Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

131+132+133+134+135

အပိုင်း(၁၃၁)

အလွန် အရှက်မဲ့ခြင်း(၂)

 
နင်အကြီးအကဲလည်း တရားမျှတမှု ရှိပါတယ်ဆိုတဲ့ ကွမ်တုကို ကြည့်လိုက်ပြီးတော့ လှောင်ပြုံး ပြုံးလိုက်တယ်။
"အဘိုးကြီးတော့ ဒီလောက် အရှက်မဲ့တဲ့လူကို အရင်က မတွေ့ဖူးခဲ့ဘူး။ ရုန်အကြီးအကဲက မင်းကို ပြောနေတာ။ ဒါပေမဲ့ မင်းက ယွမ်မိန်းကလေးဘက်ကို လွှဲနေတယ်။ မင်းလောက် ဘယ်သူမှ အရေမထူဘူး”
ကွမ်တုမျက်နှာ အေးခဲသွားတယ်။ ဒီအဘိုးကြီး ဘာကို ဆိုလိုတာလဲ။ ရုန်အကြီးအကဲက ယွမ်လော့ဖုန်းကို ရည်ညွှန်းချင်တာ မဟုတ်ဘူးလား။ သူ့ကို ပြောနေတာလား။
ထိုအကြောင်းကို တွေးကြည့်ရင်း သူ့မျက်လုံးက ရုန်အကြီးအကဲ ဘက်ကို ကြည့်လိုက်တယ်။ အကြီးအကဲ မျက်လုံးမှာ စိတ်ပျက် မကျေနပ်နေတာကို မြင်ရတော့ ကွမ်တု စိတ်ဓာတ် ကျသွားတယ်။ နှလုံးသားထဲမှာ ဒေါသတွေ ဖြာထွက်လာတယ်။ သူလည်း ယွမ်လော့ဖုန်းကို ရေခဲတမျှ အေးစက်သော အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့ရဲ့ တည်ငြိမ်နေတဲ့ ပုံစံက မကောင်းဆိုးဝါး စိတ်အခြေအနေကို ဖော်ပြနေတယ်။
သူမကြောင့်သာ မဟုတ်ရင် သူ့ဂုဏ်သိက္ခာက အမတ်တွေ အားလုံးရှေ့မှာ ကြမ်းပြင်ပေါ် ရောက်တဲ့အထိ ကျဆင်းမှာ မဟုတ်ဘူး။ သူ ဒီလိုမျိုးလည်း စော်ကား ပြောဆိုခံရမည် မဟုတ်ပေ။
တစ်နေ့တော့ ဒီနေ့အတွက် ဂုဏ်သိက္ခာ ကျဆင်းမှုအတွက် သူမပြန်လည် ပေးဆပ်စေရမယ်။
လုံယွမ်တိုင်းပြည်ရဲ့ ရှင်ဘုရင် တစ်ယောက် အနေနဲ့ ကွမ်တုမှာ ပုံမှန်အားဖြင့် မွေးရာပါ မာနဝင့်ဝါခြင်း ရှိတယ်။ 
အပေါ်ယံမှာတော့ ဒီလူတွေ အားလုံးကို ရိုသေလေးစားမယ်၊ မျက်နှာချိုသွေးမယ်။ ဒါပေမဲ့ တကယ်အစစ်မှန်က သူ ဘယ်သူ့ကိုမှ မခစားချင်ဘူး။  အစဆုံးအထိ သူက တိုင်းပြည်တွေ အားလုံးမှာ အားလုံး အထက်မှာရှိတဲ့ ဘုရင်တစ်ယောက် ဖြစ်ချင်ခဲ့တာ။ အားလုံးရဲ့ ဆုတောင်းပေးမှု၊ ရိုသေလေးစားမှုကို လက်ခံရယူချင်ခဲ့တာ။ တခြားသူတွေ နှစ်သက်မှုရရှိဖို့ အတွက် ဖော်လန်ဖား လုပ်မနေချင်ဘူး။
ဒါပေမဲ့ နောက်ဆုံးတော့ သူ့ရင်ထဲက ဒေါသကို ဖြေလျော့ လိုက်ပြီးတော့ အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
"တစ်ယောက်ယောက် လာခဲ့စမ်း။ ဒီနှစ်ယောက် အတွက် ထိုင်ခုံ ယူလာခဲ့စမ်း”
"နှစ်ယောက်တည်း မဟုတ်ဘူး။ သုံးယောက်”
နင်အကြီးအကဲ အဖက်မလုပ်စွာ ပြုံးလိုက်တယ်။
"စစ်သူကြီးယွမ်လည်း အသက်ကြီးနေပြီ။ ဒီနေရာမှာ သူ့ကို ဆက်ပြီးတော့ ရပ်နေစေချင် သေးတာလား”
ထိုစကားက ကွမ်တုကို သွေးသုံးလီတာလောက် အန်ထွက်ချင်စိတ် ဖြစ်စေတယ်။ သူလက်သီး ကျစ်ကျစ် ဆုပ်လိုက်ပြီးတော့ အသက်ပြင်းပြင်း ရှူလိုက်တယ်။ 
သူ့ရင်ထဲမှ ဒေါသကို လျှော့ချလိုက်တယ်။ အေးစက်စွာ အမိန့် ပေးလိုက်တယ်။
"စစ်သူကြီးယွမ် အတွက်လည်း ထိုင်ခုံ ယူလာခဲ့စမ်း”
သူ စိတ်ဆိုးစွာ ထိုစကားကို ပြောလိုက်ရတယ် ဆိုတာ ကောင်းကင်ကသာ သိနိုင်တယ်။ ချောမောလှပတဲ့ သူ့မျက်နှာမှာ အေးစက်မှုတွေ ဖုံးလွှမ်းထားတယ်။ ဂုဏ်သိက္ခာ မြင့်မားတဲ့ မျက်ဝန်းမှာ ဒေါသရိပ်တွေ သန်းနေတယ်။ စစ်သူကြီး ယွမ်လော့ကို စိမ်းကားစွာ ကြည့်နေတယ်။
စစ်သူကြီးယွမ်က သူ့ရှေ့မှာ ထိုင်ခုံကို ယူရဲလားဆိုတာ ကြည့်ချင်သေးတယ်။
ကံမကောင်းစွာပဲ အရာရာက သူထင်ထားတာနