတွေ နင့်ကို ကာကွယ်ပေးနိုင်မယ်များ ထင်နေလား။ တော်ဝင်မိသားစု မင်းသမီးက ငါ့မရီး ဆိုတာ မမေ့ပါနဲ့”
နောက်တော့မှ ရဲ့ချီလည်း သူမ၏ အပြုအမူကြောင့် နောင်တရမိကာ မရည်ရွယ်ဘဲ နောက်ကို ဆုတ်မိလေ၏။ သို့သော်လည်း ရဲ့ထန်လင်းကိုတော့ အညံ့မခံချင်ဘူး။ ထို့ကြောင့် အလျှော့ မပေးသည့်ဟန် ပြန်ပြော လိုက်လေရာ
 “တော်ဝင် မင်းသမီးကို ကြောက်နေစရာ အကြောင်းမရှိဘူး၊ ငါ့မရီးက သူမထက် ပိုပြီး အရည်အချင်း ရှိတယ်”
“ဟား …”
ရဲ့ထန်လင်းလည်း သရော်သလို ဟားတိုက် ရယ်မော လိုက်လေ၏။
“နင့်မရီး ဟုတ်လား၊ ဘာလဲ ကျွင်းဖန်လျန် ခေါ်လာတဲ့ မျိုးမစစ်ကောင် မိန်းမလား၊ ဘယ်လိုလုပ်ပြီး သူမက မင်းသမီးကို ယှဉ်နိုင်ပါ့မလဲ … ဟာသ ပြက်လုံးတွေ သိပ်မပြောစမ်းနဲ့၊ သူမရဲ့ မိသားစု နောက်ခံလား … သူမရဲ့ ဆေးပညာ အစွမ်းလား … ဘယ်ဟာကများ သာလွန်နေလို့လဲ၊  မင်းသမီးမုံ့ယောင်က ထျန်းယွင် တိုင်းပြည်မှာ အရည်အချင်း ရှိတဲ့ သမားတော်၊ သူမထက် တော်တဲ့လူက သခင်ရွှမ်ထန် တစ်ယောက်တည်း ရှိတာ နင် သိလို့လား၊ ဘယ်လို အချက်မျိုးမှာ နင့်မရီးက သမီးမုံ့ယောင်ကို ယှဉ်နိုင်လို့လဲ”
 အစတည်းက ယွမ်လော့ဖုန်း အကြောင်းကို ရဲ့ချီ မသိခဲ့ချေ။ တခြားသူများ နည်းတူ ယွမ်လော့ဖုန်းကို အထင်မြင် သေးခဲ့မိသည်။ ရွှယ်ရုံအာ၏ ကုန်းတိုက်သော စကားများကြောင့်လည်း ယွမ်လော့ဖုန်းကို အရည်အချင်း ရှိမည်လို့ သူမ မယုံကြည်ခဲ့မိချေ။
နောက်ပိုင်းတွင်းမှ သူမကို ယွမ်လော့ဖုန်းမှန်း သိရှိခဲ့ရပြီး သူမကို အထင်မြင်သေးသော စိတ်များ မရှိတော့ပေ။  ထို့ပြင် သူမက မွေးစားအမေ၏ သန္ဓေမြုံခြင်းကို  ကုသပေးနိုင်လို့လည်း သံသယ စိတ်များ ကင်းဝေးခဲ့ရသည်။ ထိုကဲ့သို့မျိုး  ဆေးပညာ အရည်အချင်း ရှိသည့် ယွမ်လော့ဖုန်းကို မင်းသမီးမုံ့ယောင်က ယှဉ်ပြိုင် နိုင်မည်လော့။
သို့သော်ငြားလည်း ထိုကိစ္စရပ်များကို တခြားသူများ မသိမှန်း သိရှိနေခဲ့လို့  ရဲ့ချီလည်း သူမ၏နှုတ်ခမ်းကို ဖိကိုက်လျက် စကားတစ်ခွန်း တစ်ပါးဒများ ထွက်မလာခဲ့ပါချေ။
 
***
အပိုင်း(၈၄၉)

 
ခွန်းတုံ့မပြန်သည့် ရဲ့ချီကို ကြည့်နေလျက် ရဲ့ထန်လင်းမှာ ဘဝင်ခိုက်ကာ မျက်ခုံးကို တွန့်ချိုး လိုက်ချေ၏။
“နင်က ရဲ့မိသားစုပိုင်ဆိုင်တဲ့ ခွေးတစ်ကောင် အဆင့်ပဲ ရှိတာကို သေသေချာချာလေး မှတ်ထားလိုက်စမ်း။ သခင့်က နင့်ကို အစားကျွေးချိန် အမြီးလေးကို လှုပ်ယမ်းပြီး သနားဖို့ တောင်းပန်သင့်တယ်။ သစ္စာဖောက်ဖို့ တွေးတောင် မတွေးသင့်ဘူး”
ရဲ့ချီလည်း ရဲ့ထန်လင်းကို အစိမ်းလိုက် ဝါးစားတော့ မတတ် မကျေမနပ် ကြည့်နေခဲ့သည်။
သူမ၏ အကြည့်က သူ့ဒေါသစိတ်ကို တိုးပွားစေမည်လို့ ဘယ်သူများ တွေးထင် လိုက်မည်နည်း။
“ကောင်မစုတ် … အခုအချိန်အထိ မောက်မာ နေတုန်းပဲ”
ရဲ့ထန်လင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်းကာ တည်ကြည် ခံ့ညားသော မျက်နှာထားနှင့် သွေးအေးစွာ အမိန့်ပေး လိုက်လေ၏။
“ဟေ့လူတွေ ဒီကောင်မကို  ကောင်းကောင်းလေး ရိုက်နှက်ပြီး သင်ခန်းစာ ပေးလိုက်စမ်း”
ဒီကောင်မ ငါ့ကို ရိုက်ရဲ ပြီး နောင်တမရလေတော့ သူမကို ဘယ်လိုပြုမူသင့်လည်း သိအောင် ထိုက်သင့်သော သင်ခန်းစာ ပေးသင့်ပြီ။
“ဟုတ်ကဲ့ပါ လင်းသခင်လေး”
လျှပ်တစ်ပြက်အတွင်း ရဲ့ထန်လင်း နောက်မှာရှိနေသည့် သက်တော်စောင့်အဖွဲ့က ရဲ့ချီရှိရာသို့ လျင်မြန်သော အဟုန်ဖြင့် ပြေးသွားတော့သည်။
တစ်ယောက်က သူမ၏ လက်မောင်းကို ချုပ်ကိုင်ထားပြီး  တခြားတစ်ဦးက သူမကို ရိုက်နှက်ဖို့ လက်ရွယ်လိုက်သည်။ ခဏတစ်ဖြုတ်လေးအတွင်း ရဲ့ချီမျက်နှာ တစ်ခြမ်းက ဖူးရောင်လာပြီး ဝက်တစ်ကောင်၏ ဦးခေါင်းနှင့် အသွင်သဏ္ဌာန် တူညီလာတော့သည်။
သူမ၏မျက်ဝန်း နှစ်စုံမှာ မျက်ရည်များ ဝဲသီနေသော်လည်း ခေါင်းမာမာဖြင့် မျက်ရည်များကို တားဆီးထားခဲ့သည်။  လှပသော မျက်ဝန်းတစ်စုံက ရဲ့ထန်လင်းကို အလျှော့မပေးဟန် ကြည့်နေခဲ့လေ၏။
“ကောင်မ ... ဘယ်သူက နင့်ကို ဒီလိုမျက်နှာပေမျိုးနဲ့ ကြည့်ခွင့်ပြုလို့လဲ”
ရဲ့ထန်လင်းက ခေါင်းမော့ကာ ရဲ့ချီ ဘေးနားကို စိန်ပြေနပြေ လမ်းလျှောက် သွားတော့သည်။ သူ့လက်များက ရဲ့ချီမေဖျားကို အတင်းအကျပ် ဆုပ်ကိုင်ကာ ထေ့ငေါ့သော စကားများကို ပြောလေတော့၏။
“ပုန်ကန်တဲ့ ခွေးတစ်ကောင်ကို အသက်ရှင်ခွင့် ပေးထားတော့ ဘာအသုံးဝင်မှာလဲ”
ရဲ့ထန်လင်းက သူ့လက်ကိုမြှောက်ကာ ကြီးမားသော လက်ဖဝါးဖြင့် ရဲ့ချီ၏မျက်နှာကို အညှာအတာ ကင်းမဲ့စွာ ခပ်ပြင်းပြင်း ရိုက်နှက်တော့သည်။
ရဲ့ချီမှာ တုန်လှုပ် ချောက်ချားလွန်းလို့ သူမရဲ့မျက်ဝန်းများကို အတင်းအကျပ် ပိတ်ထားလိုက်လေ၏။ သူမရဲ့မျက်ခွံလေးများက တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။
လက်ဖဝါး ရိုက်ချက်၏နာကျင်မှု လုံးဝ ကျရောက် မလာတော့လဲ မျက်ခွံများ  တဆတ်ဆတ် တုန်ယင်ကာ ဖြည်းဖြည်းချင်း ဖွင့်ကြည့်ခဲ့သည်။
အမျိုးသားတစ်ဦး၏ ကျောကုန်းက ရဲ့ချီနှင့် မျက်နှာချင်းဆိုင် ဖြစ်နေကာ သူ့ဝတ်ရုံက လေညင်နှင့်အပြိုင် တလွင့်လွင့် တလူလူ ဖြစ်နေခဲ့လေသည်။ တစ်စုံတစ်ယောက်ကို လုံခြုံမှု အပြည့် ခံစားစေသည့် ဧရာမ တောင်ကဲ့သို့ သူ့နောက်ကျောက တောင့်တင်း သန်မာလွန်း၏။ ခဏလေးအတွင်း ရဲ့ချီ နှလုံးသားလေး ခုန်ဖို့ မေ့လျော့နေရပြီး သူမရှေ့မှာ ကားဆီး ရပ်နေသည့် အမျိုးသားလေးကို မှင်တက်စွာ ငေးမော ကြည့်နေမိတော့၏။ အဓိပ္ပာယ် ဖယ်ထုတ်ရ ခက်ခဲသည့် ခံစားချက် တစ်စုံတစ်ရာက သူမနှလုံးသားမှာ ဖြစ်တည် နေခဲ့လေ၏။ 
“ရဲ့ထန်လင်း”
သူ့နှုတ်ခမ်းထောင့်က ခက်ထန်သော အပြုံးတစ်ပွင့်ကို ဖန်ဆင်းလိုက်ပြီး ခံ့ညားချောမောသည့် မျက်နှာက လှောင်ပြောင် ထေ့ငေါ့မှုကို သရုပ်ဖော် နေလေသည်။
“အရင်နှစ်တုန်းက မင်းကို ရိုက်နှက် မောင်းထုတ်ခဲ့တာ မေ့သွားပြီ ထင်တယ် … ဘာလဲ … အိပ်မက်ဆိုးကို ထပ်မက်ချင်သေးလို့လား”
ရဲ့ထန်လင်း၏မျက်ဝန်းမှာ နာကျင်မှု ရိပ်ခြည်းများ ပြေးလွှား သွားတော့၏။  သူ့စိတ်အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အလို့ငှာ  အားတင်း ကြိုးစားကာ အံကြိတ်ရင်း စကား ပြန်ပြောလေ တော့သည်။
“အဲဒီအချိန်တုန်းက ရဲ့မိသားစုမှာ ဦးလေးက ရာထူး မြင့်မားခဲ့တော့ ငါ့မှာ လက်တုံ့ပြန်ဖို့ အခွင့် မရှိခဲ့လို့ပါ။  ဒါပေမဲ့ အခုတော့ ငါ့အဖေက ရဲ့မိသားစုမှာ အာဏာအရှိဆုံးပဲ … ဒါကြောင့် နင်တို့မှာ ငါ့ကို ဆန့်ကျင်ဖို့ အခွင့်အာဏာ မရှိဘူး”
ခွေးတိုင်းမှာ သူတို့ ကောင်းစားခဲ့သည့် နေ့ရက် ရှိနိုင်လေတော့ ရဲ့ကျင်းချန်းက တခြားသူ မယှဉ်နိုင်သည့် အခြေအနေမျိုးမှာ နေထိုင်ခဲ့ဖူးသည်။ ပြောရရင်တော့ ကြက်ဥ မဥချနိုင်သော ကြက်မကို မယူခင်မှာပေါ့။
ထို့အပြင် ကိုယ်ဝန်မဆောင်နိုင်သည့် မိန်းမအတွက် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ကိုယ်လုပ်တော် ယူဖို့  ဆန္ဒ မရှိခဲ့ချေ။ ဤအခြေအနေကြောင့် ရဲ့မိသားစု အကြီးအကဲများကို အလွန်အမင်း စိတ်ပျက်စေခဲ့ပြီး သူ့အဖေ အာဏာ ရလာခဲ့သည်။
ရဲ့ရှီမို့လည်း မျက်ခုံးပင့်ကာ ထေ့ငေါ့သော စကားများကို ပြောခဲ့လေသည်။
 “အရင်တည်းက ရဲ့မိသားစုမှာ မင်းကိုယ်မင်း ငါ့ရှေ့ မလာရဲတဲ့အထိ ရိုက်နှက်ခဲ့တယ် … နှစ်ပေါင်းများစွာ ကြာလည်း အတူတူပဲ … ငါ့စကားကို မယုံကြည်ရင် အစမ်း ပြပေးလို့ ရတယ်ကွယ်”
ရဲ့ထန်လင်း၏မျက်နှာထား ပြောင်းလဲ သွားတော့သည်။  ရဲ့ချီနှင့် မျက်နှာချင်း ဆိုင်ရင်တော့ သူမ၏ မွေးရာပါ သန္ဓေ  အရမ်း အစွမ်း မထက်မြက်တော့ သူ့မှာ ကြောက်ရွံခြင်း အလျှင်းမရှိပါ။ သို့သော်လည်း ရဲ့ရှီမို့နှင့် ရင်ဆိုင်ရသည်မှာ သူ့အတွက် အင်မတန် ခက်ခဲလွန်းချေ။
“သွားမယ်”
ရဲ့လင်းထန်က ရဲ့မိသားစု အစောင့်များနှင့်အတူတူ ကျောခိုင်း ထွက်သွားဖို့ ကြံရွယ်နေလေ၏။  
ထိုစဉ်  ပြင်းထန်သော စိတ်စွမ်းအားက သူ့ကျောကုန်းပေါ် ကျရောက်လာလေရာ သူ့မှာ ခုခံဖို့ အချိန် မရလိုက်ပေ။ ဘန်းခနဲ အသံနှင့်အပြိုင် ရဲ့ထန်လင်းမှာ ရှေ့လန်ကျကာ မြေကြီးပေါ် ကျွမ်းထိုးမောက်ခုံ လဲကျသွားလေသည်။
 
***
အပိုင်း(၈၅၀)

 
“ဘယ်ကောင်လဲ ... ဘယ်အကောင် ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လဲ … ထွက်လာခဲ့စမ်း ... သူရဲဘောကြောင်မနေနဲ့”
ရဲ့ထန်လင်း မြေကြီးပေါ်မှာ ကြိုးစားပမ်းစား ထရပ်၍  ဒေါနှင့် မောနှင့် အော်ဟစ် နေလေတော့ သူ့မျက်နှာထား ပျက်ယွင်းနေခဲ့သည်။
 သူ့ကို ကိုယ်ထိလက်ရောက် ရန်မူသောသူကို ရှာဖွေနေစဉ်  မဲ့ပြုံး ပြုံးနေသည့် အမျိုးသမီး တစ်ဦး၏ ခပ်အေးအေး အသံကို ကြားလိုက်ရလေ၏။
“ခိုးကြောင် ခိုးဝှက် မတိုက်ခိုက်ခဲ့ဘူး … ပေါ်ထင် လူရှေ့ သူရှေ့မှာ တိုက်ခိုက်ခဲ့တာ … နင့်ဘာသာ ညံ့ဖျင်း လွန်းလို့ မမြင်နိုင်တာတော့ မတတ်နိုင်ဘူး”
နေရောင်ခြည်က လမ်းမပေါ်မှာ ဖြန့်ကြက်နေလေတော့  တည်ငြိမ် နွေးထွေးမှုကို ပေးစွမ်းနေလေသည်။ လာရောက် ကြည့်ရှုသည့် လမ်းသွားလမ်းလာ အားလုံးက သူတို့၏ အာရုံများကို မိန်းကလေးရှိရာသို့ လွှဲပြောင်း လိုက်ကြသည်။ ထိုမိန်းကလေးက ဆူပူသောင်းကျန်း နေခြင်းကို ဂရုမစိုက်ဟန် မတ်တတ် ရပ်နေခဲ့လေ၏။
ထိုစဉ် ခဏလေးအတွင်းမှာ နှင်းတမျှ ဖြူဖွေးသော မိန်းကလေးက  မြို့တစ်မြို့လုံးကို ကျဆုံးခန်း ရောက်နိုင်စေသည့်အထိ ချောမောလှပကြောင်း နားလည် ခဲ့လေ၏။ 
ဟိုစဉ်တုန်းက မင်းသမီးမုံ့ယောင်ကို ပြိုင်ဘက် ကင်းလှပသည်ဟု  သူတို့အားလုံး တွေးထင် မှတ်ယူခဲ့မိသော်လည်း  ယင်းအဖြူရောင် ဝတ်စုံနှင့် မိန်းကလေးကို ယှဉ်ပြိုင်မည်ဆိုပါက ခြေမှုန်ကိုမျှ မှီနိုင်သည့် အဆင့် မရှိချေ။ ယခု မြင်တွေ့နေရသည့် အဖြူရောင် ဝတ်ရုံနှင့် မိန်းကလေးသည် မိုးကောင်ကင်အောက်မှာ အချောလှဆုံး နံပါတ်၁ မိန်းမပျိုလေးဟု ခေါ်ဆိုထိုက်လေသည်။
“စောစောတုန်းက ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ  …မင်းလား …”
ရဲ့ထန်လင်း မှင်တက်နေသည်မှ သတိတရား ပြန်လည် ဝင်ရောက်လာခဲ့ပြီး မှောင်ရိပ်သန်းနေသော မျက်နှာထားနှင့် မေးလိုက်လေ၏။
မိန်းမပျိုလေးက ပြုံးနေလေသည်။ သူမ၏အပြုံးက မြင်တွေ့ရသူများကို အကြောက်တရား ဖုံးလွှမ်းသွားစေသည့် အရှိန်အဝါမျိုး ပေးစွမ်းလေ၏။
“ရှင့်ကို ခိုးကြောင် ခိုးဝှက် မတိုက်ခိုက်ဘူး … ပေါ်ပေါ်ထင်ထင် တိုက်ခိုက်တာလို့ ကျွန်မ ပြောထား ပြီးသား …”
သူမလည်း စကားပြောခြင်း အမှုကို ရပ်တန့်လိုက်ပြီး ရဲ့ချီဘက် ခေါင်းအနည်းငယ် စောင်းငဲ့၍ မေးလိုက်လေရာ ...
