Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

321+322+323+324+325

အပိုင်း(၃၂၁)

သုံးနှစ်သဘောတူညီချက်(၅)

လုယင်းလည်း မျက်မှောင်ကြုတ် လိုက်ပြီး အေးတိအေးစက် ပြန်ဖြေလိုက်တယ်။
“မင်းက ဒီအကြောင်းကို မေ့နေတာလို့တော့ ငါ့ကို မပြောနဲ့”
ရုန်အကြီးအကဲလည်း အချိန်အကြာကြီး တွေးတော လိုက်တယ်။
“ငါတို့တွေ ၃နှစ်တစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးကို မကျင်းပရသေးဘူး မလား။ သမားတော် အဖွဲ့အစည်းက အမြဲတမ်း ၃နှစ်တစ်ကြိမ် အစည်းအဝေး ကျင်းပတယ်။ အဲဒီအချိန်ရောက်ရင် သမားတော်တိုင်း အစည်းအဝေးကို တက်ရောက် ရတယ်။ ဒါ့ပြင် ကံကောင်းတယ်လို့ ပြောရမလား။ ဒီကောင်မလေးက သမားတော် တစ်ယောက်ပဲ။ အဲဒီအချိန် ရောက်လာမှ မင်းနဲ့ ယွမ်မိသားစု ကြားက အမုန်း အာဃာတကို ဖြေရှင်းလို့ ရနိုင်တာပဲ”
ဒီအကြောင်းကို ပြောပြီးတာနဲ့  ရုန်အကြီးအကဲလည်း သူ့အသံကို ရပ်တန့်လိုက်တယ်။
“အခုအချိန်မှာ ယွမ်မိသားစုကို ထိခိုက်အောင် ပြုလုပ်ဖို့ စိတ်အား ထက်သန်နေတယ် ဆိုရင်တော့  ငါ မင်းနဲ့ တိုက်ခိုက်ရုံသာ တတ်နိုင်တော့တယ်။ ဘာပဲဖြစ်ဖြစ် သမားတော် အဖွဲ့အစည်းက စည်းမျဉ်းကို မပြောင်းလဲဘူး။ ဆေးမြို့တော်ရဲ့ သခင်မလေးက အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ တပည့်ဖြစ်နေလည်း မောင်းထုတ်ခံရမယ့် ကံတရားကို မပြောင်းလဲနိုင်ပါဘူး”
“အကြီးအကဲ လုယင်း”
ယွမ်လော့ဖုန်း ကန်တာကို ခံလိုက်ရတဲ့ အဘိုးအိုက အလျင်အမြန် မတ်တတ် ထရပ်လိုက်ပြီး လုယင်း ဘေးနားမှာ ရပ်လိုက်တယ်။ သူ့မျက်နှာထားက စိုးရိမ် ကြောင့်ကြမှုများဖြင့် ပြည့်နှက် နေလေရဲ့။
“ပြန်မယ်”
နောက်ဆုံးတော့ လုယင်းက ရုန်အကြီးအကဲ စကားကို နာခံလိုက်တယ်။ သူ့အင်္ကျီလက်ကို အသာအယာ ပုတ်လိုက်ပြီး သူထွက်မသွားခင်မှာ ယွမ်လော့ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“ကောင်မလေး.. မင်းကို သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးပွဲမှာ စောင့်နေမယ်။ အသက်ရှင်လျက် ငါ့ကို လာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”
ယွမ်လော့ဖုန်းလည်း သူမ မျက်ခုံးကို ပင့်တင်လိုက်ပြီး …
“ကျွန်မ ရှင့်ကို စကားတစ်ခွန်း လက်ဆောင် ပေးလိုက်မယ်။ အဲဒီအချိန် မတိုင်ခင် ရှင်မသေဖို့ မျှော်လင့်တယ်”
“ဟား…”
လုယင်းလည်း အက်ကွဲသော အသံဖြင့် အော်ရယ် လိုက်တယ်။
“ငါ့ကိုယ်ငါ ထပ်ပြောသင့်တယ် ထင်တယ်။ လူတစ်ယောက်က အရမ်းကို ဂုဏ်မောက်လွန်းတာ မကောင်းဘူးလို့”
ဒီစကားကို ပြောပြီးသည်နဲ့ သူ ဘာစကားမှ ဆက်ပြော မနေတော့ဘဲ  သူ့အိုမင်း ရင့်ရော်နေတဲ့ ပုံရိပ်က လူအုပ်အတွင်းမှ အလျင်အမြန် ပျောက်ကွယ် သွားခဲ့တယ်။
ဆေးမြို့တော်မှ တခြားလူများလည်း လုယင်း ခြေလှမ်းနောက်သို့ အမီလိုက်ကာ ထွက်ခွာ သွားခဲ့တယ်။ ထွက်ခွာသွားတဲ့ ပုံရိပ်များကို ကြည့်ရင်း  ပိုပြီးတော့ စွမ်းအား ကြီးမားတဲ့ လူတစ်ယောက် ဖြစ်ချင်တဲ့ ခံယူချက်များက ယွမ်လော့ဖုန်းရဲ့ နှလုံးသားထဲမှာ ပိုပြီးတော့ နက်ရှိုင်း လာရတယ်။ မင်းက ဘယ်လိုပဲ သန်မာပြီး စွမ်းအား ကြီးမားတဲ့ လူတစ်ယောက် ဖြစ်နေပါစေ။ အမြဲတမ်း မင်းထက် သာလွန်တဲ့ တစ်စုံတစ်ယောက် ရှိနေတယ်။ လုံယွမ်တိုင်းပြည် အတွင်းမှာတော့ သူမက စွမ်းအား အကြီးမားဆုံးလို့ ယူဆလို့ရတယ်။ ကျယ်ပြောလှတဲ့ ကုန်းမြေစုမှာ သူမထက် သာလွန်တဲ့ စွမ်းအား ကြီးမားသူက မရေမတွက် နိုင်အောင် ပေါများတယ်။
လုံလုံလောက်လောက် စွမ်းအား ကြီးမားမှသာ တခြား လူများကို ဖိနှိပ် ချုပ်ကိုင်နိုင်မယ်။ 
“စောနက ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထွက်ခွာသွားတဲ့ လူများကို ငေးကြည့်နေရာမှ ဒီနေရာကို အပြေးအလွှား ရောက်လာပေးတဲ့ နင်အကြီးအကဲနဲ့ ရုန်အကြီးအကဲ ဘက်သို့ လှည့်ကာ ကျေးဇူးတင်စကား ပြောလိုက်တယ်။
အကြီးအကဲနင်က ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းအတွင်း လုံယွမ်တိုင်းပြည်မှာ ရှိနေခဲ့လို့။ ယွမ်မိသားစုရဲ့ သတင်းက ကျုပ်နားအထိ ပြန့်လာလို့ပေါ့။ ဆေးမြို့တော်က လူတွေ ယွမ်မိသားစုကို ပြဿနာ လာရှာမှာ စိုးရိမ်နေရတာ။ ဒါကြောင့် ဒီနေရာကို အလျင်အမြန် ပြေးလာလိုက်ရတာ။ စကားမစပ်… ရုန်အကြီးအကဲ ယွမ်အိမ်တော်နဲ့ မင်းနဲ့က ပိုနီးပါတယ်။ ဒါပေမဲ့ မင်းက ဘာကြောင့် ကျုပ်လောက် မမြန်ရတာလဲ”
ရုန်အကြီးအကဲလည်း ကသိကအောက်နဲ့ ပြုံးလိုက်တယ်။
“ဒါက…”
အဘိုးအိုရဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာ အမူအရာကို ကြည့်ရင်း နင်အကြီးအကဲမှာ စနောက်ချင်စိတ်ကို ထိန်းမရပေ။
“ကောင်မလေးတွေနဲ့ ပျော်ပါးနေတာ မလား။ ဒါကြောင့် ဒီနေရာကို နောက်ကျမှ ရောက်တာမလား”
“ကောင်မလေးတွေနဲ့ ပျော်ပါးတာ မဟုတ်ရပါဘူးဟာ။ သူငယ်ချင်းဟောင်းနဲ့ နှလုံးသားချင်း ဖလှယ်ရင်း စကားပြော နေတာပါ။ စကားပြောရုံလေးပါ”
“မင်း တစ်ကိုယ်လုံးက ပါးနီအနံ့တွေ နံတယ်။ ဒါကြောင့် မင်းတို့က အိပ်ရာထဲမှာ နှလုံးသားချင်း ဖလှယ်နေတာ မလား”
“ဟီးဟီး”
ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မော လိုက်တယ်။ သိပ်မကြာခင်မှာ အဘိုးအိုရဲ့ အကြည့်က သူမ ရှိရာသို့ ကျရောက် လာခဲ့တယ်။ သူမ အပြုံးကို ပြန်လည် ထိန်းချုပ်လိုက်ရင်း
“ရုန်အကြီးအကဲက ဒီအသက်အရွယ် ရောက်နေသော်လည်း ကျန်းမာ သန်စွမ်းပြီး သန်တုန်း မြန်တုန်းပဲနော်။ မထင်ထားမိဘူး။ အကြီးအကဲ နှစ်ယောက် စကားဆက်ပြော နိုင်ပါတယ်”
ရုန်အကြီးအကဲ မျက်နှာအရောင်က မည်းမှောင်သွားခဲ့ပြီး အတော်လေး ရှက်နေမိပုံရတယ်။ သူပုန်းနေနိုင်ဖို့ တွင်းတစ်တွင်း ရှာတွေ့ဖို့ ဆုတောင်း နေမိတယ်။
“ယွမ်မိန်းကလေး … တခြား ဖြေရှင်းစရာ ကိစ္စ မရှိတော့ဘူး မလား”
ရုန်အကြီးအကဲက မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ ကျင်းလင်းကို ကြည့်ကာ ခေါင်းစဉ် ပြောင်းရန် ကြိုးစား နေတယ်။
ခေတ်နောက်ကျတဲ့ အဘိုးကြီး… မင်းက ဒီလိုစကားမျိုးကို ယွမ်မိန်းကလေးရှေ့မှာ ပြောရဲတယ်ပေါ့။ နောင်ဆို ရှက်လွန်းလို့ ဘယ်လို ရင်ဆိုင်ရမလဲ။ ဒီနေရာမှာ လုံယွမ်တိုင်းသူ ပြည်သား အများအပြား ရှိနေသေးတယ်။ သူ့ကို အဆုံးစွန်းအထိ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်လိုက်တာပဲ။
ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျင်းလင်းတစ်ယောက် ရုန်အကြီးအကဲက စကားဝိုင်း ခေါင်းစဉ်ကို သူ့ဘက် လှည့်လိုက်တာကို ကြားရတော့ သူ့ခန္ဓာကိုယ်က တောင့်တင်း သွားရတယ်။
 
