Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

363+364+365+366+367

အပိုင်း(၃၆၃)

နာမကျန်းမှုကို ကုသခြင်း(၅)

 
မိန်းမပျိုလေးက အေးအေးဆေးဆေး မွန်မြတ်ရေစင်ကို သိမ်းယူသွားတာ မြင်ရတော့ သူလည်း ဘာလုပ်သင့်လဲ တွေးတော လိုက်မိတယ်။ ဒီရေစင်က ရှာပါးတယ်ဆိုတာ ဝိညာဉ်ဘုံ အကုန်လုံး သိတယ်။ ဒီရေစင်ကို သောက်ဖူးတဲ့ လူဆိုလို့ ဒီကုန်းမြေစုမှာ သူကလွဲရင် ရှောင်ပိုင် တစ်ယောက်တည်းသာ ရှိတယ်။ ဒီမိန်းကလေးက ရေစင်ကို ဆတ်ခနဲ ဆွဲယူသွားမယ်လို့တော့ မထင်ထားခဲ့မိဘူး။
သို့သော်လည်း သူ စောဒဂ မတက်ရဲပါဘူး။ သူ့သမီးလေးကို ကုသပေးဖို့အတွက် ယွမ်လော့ဖုန်းကို လိုအပ်နေသေးတယ်။ ဒါကြောင့်လည်း သူ ဘာစကားမှ မပြောရဲပါဘူး။ ဒီလိုအချိန်မျိုးမှာ သူက ဘယ်လို အမှား လုပ်ရဲမလဲ။ ဒါ့ပြင် သူမက ရှောင်ပိုင်ကို ကုသပေးနိုင်ရင်တော့ သူ့အတွက် ဘယ်လောက်ပဲ စွန့်လွှတ်ရ ထိုက်တန်ပါတယ်။
“သခင်မလေး အခြေအနေ မတိုးတက်ရင်တော့ မွန်မြတ်ရေစင်ပုလင်းကို ပြန်ပေးရမယ်”
ထိုက်လိလည်း သူ့သခင်ကြီး ဒွဟဖြစ်နေတာကို သိနေခဲ့တယ်။ ဒါပေမဲ့လည်း လွန်လွန် ကျူးကျူးတော့ သူ မပြောရဲပေ။ ယွမ်လော့ဖုန်းက သခင်မလေးကို ကုသပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့ပြင် ယွမ်လော့ဖုန်းက ဒီနေရာကို ရေစင် လိမ်လည် ခိုးယူဖို့ ရောက်လာတယ် ဆိုတာ သူ့အတွက် ပိုသေချာနေတယ်။
ယွမ်လော့ဖုန်းက ထိုက်လိကို တစ်ချက်မျှ မကြည့်ဘူး။ သူ့စကားက တခြားလူရဲ့ နားထဲဝင်ပြီး တစ်ဖက်မှ ပြန်ထွက်သွား သလိုပါပဲ။ သူမလည်း အင်္ကျီလက်ထဲမှ အဝတ်အိတ်လေးကို ထုတ်လိုက်ပြီး ငွေအပ်ကို ဂရုတစိုက် ယူလိုက်တယ်။
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်ပြီး ခံစားချက်မဲ့စွာ အမိန့်ပေးလိုက်တယ်။
“ဖယောင်းတိုင်နဲ့ တခြား ဆေးဖက်ဝင် ပါဝင်ပစ္စည်း တချို့ ပြင်ဆင် ထားပေးပါ”
“ထိုက်လိ”
သူလည်း ထိုက်လိဘက်သို့ လှည့်လိုက်ပြီး အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
“ဒီမိန်းမပျိုလေး လိုအပ်တာကို ပြင်ဆင်ပေးလိုက်”
“ဟုတ်ကဲ့ပါ… သခင်ကြီး”
ထိုက်လိလည်း စိတ်မပါစွာ ဂါရဝ ပြုလိုက်တယ်။
သူ့စိတ်ထဲမှာတော့ နတ်ဆေးသမားတော် မကုသပေးနိုင်တဲ့ ရောဂါကို သူ့တပည့်က ဘယ်လို ကုသပေးနိုင်မလဲ။ သူ့တပည့်မှာ ဒီလို အရည်အချင်းမျိုးသာ ရှိနေခဲ့ရင် နတ်ဆေးသမားတော်ကို ဆရာအဖြစ် အသိအမှတ် ပြုပါဦးမလား။
ဒီစကားကို ပြောပြီးနောက် သက်လတ်ပိုင်း အမျိုးသားက လိုအပ်တဲ့ ပစ္စည်းများကို ယွမ်လော့ဖုန်း ချရေးထားနိုင်စေရန် စာရွက်နဲ့ မှင်ကိုပြင်ဆင်ပေးဖို့ အမိန့်ပေးလိုက်တယ်။ သိပ်မကြာခင်မှာ ဒီလိုအပ်တဲ့ ပစ္စည်းများအတွက် ငွေပေးချေရန် ထိုက်လိကို ဆေးဆိုင်သွားဖို့ အမိန့်ပေးလိုက်တယ်။
ကံကောင်းစွာနဲ့ ဆေးဆိုင်က စိတ်ဝိညာဉ်တောင်နဲ့ သိပ်မဝေးဘူး။ ဒါကြောင့်လည်း ဝိညာဉ်ဘုံက ပေါများတဲ့ ဆေးဘက်ဝင် ပါဝင်ပစ္စည်းများကို ဖြန့်ဝေနိုင်တာပေါ့။ သိပ်မကြာခင်မှာ ထိုက်လိက ယွမ်လော့ဖုန်း ပြောထားသော ဆေးများကို သယ်ဆောင်ရင်း ရောက်ရှိလာတယ်။
ယွမ်လော့ဖုန်းလည်း ဖယောင်းတိုင်ကို မလိုက်ပြီး အပ်ကို ပိုးမွှား သန့်စင်ကာ လင်းလောပိုင်ရဲ့ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်တယ်။
လင်းလောပိုင် ပြင်းပြင်းထန်ထန် ထိခိုက်ရတဲ့ အကြောင်းအရင်း ကလည်း သူမ ခန္ဓာကိုယ်ထဲကို တစ်ယောက်ယောက်က စိတ်စွမ်းအား သွင်းပေးလိုက်လို့လေ။ ဒီ စိတ်စွမ်းအားများက သူမရဲ့ အတွင်းအင်္ဂါများကို လက်ရှိအချိန်မှာ ဖျက်ဆီးနေတယ်။ သို့သော်လည်း အသိစိတ် ကင်းမဲ့သွားလောက်တဲ့ အထိတော့ ထိခိုက်မှု မဖြစ်သင့်ဘူး။ ပြင်းပြင်းထန် ထိခိုက်ရတဲ့ တခြား အကြောင်းအရင်းက သူမခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲလုနီးပါး တခြားစွမ်းအားတွေ ရှိနေသေးတာ ကြောင့်ပေါ့။
ဒီစွမ်းအားက လူသားတွေ ပိုင်ဆိုင်တဲ့ စိတ်စွမ်းအား မဟုတ်ဘူး။ ဒါကြောင့် သူမကို ဘာတိုက်ထားသေးလဲလို့ ယွမ်လော့ဖုန်းက မေးရတာပေါ့။
“သူမ ခန္ဓာကိုယ် အတွင်းက စွမ်းအားနှစ်ခုကို ယာယီ ချိပ်ပိတ်နိုင်ဖို့ ကျွန်မ စိတ်စွမ်းအားကို သုံးထားတယ်”
ယွမ်လော့ဖုန်းလည်း သူမနဖူးပေါ်မှ ချွေးစများကို သုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။
“ကျွန်မမှာတော့ စွမ်းအားတစ်ခုကို စုပ်ယူနိုင်တဲ့နည်းလမ်း ရှိတယ်။ တခြား စွမ်းအားက အရမ်းကို ဖရိုဖရဲနိုင်လွန်းတယ်။ ဒါကြောင့် စွမ်းအင်စုပ်ယူဖို့ သူမကို မကူညီပေးနိုင်ဘူး”
သက်လတ်ပိုင်း အမျိုးသားရဲ့ မျက်နှာက ခက်ထန်သွားပြီး ပိုစိတ်ရှုပ်ထွေးလာပုံ ရတယ်။
“ဒါဆို ရှောင်ပိုင် အန္တရာယ် ရှိနိုင်လား”
ယွမ်လော့ဖုန်းလည်း စိတ်ရှုပ်ထွေး ဗျာမှုများဖြင့် ပြည့်နှက်နေသော သက်လတ်ပိုင်း အမျိုးသားကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း စကားပြောလိုက်တယ်။
“သူမ ခန္ဓာကိုယ်အတွင်းက တခြားစွမ်းအားကို ၃နှစ်အတွင်း ချိပ်ပိတ်ပေးနိုင်ပါတယ် ဒီသုံးနှစ်အတွင်းမှာ သူမကိုယ်ပိုင်စွမ်းအား တိုးတက်ရမယ်… သူမစွမ်းအားက အဲဒီစွမ်းအားနဲ့ ညီမျှခဲ့ရင်တော့ သူမက သဘောဝအလျောက် ပယ်ပျက်သွားအောင် လုပ်ဆောင် သွားနိုင်မယ် သို့သော်လည်း သူမမှာ ၃နှစ်ဆိုတဲ့ အချိန် အတိုင်းအတာ တစ်ခုတည်းသာ ရှိတယ်… သူမကို ကျွန်မနဲ့အတူတူ ခေါ်သွားဖို့ သဘော မတူချင်သေးဘူး ဆိုရင်တောင် ရှင် အခု ဆုံးဖြတ်ချက်ချရမယ် သူမကို ကျွန်မ အနားမှာ ထားမှ သူမ လျင်လျင်မြန်မြန် တိုးတက်နိုင်မယ်”
သူ့နှလုံးသားက စိတ်သက်သာရာ ရသွားခဲ့ပြီး သူ့မျက်ဝန်းများက ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေလေရဲ့။
“မိန်းကလေး… မင်းကို ဘယ်လိုမျိုး ကျေးဇူးတင်စကား ပြောရမလဲဆိုတာ မသိတော့ပါဘူး ဒါနဲ့ ဆေးမြစ်တွေက ဘာအတွက်လဲ”
 