“စောစောက အမေ့ကို … သိက္ခာကျဆင်းစေဖို့ သူ … သုံးနှုန်းခဲ့တဲ့ စကားလုံးတွေကို ပြန်ရွတ်ပြစမ်း …”
ရဲ့ချီ အာရုံထွေပြား သွားခဲ့သည်။
“မွေးစား အမေကို  သန္ဓေမအောင်တဲ့ ကြက်မလို့ … ပြောတဲ့ အပြင် ... မွေးစား အဖေကို သွေးဆောင် ဖြားယောင်းတဲ့ မိန်းမပျက်မလို့လဲ … ပြောသေးတယ် … မွေးစားအဖေကိုလည်း ကြာခိုတတ်တဲ့ ယောက်ျား … အစ်ကိုငယ်ကိုလဲ … မွေးစားအမေနဲ့ ရိုင်းစိုင်းတဲ့ ယောက်ျား မွေးထားတဲ့ မိမစစ် ဖမစစ်ကောင်လို့ ပြောခဲ့တယ်”
ယွမ်လော့ဖုန်းလည်း သူမ၏ အကြည့်ကို ရဲ့ချီမှ ရဲ့ထန်လင်းသို့ ပြောင်းလဲ လိုက်ပြီး သူမ၏ မာယာများသော အပြုံးကို ပြသလိုက်လေတော့ …
“ငါ့အမေကို ပြစ်တင် ပြောဆိုခဲ့တဲ့ စကားတစ်ခွန်းစီတိုင်း အတွက် ရှင့်ကိုယ်ရှင် ဆယ်ချက် ပါးရိုက်သင့်တယ် … စကားနှစ်ခွန်းအတွက် အချက်၂၀ ပါးရိုက်ရမယ် … အမြဲတမ်း ကျွန်မက တရားမျှတမှု ရှိသူပါ … ရှင့်ကိုယ်ရှင် ပါးရိုက်ရင်တောင် … အမေ့အတွက် နစ်နာမှု ရှိသေးတယ်လို့ ယူဆမိတယ်”
လမ်းမပေါ်တွင် နေရာယူထားသည့် လမ်းသွား လမ်းလာများလည်း ယွမ်လော့ဖုန်း၏ စကားကို ကြားလိုက်ရပြီး သူတို့ အားလုံး တအံ့တဩ ဖြစ်သွား ရလေ၏။ 
ကျွင်းဖန်လျန်ကို စကားနှင့် စော်ကားမော်ကား ပြောဆိုခဲ့သည့် တစ်စုံတစ်ယောက်ကို ကိုယ့်ဘာသာ ပါးရိုက်၍ အပြစ်ကို ချေပစေချင်သည်လား။
“မင်း …”
ရဲ့ထန်လင်း၏ ဒေါသထွက်နေသည့် ခံ့ညား ချောမောသော မျက်နှာက နီရဲတွတ် လာတော့သည်။
“မင် … အတင့်ရဲလှချည်းလား … ငါ့အဖေက ရဲ့မိသားစု ခေါင်းဆောင် … ငါ့အစ်ကိုက ... မင်းသမီးရဲ့ အနာဂတ် ကြင်ရာတော် … ငါ့ကိုများ ဒီလိုပုံစံမျိုး ပြုမူရဲတယ် … မင်းရဲ့ ဆွေးစဉ်မျိုးဆက် ၉ဆက်လုံး အသက်ခံစေရမယ်”
ယွမ်လော့ဖုန်းလည်း သူမရဲ့ မျက်ဝန်းများကို မှေးစဉ်းလိုက်ပြီး အန္တရာယ် အငွေ့အသက်များကို လွင့်မျော စေလိုက်၏။
“ရှင့်က ကိုယ့်အား ကိုယ် မကိုးချင်တော့ ကူညီပေးရတာပေါ့ …”
ရဲ့ထန်လင်း ခေတ္တခဏ မှင်တက်သွားရပြီး ... သူ့အသိတရား ပြန်လည် မဝင်ရောက်လာခင် … ယွမ်လော့ဖုန်းက သူ့ရှေ့ကို ရောက်နှင့် နေလေ၏။  
သတိမထားမိလိုက်စဉ် သူ့ခန္ဓာကိုယ်ကို သူမက အပ်ပေါင်းများစွာဖြင့် ထိုးစိုက် ပြီးလေပြီ။ သိပ်မကြာခင်မှာ သူ့လက်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ့မျက်နှာကို ခပ်ပြင်းပြင်း ရိုက်နှက် နေလေတော့သည်။
ဖြန်း …
ဤပါးရိုက်ချက်ကြောင့် ရဲ့ထန်လင်း၏ ပါးတစ်ခြမ်းမှာ တစ်ပြင်လုံး နီရဲတွတ်လာပြီး အားကုန် သုံးလိုက်၍ လက်ပါးချောင်း အမှတ်လက္ခဏာကို သူ့ပါးပြင်ပေါ် တံဆိပ်ခတ်နှိပ် လိုက်လေ၏။ 
ကြည့်ရှုနေသူ အပေါင်းမှာ ကြောင်အမ်းအမ်း ဖြစ်နေရပြီး ရဲ့ထန်လင်း၏ သက်တော်စောင့်များ ကိုယ်တိုင် တုန်လှုပ် ချောက်ချား နေရ၏။ သူတို့၏ သခင်လေးကို တားမြစ်သင့်သည် မသင့်သည်ကို  ဝေခွဲ မရ ဖြစ်နေရလေသည်။