***

အပိုင်း(၃၂၂)

ယွမ်ရှောင် ပြန်လာခြင်း(၁)

 
“စစ်သူကြီးယွမ် … ယွမ်သခင်မလေး”
ကျင်းလင်း တစ်ယောက် ငိုမဲ့မဲ့ မျက်နှာနဲ့ ပြောလေတယ်။
“ကျုပ် မသိ နားမလည် ခဲ့တာကြောင့် မင်းတို့ နှစ်ယောက်ကို အမှား ကျူးလွန်ခဲ့ပါတယ်။ ယွမ်မိသားစုက ဒုတိယ သခင်လေးကိုလည်း အမှား လုပ်မိခဲ့ပါတယ်။ ကျုပ်က သေဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကျုပ် အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ အခုအချိန်က စပြီးတော့ ခြေရာမကျန်စေရဘဲ ပျောက်ကွယ် သွားစေရပါမယ်။ မင်းတို့ရှေ့ ထပ်မပေါ်လာ စေရဘူးလို့ အာမခံပါတယ်”
“ရှင် အခုတော့ နောင်တရနေပြီပေါ့”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို ပင့်တင်လိုက်ပြီး ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“ရှင် အရမ်း နောက်ကျသွားပြီလို့ မထင်ဘူးလား”
သူမလည်း ကျင်းလင်းအနားကို တဖြည်းဖြည်း လျှောက်လှမ်း သွားလိုက်တယ်။
တစ်လျှောက်လုံး မိန်းမပျိုလေး မျက်နှာက ပြုံးနေသော်လည်း သူမအပြုံးက ကျင်းလင်းကို ကြောက်လန့် စေတယ်။ သူ့နှလုံးသားမှာ အေးစက်သော လေများ တိုက်နေသလို ခံစားစေတယ်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးက တုန်ရီနေတယ်။
“ယွမ်သခင်မလေး ကျုပ် မှားခဲ့ပါတယ်။ ကိုယ့်အမှားကိုယ် တကယ်သိပါပြီ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ နောင်ဆို ဒီလိုတူညီတဲ့ အမှားမျိုး ထပ်ပြီးတော့ မကျူးလွန်စေရပါဘူး”
သူ့မျက်နှာက ကြောက်လန့်မှုကို ဖော်ပြရင်း ဦးခေါင်းကို မြေကြီးနဲ့ တဒုန်းဒုန်း ဆောင့်ကာ ဒူးထောက် တောင်းပန် နေလေရဲ့။ အရင်လို မာနဝင့်ကြွားတဲ့ပုံစံ မရှိတော့ပေ။
“လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်မ အဘိုးလည်း ဒီလိုပုံစံနဲ့ တောင်းပန်ခဲ့တယ်”
ယွမ်လော့ဖုန်းလည်း ထေ့ငေါ့လိုက်ပြီး သူမရှေ့မှာ ဒူးထောက် တောင်းပန်နေသော ကျင်းလင်းကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ရှင် အရင်က ပြောခဲ့တဲ့ စကားကို မှတ်မိသေးရဲ့လား”
ကျင်းလင်းရဲ့ ခန္ဓာကိုယ်က ခိုက်ခိုက်တုန် လာရတယ်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးက ထိန်းချုပ်လို့ မရနိုင်လောက်အောင် ခါယမ်းနေတယ်။ သူ့မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေရဲ့။ သူ ဆက်လက်ပြီးတော့ တောင်းပန်ခယချင် သေးတယ်။ ဒါပေမဲ့ သူ့လည်ပင်းကို လက်တစ်ဖက်နဲ့ ညှစ်ခံထားရသလို ဖြစ်ကာ အသံထွက် မလာတော့ပေ။
“အဲဒီနှစ်က ဒုတိယဦးလေးကို ကယ်တင်ဖို့ ဘိုးဘိုးက ဒူးထောက် တောင်းပန်ခဲ့စဉ်က ရှင် စကားတစ်ခွန်း ပြောခဲ့တယ်။ မှတ်မိသေးလား။ ရှင့်ကို ဒူးထောက် တောင်းပန်ရင်း ကျွန်မအဘိုး သေသွားခဲ့မယ် ဆိုရင်တောင် ဦးလေးကို မကယ်တင်ပေးနိုင်ဘူးလို့ ရှင်ပြောခဲ့တယ်”
ကျင်းလင်းလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ အဲဒီနှစ်ရဲ့ မြင်ကွင်းက သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့တယ်။ ဒါပေမဲ့ အခုတော့ လူပြောင်း သွားခဲ့ရပြီ။ ဒူးထောက် တောင်းပန် နေရတဲ့လူက သူ ဖြစ်လာခဲ့ပြီ။
မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်လည် ပေးဆပ်ရတယ် ဆိုတာ တကယ်ကို မှန်နေတယ်။
“ကျင်းလင်း”
ယွမ်လော့ဖုန်းလည်း ကျင်းလင်းကို ငုံ့ကြည့်ရင်း ပတ်ဝန်းကျင်ကို ဝှေ့ခနဲ ကြည့်လိုက်တယ်။
“လွန်ခဲ့တဲ့ နှစ်ဝက်က စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရှင်နဲ့ အိမ်ရှေ့စံမင်းသား စစ်သူကြီး အိမ်တော်ကို လာခဲ့တယ်။ အဲဒီအချိန်က ကျွန်မလို လူမျိုးက တစ်သက်လုံး စိတ်စွမ်းအား ကျင့်ကြံ လာနိုင်မှာ မဟုတ်ဘူးလို့ ရှင် ပြောခဲ့တယ်။ ရှင်က ကျွန်မ ခန္ဓာကိုယ်ကို ကုသနိုင်လောက်တဲ့ အရည်အချင်း မရှိဘူးလို့ ပြန်ပြောခဲ့တယ်”
ယွမ်လော့ဖုန်းလည်း ငုံ့လိုက်ပြီး ကျင်းလင်းရဲ့ လည်ပင်းကို သူမလက်သည်းဖြင့် ဖွဖွလေး လှီးဖြတ်ရင်း သူ့ကို တုန်ရီစေတယ်။
“ယွမ်သခင်မလေး ကျုပ် တောင်းပန်ပါတယ်…”
ကျင်းလင်းရဲ့ မျက်လုံးများက တောင်းပန်ခယနေပြီး အသံက အက်ကွဲနေတယ်။ ဒီစကားကို သူ ခက်ခက်ခဲခဲ ပြောရတာလေ။ စကားပြောလေ သူ့လည်ပင်း တင်းကျပ်လာသလို ခံစားရတယ်။ ကျောက်စိမ်းကဲ့သို့ လက်က သူ့လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့နှလုံးသား တစ်လျှောက် မွန်းကျပ်သော ခံစားချက်များ ပျံ့နှံ့စေတယ်။
“စိတ်ချပါ … ကျွန်မ ရှင့်ကို သေခွင့် မပေးပါဘူး။ ရှင့်ကို ခြံထဲ ခေါ်ထားပြီး ကွမ်တုတို့ သားအဖကို အဖော်ပြုခိုင်းမှာ”
ကျင်းလင်းရဲ့ မျက်လုံးများ ပြူးကျယ် သွားရတယ်။ ယွမ်လော့ဖုန်းရဲ့ လက်ဖဝါးက သူ့ရင်ဘတ်ပေါ် ခပ်ကြမ်းကြမ်း ကျရောက်မလာခင် သူ့မှာ ဘာစကား တစ်ခွန်းမှ ပြောလို့ မရပေ။ ထိုအချိန် တစ်ခဏလေး အတွင်းမှာ သူ တစ်စစီ ပြိုကွဲသွားတော့မလို ခံစားရတယ်။
“ကွမ်တုက ရှင့်ကို အရမ်း ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ နန်းအပြောင်းအလဲ ဖြစ်သွားတာ မြင်တော့  ရှင် ထွက်ပြေး သွားခဲ့တယ်။ အခုအချိန်မှာ သူ ရှင့်ကို အရမ်း မြင်တွေ့ချင်နေမှာလို့ ကျွန်မ ယုံကြည်တယ်။ ချင်ယန် …. ကွမ်တုသားအဖကို အဖော်ပြုဖို့ သူ့ကို အနောက်ဘက် ခြံဝင်းထဲ ပစ်ထားလိုက်တော့”
“ဟုတ်ကဲ့ပါ သခင်မလေး”
ချင်ယန်လည်း တက်ကြွစွာ ကျင်းလင်းအနားကို လျှောက်လှမ်းသွားပြီး သူ့ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး မလိုက်ကာ တက်ကြွသော ပုံစံဖြင့် အနောက်ဘက် ခြံဝင်းအတွင်းသို့ ဦးတည် ထွက်ခွာ လာခဲ့တယ်။
 
***
 
စစ်သူကြီး အိမ်တော်၏ အနောက်ဘက် ခြံဝင်း
အစွန်းအဖျား ခြံဝင်းတစ်ခု ဖြစ်တာကြောင့် နေရာအကုန်လုံးကို ပေါင်းပင်များဖြင့် ဖုံးလွှမ်းထားတယ်။
လက်ရှိ အချိန်မှာတော့  ကွမ်လန်တစ်ယောက် ခြံဝင်းထောင့်နားမှာ  ခွေခွေလေး ပုန်းနေရှာတယ်။ အသက်မဲ့သော မျက်ဝန်းများဖြင့် အပြင်ဘက် လှုပ်ရှားမှုကို နားစွင့်နေခဲ့တယ်။ သူ ထွက်ပြေးချင်တယ်။ ဒါပေမဲ့လည်း ယွမ်မိသားစုက သူ့ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ် ထားတယ်။ သူ ထွက်ပြေးဖို့ ပြင်နေစဉ်မှာ ယွမ်မိသားစုက သူ့ကို အမြဲ ရှာတွေ့ခဲ့တယ်။ အကျိုးဆက် အနေနဲ့ သူ့မှာ သေလုနီးပါး အရိုက်ခံရတာပါပဲ။
ထိုအချိန်မှာ တံခါးအပြင်ဘက်မှ အစေခံ နှစ်ယောက်ရဲ့ အသံက ထွက်ပေါ် လာခဲ့တယ်။
“အစိမ်းလေး ငါတို့ သခင်လေးက အရမ်းကို တော်လိုက်တာနော်။ ဆေးမြို့တော်က ဝါရင့်ပညာရှင် တစ်ယောက်ကို တစ်ချက်တည်းနဲ့ အဝေးကို ကန်ထုတ် လိုက်နိုင်တယ်။ သူမက တကယ်ကို အံ့သြဖို့ ကောင်းတယ်။ ငါတော့ သခင်မလေးကို အထင်ကြီး လေးစားမိနေပြီ”
 