***

အပိုင်း(၃၆၄)

နာမကျန်းမှုကို ကုသခြင်း(၆)

 
“စိတ်စွမ်းအားကို စုပ်ယူဖို့ အတွက်ပေါ့”
ယွမ်လော့ဖုန်းရဲ့ နှုတ်ခမ်းထောင့်များက ဖြည်းဖြည်းချင်း တွန့်ကွေး သွားတယ်။
“ချက်ချင်း ဆေးဖက်ဝင် ရေချိုးကန်ကို ပြင်ဆင်ပါ.. မသက်ဆိုင်တဲ့လူတွေ နောက်ဆုတ်ပြီး ထွက်သွားပေးပါ”
“ကောင်းပါပြီ”
သူလည်း ယွမ်လော့ဖုန်းကို ယုံကြည်တာကြောင့် ခေါင်းညိတ်လိုက်တယ်။
“ဒီဆေးမြစ်တွေကို ပြင်ဆင်ပေးပြီး ပို့ပေးလိုက်ပါမယ်”
ပြောပြီးတာနဲ့ ထိုက်လိကို  အနောက်ဘက် အခန်းမှ ထွက်ခွာလာစေရန် လက်ဟန် အမူအရာ ပြလိုက်တယ်။
အဘိုးအိုလေးက တစ်ခုခုကို တွေးမိသွားတယ်။
“ကောင်မစုတ်လေး… မင်း တကယ်ပဲ သူမကို ကုသပေးနိုင်တာလား”
“ကျွန်မမှာ ၆ဝရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်”
ယွမ်လော့ဖုန်းလည်း သူမကို မျက်ခုံးကို အသာအယာ မှေးကျဉ်းလိုက်တယ်။
“ဒါပေမဲ့ ကျွန်မ အကောင်းဆုံး ကြိုးစားမှာပါ”
“ဟားဟား”
အဘိုးအိုလည်း နှစ်ကြိမ်တိတိ ရယ်လိုက်တယ်။
“ကောင်မစုတ်လေး…. မင်းမှာ ဖုံးကွယ်ထားတာတွေ များပါလား… ကောင်းပါတယ်လေ ကျုပ်က မင်းကို ဆေးပညာ မသိဘူးလို့ ထင်ထားခဲ့တာ… မင်း ဆေးပညာ ကျွမ်းကျင်တာ မသိလိုက်ဘူး မင်း လင်းလောပိုင်ကို တကယ်ပဲ ကုသပေးနိုင်ရင်တော့ မင်းကို ဆရာလို့ ခေါ်ရလည်း ကိစ္စ မရှိပါဘူး”
ယွမ်လော့ဖုန်းက ကြန့်ကြာမှုမရှိဘဲ သူ့လက်ကို ခါယမ်းလိုက်တယ်။
“ထားလိုက်ပါတော့… ရှင်က အတော်လေး အသက်ကြီးနေပြီ သက်ကြီးရွယ်အို လူကြောင် အဘိုးကြီးကို တပည့်အဖြစ် လက်မခံနိုင်ပါဘူး… ဒီသတင်းသာ ပျံ့နှံ့သွားရင်တော့ အတော်လေး ရှက်ဖို့ ကောင်းတယ်”
အဘိုးအိုရဲ့မျက်နှာက မည်းမှောင်သွားပြီး ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ဘာပဲဖြစ်ဖြစ် ကျုပ်က နတ်ဆေးသမားတော်လို့ ရည်ညွှန်း ပြောဆိုခံရတဲ့ လူတစ်ယောက်။ မင်းက ကျုပ်ကို တပည့်အဖြစ် လက်ခံရတာ ရှက်ဖို့ ကောင်းတယ်လို့ ပြောတယ်ပေါ့”
ဒီကောင်မစုတ်လေးက သူ့တပည့် မဖြစ်ချင်လည်း ကိစ္စ မရှိပါဘူး။ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူက သိက္ခာ အကျဆင်း ခံပြီးတော့ သူမ တပည့်ဖြစ်ဖို့ တောင်းဆိုတော့ သူမက ရှက်စရာ ကောင်းတယ်လို့ ပြောသေးတယ်။
သူက သာမန်လူထက် ပိုပြီးတော့ နိမ့်ကျလို့လား။
အဘိုးအိုမှာ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့တယ်။ ဒီကုန်းမြေစုမှာ သူ့နှစ်သက် သဘောကျမှုကို ရအောင် ကြိုးစားနေတဲ့ လူအများကြီး ရှိတယ်။ ဘယ်လိုပဲ ကြိုးစားပါစေ… မရနိုင်တာ အများကြီးပါ။ ဒါပေမဲ့ သူက အရင်ဆုံး သူ့ဆရာ ဖြစ်ပေးဖို့ တောင်းဆိုတာကို ဒီကောင်မစုတ်လေးက သူကို ငြင်းဆိုတယ်။
“ခဏနေရင်တော့ သူမကို အဝတ်အစား ချွတ်တော့မယ် ဘာတွေ ဆက်ပြီးတော့ ပြောချင်သေးလဲ… ဒီမှာ ဆက်နေချင်သေးလား”
ယွမ်လော့ဖုန်းလည်း ထွက်သွားဖို့ ရည်ရွယ်ချက် မရှိတဲ့ အဘိုးအိုလေးကို ကြည့်လိုက်တယ်။ သူမမျက်ဝန်းမှာ ကျီစယ်သော အရိပ်အယောင်များ ပါဝင်နေတယ်။
အဘိုးအိုရဲ့မျက်နှာက နီရဲသွားတယ်။ တကယ်ပဲ သူ ဒီနေရာမှာ ဆက်နေမယ်ဆိုရင်… သမီးကို သူ့အသက်နဲ့ ရင်းပြီး ချစ်တဲ့ လင်းကျင်းဖန်က သူနဲ့ တိုက်ခိုက်မလားပဲ။ လင်းကျင်းဖန်က သူ့ကို အနိုင် မတိုက်နိုင်သော်လည်း လင်းကျင်းဖန်ရဲ့ ငယ်ရွယ်သော လက်အောက် ငယ်သားများက သူ့ဘဝကို ထိခိုက်အောင် လုပ်ဆောင်နိုင်တယ်။ နှစ်ဦးနှစ်ဖက် ပျက်စီးမှု ဖြစ်ရင်တော့ သူက သေချာပေါက် ထိခိုက် ဒဏ်ရာ ဖြစ်မှာ…။