“ရှင့်အမှားကို ရှင် သိသင့်ပြီလို့ ထင်တယ်”
ယွမ်လော့ဖုန်းလည်း သူမ၏ နှုတ်ခမ်းထောင့်ကို မြှင့်တင် လိုက်လေသည်။
“ရှင့်ကိုယ်ရှင် အကြိမ်ပေါင်းများစွာ ပါးရိုက်ရင်တောင် … ကျွန်မဘက်က ခွင့်မလွှတ်နိုင်ဘူး …”
သူမ ပြောလိုက်သည့် စကားတစ်ခွန်းက ရဲ့ထန်လင်းသည် သူမကို တောင်းပန်သည့် အပြုအမူမျိုး ပြုမူနေသည့် သဘောကို သက်ရောက် စေလေသည်။
သနားစဖွယ်ကောင်းသည့် ရဲ့ထန်လင်းက သူ့ကိုယ်သူ မှန်ကန်ကြောင်း ရှင်းပြချင်သော်လည်း သူ့လည်ချောင်းတွင် စကားတစ်ခွန်းမျှ အန်မကျလာခဲ့ပေ။ သူ့လက်များကို လွတ်လပ်ခွင့် ပေးနေရ၍ ပါးပြင်မှာ ရဲရဲတောက် နေလေပြီ။
ယွမ်လော့ဖုန်းက သူ့ကို အပ်စိုက်၍ ရုပ်သေးရုပ် လုပ်ထားသည်ကို မည်သူမျှ သတိမထား မိလိုက်ချေ။ အဓိက အချက် အနေနှင့် ပြောရမည်ဆိုလျှင် ရဲ့ထန်လင်း ကိုယ်တိုင် စကားပြောနိုင်ရန် ခဲယဉ်းနေသည့်အတွက် သူက ယွမ်လော့ဖုန်း ပြောသော အကြောင်းအရာကို လက်ခံနေသည်ဟု ယုံကြည်ထားလေ၏။
 
***
အပိုင်း(၈၅၁)

 
ထို့ကြောင့် ရှိရှိသမျှ လူတိုင်းက နားမလည်နိုင်စွာ တုန်လှုပ် ချောက်ချား နေခဲ့သည်။ စောစောက ဂုဏ်မောက်နေသည့် ရဲ့ထန်လင်း သူ့အမှားသူ အမှန်တကယ် ဝန်ခံ နေသည်လော။
 လမ်းမ တစ်ခုလုံး၌ ရဲ့ထန်လင်း၏ ပါးရိုက်သံကိုသာ ကြားနိုင်သည်အထိ အသံများ ဆိတ်သုန် နေခဲ့သည်။ ဤပါးရိုက်ချက်ကြောင့် သူ့ပါးပြင်များ ထုံထိုင်းနေသော်လည်း သူ့လက်ကို ဟန့်တားနိုင်ခြင်း မရှိခဲ့လေ၏။
နောက်ဆုံးသော ရိုက်ချက် ကျရောက် လာလေတော့ သူ့ခန္ဓာကိုယ်က ပျော့ခွေ သွားပြီး မြေကြီးပေါ် လဲကျသွားလေသည်။
“လင်းသခင်လေး …”
သက်တော်စောင့်များက ရဲ့ထန်လင်းအနား အလျင်စလို ပြေးသွား၍  သူ့ကို ဖေးမရန် စဉ်းစား နေခဲ့သည်။ သို့သော်ငြားလည်း သူတို့ အနား မရောက်မီ  ဖြန်းခနဲ ရိုက်ချက်က သူတို့ကို  လွင့်ထွက် သွားစေလေသည်။ ထို့ပြင် သခင်လေးက ဒေါနှင့်မောနှင့် ပြစ်တင် ပြောဆိုလေတော့ …
“စောစောက မင်းတို့တွေ ဘာလုပ်နေလဲ … ဘာကြောင့် ငါ့ကို မဆွဲချလဲ”
သက်တော်စောင့်၏ အသံက နှေးကွေး လေးလံနေပြီး သူတို့အားလုံးက အားအင်ချည့်နဲ့စွာ ပြန်ဖြေလေတော့ ...
“သခင်လေး … စောစောတုန်းက ကိုယ့်ဘာသာကိုယ် ပါးရိုက်ပြီး တောင်းပန်နေတာ မဟုတ်ဘူးလား … ကိုယ့်အမှားကိုယ် ဝန်ခံ နေတယ်လို့ ဒီငယ်သားတွေ ယူဆခဲ့မိလို့ … ဒါကြောင့် …”
ရဲ့ထန်လင်း၏ လည်ချောင်းက တင်းကျပ်နေ၍ တစ်စုံတစ်ရာကို ပြောပြချင်မိသော်လည်း  စကားတစ်ခွန်းမျှ ထွက်လာခဲ့ခြင်း မရှိပေ။ သူလည်း ခေါင်းကြောမာမာ မတ်တတ် ထရပ်လိုက်ပြီး ယွမ်လော့ဖုန်းကို မကျေမနပ် ကြည့်လိုက်လေသည်။
“သုံးစားမရတဲ့ ကောင်မ … ဘယ်လိုပဲဖြစ်ဖြစ် … ငါက ရဲ့မိသားစု တရားဝင် သခင်လေး … နင်က တရားမဝင်သားရဲ့ မိန်းမ ... နင်ကများ ငါ့ကို ဒီလိုဆက်ဆံရဲတယ် … တန်ရာတန်ကြေး ပြန်လည် ပေးဆပ် စေရမယ်...”