***

အပိုင်း(၃၂၃)

ယွမ်ရှောင် ပြန်လာခြင်း(၂)

 

“ဒါက ပုံမှန်ပဲလေ။ ငါတို့ သခင်မလေးက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီလေ။ သူမက တခြားလူတွေ ယှဉ်လို့ မရနိုင်လောက်အောင် သန်မာတယ်။ ငါတို့ သခင်မလေးက အနာဂတ်မှာ ငါတို့ နတ်ဘုရားမလေး ဖြစ်လာဖို့ မျှော်လင့်တယ်။ တစ်ယောက်ယောက်က ငါတို့ သခင်မလေးကို သွားပုပ်လေလွင့် ပြောရင်တော့ ငါတို့အသက်ကို စွန့်လွှတ်ခံပြီး အဲဒီလူကို ဆန့်ကျင် တိုက်ခိုက်မယ်”
ကွမ်လန်က တခြား စကားများကို မကြားပါဘူး။ သူကြားလိုက်တဲ့ စကားက ကမ္ဘာမြေကြီး အဆင့် ကျင့်ကြံသူဆိုတဲ့ စကာ တစ်ခွန်းတည်းကိုသာ ကြားခဲ့တယ်။
ယွမ်လော့ဖုန်းက ကမ္ဘာမြေကြီး အဆင့် ကျင့်ကြံသူ တစ်ယောက်တဲ့လား။
မဖြစ်နိုင်ပါဘူး။ လုံးဝ ဖြစ်နိုင်ချေ မရှိဘူး။ သူမက ဆေးပညာမှာ မယုံနိုင် လောက်အောင် အစွမ်းထက် နေပြီးသားပါ။ ဒီလောက် အစွမ်းထက်တဲ့အထိ ကျင့်ကြံဖို့ဆိုတာ သူမ အတွက်တော့ မဖြစ်နိုင်ဘူး။ ဒါ့ပြင် သူမက အမှိုက်မဆိုတာ လူတိုင်း သိနေတာပဲလေ။
“နင်တို့တွေ ပါးစပ် ပိတ်ထားလိုက်။ နှစ်ယောက်လုံး ပါးစပ်ပိတ်ထား လိုက်စမ်း”
ကွမ်လန်လည်း ဒေါသတကြီး အော်ဟစ်လိုက်ရင်း ခြံဝင်း အတွင်းသို့ ပြေးလွှား သွားတယ်။
အပြင်ဘက်သို့ ထွက်မပြေးနိုင်ခင်မှာ တံခါးကို စောင့်ကြပ်တဲ့ အစောင့်က သူ့ကို လွင့်စဉ် သွားအောင် ကန်ထုတ်လိုက်တယ်။ မြေကြီးပေါ်သို့ သနားစရာ ပုံစံဖြင့် လဲကျ သွားတော့တယ်။
“ယွမ်လော့ဖုန်းက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူ တစ်ယောက် မဖြစ်နိုင်ဘူး။ သူမက သုံးစားမရတဲ့ အမှိုက်… အသုံးမဝင်တဲ့ အမှိုက်မ…” 
ကွမ်လန်ပုံစံက တဖြည်းဖြည်းနဲ့ ရူးသွပ်နေတဲ့ လူတစ်ယောက်နဲ့ ဆင်တူလာပြီး ကြေကွဲ ဝမ်းနည်းစွာ အော်ဟစ်နေလေရဲ့။
“ယွမ်လော့ဖုန်း ငါ့ကို လာတွေ့စမ်းပါ။ အမှိုက်မကို တွေ့ချင်လွန်းလို့”
အစေခံများက ကွမ်လန်စကားကို ကြားတော့ သူတို့ မျက်ဝန်းများက ချက်ချင်း ဒေါသဖြင့် ပြည့်နှက် လာလေရဲ့။ ခြံဝင်းအတွင်းသို့ ဒေါသတကြီး ပြေးလွှား ဝင်သွားခဲ့တယ်။
“နင်က ငါတို့ သခင်မလေးကို တကယ်ပဲ စော်ကား မော်ကား ပြောဆို ရဲတယ်ပေါ့။ ငါတို့ သခင်မလေး ပါရမီရှင် တစ်ယောက်ဆိုသာ သိသာနေတာပဲလေ။ သူမ အရည်အချင်းကို ဖုံးကွယ်ထားတာ။ သူမကို စော်ကားမော်ကား ပြောဆိုဖို့ နင်မှာ ဘာအဆင့် ရှိလို့လဲ။ သူမနဲ့ နှိုင်းယှဉ်လိုက်ရင် နင်က တကယ်ကို အမှိုက်”
“ဟုတ်တယ်။ အမှန်ပဲ… ငါတို့ သခင်မလေးရဲ့ ပင်ကို အရည်အချင်းက အရမ်းကို အစွမ်းထက်တယ်။ အချိန်အကြာကြီး သူမစွမ်းအားကို မဖော်ပြတာက နင်နဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းချင်လို့ ဖြစ်ရမယ်။ နင်က ငါ့သခင်မလေးရဲ့ အရည်အချင်းကို သိသွားခဲ့ရင် နေ့တိုင်း သူမနောက် လိုက်ပြီး မရပ်မနား နှောင့်ယှက် နေမှာလေ။ ကံကောင်းစွာနဲ့ သူမကိုယ်သူမ ဖုံးကွယ် ထားနိုင်ခဲ့တယ်။ ရှင့်လို သုံးစားမရတဲ့ အယုတ်တမာ ကောင်ကို လက်ထပ်မယ်တဲ့လား။  သူမ အရည်အချင်းကို သိခွင့်ပေးမယ်တဲ့လား”