ဒါက မထိုက်တန်ဘူး။ သေချာပေါက် ဒါက မထိုက်တန်ဘူး။
အဘိုးအိုလည်း သူ့ခေါင်းကို ခါယမ်းလိုက်ပြီး လက်ကို နောက်ဘက်သို့ ပစ်ထားကာ တံခါး အပြင်ဘက်သို့ လျှောက်လှမ်း သွားတယ်။ ခဏလေး အတွင်းမှာ သူက ယွမ်လော့ဖုန်းရဲ့ အမြင်မှ ပျောက်ကွယ် သွားခဲ့တယ်။
သိပ်မကြာခင်မှာ လူတစ်ယောက်က ဆေးဖက်ဝင် ရေချိုးကန်ကို သယ်ဆောင်လာခဲ့တယ်။ ဒီလူ ထွက်သွားတာကို စောင့်မနေတော့ဘဲ ယွမ်လော့ဖုန်းက လင်းလောပိုင် ဘေးနားကို သွားလိုက်တယ်။ သူမ အဝတ်အစားများကို ချွတ်ပေးရတာ ဒုက္ခများတာကြောင့် သူမ အဝတ်အစားများကို တစ်စစီ စုတ်ဖြဲလိုက်တယ်။
ထို့နောက် သူမကို မလိုက်ပြီး ဆေးဖက်ဝင် ရေချိုးခန်းထဲ ထားလိုက်တယ်။
လင်းလောပိုင်က နို့ရည်ကဲ့သို့ ဖြူဖွေးတဲ့ ဆေးဖက်ဝင် ရေချိုးကန် အတွင်းမှာ တိတ်တဆိတ် ထိုင်နေတယ်။ သူမ ခန္ဓာကိုယ် အတွင်းမှ စိတ်စွမ်းအားများက အချုပ်အနှောင်မှ လွတ်မြောက်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေပုံ ရတယ်။
ကြီးမားသော စိတ်စွမ်းအားများ ဝရုန်းသုန်းကား ပြေးလွှားနေတာကို ခံစားရတာကြောင့် သူမခန္ဓာကိုယ်က တုန်ရီနေပြီး တင်းကျပ်စွာ တွန့်ကွေးထားတဲ့ မျက်ခုံးများက နာကျင်မှုကို ဖော်ပြနေတယ်။ လက်ရှိအချိန်မှာ သူမက အတော်လေး နာကျင် ခံစားနေရတယ်။
ယွမ်လော့ဖုန်းရဲ့လက်က မိန်းမပျိုလေးရဲ့ နောက်ကျောကို အသာအယာ ထိလိုက်ပြီး စိတ်စွမ်းအားများကို နောက်ကျောမှတစ်ဆင့် ဖြည်းဖြည်းချင်း ဝင်သွားစေတယ်။ ထို့နောက် ဖရိုဖရဲ ဖြစ်နေသော စိတ်စွမ်းအားများ တည်ငြိမ်သွားပြီး ယွမ်လော့ဖုန်း သွင်းပေးလိုက်တဲ့ စိတ်စွမ်းအား နောက်ကို လိုက်ပါတယ်။ မိန်းမပျိုလေး ခန္ဓာကိုယ်မှ တဖြည်းဖြည်းချင်း ထွက်လာတယ်။
အကြောင်းအရင်း တချို့ကြောင့် ယွမ်လော့ဖုန်းရဲ့ အင်အားနဲ့ ဒီမိန်းကလေး ခန္ဓာကိုယ်ထဲက စိတ်စွမ်းအားကို မစုပ်ယူနိုင်တာပေါ့။ သို့သော်လည်း သူမက သမားတော် တစ်ယောက်လေ။ သမားတော် တစ်ယောက် အတွက် အရာရာတိုင်းက ဖြစ်နိုင်ချေ ရှိတယ်။ ဆေးမြစ်တွေက အကူအညီဖြစ်တာ ကျေးဇူးတင်ရမယ်… ဒါကြောင့်လည်း ယွမ်လော့ဖုန်းက စိတ်စွမ်းအားကို စုပ်ယူနိုင်တာပေါ့။
ဘန်း
စိတ်စွမ်းအားက ယွမ်လော့ဖုန်းရဲ့ စိတ်ထဲသို့ အလျင်အမြန် ရောက်ရှိလာပြီးတော့ သူမခန္ဓာကိုယ်ကို ရုတ်တရက် လန့်ဖျပ် သွားစေတယ်။ သိပ်မကြာခင်မှာ သူမ ခန္ဓာကိုယ်အတွင်းမှ အတားအဆီးကို ဖောက်ပျက်သွားစေပြီး နယ်ပယ်အသစ်ကို ရောက်ရှိ သွားစေတယ်။
ကမ္ဘာမြေကြီး အလတ်အလတ် အဆင့်…။
ယွမ်လော့ဖုန်းလည်း သူမ မျက်ဝန်းကို ဖွင့်လိုက်ပြီး သူမ နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်တယ်။
“ဝိညာဉ်ဘုံကို ရောက်ပြီးတည်းက ဒီလောက်အထိ ကံကောင်းနေမယ်လို့ မထင်ထားခဲ့မိဘူး ဒီဝိညာဉ်စွမ်းအားက အရမ်း ပြင်းထန်လွန်းတယ်။ သူ့တစ်စိတ် တစ်ပိုင်းကိုပဲ စုပ်ယူနိုင်တာ မဟုတ်ရင်တော့ ဒီစွမ်းအားက ငါ့အခြေခံ စွမ်းအားကို မတည်မြဲ ဖြစ်သွားစေနိုင်တယ် သို့သော်လည်း အကုန်လုံး မစုပ်ယူနိုင်ရင်တော့ သူမကို ငါ မကုသနိုင် ဖြစ်သွားလိမ့်မယ်”
 