သွေးစစ်ဆေးခြင်း အခမ်းအနား မတိုင်မီအထိ ဤကိစ္စကို မဖော်ထုတ်ရန် အရင်တည်းက ရဲ့ရှန်းအကြီးအကဲ အမိန့်ပေးထား ပြီးသား။  ရဲ့သခင်လေး ရဲ့ထန်လင်း ကိုယ်တိုင်တောင် ဤကိစ္စကို မသိခဲ့လေဘူး။
“ပြန်မယ်”
သူ့လက်ကို ဝှေ့ယမ်း၍  အရှက်ရလွန်းလို့ သက်တော်စောင့်များ ကြားထဲ တိုးဝင်ကာ ခရီးဆက်သွားလေသည်။
ထိုလူများ ထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ဘက် လှည့်ကြည့်၍ ပြုံးပြလိုက်လေသည်။
“ယွမ်ရှောင် … ပြန်မယ် …”
ယွမ်ရှောင်က စကားနည်းဟန် ခေါင်းညိတ် ပြလိုက်လေသည်။ ခက်ထန်သော မျက်ဝန်းတစ်စုံက ရဲ့ထန်လင်း ထွက်သွားသည့် ဦးတည်ရာကို ကြည့်နေခဲ့လေသည်။ လူသတ်ချင်နေသော အငွေ့အသက်များက အလိုအလျောက် ထွက်ပေါ် နေလေ၏။ 
 
***
 
ရဲ့မိသားစု …
အိမ်တော် ခြံဝင်းအတွင်း လမ်းလျှောက်နေသည့် ရဲ့ကျင်းရွှမ်လည်း သက်တော်စောင့် အဖွဲ့နှင့် အလောတကြီး ဝင်ရောက်လာသော ရဲ့ထန်လင်းကို မြင်လိုက်ရလေသည်။ မျက်နှာတစ်ပြင်လုံး ရောင်ကိုင်းနေသည့် ရဲ့ထန်လင်းကို မြင်လိုက်ရလေတော့ မျက်မှောင် ကြုတ်မိလေ၏။
နောက်ဆုံးတော့ ရဲ့ထန်လင်းလည်း ရဲ့ကျင်းရွှမ်ကို မြင်လိုက်ရစဉ်  မတော်မတရား ပြုခံရသကဲ့သို့ ငိုကြွေးတော့သည်။
“အဖေ … ကျွန်တော့်အတွက် လက်စားချေ ပေးရမယ် … မိန်းမပျက်မ … ကျွန်တော့်ကို ရိုက်ရဲတယ် … အဲကောင်မက ရဲ့မိသားစုကို မျက်လုံးထဲ မထည့်တာ …”
ရဲ့ကျင်းရွှမ်လည်း သက်ပြင်းချလိုက်လေရာ … သူ့ထက် သူ့သား စရိုက်ကို  ဘယ်သူမှ မသိနိုင်ဘူး။
ရဲ့ထန်လင်းနှင့် ရဲ့ထန်ဝမ်က အကျင့်စရိုက်ချင်း မတူညီကြဘူး။
အကြီးဆုံး သားဖြစ်သူ ရဲ့ထန်ဝမ်က တည်ကြည် လေးနက်သော စိတ်နေသဘောထား ရှိသည်။  ဤကဲ့သို့မျိုး စိတ်နေသဘောထား မရှိခဲ့လျှင် မင်းသမီးမုံ့ယောင်ကို ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်ချေ။ သို့သော်ငြားလည်း မိဘချင်း တူညီသည့် ရဲ့ထန်လင်းက လူပေါ်ကြော့ သခင်လေး ဖြစ်နေပြန်သည်။ ဖြစ်နိုင်ချေ အရှိဆုံး ကိစ္စက သူ့ဘက်က အရင်ဆုံး ပြဿနာ ရှာမိလို့ ပြန်ရိုက်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
“ပြောစမ်း … မင်း ပြောနေတဲ့ မိန်းမပျက်က ဘယ်သူလဲ”
အရင်ဆုံး ပြဿနာရှာသူက သူ့သားမှန်း သိခဲ့သော်လည်း တခြားသူက သူ့သားကို အနိုင်ကျင့်ခွင့် ပြုသည်ဟု မဆိုလိုခဲ့ချေ။
ရဲ့ထန်လင်းက နာကြည်း မုန်းတီးစွာ ပြောလိုက်လေရာ …
“ဘယ်သူ ရှိရမလဲ …  အမျိုးယုတ်ကောင် ယွမ်ရှောင်ရဲ့ ဇနီး …”
“ဘာပြောလိုက်တယ် … ပြန်ပြောစမ်း”
ရဲ့ကျင်းရွှမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး ဒေါနှင့်မောနှင့် အော်ဟစ် လိုက်တော့သည်။
“အပျက်မက ငါ့သားကို ရိုက်နှက်ရဲတယ်လား ... ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရဘူး … သားအတွက် အမှန်တရားကို ရှာဖွေပေးဖို့  အကြီးအကဲတွေကို ဖိတ်ခေါ်လိုက်မယ် … သူတို့က သေချာပေါက်ကို သားအတွက် အမှန်တရားကို ရှာပေးလိမ့်မယ်”
ရဲ့ထန်လင်းက ခေါင်းငုံ့ထား၍ သရော်ပြုံးများကို ဖုံးဖိထားခဲ့သည်။ မျိုးမစစ်ကလေး ဖြစ်ဖြစ် … ရဲ့ရှီမို့ ဖြစ်ဖြစ် သူ့ကို ရန်စမိသည့် အကျိုးဆက်ကို သိစေရမည်။ ဤတော်ဝင်မြို့တော် အတွင်း သူ့ကို ဆန့်ကျင်ရဲသူ မရှိခဲ့ဘူး။
 
