Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

388+389+390+391+392

အပိုင်း(၃၈၈)

သူမ နောက်ကွယ်က ကူညီပေးနေတဲ့လူ (၃)

 
“ရပ်စမ်း”
ရုတ်တရက် ဆိုသလို အနောက်ဘက် ခပ်လှမ်းလှမ်းမှ ဒေါသတကြီး အော်သံကို ကြားလိုက်ရပြီး အားပြင်းသော အရှိန်နဲ့ ယွမ်လော့ဖုန်းကို တိုက်ခိုက်လာတယ်။ (ယွမ်လော့ဖုန်းက တံခါးကို ကျောခိုင်းပြီး ရပ်နေတာ) ပိုပြီး ပြင်းထန်သော လေလှိုင်းကို ဖန်တီးလိုက်တယ်။
ယွမ်ရှောင်က ဒီအရှိန်ကို ထိန်းလိုက်ပြီး သူ့အေးစက်သော မျက်ဝန်းများဖြင့် ခြံဝင်း အပြင်ဘက်မှ ဝင်လာတဲ့ လူအုပ်စုကို ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။ တစ်ချိန်တည်းမှာ ယွမ်လော့ဖုန်းလည်း လင်ယွဲ့ ခန္ဓာကိုယ်ကို ဖနောင့်ဖြင့် နင်းထားတာကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အခုမှ ရောက်ရှိလာတဲ့ လူအုပ်စုကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်တယ်။ သူမရဲ့ မည်းနက်သော မျက်ဆံက ချမ်းစိမ့်စိမ့် အငွေ့အသက်ကို ဖန်ဆင်း ပေးနေတာပေါ့။
“ယွဲ့အာ”
စိုးရိမ်သော အကြည့်နှင့် ရှောင်ချန်က လင်ယွဲ့ ဘေးနားကို သွားပြီး မေးလိုက်တယ်။
“မင်း အဆင်ပြေရဲ့လား”
“အဟွန့်”
လင်ယွဲ့လည်း ချောင်းဆိုးလိုက်ပြီး အားအင်ချည့်နဲ့စွာ ခေါင်းကို ခါယမ်းလိုက်တယ်။
“ကျွန်မ အဆင်ပြေပါတယ်”
“မင်းက အတင့်ရဲလိုက်တာ… ပြဿနာ ရှာရဲတယ်ပေါ့”
သူချစ်ရတဲ့ အမျိုးသမီးလေး အဆင်ပြေတာ မြင်ရတော့မှသာ ရှောင်ချန်က ယွမ်လော့ဖုန်း ဘက်သို့ လှည့်ပြီးတော့ ဒေါကန်စွာ အော်လိုက်တယ်။
“မင်းက ရှောင်မိသားစုက လူကို ပြဿနာ ရှာရဲတယ်ပေါ့… ရိုင်းစိုင်းလွန်းတယ်… ရှောင်ရှောင်… သူမက မင်းခေါ်လာတဲ့ မိန်းကလေးလား”
သူ နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်တဲ့ အချိန်မှာ သူ … ယွမ်ရှောင်ဘက် လှည့်လိုက်တယ်။
ယွမ်ရှောင်လည်း မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလိုက်တယ်။
“ကျုပ်နာမည်က ယွမ်ရှောင်…”
ရှောင်ချန် ခေါ်လိုက်တဲ့ သူ့နာမည်ကို သဘောမကျတာ သိသာနေတာပဲလေ သူက ရှောင်မိသားစုဝင် တစ်ယောက် မဟုတ်တော့ဘူး ဒါပေမဲ့ ယွမ်မိသားစုရဲ့ ယွမ်ရှောင်ပါ။
“ဘာပြောလိုက်တယ်”
ရှောင်ချန်ရဲ့မျက်နှာက အပြာရောင် ပြောင်းလဲသွားပြီး သူ ဒေါသတကြီး အော်လိုက်တယ်။
“မင်းက တကယ်ပဲ ကျေးဇူးသိတတ်မှု မရှိဘူး မင်းကို ဘယ်သူက ပြုစု ပျိုးထောင်ခဲ့လဲ ဆိုတာ မေ့နေတာလား မင်း နောက်ဆုံး နာမည်ကို ပြောင်းလဲ ရဲတယ်ပေါ့… မင်းတည်ရှိမှုက ငါတို့ ရှောင်မိသားစုကို သိက္ခာ ကျဆင်းစေတယ်”
ရှောင်ချန်ရဲ့အမြင်မှာ ရှောင်မိသားစုက ယွမ်ရှောင်ရဲ့ နာမည်ကို ရှောင်မိသားစု မျိုးရိုးစာရင်းမှ ပယ်ထုတ်နိုင်တယ် ဒါပေမဲ့တော့ ယွမ်ရှောင်က သူ့မျိုးရိုး နာမည်ကို ပြောင်းလဲခွင့် မရှိဘူး။ အခုအချိန်မှာ ယွမ်ရှောင်နာမည်က မိသားစုမျိုးရိုးစဉ်ဆက် စာရင်းမှာ မပါဝင်သော်လည်း တခြားမိသားစုဝင် တစ်ယောက် ဖြစ်ဖို့တော့ ခွင့်မပြုနိုင်ဘူး။
ယွမ်ရှောင်က ခံစားချက် ကင်းမဲ့နေခဲ့ပြီး သူ့မျက်လုံးများက အေးစက်ပြီး အကြင်နာ ခေါင်ပါးတယ်။
“အသက် ၇နှစ်တည်းက ကျုပ်ကို မိသားစုက ပယ်ထုတ်ထားခဲ့တာ”
သူဆိုလိုတာက သူ့ကို အသက် ၇နှစ်တည်းက ရှောင်မိသားစုမှ ပယ်ထုတ် ထားတာကြောင့် သူ့ကို ရှောင်မိသားစုက ပြုစုပျိုးထောင် ထားတာ မဟုတ်တော့ဘူးပေါ့။
“မင်း…”
ရှောင်ချန်မှာ ဘာစကားမှ မပြောနိုင်လောက်တဲ့အထိ ဒေါသထွက် နေမိတယ်။
“မင်း ရှောင်မိသားစုဝင် မဟုတ်တော့တာ အတော်လေး ကံကောင်းတယ်… မဟုတ်ရင်တော့ ငါ့ကို ရူးလောက်တဲ့အထိ ဒေါသထွက်စေလိမ့်မယ်… မင်းက ယွီချင်းလောက် ထူးချွန်နေမယ် ဆိုရင်တော့ ငါ ဒီလောက်အထိ ဒေါသထွက်မိမှာ မဟုတ်ဘူး”
ဒေါကန်နေတဲ့ ရှောင်ချန်ကို စွေးခနဲ ကြည့်လိုက်ပြီး ရှောင်လင်းလည်း ယွမ်ရှောင်ဘက်သို့ တစ်စေ့တစ်စောင်း ကြည့်လိုက်တယ်။
“ရှောင်အာ… မင်း ဒီကိစ္စမှာတော့  မင်းတကယ် မှားတယ်… မင်းက ရှောင်မိသားစုဝင် မဟုတ်တော့ဘူး ဆိုရင်တောင် မင်းကိုယ်မင်း တွေ့ရာ မျိုးရိုးနာမည် မပေးသင့်ဘူး… မင်းမှာ ရှောင်မိသားစု သွေး စီးဆင်း နေသေးတယ် … မင်း သွေးစွမ်းအားနဲ့ လျှို့ဝှက်နယ်မြေ ဖွင့်ဖို့ ယွီချင်းကို ကူညီပေးမယ် ဆိုရင်”
ရှောင်မိသားစု အတွက်တော့... ရှောင်မျိုးဆက်က တခြားသူရဲ့ မျိုးရိုးနာမည်ကို အသုံးပြုတာ ရှက်စရာ ကိစ္စတစ်ခုပါ။ ရှောင်မိသားစုရဲ့ သွေးမျိုးဆက်ကို ခံယူတဲ့ဒီလူက ရှောင်မိသားစုရဲ့ မျိုးရိုးနာမည်ကို အသုံးပြုဖို့ အရည်အချင်း မရှိရင်တောင်ပေါ့။
ယွမ်လော့ဖုန်းက မတ်တတ်ရပ်ပြီး သူမရှေ့က ဒီလူတွေကို ခံစားချက် ကင်းမဲ့စွာ ကြည့်နေဆဲပါ။ သူတို့က ယွမ်ရှောင် မိသားစုဆိုတဲ့ လူတွေလား။
သူတို့တွေက ယွမ်ရှောင်ကို အမှိုက်လို့ ခေါ်ခဲ့ပြီး ရှောင်မိသားစု မျိုးရိုးနာမည်ကို အသုံးပြုခွင့် မပြုခဲ့ဘူး။ ဒါ့ပြင် တခြားမျိုးရိုး နာမည်ကိုလည်း အသုံးပြုခြင်းမှ တားမြစ်ထားတယ်။ သူတို့စိတ်ထဲမှာ ယွမ်ရှောင်က မျိုးရိုးနာမည်ကို အသုံးပြုဖို့ မထိုက်တန်တဲ့ လူတစ်ယောက်လား။ ထိုအခိုက်အတန့်မှာ ယွမ်လော့ဖုန်းရဲ့ နှလုံးသားက နာကျင်လာရပြီး ယွမ်ရှောင်အတွက် စိတ်မကောင်း ဖြစ်ရတယ်။ အသက်၇နှစ် မတိုင်ခင်က ယွမ်ရှောင် တစ်ယောက် ဘယ်လိုမျိုး အရှက်ခွဲမှု... လျစ်လျူရှုမှုမျိုးကို သည်းခံခဲ့ရ ... ခံစားတွေ့ကြုံခဲ့ရလဲ ဆိုတာ တွေးတောင် မတွေးရက်ဘူး။ ဒီလို စော်ကားမှုမျိုးကို သူ့မိသားစု အရင်းက ပေးခဲ့တာလေ။ ယွမ်ရှောင်က အမြဲ ခံစားချက် ကင်းမဲ့သော ပုံစံနဲ့ တိတ်ဆိတ်နေတာ မထူးဆန်းတော့ပါဘူး။
"ယွမ်ရှောင်"
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက်တယ်။  သူ့လက်လေး အေးစိမ့်စိမ့် ဖြစ်နေတာ ခံစားမိတာကြောင့် သူမ ရိုးသား ပွင့်လင်းစွာ ပြောလိုက်တယ်။
"ရှင့်မှာ ကျွန်မနဲ့ ယွမ်မိသားစု ရှိနေပါသေးတယ်"
 