***

အပိုင်း(၃၆၅)

နာမကျန်းမှုကို ကုသခြင်း(၇)

 
 
“ကြွက်အော်သံ ကြွက်အော်သံ”
နို့လက်ဖက်ရည်လေးက အသံပြုပြီးတော့ သူမရဲ့ အင်္ကျီလက်ထဲမှ ထွက်လာတယ်။ တောက်ပသော သူ့မျက်လုံးများက  မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတယ်။
“မင်းက ဒီ စိတ်ဝိညာဉ် စွမ်းအားကို လိုချင်လို့လား”
ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးကို ကြည့်ပြီးတော့ မေးလိုက်တယ်။
နို့လက်ဖက်ရည်လေးက ရှေ့လက်သည်း နှစ်ဖက်ကို အတူတကွထားရင် မရပ်မနား ခေါင်းညိတ် နေရှာတယ်။
“ပါးစပ်ဟထား”
ယွမ်လော့ဖုန်းလည်း ဘာကိုမှ ဆက်တွေးမတော့ဘဲ လက်ကို ဆတ်ခနဲ မပြီး ကျန်ရှိနေတဲ့ စိတ်စွမ်းအားများကို နို့လက်ဖက်ရည်လေး ပါးစပ်ထဲကို ထည့်ပေးလိုက်တယ်။ လိုချင်တာကို ရသွားတော့ နို့လက်ဖက်ရည်လေးမှာ အတော်လေး ကျေနပ်သွားတယ်။ သူလည်း ယွမ်လော့ဖုန်းရဲ့ အင်္ကျီလက်ထဲကို ဝင်လိုက်ပြီး သူ စုပ်ယူလိုက်တဲ့ စိတ်စွမ်းအားကို  စတင်ပြီးတော့ ချေဖျက်တယ်။
“ချေဖျက်လို့ ပြီးတာနဲ့ မင်းက ကမ္ဘာမြေကြီး အမြင့်အဆင့် ရောက်မယ်လို့တော့ ထင်တယ်”
ယွမ်လော့ဖုန်းလည်း သက်ပြင်းရှိုက် လိုက်တယ်။ ရွှေရှာ ကြွက်လေးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက လူနဲ့ ခြားနားတယ်။ စိတ်စွမ်းအား အများကြီး စုပ်ယူလို့ အခြေခံ အဆင့်ကို ထိခိုက်မှာ စိုးရိမ်နေစရာ မလိုအပ်ဘူး။ ဒါကြောင့် ယွမ်လော့ဖုန်းက ရွှေရှာကြွက်လေးကို မနာလို ဖြစ်ရတာပေါ့။
“စိတ်စွမ်းအား ပြဿနာကို ဖြေရှင်းပြီး သွားရင်တော့ သူမ ခန္ဓာကိုယ်ထဲက တခြားသော စွမ်းအားကို ချိပ်ပိတ်ဖို့ လိုအပ်တယ်”
ယွမ်လော့ဖုန်းရဲ့ မျက်လုံးများက တဖြည်းဖြည်းချင်း တည်ကြည် လေးနက်လာပြီး သူမ အကြည့်မှာ ခံ့ညားထည်ဝါသော အရှိန်အဝါများ ပါဝင်နေတယ်။
“ရှောင်မို… ငါ နင့်အကူအညီ လိုအပ်တယ်”
 

***

 