ကွမ်လန်ရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း လဲကျသွားခဲ့တယ်။ သူ့မျက်လုံးများက စိတ်နှလုံး ကြေကွဲမှုကို ပြသနေတယ်။ အစေခံ ပြောနေတာက မမှားဘူးဆိုတာ သူသိတယ်။ စောစောတည်းက ယွမ်လော့ဖုန်းမှာ ဒီလို အရည်အချင်း ရှိတယ်လို့သာ သိခဲ့ရင် သူတို့ စေ့စပ်ထားတာကို ဖျက်သိမ်းမှာ မဟုတ်ဘူး။
“ဟွန့်”
အစေခံက ကွမ်လန်ကို အညှာတာ ကင်းမဲ့စွာ ကန်လိုက်တယ်။
“ရှင့်ကိုယ်ရှင် အားလုံး အထက်မှာ နေရတဲ့ အိမ်ရှေ့စံမင်းသားလို့ ထင်နေသေးတာလား။ အခု ရှင်က သခင်မလေး ပြုစုပျိုးထောင်ထားတဲ့ ကြွက်လေးရဲ့ ကစားဖော် အဆင့်ပဲရှိတယ်။ ရှင်က ကျွန်မတို့ထက် နိမ့်ကျတယ်”
ကြွက်လေးလို့ ပြောသံကြားတော့ ကွမ်လန်ရဲ့ ခန္ဓာကိုယ်က ခိုက်ခိုက်တုန် သွားရတယ်။ သူ့မျက်ဝန်းထဲမှ ခံစားချက်များက စိတ်ပျက်ကြေကွဲမှုမှ ကြောက်ရွံ့မှုသို့ ပြောင်းလဲ သွားခဲ့တယ်။ ဒီရက်ပိုင်းမှာ သူ နှိပ်စက် ညှဉ်းပန်းခံရတယ်။ ကြွက်လေး ပျင်းလာတဲ့ အချိန်တိုင်း သူ့ကို လာပြီး စနောက်လေ့ရှိတယ်။ ဒါပေမဲ့ သူ စနောက်တဲ့ပုံစံက တစ်စုံတစ်ယောက်ရဲ့ အသက်ကို နုတ်ယူသွားနိုင်တဲ့ စနောက်တဲ့ ပုံစံမျိုး ဖြစ်နေခဲ့တယ်။ ကွမ်လန်ကို အသက် တစ်ဝက်လောက် တိုသွားလောက်တဲ့အထိ ကျီစယ်တယ်။ ကြွက်လေး ကျီစယ်တာကို ဘယ်အချိန်လောက်ထိ ဆက်ပြီးတော့ သည်းခံနေရမလဲ။
အကယ်၍ ယွမ်လော့ဖုန်းသာ သူမစွမ်းအားကို မဖုံးကွယ်ထားခဲ့ရင် သူမကို လက်ထပ်ခဲ့တာ ကြာပြီပေါ့။ သူမစွမ်းအားကို ငှားရမ်းပြီး ဝိညာဉ်မျိုးနွယ်စုကို ဖျက်ဆီးကောင်း ဖျက်ဆီးနိုင်တယ်။
ကံဆိုးစွာနဲ့ ဒီလောကကြီးထဲမှာ နောင်တအတွက် ဆေးဆိုတာ မရှိဘူး။ နောင်တနဲ့ သူ့ဘဝကို အသက်ရှင် ရပ်တည်ရုံသာ တတ်နိုင်တော့တယ်။
ကွမ်လန် တစ်ယောက် စိတ်ပျက် ကြေကွဲနေစဉ်မှာ  ကိုယ်လုံး ကိုယ်ပေါက် ကျစ်လျစ်လှပသော ချင်ယန်က  ကျင်းလင်းကို သယ်ဆောင်ကာ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့တယ်။ သူမပခုံးပေါ်မှ ကျင်းလင်းကို မြေကြီးပေါ် ပစ်ထုတ်လိုက်တယ်။
“စောနက နင်တို့နှစ်ယောက် လုပ်ဆောင်မှု အရမ်း ကောင်းမွန်တယ်”
ချင်ယန်လည်း လက်ခုပ် တီးလိုက်ပြီး သူမဘေးနားက အစေခံ နှစ်ယောက်ကို ကြည့်လိုက်တယ်။ နင်တို့ နှစ်ယောက် အကြောင်း… သခင်မလေးကို ပြောပေးမယ်။ နင်တို့တွေ သံမဏိတပ်၊ မီးတောက်အဖွဲ့မှာ ပါဝင်နိုင်ခဲ့ရင် ယွမ်အိမ်တော်ရဲ့ အစေခံ ခေါင်းဆောင် ဖြစ်လာနိုင်တယ်။
အစေခံ နှစ်ယောက်က အတော်လေး ကျေနပ် ပျော်ရွှင် နေကြတယ်။
“ကျေးဇူးတင်ပါတယ်။ သခင်မလေး ချင်ယန်”
ချင်ယန်လည်း ပြုံးလိုက်ပြီး မြေကြီးပေါ် ပစ်ချခံထားရတဲ့ ကျင်းလင်းကို တစ်ချက် ကြည့်ကာ ခြံဝင်းအတွင်းမှ ထွက်ခွာ လာခဲ့တယ်။
“ကျင်းလင်း”
ကွမ်လန်လည်း ချင်ယန် မြေကြီးပေါ် ပစ်ထားခဲ့တဲ့ ကျင်းလင်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူ့မျက်နှာထားက ချက်ချင်း ပြောင်းလဲ သွားခဲ့တယ်။
“အယုတ်တမာ အဘိုးကြီး အဲဒီနေ့က ငါတို့ကို တကယ် စွန့်ပစ်ပြီး ထွက်ပြေး လွတ်မြောက် သွားခဲ့တယ်။ ထွက်ပြေး သွားတယ် ဆိုလည်း ဘာလာလုပ်တာလဲ။ နောက်ဆုံးတော့ ငါတို့ကို အဖော်ပြုပေးဖို့ မင်းက ဒီနေရာကို ရောက်လာတယ်ပေါ့။ ဟား ... ဟား…ဟား…”
 