***

အပိုင်း(၃၈၉)

သူမနောက်ကွယ်ကလူ(၄)

 
ဘာတွေပဲ ဖြစ်လာ ဖြစ်လာ သူမက ယွမ်ရှောင်ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။
ယွမ်ရှောင်လည်း ညင်သာစွာ ပြုံးလိုက်ပြီး နွမ်းလျလျ အပြုံးလေးကို ပြသလိုက်တယ်။ သူ့အပြုံးက လူတစ်ယောက်ရဲ့ နှလုံးခုန်သံကို အလွယ်တကူ အခုန် မြန်လာစေသည် အထိ လှပလွန်းပါတယ်။ 
"ကိုယ့်မှာ မင်းရှိနေတာ အားလုံး ပြီးပြည့်စုံစေတယ်... မင်း တစ်ယောက်တည်း ကိုယ့်ဘဝမှာ လုံလောက်တယ်"
ဒီလိုအပြုံးမျိုးကို တစ်ယောက်တည်း အတွက်သာ ပြုံးပေးနိုင်တယ်။
ဒီလောကကြီးထဲမှာ ရှိတဲ့ လူတိုင်းကို စွန့်လွှတ်နိုင်တယ်။ ဒါပေမဲ့ သူမက လွဲလို့ပေါ့...။ သူမလေး သူနဲ့အတူတူ ရှိနေပေးသ၍ သူ့အတွက် လုံလောက်မှု ရှိပါတယ်။
"ရှောင်အာ"
ရှောင်လင်းရဲ့မျက်နှာက ဒေါသကြောင့် မည်းမှောင် သွားလေတော့တယ်။
"မင်း ဒီမိန်းကလေးဘက်မှာ ရပ်တည်မယ် ဆိုရင်တော့ မင်းက ရှောင်မိသားစုဝင် မဟုတ်တော့ဘူး"
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းလက်ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက်တယ်။ သူ့မျက်နှာပေါ်မှာ တွေ့ရတဲ့ အပြုံးလေးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ရှောင်လင်းဘက်သို့ စောင်းငဲ့ ကြည့်လိုက်တယ်။
သူလည်း ခံစားချက် ကင်းမဲ့နေသော မျက်နှာနှင့် ပြောလိုက်တယ်။
"ရှောင်မိသားစုက ကျုပ် သွေးစွမ်းအားကို လိုအပ်နေတာ"
သူ့စကားကိုကြားတော့ ရှောင်လင်း မျက်မှောင်ကြုတ် လိုက်တယ်။
"မင်းက ဘာစကားပြောဖို့ ကြိုးစားနေတာလဲ"
"ဒီမိန်းမကို ရိုက်စမ်းပါ"
ဒီလူက ခက်ထန်စွာ မေးလိုက်တယ်။
ယွမ်ရှောင်က ယွမ်လော့ဖုန်းကို ချစ်နေတာကို ရှောင်လင်း သိပါတယ်။ ဒါပေမဲ့ သူမကို အရမ်း တုန်နေအောင် ချစ်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူး။
သူ့ကို ခြိမ်းခြောက် ချင်တာလား။ ရှောင်ရှောင်က သူ့ကို ခြိမ်းခြောက် ပြောဆိုရဲတဲ့ တစ်ယောက် တည်းသော လူ...။ ကောင်းပြီ... အရမ်းကို ကောင်းမွန် လွန်းပါတယ်... သူ့ကို ခြိမ်းခြောက်ရဲတဲ့ သတ္တိ ရှိတယ်ပေါ့။
ရှောင်လင်းရဲ့ မျက်နှာက ဒေါသကြောင့် မည်းမှောင်သွားပြီး မကျေမချမ်း ပြောလိုက်တယ်။
"ရှောင်အာ... မင်း ဘာပြောလိုက်တာလဲ ဆိုတာ သိရဲ့လား။ မင်း ပြောလိုက်တဲ့ စကားက ဘာသဘော သက်ရောက်လဲ ဆိုတာ တွေးမိရဲ့လား"
"ကျုပ် သိတယ်"
သူ့စကားက အမြဲတမ်းလို တိုတုတ်နေခဲ့ပြီး … ဒီလူတွေကို စကားတစ်ခွန်းထက် ပိုပြီးတော့ ပြောမယ်ဆိုရင် သူ့အချိန် အလဟဿ ဖြုန်းမိတော့ မလိုပဲ။
"မင်းက မိန်းမတစ်ယောက် အတွက်နဲ့ ငါ့ကို ခြိမ်းခြောက်ချင်တာလား... ဟုတ်ပါတယ်... မင်း ငါ့ကို အခုအချိန်မှာ ခြိမ်းခြောက်လို့ ရနိုင်ပါတယ်... တကယ်လည်း ရှောင်မိသားစုက မင်းလို သန့်စင်မွန်မြတ်တဲ့ သွေးစွမ်းအားကို လိုအပ်နေတာပဲလေ... လျှို့ဝှက် နယ်မြေ ဖွင့်လို့ရသွားတာနဲ့ မင်းက အသုံးမဝင်တော့ဘူး...ဒါဆိုရင်ရော မင်း ငါ့ကို ဆက်ပြီးတော့ ခြိမ်းခြောက်ချင် နေဆဲလား"
ရှောင်လင်းလည်း သူ့နှလုံးသားထဲက ဒေါသစိတ်ကို လျှော့ချဖို့ ကြိုးစားရင်း ဒီမြေးလေးရဲ့ စိတ်ကို နားလည်ဖို့ အခုအချိန်မှာ မလွယ်ကူတာ သိလာတယ်။
သူ့ဘေးနားက ချောမောတဲ့ မိန်းကလေးကို ဖျတ်ခနဲ ကြည့်လိုက်ပြီး
"သူမ ပျော်ရွှင်နေသရွေ့ အားလုံး အဆင်ပြေတယ်"
ယွမ်လော့ဖုန်း ပျော်ရွှင်နေသ၍ ဘာမဆို လုပ်ဖို့ ဆန္ဒရှိတယ်လို့ သူ ပြောနေတာပါ။
"ဟားဟား"
ရှောင်လင်း ဟားတိုက် ရယ်မော လိုက်တယ်။ သူ့အသံက ဒေါသ ထွက်နေတာ သိသာနေတယ်။
"ရှောင်ချန်... မင်းမှာ သားကောင်း ရတနာလေး ရှိတာပဲ။ အရမ်းကို ကောင်းလွန်းပါတယ်... အပြင်လူ တစ်ယောက် အတွက် အဘိုးအရင်းကို ခြိမ်းခြောက် နေတယ်"
ရှောင်ချန် ထေ့ငေါ့လိုက်တယ်။
"အဖေ... မှားနေပြီ... ကျွန်တော့်မှာ သားတစ်ယောက်တည်း ရှိတယ်... အဲဒီသားက ယွီချင်း... သူ့လို အမှိုက်ကောင်က ကျွန်တော့်သားဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး... ကျွန်တော့်မှာ အမှိုက်လို သားမျိုး မရှိဘူး"
"ဟွန့်"
ရှောင်လင်းလည်း အင်္ကျီလက်ကို ခါထုတ်လိုက်ပြီး မကျေမချမ်း ပြောလိုက်တယ်။
"ရှောင်အာ... မင်း ဒီနေ့ ဆုံးဖြတ်ချက် အတွက် နောင်တ မရစေနဲ့ မင်း ငါ့ကို ခြိမ်းခြောက်ခဲ့တဲ့ အမှားအတွက် ငါ ဘယ်တော့မှ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး... ပြန်မယ်"
ဒီစကားကို ပြောပြီးတာနဲ့ ရှောင်လင်းလည်း အပြင်ဘက်သို့ လှည့်ထွက် လာလိုက်တယ်။
"အဖေ"
ရှောင်ချန်လည်း သူ့ဖခင်ကို အလျင်အမြန် လှမ်းဆွဲလိုက်တယ်။
"အဖေ ဒီလို ထွက်သွားရင်... ယွဲ့အာက ဘာဆက်လုပ်ရမလဲ"
ရှောင်လင်း နှုတ်ဆိတ်သွားခဲ့ပြီး ပြန်ဖြေလိုက်တယ်။
"ယွီချင်းကို ရှောင်မိသားစု သခင် ဖြစ်စေချင်လား... ဇနီးကို ရွေးချယ်ချင်လား ဆိုတာ... တစ်ခုကိုတော့ ရွေးချယ်"
ထို့နောက် တစ်ချက်မျှ ပြန်စောင်းငဲ့ ကြည့်ခြင်း မရှိဘဲ အပြင်ဘက်သို့ ထွက်ခွာ သွားတယ်။
ရှောင်ချန် အတော်လေး စိတ်ရှုပ်ထွေးခဲ့ရတယ် ဆိုတာ ဘုရားသခင်သာ သိလိမ့်မယ်... ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်တော့ဘူး သူ ဒီအမှိုက်ကောင်ကို လိုအပ် နေသေးတယ်လေ။ ခဏလောက် စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ချက် တစ်ခုကို မြန်မြန် ချမှတ်ခဲ့တာပါ။ သူ့သားလေး ရှောင်မိသားစုရဲ့ သခင် ဖြစ်လာဖို့ဆိုရင် လင်ယွဲ့ကို ဆုံးရှုံးရလည်း လက်ခံနိုင်ပါတယ်။
ထွက်ခွာသွားတဲ့ ရှောင်ချန် ပုံရိပ်ကို ငေးကြည့်ရင်း လင်ယွဲ့ နာကျင်လာရတယ်။ ပျံတံတံ နန့်တန့်တန့် မျက်နှာမှာ နာကြည်း ခါးသီးသော အပြုံးလေး ပေါ်လာတယ်။
"ဇနီးသည်နဲ့ ခင်ပွန်းဆိုတာ တူညီတဲ့ သစ်တောက ငှက်လေးတွေပဲ။ ဒါပေမဲ့ ဘေးဒုက္ခနဲ့ ရင်ဆိုင်ရရင် ဘေးကင်းဖို့ အတွက် မတူညီတဲ့ လမ်းကြောင်းကို ရွေးချယ်ကြတယ်...။ ပြောရမယ်ဆိုရင် မှန်ပါတယ်လေ... ရှောင်ချန် သူမကို ဘယ်လိုပဲ တုန်နေအောင် ချစ်ပါစေ... အခုတော့ သူမကို စွန့်ပစ်ခဲ့ပြီပေါ့"
 
***

အပိုင်း(၃၉ဝ)

သူမနောက်ကွယ်က ကူညီပေးနေတဲ့လူ(၅)

 
ယွမ်လော့ဖုန်းလည်း မျက်လုံးပင့်ပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ ပျံတံတံနန့်တန့်တန့် မိန်းမကြီးကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“သူက အရင်တည်းက ယွမ်ရှောင်ရဲ့ အမေကို စွန့်လွှတ်နိုင် ကတည်းက အခုလည်း ရှင့်ကိုလည်း စွန့်လွှတ်နိုင်တယ်”
လင်ယွဲ့လည်း အင့်ခနဲညည်းပြီး မျက်လုံးကို မှတ်ထားလိုက်တယ်။ သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာက  မျှော်လင့်ချက် ကင်းမဲ့သော ပုံစံသို့ ပြောင်းလဲ သွားခဲ့တယ်။
“စိတ်ပူမနေနဲ့… ရှင့်ကို စောစောစီးစီး သေခွင့် မပေးဘူး”
ယွမ်လော့ဖုန်းလည်း လင်ယွဲ့အနားကို ချဉ်းကပ်လိုက်ပြီး မဲ့ပြုံး ပြုံးလျက် ပြောလိုက်တယ်။
“ရှင့်အတွက် သေဖို့ အချိန် မတန်သေးလို့ပေါ့”
ဘယ်သူမှ ဒီမိန်းမကြီးကို သတ်လို့ မရသေးဘူး။ ဒါပေမဲ့ ယွမ်ရှောင်က လွဲရင်ပေါ့။ အခုတော့ သူမရင်ထဲက ဒေါသကို ဖြေဖျောက် နိုင်ခဲ့ပြီ။
 