၂ရက်ကြာပြီးနောက်
 


ယွမ်လော့ဖုန်း အနောက်ဘက် အခန်းထဲသို့ ဝင်လာခဲ့ပြီး ကတည်းက နှစ်ရက်လုံး အပြင်ဘက်သို့ ခြေတစ်လှမ်းမှ မထွက်ခဲ့ဘူး။
ဒီနှစ်ရက် အတွင်းမှာ လင်းကျင်းဖန်က စိုးရိမ်တကြီး အဓိက ခန်းမထဲမှာ စောင့်ဆိုင်း နေခဲ့တယ်။ အနောက်ဘက် အခန်းထဲသို့  သွားချင်ပေမဲ့ မသွားနိုင်ရှာဘူး။ ဒါပေမဲ့ သူ့ကိုယ်သူ ထိန်းချုပ် ထားရှာတယ်။
 နှစ်ရက် ကြာပြီးနောက် နေ့လယ်ခင်းမှာ လိုက်ကာစလေးကို  လက်တစ်ဖက်က ဖယ်ရှားသွားတယ်။ ချက်ချင်းဆိုသလို လင်းကျင်းဖန်ရဲ့ မျက်လုံးများက အရောင်တောက် သွားခဲ့ပြီး အလျင်အမြန် လမ်းလျှောက် သွားလိုက်တယ်။ အနောက်ဘက် အခန်းမှ ထွက်လာတဲ့ အလွန် ချောမောသော မိန်းကလေးကို ကြည့်ရင်း သူ့မျက်နှာ အမူအရာမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေတယ်။
“မိန်းကလေး အခြေအနေ ဘယ်လိုရှိလဲ”
“ရှင် အထဲဝင်ပြီးတော့ ကြည့်လိုက်ပါ”
ယွမ်လော့ဖုန်းက စကား အများကြီး မပြောဘူး။ ဒါပေမဲ့ တစ်ဖက်ကို မှီလိုက်ပြီး လင်းကျင်းဖန်ကို လမ်းဖယ် ပေးလိုက်တယ်။
လင်းကျင်းဖန်လည်း အခန်းထဲကို ကတိုက်ကရိုက် ပြေးဝင် သွားလိုက်တယ်။ သူ့အကြည့်က အိပ်ရာပေါ်မှာ ထိုင်နေတဲ့ မိန်းမပျိုလေးသို့ ကျရောက်သွားတယ်။ သူ လုံးဝကို အကြည့် မလွှဲနိုင်ဘူး။ အခုအချိန်မှာ သူ့နှလုံးက အရမ်း ခုန်နေတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ နှလုံးသားလေးက ရင်ဘတ်ထဲက ခုန်ထွက် သွားတော့မလို ခံစားရတယ်။
“ရှောင်ပိုင်…”
သူလည်း တီးတိုး စကား ပြောလိုက်တယ်။ သူ ဂရုမစိုက်မိရင် သူမလေး စိတ်အနှောင့်အယှက် ဖြစ်သွားမှာ စိုးရိမ်မိနေတယ်။
“ဖေဖေ ဘာဖြစ်လို့လဲ”
လင်းလောပိုင်လည်း ဝေဝါးနေတဲ့ သူမ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ရီဝေနေတဲ့ မျက်လုံး ပြူးပြူးလေးများက  ဆုံးရှုံးမှုများကို ပြသနေခဲ့ပြီး သူမရဲ့ တိုးတက်လာတဲ့ အခြေအနေကို မသိတာကို ပြသနေလေရဲ့။
နူးညံ့တဲ့ အပြုံးလေးက ခန့်ညားတဲ့ သူ့မျက်နှာမှာ ပေါ်ပေါက် လာတယ်။
“အရာအားလုံး အဆင်ပြေတယ်… ရှောင်ပိုင် သမီးလေး ဖေဖေက သမီးအတွက် ဆရာတစ်ယောက် ရှာထားပေးတယ် အခုအချိန်က စပြီးတော့ ဆရာနောက် လိုက်ပြီးတော့ ပညာ သင်ယူရမယ်နော်… ဟုတ်ပြီလား”
“ဖေဖေက ရှောင်ပိုင်ကို ထပ်ပြီးတော့ မလိုချင်တော့လို့လား”
သူမ နှုတ်ခမ်းလေးကို စူပြီးတော့ လင်းကျင်းဖန်ကို မျက်ရည်ဝိုင်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။
“ရှောင်ပိုင်”
လင်းကျင်းဖန်ရဲ့ နှလုံးသားက နာကျင်ရတယ်။ သူလည်း လင်းလောပိုင် ဘေးနားကို သွားလိုက်ပြီး သူမရဲ့ ခေါင်းသေးသေးလေးကို လက်ဖြင့် ညင်သာစွာ ပုတ်လိုက်တယ်။ ချစ်ခင်မှုဖြင့် ပြည့်နှက်နေသော စကားကို ပြောလိုက်တယ်။
“သမီးဆရာက သမီးရဲ့ ကျေးဇူးရှင် သူ့နောက်ကိုလိုက်မှ သမီး ဆက်ပြီးတော့ အသက်ရှင်နိုင်မယ်… သမီး စွမ်းအားက လုံလုံလောက်လောက် သန်မာမှ သမီးလေးက အဖေ အနားကို ပြန်လာလို့ ရမှာလေ”
ယွမ်လော့ဖုန်း တစ်ယောက်တည်းသာ သမီးလေး ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ချိပ်ပိတ်ဖို့ ကူညီပေးနိုင်တယ်။ ယွမ်လော့ဖုန်း ဘေးနားမှာ ထားမှ သမီးလေးကို စိတ်ချ ထားနိုင်တယ်။ လင်းကျင်းဖန်က သူ့သမီးလေး ဘဝကို ဒုက္ခ မဖြစ်စေချင်ဘူး  မန္တန်ကို ချိုးဖောက်ဖို့ ဘယ်လောက်အထိ ကြာမလဲဆိုတာ  ဘယ်သူမှ မသိနိုင်ဘူး။
“သမီး နားလည်ပါပြီ”
လင်းကျင်းဖန်လည်း သူ့မျက်ရည်များကို ထိန်းချုပ်လိုက်တယ်။ သမီးလေးရဲ့ ဖြူဖွေး နူးညံ့သော မျက်နှာက အပြုံးလေးများဖြင့် လန်းဆန်းနေပြီး တဖျတ်ဖျတ် ခတ်နေသော မျက်တောင်စဉ်းလေးများက စကားပြောနေနိုင် သလိုပါပဲ။
“ဖေဖေ… သမီး အကောင်းဆုံး ကြိုးစားပြီး စိတ်စွမ်းအား ကျင့်ကြံပါ့မယ် ဖေဖေ မျက်နှာ မပျက်စေရပါဘူး”
“တော်တယ်… ဖေဖေ သမီးလေးက အရမ်း လိမ္မာတယ်… ဒါမှ လင်းကျင်းဖန်ရဲ့ သမီးအလိမ္မာလေး…”
လင်းကျင်းဖန်လည်း ကြည်နူး ပျော်ရွှင်ရတယ်။ ရယ်နေစဉ်မှာ ပျော်လွန်းလို့ မျက်ရည်များ မတားဆီးနိုင် ကျဆင်း လာရတယ်။

 
*

**

အပိုင်း(၃၆၆)

ရှောင်အိမ်တော်သို့ ဦးတည်ခြင်း(၁)