***
 
ရဲ့ရှီမို့တို့ ရဲ့အိမ်တော်ထဲ ဝင်လာချိန်၌  ပတ်ဝန်းကျင်တွင် တစ်စုံတစ်ရာ လွဲမှားနေသကဲ့သို့ ခံစားမိလေ၏။  စဉ်းစားခန်း ဝင်နေချိန် အစေခံတစ်ဦး အလျင်စလို ပြေးဝင်လာပြီး သတင်းပို့လေသည်။
“မို့သခင်လေး … အကြီးအကဲ အားလုံးက ခန်းမဆောင်မှာ စောင့်ဆိုင်း နေပါတယ် … သခင်လေးတို့ ပြန်ရောက်လာခဲ့ရင်  ခန်းမဆောင်ကို လာခဲ့ဖို့ မှာကြား ထားပါတယ်”
 
***
အပိုင်း(၈၅၂)

 
“မိသားစု အကြီးအကဲတွေလို့ ပြောလိုက်တာလား... ဒီတစ်ခေါက် ငါတို့ကို တွေ့ဖို့ ခေါ်ရတဲ့ အကြောင်းအရင်းက ရဲ့ထန်လင်း ငါတို့ကို တိုင်တန်း ထားလို့ ဖြစ်ရမယ် …”
ရဲ့ရှီမို့ စိတ်ထဲ သရော်လိုက်ပြီး ယွမ်လော့ဖုန်း နှင့် ယွမ်ရှောင်ကို လှည့်ကြည့် လိုက်လေသည်။
“ညီနဲ့ ခယ်မလေး ... အိမ်တော်ကို ပြန်ပြီး အစ်ကို … ပြန်လာမှာကို စောင့်နေဦး … အဲဒီခေါင်းမာတဲ့ အဘိုးကြီးတွေနဲ့ ပြဿနာ ရှင်းလိုက်ဦးမယ်”
“မလိုအပ်ပါဘူး”
ယွမ်လော့ဖုန်းက ဂရုမစိုက်ဟန် ပြောလိုက်လေသည်။
“အတူတူ သွားမယ်”
ဤကိစ္စအတွက် ယွမ်လော့ဖုန်း တာဝန်ယူချင်နေသည်ကို ရဲ့ရှီမို့ မသိစရာ အကြောင်း ရှိမည်လား။ သူ့ကို တစ်ယောက်တည်း ပြဿနာကို မရင်ဆိုင်စေချင်ဘူးဟု ထင်မိလေသည်။
သူ ခပ်တိုးတိုး သက်ပြင်းချလိုက်၍ သူ့မျက်နှာသွင်ပြင်က ကူကယ်ရာမဲ့သည့် အခြေအနေသို့ ပြောင်းလဲ သွားချေပြီ။
“ကောင်းပြီလေ … မင်းတို့ကို တစ်ခုတော့ အရင်ဆုံး သတိပေးထား ချင်တယ်၊ နောက်ပိုင်း ဘာစကား တစ်ခွန်းမှ မပြောနဲ့ … အစ်ကို တစ်ယောက်တည်း ဖြေရှင်းရုံနဲ့ လုံလောက်တယ် … နားလည်လား …”
ယွမ်လော့ဖုန်းက သူမ၏ အမြင်ကို ထုတ်ဖော်ခြင်း မရှိခဲ့သော်လည်း သူမ၏မျက်ဝန်းနက် တစ်စုံက ပြုံးရိပ်သန်း နေခဲ့လေသည်။ သူမ ဘာတွေးနေသည်ကို တခြား မည်သူမျှ မသိနိုင်ပေ။
ခန်းမဆောင်အတွင်း ဖိနှိပ်သော အစွမ်းများဖြင့် ပြည့်နှက် နေလေသည်။ ယွမ်လော့ဖုန်းတို့ ခန်းမဆောင်ထဲ ဝင်လိုက်စဉ် ထိုင်ခုံပေါ်မှာ ထိုင်နေသည့် အကြီးအကဲ အားလုံးက သူမတို့ကို ဒေါသ ရောနှောနေသည့် အပြစ်တင်သော မျက်လုံးများဖြင့် ကြည့်ရှုလေ့လာ နေကြသည်။
“ရှောင်အာ … ဖုန်းအာ”
ကျွင်းဖန်လျန်လည်း အလျင်စလို မတ်တတ် ထရပ်လိုက်ပြီး ယွမ်လော့ဖုန်းနှင့် တခြားသူများ အနား အပြေးအလွှားလေး သွား၍ ကာကွယ်သည့် အနေအထားဖြင့် ရှေ့မှာ မားမားမတ်မတ် ရပ်တည် နေခဲ့လေသည်။ သူမ၏မျက်နှာ တစ်ပြင်လုံးက သူရဲကောင်ဆန်သည့် အငွေ့အသက်များဖြင့် ပြည့်နှက် နေလေသည်။
“စိတ်ချထားလိုက် … အမေ … ဒီနေရာမှာ ရှိနေသရွေ့ သားတို့သမီးတို့ကို ဘယ်သူမှ မထိစေရဘူး”
 ထိုစကားကို ပြောပြီးနောက် သူမ၏ အေးစက်သော မျက်နှာထားဖြင့် ထိုင်ခုံပေါ်မှာ ထိုင်နေသည့် အကြီးအကဲ အားလုံးကို ကျောချမ်းဖွယ် ကောင်းသည့် အကြည့်ဖြင့် ကြည့်နေလိုက်လေ၏။
ရဲ့ကျင်းချန်းက စကားတစ်ခွန်းမျှ မဆိုသော်လည်း  သူ့အပြုအမူက သူ့ရွေးချယ်မှုကို ဖော်ပြလို့ နေလေသည်။
“လင်းသခင်လေး … ဘာဖြစ်ခဲ့လဲဆိုတာ ပြောနိုင်မလား”
ရဲ့ရှန်း အကြီးအကဲက  ဦးဆောင် မေးခွန်း မမေးမြန်းစဉ် အချိန်အကြာကြီး နှုတ်ဆိတ် နေခဲ့မိသည်။
ရဲ့ထန်လင်းက တရှုပ်ရှုပ် ငိုကြွေး၍ အတွန့်တက်လိုက် လေသည်။