***
 
စီဖုန်မြို့ကို မိသားစုကြီး သုံးခုက ဦးဆောင် ထားတယ်။ ဒီမိသားစုတွေက ရှောင်မိသားစု၊ လင်မိသားစု၊ ဝေ့မိသားစုတို့ ဖြစ်တယ်။ ဒီမိသားစု ၃စုက စီဖုန်မြို့တော်မှာ အာဏာ ကြီးမားတဲ့ အပြင် ဝိညာဉ်ဘုံ တစ်ခုလုံးမှာ အရေးပါ အရာရောက်တယ်။
ထို့အခိုက်… မိသားစု သုံးစုမှာ ပထမအဆင့် ရှိတဲ့ ဝေ့မိသားစုမှ သခင် ဝေ့လျန့်ရယ်က ခန်းမ အပြင်ဘက်သို့ ပြေးထွက်လာတာပေါ့။ မကြာခင်မှာ ခြံဝင်းအတွင်းမှာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေး တစ်ယောက် ရပ်နေတာကို မြင်လိုက်ရပြီး သူမရှိရာ အလျင်အမြန် လျှောက်လှမ်း သွားလိုက်တယ်။ သူမလေးကို အစောင့်များက ဝိုင်းရံထားတယ်။ ဘယ်လို အစောင့်တွေလဲ ဆိုတော့ ကြမ်းပြင်ပေါ်မှာ ညည်းတွား လူးလိမ့်နေတဲ့ အစောင့်မျိုးပေါ့။ သူတို့အားလုံး အပြင်းအထန် ဒဏ်ရာရထားတာ သိသာနေတာပဲလေ။
“အို… သခင်မလေး ဒီနေရာကို ဘာကြောင့် ရောက်လာတာလဲ”
ဝေ့လျန့်ရယ်လည်း ချစ်ဖို့ကောင်းတဲ့ မိန်းကလေးအနား လမ်းလျှောက်သွားပြီး ကြမ်းပြင်ပေါ် လူးလိမ့်နေတဲ့ အစောင့်များကို စိတ်ပျက်စွာ ကြည့်လိုက်တယ်။
“မိမစစ် ဖမစစ် ကောင်တွေ  မင်းတို့ ကန်းနေလား… သခင်မလေးကို ပြဿနာ ရှာရဲတယ်လား”
မြေကြီးပေါ် လူးလိမ့်နေတဲ့ အစောင့်အားလုံး ကံမကောင်းသလို ခံစားလာရတယ်။ ဒီသခင်မလေးကို သူတို့ သခင် သိနေမယ်လို့ မမျှော်လင့်ထား ခဲ့မိဘူး။ ဒါ့ပြင် သခင်က ဒီမိန်းကလေးကို တော်တော် ကြောက်တာပဲ။
ဝေ့လျန့်ရယ် ပြုံးလျက် မျက်နှာချိုသွေးသော လေသံဖြင့် ပြောလိုက်တယ်။
“သခင်မလေး… အခန်းထဲ ဝင်ပြီး ထိုင်ပါဦး ဒီနေရာကို လာတာ သခင်မလေး အဖေ သိရဲ့လား”
လင်းလောပိုင်လည်း ဝေ့လျန့်ရယ်ရဲ့ မုတ်ဆိတ်ကို ဆွဲပြီး သူမ လက်ချောင်းလေးများဖြင့် ရစ်ပတ် ထားလိုက်တယ်။
“လောင်ဝေ့… စီဖုန် မြို့တော်က အရမ်းကို ကြီးမား ကျယ်ပြန့်လွန်းပါဘိ… ငါ လူအများကြီးကိုလည်း စုံစမ်း မေးမြန်းပြီးပြီ… ဒါပေမဲ့ ငါ သွားချင်တဲ့ နေရာကို အခုအချိန်အထိ ရှာမတွေ့သေးဘူး... အခု ငါ့ဆရာကို သွားရှာမလို့ လာကူညီပေးစမ်းပါ”
“မင်း ဆရာ”
ဝေ့လျန့်ရယ် အံ့သြမှင်တက်သွားပြီး မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်တယ်။ သခင်မလေးမှာ ဆရာတစ်ယောက် ရှိနေပြီလား ဘယ်လို လူစားမျိုးက သခင်မလေးရဲ့ ဆရာဖြစ်လာဖို့ အရည်အချင်း ရှိတာလဲ ။
လင်းလောပိုင်လည်း သူမရဲ့ ကြီးမားသော မျက်ဝန်း တစ်စုံကို  မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီး အပြုံးလေးနဲ့ စကားဆို ရှာတယ်။
“ဟုတ်တယ်... တပည့်ထက် ချစ်သူကို ပိုပြီးတော့ တန်ဖိုးထားတဲ့ ဆရာ ငါ့ဆရာက ငါ့ကို မေ့လျော့သွားတယ် ဆရာက ငါ့ကို မေ့သွားခဲ့တာကို အခုအချိန်အထိ သတိမထားမိသေးဘူး ထင်တယ်… ဒါကြောင့် သူမကို ငါကိုယ်တိုင် ရှာရမယ်… ခက်နေတာက ငါလည်း သွားရမယ့် လမ်းကို မသိဘူး လောင်ဝေ ငါ့ဆရာ ရှိတဲ့နေရာကို လူတစ်ယောက် ပို့ပေးပါ… မြန်မြန်လေးနော်…”
“ကောင်းပါပြီ…”
ဝေ့လျန့်ရယ်လည်း ခခယယ ပြန်ဖြေလိုက်တယ်။
“သခင်မလေး ဆရာက ဘယ်သူလဲ… ဘယ်နေရာ ရောက်နေတာလဲ”
သခင်မလေးက မကောင်းဆိုးဝါးလေးဆို… သခင်မလေးဆရာက မကောင်းဆိုးဝါးကြီးပဲ။ သူ့အတွက်တော့ ခက်ခဲတဲ့အချိန် ဖြစ်လာတော့မယ်။
“ငါ့ဆရာက ရှောင်မိသားစုက လူနဲ့ ထွက်ပြေးသွားတယ်”
လင်းလောပိုင်လည်း နှုတ်ခမ်းစူနေလျက် မျက်ဝန်းများက ခက်ထန်မှုဖြင့် ပြည့်နှက် နေတာပေါ့။
“အခုချက်ချင်း ငါ့ကို ငါ့ဆရာရှိတဲ့နေရာ ခေါ်သွားပေး… မဟုတ်ရင်တော့ နင် … ငါ့ကို အနိုင်ကျင့်တယ်လို့ ဖေဖေနဲ့ တိုင်ပြောမယ်”
“အို… အမလေးလေး… မပြောလိုက်ပါနဲ့ သခင်မလေးရယ်... အခုချက်ချင်း ရှောင်မိသားစုအိမ် ခေါ်သွားပေးပါမယ်”
ဝေ့လျန့်ရယ်မှာ ကြောက်လွန်းလို့ ချွေးစေးပြန်လာရတယ်။ ဒီသခင်မလေးက သူ့မကောင်းကြောင်းကို သူမမိသားစုမှာ တိုင်းကြားခဲ့ရင်တော့ သူက ဝေ့မိသားစုရဲ့ သခင် တစ်ယောက် ဆက်ပြီးတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ သူ အံ့သြမိတာတော့ ရှောင်မိသားစု အတော် ကံကောင်းတာကိုပဲ...။ သခင်မလေးရဲ့ ဆရာကို အိမ်ခေါ်သွားနိုင်တယ်။ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ အမျိုးသားလေးက ရှောင်မိသားစုမှာ ရှောင်ယွီချင်းဆိုတဲ့ တစ်ယောက်တည်းပဲ ရှိတယ်။
သခင်မလေးရဲ့ ဆရာကို ရှောင်အိမ်တော် ခေါ်သွားခဲ့တာ ရှောင်ယွီချင်းလား။ ဝေ့လျန့်ရယ် တွေးလေလေ... မဖြစ်နိုင်ဘူးလို့သာ ခံစားရလေလေပဲ။ အခုအချိန်က စပြီးတော့ ရှောင်မိသားစု အပေါ်ထားရှိတဲ့ သဘောထား အမြင်ကို သူ ပြောင်းလဲ ရတော့မယ်။ သခင်မလေးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်သရွေ့ သူဘဝက အေးချမ်း သာယာနိုင်တယ်။
***

အပိုင်း(၃၉၁)

လင်းလော့ပိုင် ပြန်လည် တိုက်ခိုက်ခြင်း(၁)