 
သူ့မှာ အသိတရားရှိတဲ့ သမီးလေး တစ်ယောက် ရှိတာ သူ့အတွက်တော့ ကံကောင်းခြင်း တစ်ခုပါပဲ။ ရှောင်ပိုင်လေး … ယွမ်လော့ဖုန်း နောက်ကို လိုက်မယ်ဆိုရင်  သူမလေးက အလွန် စွမ်းအားကြီးမားတဲ့ လူတစ်ယောက် အဖြစ် ကြီးပြင်းလာနိုင်တယ်။ ထိုအချိန်မှာ သူ့ဇနီးအတွက် လူယုတ်မာများကို လက်စားချေပြီး အကုန်လုံးကို မျိုးတုံးသွားအောင် သုတ်သင်ပစ်မယ်။
“သွားကြမယ်လေ… သမီးလေးရဲ့ ဆရာကို တွေ့ဖို့ ဖေဖေ ခေါ်သွားပေးမယ်”
လင်းကျင်းဖန်လည်း သမီးလေးကို ပွေ့ချီဖို့ ခါးညွှတ်လိုက်ပြီး အဓိက ခန်းမဆောင်ထဲသို့ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်း လာလိုက်တယ်။ အဓိက ခန်းမထဲသို့ မရောက်မီမှာ  မွှေးကြိုင်သော လက်ဖက်ရည် ရနံ့ကို ရလိုက်တယ်။ ဒီရနံ့က သူ့ကို အငမ်းမရ  ဖြစ်စေပြီး မျက်လုံးမှ ရောင်ခြည်များ ပေါ်လာစေတယ်။
“နတ်ဆေးသမားတော်…. ဘာလက်ဖက်ရည်… သောက်နေတာလဲ… ဘာကြောင့် ရနံ့ အရမ်း မွှေးနေရတာလဲ”
အရေးကြီးဆုံး အချက်က သူ ဒီရနံ့ကို ရတော့ စိတ်စွမ်းအား တိုးမြှင့်လာသလို ခံစားရတာပဲ။ ဒါက လက်သည်းခွံ ပမာဏလောက်ရှိတဲ့ လက်ဖက်ရွက် ဖြစ်သော်လည်း သူ့နှလုံးသားကို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်အောင် ပြုလုပ်ဖို့ လုံလောက်မှု ရှိတယ်။
“ဟား… ဟား… ဒီလို လက်ဖက်ရည်မျိုး အရင်က မသောက်ခဲ့ဖူးမလား… ဒီလက်ဖက်ရည်က ဒီကောင်မစုတ်လေးဆီက ဝယ်ခဲ့ဖူးတဲ့ လက်ဖက်ရွက်နဲ့ အမျိုးအစား အတူတူပဲလေ။ ဝယ်ဖို့အတွက်  အတော်အတန် များပြားတဲ့ ရွှေကို သုံးလိုက်ရတယ် ဒါပေမဲ့လည်း ပြောရမယ် ဆိုရင်တော့ ဒီလက်ဖက်ရည်က အရင် မင်းရောင်းခဲ့တဲ့ လက်ဖက်ရွက်နဲ့ နှိုင်းယှဉ်လိုက်ရင် အများကြီး ပိုကောင်းမွန်တယ် အဆင့်ချင်းလည်း လုံးဝ မတူဘူး”
သူ့စကားက ယွမ်လော့ဖုန်းက ကောင်းတဲ့ ပစ္စည်းကို ဝှက်ထားပြီး မကောင်းတဲ့ ထုတ်ကုန်ကို ထုတ်ရောင်းတဲ့ သဘော သက်ရောက်စေတယ်။
“ဒါက ရောင်းဖို့အတွက်မှ မဟုတ်တာ”
ယွမ်လော့ဖုန်းလည်း လက်ဖက်ရည်ခွက်ကို မလိုက်ပြီး တစ်ငုံ သောက်လိုက်တယ်။
“ဒါကြောင့် ဒီလို လက်ဖက်ရည်မျိုး သောက်ရတာ ရှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်တယ်”
“ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဂရုမစိုက်ဘူး လက်ဖက်ရွက် ကုန်သွားတာနဲ့ မင်းကို လာရှာမှာပဲ”
အဘိုးအိုက အရှက်မဲ့စွာ ပြောတယ်။
ဘာပဲဖြစ်ဖြစ် သူက အရှက်မဲ့တယ် ဆိုတာကို မသိတဲ့ လူစားမျိုးပါ။ ဒါကြောင့်လည်း လက်ဖက်ရွက်ကြောင့် သူ မျက်နှာ ပျက်မှာကိုလည်း ဂရုမစိုက်ဘူး။
“ဒါဆို…”
လင်းကျင်းဖန်က အားမပါစွာ စကားဆိုတယ်။
“ဒါဆို… ကျွန်တော့်ကို လက်ဖက်ရွက် နည်းနည်းလောက် ရောင်းပေးနိုင်မလား ဘယ်လောက်ပဲ ပေးရပေးရ ပေးဖို့ ဆန္ဒရှိပါတယ်”
ယွမ်လော့ဖုန်းလည်း သူမလက်ထဲမှ လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ချထားလိုက်တယ်။
“လင်းလောပိုင်ကြောင့် ရှင့်ကို လက်ဖက်ရွက် ၁ဝဝ ဂရမ် လက်ဆောင် ပေးပါမယ်”
မိန်းမပျိုလေးရဲ့ စကားကြောင့် ဘာကိုမှ မမြင်နိုင်လောက်တဲ့အထိ အဘိုးအိုက မနာလို ဖြစ်လာတယ်။ ယွမ်လော့ဖုန်းက သူ့ကို လက်ဖက်ရွက် ၁ဝဝ ဂရမ်ပဲပေးပြီး ငွေအများအပြားကို ညှစ်ယူသွားခဲ့သေးတယ်။ အခုတော့ လင်းကျင်းဖန်ကို လက်ဖက်ရွက် ၁ဝဝ ဂရမ် အလွယ်တကူ လက်ဆောင် ပေးလိုက်တယ်ပေါ့။ ဒီလိုမျိုး ဖြစ်မယ်လို့ သူ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။
ဒါက လုံးဝ တရားမျှတမှု မရှိဘူး။
“ကောင်မစုတ်လေး… ကျုပ်လည်း မင်းရဲ့ တပည့်လေ… ကျုပ်ကိုလည်း လက်ဆောင် ပေးသင့်တယ်”
အဘိုးအိုက သနားစဖွယ် ပြောရှာတယ်။
ယွမ်လော့ဖုန်းလည်း နောက်တစ်ကြိမ် လက်ဖက်ရည် တစ်ငုံကို သောက်လိုက်ပြီး ခပ်တည်တည် ပြောလိုက်တယ်။
“ရှင်က အရမ်း အသက်ကြီးနေပြီ… ရှင့်ကို တပည့်အဖြစ် လက်ခံဖို့က အရမ်းရှက်ဖို့ ကောင်းတယ်လို့ အရင်တည်းက ပြောပြီးသားပါ”
လင်းကျင်းဖန်လည်း ယွမ်လော့ဖုန်းနဲ့ အဘိုးအိုကို မယုံကြည်နိုင်သော အကြည့်ဖြင့် အံ့သြမှင်တတ်စွာ ငေးကြည့် နေမိတယ်။
နတ်ဆေးသမားတော်က တရားဝင်တပည့် တစ်ယောက် ဖြစ်လာဖို့ အရှက်မဲ့စွာ တောင်းဆိုနေပြီး သူ အငြင်းခံရတယ်တဲ့လား။ သူ တခြားလူကို ပြောခဲ့ရင် ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး။
“ရှောင်ပိုင်”
လင်းကျင်းဖန်လည်း အသိပြန်ဝင်လာပြီး ရင်ခွင်ထဲမှ သူ့သမီးလေးကို ဘေးဘက်မှာ ထားလိုက်ပြီး နူးညံ့သော လေသံဖြင့် ပြောလိုက်တယ်။
“သူက သမီးလေးရဲ့ ဆရာ… နောင်ဆို သမီးက သူ့နောက်ကို လိုက်ရမယ် ဖေဖေ ပြောတာ နားလည်လား”
လင်းလောပိုင်လည်း နွမ်းနွမ်းလျလျ သူမမျက်လုံးကို တဖျတ်ဖျတ် ခတ်လိုက်ပြီး ယွမ်လော့ဖုန်းကို ပျော်ပျော်ရွှင်ရွှင် ကြည့်လိုက်တယ်။
“သခင်က အရမ်းချောပြီး ကြည့်ကောင်းတယ်”
လင်းကျင်းဖန်ရဲ့ နဖူးက တွန့်ကွေးသွားတယ်။ သူ့သမီးက ယုံကြည်လို့ မရနိုင်ဘူးဆိုတာ ပထမဆုံးအကြိမ် နားလည် သွားခဲ့တယ်။
“ရှောင်ပိုင် ဆရာ့ကို လက်ဖက်ရည်နဲ့ ဂါရဝပြုလိုက်… အခုက စပြီးတော့ ဆရာ စကားကို နားထောင်ရမယ်နော်”
လင်းကျင်းဖန်လည်း သူ့ခေါင်းကို ကူရာမဲ့စွာ ခါယမ်းလိုက်တယ်။ ဒီကလေးမကို သူ အရမ်း အလိုလိုက်ခဲ့မိတယ် အပြင်မှာ ပြဿနာရှာမှာ သူ စိုးရိမ်မိတယ်။
“ဟုတ်ကဲ့ပါ ဖေဖေ”
လင်းလောပိုင်လည်း ပြန်ဖြေလိုက်ပြီး သိပ်မကြာခင်မှာ သူမအဖေ လှမ်းပေးတဲ့ လက်ဖက်ရည်ကို ယူလိုက်တယ်။ ယွမ်လော့ဖုန်းအနား သုတ်သုတ်ပျာပျာ သွားတာပေါ့။
ယွမ်လော့ဖုန်း အနားကို ရောက်တော့ ကြမ်းပြင်ပေါ် ဒူးထောက် လိုက်တယ်။ တောက်ပသော အပြုံးလေးက ချစ်ဖို့ကောင်းတဲ့ မျက်နှာမှာ ပေါ်လာတာပေါ့။ သူမအပြုံးက နွေးထွေးသော နေရောင်ခြည်နဲ့ ဆင်တူပြီး တခြားလူရဲ့ စိတ်ဝိညာဉ်ကို အလွယ်တကူ နွေးထွေးစေတယ်။
 