“အကြီးအကဲ ... ကျွန်တော်က လမ်းမပေါ်မှာ ရဲ့ချီနဲ့ စကားပြောနေတာကို ဒီမိန်းမက ရုတ်တရက် ရောက်လာပြီး ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ပါးရိုက်ခဲ့တယ် … ကျွန်တော့်အတွက် တရားမျှတမှုကို ပေးစွမ်းဖို့ အကြီးအကဲကို အနူးအညွတ် တောင်းပန်ပါတယ် …”
ရဲ့ချီ ဒေါသထွက်မိ လေသည်။ သူက အရင်ဆုံး မွေးစားအမေကို စော်ကားမော်ကား ပြောဆိုခဲ့ပြီး သူမကို လမ်းမပေါ်တွင်  လူအုပ်စုနှင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့သည်က အမှန်တရား ဖြစ်လေသည်။ ဒါပေမဲ့လည်း အခုများတော့ သူမနှင့် စကားဝိုင်းဖွဲ့ ပြောဆိုနေသည်လား။ ထို့အပြင် ယွမ်လော့ဖုန်းက သူ့ကို ပါးတစ်ချက်မျှ မရိုက်ခဲ့ဘူး … ဒါကို မှားယွင်း စွပ်စွဲဖို့ ကြိုးစား နေသေးသည်။
“ဒီကိစ္စက မရီးနဲ့ ဘာမှ မသက်ဆိုင်ဘူး … ကျွန်မနဲ့ပဲ သက်ဆိုင်တယ် …”
ရဲ့ချီလည်း အံကြိတ်ကာ မတ်တတ် ထရပ်လိုက်လေသည်။ သူမကြောင့် သူတို့အားလုံး ဤကဲ့သို့သော ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ ရခြင်းပါ။ ထို့ကြောင့် သူမက အပြစ်အားလုံးကို ခံယူဖို့ ထိုက်သင့်လေ၏ ။
 သူမက ကိစ္စ အားလုံးကို တာဝန်ယူဖို့ ကြိုးစားနေစဉ် ယွမ်လော့ဖုန်း၏ ညှို့ဓာတ်ပြင်းသော အသံက ခန်းမဆောင်မှာ ဖြည်းဖြည်းချင်း ပျံ့လွင့် လာခဲ့သည်။
“ရှင့်မျက်နှာကို ရောင်ကိုင်းအောင် ရိုက်နှက်တဲ့သူက ကျွန်မဆိုတာ သေချာလို့လား”
ရဲ့ထန်လင်းလည်း ယွမ်လော့ဖုန်းကို မကျေမနပ် ကြည့်လိုက်လေရာ
“မင်း မဟုတ်ရင် … ဘယ်သူ ဖြစ်မလဲ …”
ယွမ်လော့ဖုန်းလည်း ရုတ်တရက် ရယ်မော လိုက်လေသည်။
“ရှင့်သက်တော်စောင့် အားလုံးက ရှင့်စကားကို နားထောင်ပြီး … ကျွန်မကို ချောက်ချမှာပဲ … ကံကောင်းချင်တော့ လမ်းမပေါ်မှာ လူအများကြီး မျက်မြင် သက်သေ ရှိနေပါသေးတယ် … တွေ့ရာလူတွေ မေးကြည့်မယ် ဆိုရင်တော့ ရှင့်ကိုယ်ရှင် ပါးရိုက်ကြောင်း လူတိုင်းနီးပါး ပြောမှာပါ”
“ပေါက်ပန်း လေးဆယ် မပြောနဲ့”
ရဲ့ထန်လင်း မျက်နှာထား ပျက်ယွင်းသွားပြီး ခက်ထန်စွာ‌ အော်ဟစ် လိုက်လေ၏။
 ယွမ်လော့ဖုန်း သူ့ကို မျက်စောင်းထိုး ကြည့်လိုက်လေသည်။
“စောစောတုန်းက ရှင့်မျက်နှာကြီး ရောင်ကိုင်း သွားတဲ့အထိ  ကိုယ့်ဘာသာ ဘာကြောင့် ရိုက်ရလဲ ကျွန်မတော့ သိချင်မိပါရဲ့ …ဒီကိစ္စကြောင့်များ ကျွန်မကို မှားယွင်း စွပ်စွဲနေတာလား …”
ရဲ့ထန်လင်းမှာ ဒေါသဖြစ်ရလွန်းလို့ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာလေသည်။ သူ့မျက်နှာကို ယွမ်လော့ဖုန်း မရိုက်ခဲ့ဘူး ဆိုသော်လည်း ထိုပြဿနာက သူမနှင့် ဆက်စပ်မှု ရှိမည်လို့ ခန့်မှန်းမိလေသည်။
ယွမ်လော့ဖုန်း၏ စကားကို ကြားပြီးနောက် ရဲ့ရှန်းအကြီးအကဲ၏ မျက်နှာထားက တည်ကြည်နေပြီး ခန်းမဆောင်ထဲတွင် ရပ်နေသည့် သက်တော်စောင့်များကို ဖြန့်ကြက် ကြည့်ရှု လိုက်လေသည်။
“မိသားစု ခေါင်းဆောင် ရာထူး … ဒုသခင်လေးကို မလွှဲပြောင်းခင်တည်းက ဒီနေရာမှာ ဆုံးဖြတ်ချက် ချမှတ်ရသူ ကျုပ်ပဲ ... လင်းသခင်လေး ဘယ်လိုမျိုး ဒဏ်ရာ ရခဲ့လဲဆိုတာ ကျုပ်ကို ပြောစမ်း … မင်းတို့တွေ လိမ်လည်လည်း ကိစ္စ မရှိဘူး …ကျုပ်လူတွေကို စေလွှတ်ပြီး စုံစမ်းခိုင်းမယ် … မင်းတိုတွေ လိမ်လည်တာကို ငါသိသွားရင်တော့ မင်းတို့ခံစားရမယ့် အကျိုးဆက်ကို ကောင်းကောင်းတော့ သိသင့်တယ် …”
 
***

Bạn đang đọc truyện trên: Truyen247.Pro