***
အပိုင်း(၃၂၄)

ယွမ်ရှောင် ပြန်လာခြင်း(၃)

 

ကွမ်လန် တစ်ယောက် တကယ်ကို ရူးသွားပြီလေ။ သူ့ရဲ့ အရူးတစ်ယောက်လို အော်သံကို ယွမ်မိသားစု အကုန်လုံး ကြားနိုင်တယ်။ ကျင်းလင်းကို စိတ္တဇ ဝေဒနာရှင် တစ်ယောက်လို ရိုက်နှက်တော့တယ်။ ကျင်းလင်းရဲ့ အသားစိုင်းများကို သူ့နှုတ်ခမ်း ဖွင့်ဟကာ ကိုက်တော့တယ်။ သူ့ပါးစပ်က လတ်ဆတ်သော သွေးများဖြင့် ပြည့်နှက်နေပြီး ယုတ်မာတဲ့ပုံစံ ပေါ်လွင်နေလေရဲ့။
ကျင်းလင်းမှာ အော်ဟစ် အကူအညီတောင်းဖို့ အချိန် မရလိုက်ခင်မှာ နာကျင်မှုကြောင့် သတိလစ် မေ့မြောသွားခဲ့တယ်။
 
***
 
 
လုံယွမ်တိုင်းပြည်နဲ့ သိပ်မဝေးကွာတဲ့ တောင်ထိပ်တစ်ခုမှာ ဝိညာဉ်မျိုးနွယ်စု တည်ရှိတယ်။ ဒီတောင်ရဲ့ မြေပြင် အခြေအနေက စိတ်ချလို့ မရပေ။ အဆုံးအစမဲ့သော ဘေးအန္တရာယ်များဖြင့် ပြည့်နှက်နေတယ်။ ဝိညာဉ်မျိုးနွယ်စုမှ တပည့်များကလွဲရင် ဘယ်သူမှ ဒီနေရာက အသက်ရှင်လျက် ထွက်မသွားနိုင်ဘူး။
လက်ရှိအချိန်မှာ အမျိုးသား တစ်ယောက်က ဝိညာဉ်မျိုးနွယ် စခန်းရဲ့ အဓိက တံခါးပေါက်ဝနားမှာ ရပ်နေတယ်။ သူ့မျက်ဖုံးက အေးစက်စက် ရောင်ခြည်များ ထုတ်လွှင့်နေတယ်။ သူ့မျက်ဝန်းများက ခက်ထန်ကာ ခံစားချက် ကင်းမဲ့နေလေရဲ့။ မျက်နှာဖုံးအောက်မှ နီရဲသော နှုတ်ခမ်းတစ်စုံက တစ်သမတ်တည်း ရှိနေတယ်။
ရုတ်တရက် ကတိုက်ကရိုက် ခြေသံကို ကြားနိုင်ပြီး သူ့ကို ကြိုဆိုဖို့အတွက် လူအုပ်စု တစ်စုကို ဦးဆောင်ကာ ပြေးလာသော စီချုံကို မြင်နိုင်တယ်။ သူ့မှာ အလျင်အမြန် ပြေးလွှား လာရတာကြောင့် နဖူးမှာ ချွေးများ စိုရွှဲကာ တစ်စက်စက်ချင်း ကျဆင်း နေရတယ်။
ဖျတ်ခနဲ ကြည့်လိုက်တော့ အပြင်ဘက်မှာ ရပ်နေတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို တွေ့လိုက်ရတယ်။ သူလည်း ကတိုက်ကရိုက် ပြေးသွားလိုက်တယ်။
“သရဲဘုရင်… ဘာအရေးကိစ္စကြောင့် ဒီနေရာကို ရောက်လာရတာလဲ”
ခံစားချက် ကင်းမဲ့သော အမျိုးသားလေးရဲ့ အကြည့်က စီချုံ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတယ်။ သူ့အသံက တိုးလျပြီး ခပ်သြသြ ဖြစ်သော်လည်း ကြားရသူကို ရင်ထဲ အသည်းထဲအထိ ကြောက်ရွံ့ ထိတ်လန့်စေတယ်။
“စီရွှမ် ဘယ်မှာလဲ”
စီချုံလည်း  နားမလည်စွာ စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး သူ့အကြည့်က အံ့သြ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေရဲ့။ အရင်ကဆို ဒီလူက ဘယ်သူကိုမှ သတိမထားမိခဲ့ပါဘူး။ ဝိညာဉ်မျိုးနွယ်စုကို သူ လာတဲ့အချိန်တိုင်း သူ့သမီးက နှစ်ခေါက်လောက် ပတ်လျှောက်နေလည်း မျက်မမြင် တစ်ယောက်လို မသိချင်ယောင် ဆောင်နေခဲ့တာပါ။
ဒီနေ့ သူ့နှုတ်က သူ့သမီး နာမည်ကို ထွက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ စီချုံ ကံတရား ပြောင်းလဲတော့မယ် ထင်တယ်။ အရင်ကထက် သူ့ကို ဒီလူ ပိုပြီးတော့ သဘောကျ နှစ်သက်တော့မှာလား။
“သရဲဘုရင်.. အရင်ဆုံး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ မနေ့ညက ကျွန်တော့်သမီးလေး ဝိညာဉ် မျိုးနွယ်စုကို ပြန်ရောက် လာခဲ့တာ။ သူမကို ခေါ်လာဖို့ ချက်ချင်း လူလွှတ်လိုက်ပါမယ်”