 
ရှောင်မိသားစု
အိမ်တော် ခြံဝင်းအတွင်းမှာ ယွမ်လော့ဖုန်းလည်း အညိုအမည်း ကွက်များဖြင့် ချုံးချုံး ကျနေသော လင်းယွဲ့ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။ အေးစိမ့်စိမ့် အလင်းတန်းများက သူ့မျက်ဝန်းမှာ တဖျတ်ဖျတ် ဖြစ်နေတာပေါ့။
“အရင်က ရှင် ယွမ်ရှောင်ကို နှိပ်စက်ခဲ့သမျှ ပြန်လည် ပေးဆပ်စေရမယ်”
ခန္ဓာကိုယ် တစ်ကိုယ်လုံး ကတုန်ကရီ ဖြစ်နေရှာတာပေါ့… လင်ယွဲ့လည်း နှုတ်ခမ်းကို ဖိကိုက်ရင်း ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တာပေါ့။ သူမရဲ့ အသနားအညှာတာ ကင်းမဲ့သော မျက်ဝန်းများက အဆိပ်ဓားသွားကဲ့သို့ စူးရှနေတာပေါ့။
“ယွမ်ရှောင် … သွားမယ်”
သူမ ဆက်ပြီးတော့ ကြည့်မနေတော့ဘဲ ယွမ်လော့ဖုန်းလည်း သူမအကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ယွမ်ရှောင်ဘက်သို့ အကြည့် လွှဲလိုက်တယ်။ သူမရဲ့ အလွန်လှပတဲ့ မျက်နှာက ချစ်ဖို့ကောင်းတဲ့ အပြုံးလေး ပေါ်လွင်နေတယ်။ သူမရဲ့ ကြည်လင်ပြီး တောက်ပနေသော မျက်ဝန်းများက ညကောင်းကင်ယံကဲ့သို့ အတိုင်းပါပဲ…။ သူမျက်ဝန်းမှ အကြည့် မလွှဲရက်နိုင်သည့် အခြေအနေ အထိပါပဲ။ သူမ အကြည့်ကို ခံနိုင်ရည်ရှိဖို့ ခဲယဉ်းတာပေါ့။
အမျိုးသားလေးက သူ့ခေါင်းကို တိတ်တဆိတ် ညိတ်လိုက်တယ်။ သူ့မျက်နှာက ခံစားချက် ကင်းမဲ့ပြီး အေးစက်စက် နိုင်နေဆဲပဲ။
ယွမ်ရှောင်ရဲ့မျက်ဝန်း အကြည့်များက ကောင်မလေးရှိရာ ကျဆင်းလာပြီး မေးလိုက်တယ်။
“ဘယ်သွားမှာလဲ”
“ရှောင်ပိုင်...”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“ဒီကောင်မလေးကို ကျွန်မ မေ့သွားတယ်”
တစ်ခုခု မေ့လျော့ သွားတာကို အခုမှ သတိရမိတာကြောင့် သူမ ဘဝင်မကျသလို ခံစားလာရပြီး လင်းလောပိုင်ဆိုတဲ့ မိန်းကလေးကို မေ့သွားခဲ့မိတာ အခုမှ ပြန်သတိရ လာမိတယ်။ သူမလေးကို မေ့သွားခဲ့မိလို့ အခုအချိန်မှာ ဒေါသထွက်နေမှာ သေချာတယ်။
ခန်းမဆောင်မှာ အစေခံရဲ့ သတင်း ပေးချက်ကို ကြားရတော့ ရှောင်လင်း ပြေးထွက် လာခဲ့တယ်။ သူ ထွက်လာတဲ့ အချိန်မှာ  ခြံဝင်းအတွင်း အဘိုးအို တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။
အပြာရောင် ဝတ်စုံနဲ့ အဘိုးအိုက ကြီးမြတ်သော ပုံစံရှိပြီး သူ့အဖြူရောင် မုတ်ဆိတ်များက လေမှာ တလွင့်လွင့် ဖြစ်နေတယ်။ သူက အသက် ကြီးသော်လည်း ရတနာ ဓား တစ်လက်ကဲ့သို့ အားမာန်အပြည့်နဲ့ ခမ်းနားတယ်။ ဒါ့ပြင် အဖြူရောင် ဝတ်စုံနဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေး ရှိနေသေးတယ်။ ဒီမိန်းကလေးက မျက်လုံး ဝိုင်းလေးများဖြင့် တစ်ခုခုကို ရှာဖွေ စူးစမ်းနေတယ်။ သူမက တစ်ခုခုကို ရှာနေတဲ့ ပုံစံပဲ။
“ဟား... ဟား… သခင်ဝေ့… ဒီအိမ်တော်ကို ဘာကြောင့် ရောက်လာတာလဲ”
ရှောင်လင်းလည်း ရယ်ကာမောကာ နှစ်ယောက်လုံးကို နှုတ်ဆက် လိုက်တယ်။ သူလည်း အဘိုးအို ဘေးနားက အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးကို စူးစမ်းတဲ့ ပုံစံနဲ့ ကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးကို ဝေ့မိသားစုမှာ မတွေ့ဖူးဘူး။
“သခင်ရှောင်”
ဝေ့လျန့်ရယ် ပြုံးလိုက်တယ်။
“ဒီကောင်မလေးက ကျွန်တော့် ဆွေမျိုးထဲက တစ်ယောက်ပါ… ဒီအိမ်တော်မှာ သူမ ဆရာကို လာရှာတာပါ”
လင်းလောပိုင် ဇာစ်မြစ်က အရမ်းထူးခြားပြီး ရှောင်လင်းက လက်ရှိ အဆင့်အတန်းနဲ့ ဒီအကြောင်းကို သိဖို့ အရည်အချင်း မရှိဘူး။ ဒါကြောင့်လည်း သူ့ဆွေမျိုး တစ်ယောက် အနေနဲ့ ရှောင်လင်းကို မိတ်ဆက် ပေးခဲ့တာပေါ့။
“သြော်”
အံ့သြတဲ့ အကြည့်က ရှောင်လင်း မျက်ဝန်းမှာ တဖျတ်ဖျတ် လက်သွားခဲ့တယ်။
“ဒီကောင်မလေးရဲ့ ဆရာက ဘယ်သူလဲဆိုတာ ကျုပ် မေးခွင့် ရှိမလား”
လင်းလောပိုင် မဖြေခင်မှာ ဝေ့လျန့်ရယ်က အပြုံးနှင့် စကားဆိုလာတယ်။
 
“မင်း ဒီမေးခွန်းကို မင်းမြေး ယွီချင်းကို မေးသင့်တယ် သူမဆရာက ယွီချင်းနဲ့အတူတူ ထွက်သွားတာတဲ့ ဒါကြောင့် ရှောင်ယွီချင်း တစ်ယောက်တည်းသာ သူမ ဘယ်မှာရှိလဲ ဆိုတာ သိနိုင်တယ်”
“ယွီချင်း... ဒီကောင်မလေး ဆရာက လင်ယောင်လား”
ရှောင်လင်းလည်း အံ့သြမိတယ်။ ရှောင်ယွီချင်း နောက်ကို လိုက်နေတဲ့ မိန်းကလေးဆိုလို့ လင်ယောင် တစ်ယောက်တည်းသာ ရှိတယ်လေ။ ဒါပေမဲ့ လင်မိသားစုက ဝေ့မိသားစုနဲ့ အဆက်အစပ် ရှိမယ်လို့တော့ မထင်ထားခဲ့မိဘူး။ ဒီလိုဆိုရင်တော့ စီဖုန်မြို့တော်ရဲ့ အဓိက အင်အားစု သုံးစု ပေါင်းစည်း သွားပြီပဲ။
“လင်ယောင်…”
လင်းလောပိုင်လည်း နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး စက်ဆုပ် အထင်မြင်သေးသော ပုံစံဖြင့် စကားဆိုတယ်။
“ဒီလောက် တန်ဖိုးမဲ့တဲ့ မိန်းမက ကျွန်မ ဆရာ ဖြစ်မလား... ကျွန်မ အဖေက ညံ့ဖျင်းတဲ့ မိန်းမကို ကျွန်မ ဆရာ ဖြစ်ခွင့်ပေးမယ်တဲ့လား”
လင်းလောပိုင်က လူမြင်ကွယ်ရာ အရပ်မှာ အချိန် အကြာကြီး နေထိုင်ခဲ့သော်လည်း သူမက ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ခဲ့ရတာပါ။ ဒါကြောင့် သူမက ကျိတ်ပုန်းခုတ် အရှက်မဲ့ခြင်းကို  မသိဘဲ နေမလား။
ဒါကြောင့် သူမ ဒီအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ခဲ့တာပေါ့။ သူမအတွက် အဖေ ရွေးချယ် ပေးထားတဲ့ ဆရာက တော်ဝင်တဲ့ မျိုးနွယ် မဟုတ်ဘူးဆိုတာ ဝေ့လျန့်ရယ်ကို အရိပ်အခြည် အားဖြင့် သိစေခဲ့တယ်။
 ***

အပိုင်း(၃၉၂)

ရှောင်ပိုင် ပြန်လည် တိုက်ခိုက်ခြင်း(၂)