***

အပိုင်း(၃၆၇)

ရှောင်အိမ်တော်သို့ ဦးတည်ခြင်း(၂)

 
“သခင်… ကျေးဇူးပြုပြီးတော့ ဒီလက်ဖက်ရည်လေးကို သုံးဆောင်ပါ”
လင်းလောပိုင်လည်း တရိုတသေ တလေးတစား ပြောရှာတယ်။
ယွမ်လော့ဖုန်းလည်း သူမလက်ထဲမှ လက်ဖက်ရည်ခွက်ကို အောက်ချထားပြီး လင်းလောပိုင်ပေးတဲ့ လက်ဖက်ရည်ခွက်ကို ယူကာ စကားမပြောခင် တစ်ငုံ သောက်လိုက်တယ်။
“ကျွန်မမှာ တခြားကိစ္စ ရှိသေးတယ်။ ဒီနေရာက ထွက်ခွာသွားရမယ် ဒါကြောင့် သူမက ချက်ချင်း ကျွန်မ နောက်လိုက်ခဲ့ဖို့ လိုအပ်တယ်”
ခဏတော့ လင်းလောပိုင်လည်း အံ့သြမှင်တတ်စွာ ကြည့်နေမိတယ်။ သူ့သမီးလေးနဲ့ ဒီလောက်စောစော ခွဲခွာရမယ်လို့ သူမထင်ထားမိဘူး။ ချက်ချင်းပဲ သူ့နှလုံးသားက လွမ်းဆွတ် တမ်းတမှုများဖြင့် တောက်ပလာတယ်။
“မိန်းကလေး … ကျွန်တော် သမီးလေး အရမ်းဆိုးပြီး အလွယ်တကူ ပြဿနာ ရှာတတ်တယ် လမ်းတစ်လျှောက်လုံးမှာ သူမက ဂရုစိုက်ပြီး အနီးကပ် စောင့်ကြည့် စေချင်တယ်”
“စိတ်ချထားပါ”
ယွမ်လော့ဖုန်းလည်း လက်ဖက်ရည်ခွက်ကို အောက်ချထားလိုက်ပြီး ပြုံးလိုက်တယ်။
“သူမက ကျွန်မ တပည့်လေးပါ… ဒါကြောင့်လည်း သူမကို တခြားလူတွေ အနည်းငယ်မျှ ထိခိုက်အောင် မပြုလုပ်နိုင်စေရဘူး”
ဒါမှလည်း လင်းကျင်းဖန် စိတ်သက်သာရာ ရသွားတယ်။
“ဒီလိုဆိုတော့လည်း ကျွန်တော် စိတ်အေးချမ်းသာပါပြီ ရှောင်ပိုင်… အရေးမပါတဲ့ ကိစ္စတွေကြောင့် ဆရာကို ဒုက္ခမပေးရဘူးနော် သမီး မဖြေရှင်းနိုင်တဲ့ ပြဿနာ ဆိုရင်တော့ အဖေကို လာရှာလိုက် သမီးအတွက် အဖေ ဖြေရှင်းပေးမယ်”
“သမီး သိပါပြီ”
လင်းလောပိုင်က ချစ်ဖို့ကောင်းစွာ ပြန်ဖြေတယ်။ သူမမျက်ဝန်းများက ကလယ်ကလယ် ဖြစ်နေပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာပေါ်က အပြုံလေးက ပိုပြီးတော့ သိသာ ထင်ရှားလာတယ်။
သူမက ဖေဖေနဲ့ ဝေးကွာရတာ မုန်းနေသော်လည်း အပြင်လောကကြီးကို မြင်ရဖို့ ဒီနေရာက ထွက်ခွာ သွားရမှာကို သိတော့ သူမနှလုံးသားက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက် နေတာပေါ့။
“သြော်… ဒါနဲ့…”
ယွမ်လော့ဖုန်းလည်း ခဏရပ်လိုက်ပြီး လင်းကျင်းဖန် ဘက်ကို လှည့်ကြည့်လိုက်တယ်။
“ရှောင်အိမ်တော်ကို သွားဖို့ မြေပုံပေးပါ”
“ရှောင်အိမ်တော်”
လင်းကျင်းဖန်လည်း အတော်လေး အံ့သြမှင်တက် မိတယ်။
“မင်းက တကယ်ပဲ ရှောင်အိမ်တော်ကို သွားမလို့လား”
ယွမ်လော့ဖုန်းလည်း သူမမျက်ဝန်းကို အနည်းငယ် မှေးကျဉ်းလိုက်တယ်။ အန္တရာယ် အငွေ့အသက်များက သူမမျက်ဝန်းမှာ တဖျတ်ဖျတ် လက်နေခဲ့တယ်။
“တစ်စုံ တစ်ယောက်ကို သွားရှာမလို့ သွားတာ”
ပြီးတော့ ပြဿနာရှာဖို့ အတွက်ပေါ့။
ဒါပေါ့ သူမက သေချာပေါက် နောက်စကား တစ်ခွန်းကို ပြောမှာ မဟုတ်ပါဘူး။ လှပသော်လည်း ကောက်ကျစ်စဉ်းလဲသော အပြုံးလေးက သူမမျက်နှာပေါ်မှာ ပေါ်ပေါက်လာတယ်။ သူမအပြုံးလေးက လှပတယ်။ သို့သော်လည်း တခြားလူတွေ အတွက်တော့ အဆိပ်သင့်စေနိုင်သော အပြုံးနဲ့ ဆင်တူတယ်။
“ကောင်းပါပြီ”
လင်းကျင်းဖန်လည်း တဖြည်းဖြည်းချင်း အသိပြန်ဝင်လာပြီး သူ့မျက်နှာ အမူအရာက အတော်လေး ရှုပ်ထွေးနေတယ်။
“မင်းအတွက် လိုအပ်နေတဲ့ မြေပုံကို ထိုက်လိကို ပြင်ဆင် ခိုင်းထားပါမယ် မင်းနဲ့ ရှောင်မိသားစုက ဘာရန်ငြိုးရှိလဲ ဆိုတာတော့ ကျွန်တော် မသိဘူး.. အကူအညီ လိုအပ်ရင်တော့ ဘယ်အချိန်မဆို ကျွန်တော့်ကို လာရှာနိုင်ပါတယ်”
ထိုအချိန်… တစ်ဖက်မှာ မတ်တတ်ရပ်နေတဲ့ ထိုက်လိက အတော်ကို ရှက်ရွံ့နေတာကို သူ့မျက်နှာမှ တစ်ဆင့် မြင်နိုင်တယ်။ ယွမ်လော့ဖုန်းကို လူလိမ်ဆိုတဲ့ စကားကို သူ အစက ပြောခဲ့မိတယ်။ ရေစင်ကို ရဖို့ လိမ်လည်ဖို့ ကြိုးစားနေတာလို့ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုလူစားမျိုးက သူ့သခင်မလေးကို တကယ် ကုသပေးနိုင်မယ်လို့ မထင်ထားခဲ့မိဘူး။
ဒါ့ပြင် နတ်ဆေးသမားတော်ရဲ့ စကားကို နားထောင်ထားတာ အရတော့ ဒီကောင်မလေးက သူ့တပည့် မဟုတ်ဘူး။ ထိုအစား သမားတော်ကြီးက သူမ တပည့် ဖြစ်ချင်နေတာ။ သူမကို ဆရာအဖြစ် အသိအမှတ် ပြုချင်နေတာ။
 

***
 


စီဖုန်မြို့တော်….
ရှောင်အိမ်တော် အတွင်းမှာ လင်းယောင်က ရုတ်တရက် ထရပ်လိုက်ပြီး နူးညံ့သော သူမမျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေတာပေါ့။
“ကျွန်မက သူနဲ့ မသင့်လျော်ဘူးဆိုတာ အမှိုက်ကောင်က မသိတာလား ဘာကြောင့် ကျွန်မနဲ့ စေ့စပ်ထားတာကို မဖျက်သိမ်းချင်တာလဲ။ ဘာကိစ္စကြောင့်လဲ”
“ယောင်အာ”
အားလုံးအထက်မှာ ထိုင်နေတဲ့ ရှောင်လင်းကို လှည့်မကြည့်ခင်မှာ သူ့မြေးလေးကို သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်တယ်။
“ရှောင်မိသားစု ခေါင်းဆောင်… သူက ဘာအကြောင်း အရင်းကြောင့် စေ့စပ်ပွဲကို မဖျက်သိမ်းချင် ရတာလဲ ဆိုတာ သိချင်တယ်”
ရှောင်လင်းလည်း ခက်ထန်စွာ မျက်မှောင်ကြုတ် လိုက်တယ်။ အိုမင်းရင့်ရော်တဲ့ မျက်နှာမှာ ကူရာမဲ့မှုများဖြင့် ပြည့်နှက်နေတာပေါ့။
“သူက စေ့စပ်တာကို ဖျက်သိမ်းဖို့ လက်မခံတာ မဟုတ်ဘူး။ စေ့စပ်သင်္ကေတကို ပြန်မပေးနိုင်တာ။ ပေးချင်တဲ့ ဆန္ဒမရှိတာ… မင်းလည်း သိတာပဲ ငါတို့ မိသားစုတွေက ကတိတစ်ခုကို တန်ဖိုးထား လိုက်နာတယ် စေ့စပ်ပွဲ ဖျက်သိမ်းချင်တယ် ဆိုရင်… စေ့စပ်သင်္ကေကို ပြန်ပေးရတယ်လေ”
ဝုန်းခနဲ မြည်ဟည်းသံ …
လင်းယောင်လည်း စားပွဲခုံကို ထုရိုက်လိုက်ပြီး ခန်းမဆောင် အပြင်ဘက်သို့ ထွက်ခွာ သွားလိုက်တယ်။
“ယောင်အာ”
လင်းဖန်ရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး အေးတိအေးစက် မေးလိုက်တယ်။
“မြေးလေး ဘယ်သွား နေတာလဲ”
လင်းယောင်လည်း အလွန်အမင်း ဒေါသထွက်စွာ အံကြိတ်လိုက်တယ်။ တစ်စုံတစ်ယောက်ကို သတ်ချင်နေသကဲ့သို့ သူမမျက်နှာ အမူအရာက ယုတ်မာမှုများဖြင့် ပြည့်နှက်နေတယ်။
“အမှိုက်ကောင်ကို သွားရှာမလို့”
သူမလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
“ကျွန်မကို မယဉ်ကျေးဘူး ဘာကိုမှ မသိ မနားလည်ဘူးလို့ မထင်နဲ့ သူက နှုတ်မှ စေ့စပ်ပွဲ ဖျက်သိမ်းဖို့ သဘောတူသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ ဆန္ဒ မရှိဘူး… မဟုတ်ရင်တော့ သင်္ကေကို ဝှက်ထားပါ့မလား သူ့ရည်ရွယ်ချက်က ကျွန်မကို သူ့ဇနီး ဖြစ်စေချင်နေတာ”
 

***

Bạn đang đọc truyện trên: Truyen247.Pro