စီချုံရဲ့ နှလုံးသားက ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေရဲ့။ စီရွှမ်လေး သရဲဘုရင်နဲ့ လက်ထပ်နိုင်ခဲ့ရင် ရှေဆက်မယ့် အနာဂတ် ခရီးလမ်းမှာ သူ့အဆင့်တန်းက ကုန်းမြေစုအတွင်း ပိုပြီးတော့တောင် မြင့်မားလာနိုင်တယ်။
အမျိုးသားလေးက ဝိညာဉ်မျိုးနွယ်စု အတွင်းသို့ တိတ်တိတ် ဆိတ်ဆိတ် ဝင်ရောက်လာခဲ့တယ်။ သူ ဝတ်ဆင်ထားတဲ့ အမည်းရောင် ဝတ်စုံက လေထဲမှာ တလွင့်လွင့် ဖြစ်နေပြီး ခံစားချက် ကင်းမဲ့သော အရှိန်အဝါကို သယ်ဆောင်နေလေရဲ့။
ဝိညာဉ်မျိုးနွယ်စု စာကြည့်ဆောင်က  တိတ်ဆိတ် အေးချမ်းတယ်။
စီချုံလည်း ကုလားထိုင်မှာ ထိုင်နေတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို အချိန်တိုင်း ဖျတ်ခနဲ ခိုးခိုး ကြည့်နေရတယ်။ ထိတ်လန့်လွန်းလို့ ချွေးပြန်လာရတယ်။ သရဲဘုရင်က ဝိညာဉ်မျိုးနွယ်စု အတွင်း ဝင်လာကတည်းက ဘာစကားတစ်ခွန်းမှ မပြောသေး။ ကြိုးစားပမ်းစား မျက်နှာချို သွေးနေသော်လည်း သရဲဘုရင်က သူ့ကို တစ်ချက်မျှ ကြည့်မလာခဲ့။
သရဲဘုရင်က စီရွှမ်ကို တကယ် ကြိုက်နှစ်သက်တယ် ဆိုရင်လည်း ဒီလိုမျိုး နှုတ်ဆိတ် မနေသင့်ဘူးလေ။ သူနဲ့ ဆွေးနွေးသင့်တာ ဆွေးနွေးရမယ်လေ။ သူ အတွေးလွန်နေစဉ်မှာ စာကြည့်ခန်း တံခါးပွင့်လာပြီး စီရွှမ်တစ်ယောက် ခြေလှမ်း သွက်သွက်ဖြင့် လျှောက်လှမ်းကာ အပြုံးလေးနဲ့ ဝင်ရောက်လာတယ်။
“အဖေ”
စီရွှမ်လည်း တွေးတွေးဆဆ ယွမ်ရှောင်ကို ကြည့်လိုက်တယ်။  သူ့စိတ်ထဲမှာ ပျာယာခတ် လာရတယ်။ 
သူမကို နှစ်သက် သဘောကျတာကြောင့် ယွမ်ရှောင် ဒီနေရာကို ရောက်လာတယ် ဆိုတာ မယုံကြည်နိုင် ဖြစ်ရတယ်။ ဒီလူက ယွမ်လော့ဖုန်းအတွက် ဒေါသ ဖြေလျှော့ပေးဖို့ ရောက်လာတာ ဖြစ်ရမယ်။ သူ ရောက်လာမယ် ဆိုတာ သိခဲ့ရင် ဝိညာဉ်မျိုးနွယ်စုကို စောစောစီးစီး သူမ ပြန်မလာပါဘူး။
ဒါပေမဲ့ လုံယွမ် တိုင်းပြည်မှာ ထားခဲ့တဲ့ သူလျှိုက ယွမ်ရှောင် ပြန်လာတယ်လို့ သူမကို သတင်း မပေးခဲ့ပါဘူး။  သူ ယွမ်အိမ်တော်ကို မပြန်ရသေးရင် သူမ လုပ်တာလို့ ဘယ်လို သိနေခဲ့တာလဲ။ ဒီအကြောင်းကို တွေးကြည့်ရင်း အဆုံးအစမဲ့စွာ ဗျာများနေသော နှလုံးသားက တဖြည်းဖြည်းချင်း ပြန်ကောင်းမွန် လာတယ်။ ရှေ့မှာ ထိုင်နေတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို ကြည့်ဖို့အတွက် သူမ အားယူလိုက်တယ်။
ရုတ်တရက် ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ အမျိုးသားလေးက မတ်တတ်ရပ်လိုက်ပြီး ခက်ထန်သော အရှိန်အဝါများ ထုတ်လွှင့်ကာ အေးအေးဆေးဆေး လျှောက်လှမ်းလာတယ်။ တခြားလူကို သွေးဆောင်နိုင်တဲ့ အစွမ်းရှိတဲ့ သူ့အသံက စီရွှမ်ရဲ့နားထဲ ပဲတင့်ထပ် လာခဲ့တယ်။
“မင်း ငါ့ကို နှစ်သက်နေတယ်လို့ ငါကြားသိရတယ်။ ဟုတ်လား”
စီရွှမ်လည်း သူမရှေ့မှာ ရပ်နေတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို ငေးကြည့်ရင်း ရင်ဖိုစွာ နှုတ်ခမ်းကို တတိတိ ကိုက်နေမိတယ်။
“အမှန်ပါပဲ။ ကျွန်မ ရှင့်ကို တကယ် ကြိုက်နှစ်သက်ပါတယ်”
ဒီစကားတစ်ခွန်းကို ပြောဖို့အတွက် သူမ ဘယ်လို အားတင်းပြီး သတ္တိ မွေးလိုက်ရလည်း ဆိုတာ နတ်ဘုရားများသာ သိလိမ့်မယ်။ သူမခန္ဓာကိုယ်က အားနည်းလာသလို ခံစားရပြီး ကြမ်းပြင်ပေါ် လဲကျလုနီးပါးပဲ။
“ဒါကြောင့်…”
ယွမ်ရှောင်ရဲ့အသံက ခဏတာမျှ ရပ်တန့်သွားခဲ့တယ်။
“ယွမ်မိသားစု ကိစ္စကို မင်း ကြံစည်တာလား”
 