 
ဝေ့လျန့်ရယ် မျက်နှာက ပို၍ တိုးလို့သာ တည်ကြည် လေးနက် လာတယ်။ လင်းလောပိုင်က သူမကိုယ်တိုင် ဆရာ ရွေးချယ်ထားတာနဲ့ လင်ကျင်းဖန်က ဆရာ ရွေးချယ်ပေးတာက လုံးဝကို ခြားနားတဲ့ကိစ္စ တစ်ခုပါပဲ။ သူ့သမီးအတွက် လင်းကျင်းဖန် ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ ဆရာဆိုရင်တော့ သူမ အဆင့်အတန်းက ဝိညာဉ်ဘုံ တစ်ခုလုံးမှာ တခြားသော လူများထက် သာလွန် မြင့်မြတ်တဲ့ အဆင့်အတန်း ရှိရမယ်။
“ဝေ့လျန့်ရယ်”
ရှောင်လင်းလည်း မျက်မှောင်ကြုတ်ပြီး မကျေမချမ်း ကြည့်လိုက်တယ်။
“လင်ယောင်က လင်မိသားစုရဲ့ သမီးတစ်ယောက် ဖြစ်တဲ့ အပြင် နောင်တစ်ချိန်မှာ ရှောင်မိသားစုရဲ့ သခင်မ ဖြစ်လာမဲ့ မိန်းကလေးပါ ဒီကောင်မလေးက လင်ယောင်ကို ဘယ်လို ပြောလိုက်တာလဲ... ဒီကောင်မလေးကို ဆုံးမ သွန်သင်မှု ညံ့ဖျင်းလွန်းတယ်”
ဆုံးမသွန်သင်မှု ညံ့ဖျင်းတယ်တဲ့လား။
လင်းလောပိုင်ရဲ့ မျက်နှာလေးက ချက်ချင်း မည်းမှောင် သွားတယ်။ သူမ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပါ သော်လည်း သူမကို ဒီလို ဆုံးမသွန်သင်မှု ညံ့ဖျင်းတယ်ဆိုတဲ့ စကားမျိုး ဘယ်သူမှ မပြောရဲခဲ့ဘူး။
“ဟွန့်”
သူမ သရော်လိုက်ပြီး ထေ့ထေ့ငေါ့ငေါ့ အကြည့် ချစ်ဖို့ကောင်းလွန်းတဲ့ သူမမျက်နှာမှာ ဟိုဒီ ပြေးလွှားနေတာပေါ့။
“အဲဒီမိန်းမက တန်ဖိုးမရှိလို့ တန်ဖိုးမဲ့တယ်လို့ ငါက ပြောတာလေ… ရှင်တို့ ရှောင်မိသားစုက ရှောင်ယွီချင်းကလည်း ဘာများ ကောင်းမွန်နေလို့လဲ… ဘာတွေများ မှားယွင်းနေလို့လဲ... သူလည်း ကျွန်မဆရာကို နှောင့်ယှက်ချင် နေတာလေ။ ငါ့ဆရာက ချစ်သူ ရှိနေပြီသားကို မသိရှာဘူး… သူ့ကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး ရှင် သူများကို သြဝါဒခြွေဖို့ မစဉ်းစားခင် အရင်ဆုံး ကိုယ့်မိသားစု ကိုယ် သေချာ စီမံလိုက်ပါဦး”
ရှောင်လင်းမျက်နှာက ဒေါသကြောင့် လုံးဝ အမည်းအဖြစ် ပြောင်းလဲ သွားခဲ့တယ်။ ပထမတော့ လင်းလောပိုင် လင်ယောင်ကို စော်ကားမော်ကား ပြောဆိုတဲ့အချိန်က သူ သည်းခံနိုင်တယ်။ သူမက ရှောင်မိသားစုဝင် မဖြစ်သေးဘူးလေ။ ဒုတိယ အချက်အနေနဲ့ ဝေ့လျန့်ရယ်က ဝေ့မိသားစုရဲ့ သခင် ဖြစ်နေသေးတယ်။ ဝေ့မိသားစု မိသားစု ၃စုမှာ အာဏာ အကြီးမားဆုံးပဲ။ ဒါကြောင့် သူ … ဝေ့လျန့်ရယ်ကို မျက်နှာသာ ပေးဖို့ လိုအပ်တယ်။ ဒါပေမဲ့ ဒီကောင်မလေးက ယွီချင်းကို စော်ကားမော်ကား ပြောဆိုရဲလောက်တဲ့အထိ တရားလွန်လာမယ်လို့ မထင်ထားခဲ့မိဘူး။ ယွီချင်းက သူမဆရာကို နှောင့်ယှက်နေတယ်လို့ အခိုင်အမာ ပြောဆိုနေတယ်။
ရယ်စရာ ဟာသပြက်လုံးပဲ…။ ယွီချင်းက သူမဆရာကို တိတ်တခိုး ချစ်နေခဲ့မယ်ဆိုရင် သူမဆရာက ယွီချင်းကို ငြင်းမည်တဲ့လား။ လုံးဝ ဖြစ်နိုင်ချေ မရှိဘူး။ ဒီကောင်မလေး ဆရာကိုယ်တိုင် ယွီချင်း ရင်ခွင်ထဲ ပြေးဝင်မှာ သေချာတယ်။
“ကောင်းပြီလေ”
ဝေ့လျန့်ရယ်လည်း လင်းလောပိုင်ကို တအံ့တသြ ကြည့်လိုက်တယ်။
“မင်းဆရာကို ရှောင်ယွီချင်း ခေါ်သွားတာ မဟုတ်ရင် ဘယ်သူက ခေါ်သွားတာလဲ”
ရှောင်ယွီချင်းက ရှောင်မိသားစုမှာ အထူးချွန်ဆုံး တပည့်တစ်ယောက်လေ ဒါကြောင့် ရှောင်ယွီချင်း မဟုတ်ရင် ဘယ်သူ ခေါ်သွားလဲဆိုတာ ဝေ့လျန့်ရယ် တွေးကြံ မရတော့ဘူး။
လင်းလောပိုင်လည်း နှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။
“ရှောင်မိသားစုရဲ့ အဘိုးကြီးမှာ နောက်ထပ် မြေးတစ်ယောက် ရှိနေသေးတာ မေ့နေတာလား … သူက ကျွန်မ ဆရာကို ခေါ်သွားတဲ့ လူပဲ”
ဝေ့လျန့်ရယ်လည်း သူ့ခေါင်းကို ခါယမ်းလိုက်တယ်။ လင်းလောပိုင် ဆရာက ရှောင်မိသားစုရဲ့ အမှိုက်နဲ့ ဆက်စပ်နေမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။
သခင်မလေးကို သူကိုယ်တိုင် ရှောင်မိသားစုကို ခေါ်မလာပေးခဲ့ရင် ဒီသတင်းနဲ့ လွဲချော် သွားတော့မှာပေါ့။ အစားထိုးမရတဲ့ အမှားတစ်ခု လုပ်ဆောင် မိတော့မလို့။ ကံကောင်းစွာနဲ့ သူ အတူလိုက်ခဲ့ပြီး မှားယွင်းတဲ့ လမ်းကြောင်းနောက် မလိုက်ခဲ့လို့ပေါ့။
လင်းလောပိုင်ရဲ့ စကားကို ကြားတော့ ရှောင်လင်းလည်း သရော်လိုက်တယ်။
“ဒါဆို… အမှိုက်ကောင် ခေါ်လာတဲ့ အမျိုးသမီးက မင်းဆရာလား… ဆရာနဲ့ တပည့်က အတူတူပါလား နှစ်ယောက်စလုံးက သွန်သင် ဆုံးမခံရမှု ညံ့ဖျင်းခဲ့တယ်”
အသက် ခပ်ပြင်းပြင်း ရှူလိုက်ပြီး ဝေ့လျန့်ရယ်လည်း သူတို့ကို ယွမ်လော့ဖုန်းရှိရာ ခေါ်သွားဖို့ ရှောင်လင်းကို ပြောလိုက်တယ်။
ထိုအချိန်မှာ ရှောင်လင်းရဲ့ ထေ့ငေါ့ လှောင်ပြောင်သော အသံကို ကြားလိုက်ရပြီး သူ့အိုမင်း ရင့်ရော်နေတဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲ သွားတယ်။
“သခင်ရှောင်... ဒီမိန်းကလေးကို ရှောင်မိသားစုမှာ ထားခဲ့တယ်… ဒါပေမဲ့ မင်းကို တစ်ခုတော့ သတိပေးလိုက်မယ် သူမလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ပါ... မဟုတ်ရင်တော့ ရှောင်မိသားစု ပြဿနာ ဖြစ်လာမှ ကျုပ်ကို အပြစ်မတင်နဲ့”
ရှောင်လင်း ရူးနေတာလား။ သခင်မလေးရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတယ်လား။ သူမအဖေ… သူပြောလိုက်တဲ့စကားကို ကြားခဲ့မယ်ဆိုရင် မိသားစု ၃စုမှ ရှောင်မိသားစု ချက်ချင်း ပျောက်ကွယ်သွားမှာ သေချာတယ်။ ကံမကောင်းစွာနဲ့ သူလည်း ပြောလို့ မဖြစ်ဘူး။ သခင်မလေး ဇာစ်မြစ်က အရမ်း ထူးခြားလွန်းပြီး တခြားလူကို ပြောလို့ မဖြစ်ဘူး။ သူ ပြောပေးခဲ့ရင်တော့ ရှောင်လင်း ဒီလိုစကားမျိုး ပြောရဲမှာ မဟုတ်ဘူး။
“လောင်ဝေ့”
လင်းလောပိုင်လည်း မျက်တောင် တဖျတ်ဖျတ်ခတ်လျက် အပြုံးနှင့် စကားဆိုလိုက်တယ်။
“သူ့ကို ဖမ်းဖို့ ကျွန်မကို ကူညီ ပေးနိုင်မလား”
 
***

Bạn đang đọc truyện trên: Truyen247.Pro