***

အပိုင်း(၃၂၅)

ယွမ်ရှောင်ပြန်လာခြင်း(၄)

 

 
စီရွှမ်ရဲ့ မျက်နှာအမူရာ ပြောင်းလဲသွားခဲ့တယ်။ အံ့သြ ထိတ်လန့်မှုကြောင့် နောက်သို့ ခြေနှစ်လှမ်း ယိမ်းယိုင်သွားခဲ့တယ်။ သူမ အသားအရောင်က ဖြူဖျော့သွားပြီး နူးညံ့တဲ့ ခန္ဓာကိုယ်လေးက မရပ်မနား တုန်ယင်နေကာ ချွေးအေးများ တစ်စက်စက် ကျဆင်း လာရတယ်။
သူ သိနေတယ်…။
ထင်တဲ့ အတိုင်းပဲ  ဒီလူက သိနေခဲ့တယ်…။
သူ ဒီကိစ္စကို သိသွားပြီးနောက် ယွမ်အိမ်တော်ကို မပြန်ဘူး။ သူမကို ရှာဖို့အတွက် ဝိညာဉ်မျိုးနွယ်စုကို ချက်ချင်း ရောက်လာခဲ့တယ်ပေါ့။
“စီရွှမ်”
စီချုံလည်း မကောင်းတဲ့ အတိတ်နိမိတ်ကို ခံစားလာရတယ်။
“ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အတိအကျ ပြောစမ်း”
အစတည်းက သရဲဘုရင်ကို ရန်မစဖို့ သူမကို သတိပေးထား ခဲ့ပြီးသားပါ။ ဒါပေမဲ့ သူမက သရဲဘုရင်ကို ရန်စမယ်လို့ မထင်ထားခဲ့ဘူး။
“သမီး…”
စီရွှမ်ရဲ့ နှုတ်ခမ်းသားများက မသိမသာ တုန်ရီနေတယ်။
“သမီး တမင်တကာ လုပ်တာ မဟုတ်ရပါဘူး။ သမီး…”
သူ့ကို အရူးအမူး ပိုင်ဆိုင်ချင်ခဲ့တာပါ။
“မင်းက ကွမ်ရှောင်ချိန်ကို လှုံ့ဆော်ခဲ့ပြီး အမြင့်စား အမြင့်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူကို မင်း… ယွမ်အိမ်တော်ကို ပို့ခဲ့တယ်”
ယွမ်ရှောင်က သူ့ကိုယ်သူ စကားပြောနေတဲ့ ပုံစံနဲ့တူနေတယ်။ ဒါပေမဲ့ အေးစက်စက် အကြည့်များက သူမကို တည့်တည့်မတ်မတ် ကြည့်နေတယ်။
“မင်းက ဒီလိုမျိုး ကြီးမားတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ပြီး ဝိညာဉ်မျိုးနွယ်စုက မင်းကို ကာကွယ်ပေးလို့ မရတော့ဘူး”
စီရွှမ်ရဲ့ ခြေလှမ်းများက အနောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရတယ်။ သူမ ခန္ဓာကိုယ်က နံရံမှာ ကပ်သွားရတယ်။
“ကျွန်မက ယွမ်လော့ဖုန်းကို ထိခိုက်အောင် မပြုလုပ်ခဲ့ပါဘူး။ သူမကို ကွမ်ရှောင်ချိန်နဲ့ လက်ထပ်စေချင်ရုံပါ။ ပြီးတော့ သူမက အသက်ရှင် နေသေးတယ် မလား။ တခြားလူ တစ်ယောက်ကို ကန်ထုတ်နိုင်တဲ့ အစွမ်း ရှိပါသေးတယ်”
ဖြန်း
လက်ဖဝါး ရိုက်ချက်က သူမပါးပေါ်သို့ ခပ်ကြမ်းကြမ်း ကျရောက်လာတယ်။ စီချုံလည်း ဖြူဖပ်ဖြူရော် မျက်နှာနဲ့ ဒေါသတကြီး အော်ဟစ်တော့တယ်။
“ပါးစပ်ပိတ်ထား လိုက်စမ်း။ နင့်ကို ဒီလိုပုံစံနဲ့ သရဲဘုရင်ကို စကားပြောခွင့် ဘယ်သူက ပေးထားလို့လဲ”
စီရွှမ်ကို ဆုံးမပြီးနောက် ယွမ်ရှောင်ဘက်သို့ အလျင်အမြန် လှည့်ကာ  နဖူးမှ ချွေးအေးများကို သုတ်လျက် လက်ပါးစေ ဟန်ပန်ဖြင့် ပြောလိုက်တယ်။
“သရဲဘုရင်… စီရွှမ်က … သူ့အမှားကို သိနေပါပြီ။ ဒါပြင့် မသင့်လျော်တဲ့ ကိစ္စမျိုးကို မပြုလုပ်တော့ပါဘူး။ ကျွန်တော်မျိုး တောင်းပန်ပါတယ်…”
အမျိုးသားလေးရဲ့ စာနာစိတ်ကင်းမဲ့သော အကြည့်က စီချုံဘက်သို့ ပြောင်းလဲ သွားခဲ့တယ်။ အကြည့် တစ်ချက်တည်းနဲ့ သူ့အသက်ရှူသံကို နှေးကွေးလေးလံ သွားစေပြီး သေခြင်းကို ကြောက်လန့်ခြင်းက သူ့နှလုံးသားမှာ တရစ်ရစ် ဝဲလာစေတယ်။ စီရွှမ်အတွက် နောက်ထပ် စကားတစ်ခွန်း ပြောမယ်ဆိုရင် သေရမယ့်လူက သူမအစား သူ ဖြစ်သွားနိုင်တယ်။
စီချုံလည်း စိတ်တင်းလိုက်ပြီး ဆက်ပြောလိုက်တယ်။
“သရဲဘုရင်… ဒီကောင်မလေး စီရွှမ်က သရဲဘုရင်ကို အမှား ကျူးလွန်ခဲ့တယ် ဆိုတော့ သူမကို အပြစ်ပေးဖို့ သရဲဘုရင်လက်ထဲ အပ်နှံပါတယ်”
စီရွှမ်က သူ အနှစ်သက်ဆုံး သမီးတစ်ယောက် ဖြစ်နေသော်လည်း သူမကို ဘယ်လိုပဲ ချစ်ခင် နှစ်သက်နေပါစေ… သူမအတွက်နဲ့ ဝိညာဉ်မျိုးနွယ်စု တစ်စုလုံးကို အလဲမထိုးနိုင်ဘူး။ သရဲဘုရင်ရဲ့ စွမ်းအားက အရမ်းကို အံ့သြ ထိတ်လန့်ဖို့ ကောင်းတယ်။ ဘယ်သူမှ ခုခံတိုက်ခိုက်လို့ မရအောင် စွမ်းအား ကြီးမားလွန်းတယ်။ ဒါကြောင့် ဝိညာဉ်မျိုးနွယ်စု ဘေးကင်းဖို့အတွက် သူမကို စွန့်ပစ်ရုံသာ တတ်နိုင်တော့တယ်။
“အဖေ”
စီရွှမ်လည်း မယုံကြည်နိုင်စွာ အော်လိုက်တယ်။ လှပတဲ့ သူမ မျက်လုံးများက ကြံရာမရ ဖြစ်ခြင်းကို ဖော်ပြနေတယ်။
“အဖေက… သမီးကို စွန့်လွှတ်လိုက်ပြီလား”
စီချုံလည်း စီရွှမ်ကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်တယ်။
“နင်လုပ်တဲ့ အပြစ်အတွက် နင် တာဝန်ယူသင့်တယ်။ နင့်ကြောင့် ဝိညာဉ်မျိုးနွယ်စုကို ငြိစွန်းဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”
သူ့စကားက သူမကို ယွမ်ရှောင် ဘယ်လိုပဲ အပြစ်ပေးပါစေ သူ ဂရုမစိုက်ဘူးလို့ သဘော သက်ရောက်တယ်။
စီရွှမ်ရဲ့ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ် လဲကျသွားပြီး လှပချောမောတဲ့ သွင်ပြင်က  အရောင် မရှိတော့လောက်တဲ့အထိ ဖြူဖျော့ သွားရတယ်။ သူမရဲ့ သဝန်တိုတဲ့စိတ်က ဒီနေရာမှာ သူမဘဝကို အဆုံးသတ်စေမယ်လို့ မထင်ထားခဲ့ဘူး။ သို့သော်လည်း အသက်ရှင်ချင်တဲ့ စိတ်ဆန္ဒကြောင့် အားယူထကာ ယွမ်ရှောင် ရှေ့နား တွားသွားရင်း ကြမ်းပြင်နဲ့ ဦးခေါင်းကို တဒုန်ဒုန်း ဆောင့်ကာ ကြောက်လန့်တကြား ဒူးထောက် တောင်းပန် တော့တယ်။
“ကျွန်မ အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ အသက် ချမ်းသာပေးမယ် ဆိုရင် ရှင့်ကို ပိုင်ဆိုင်ဖို့ အကြံ မထုတ်တော့ပါဘူး။ ကျွန်မ တစ်ဘဝလုံး ယွမ်သခင်မလေးကို ခစားဖို့ ဆန္ဒရှိပါတယ်”
ယွမ်ရှောင်လည်း ခံစားချက် ကင်းမဲ့စွာ သူမကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“မင်းမှာ ဘာစွမ်းအားမှ မရှိဘူး”
သူ့စကားက ရှင်းလင်းပါတယ်။ သူမမှာ စွမ်းအား မရှိတာကြောင့် ယွမ်လော့ဖုန်းကို ခစားဖို့ အရည်အချင်း မရှိဘူးပေါ့။
“မဖြစ်နိုင်ဘူး”
စီရွှမ်လည်း သူ့ခန္ဓာကိုယ်မှ လူသတ်ချင်သော အကြည့်ကို ခံစားရပြီး ယွမ်ရှောင် ခြေထောက်ကို ကိုင်ရန် သူမလက်ကို မြှောက်ရင်း အော်ဟစ်တော့တယ်။
ကျယ်လောင်သော ဗိုင်းခနဲ မြည်သံနဲ့အတူတူ ယွမ်ရှောင်ရဲ့ ခန္ဓာကိုယ်မှ တန်ခိုးများ ပေါက်ကွဲထွက်ကာ သူ့ဘောင်းဘီရှည်ကို ဆုတ်ဖြဲသွားစေတယ်။ သူ့တန်ခိုးက အစွမ်းထက်လွန်း တာကြောင့် မရေတွက်နိုင်သော ဓားချက်များကြောင့် စီရွှမ်လက်မောင်းကို ဟက်တက်ကွဲ သွားစေပြီး လတ်ဆတ်သော သွေးများ ထွက်လာရတယ်။ သူမလက်မောင်းကို ဆေးဆိုးထားသလို ဖြစ်စေခဲ့တယ်။
 
***
စာစဉ်(၁၃)ပြီးပါပြီ
ဆက်ပါဦးမည်။
***

Bạn đang đọc truyện trên: Truyen247.Pro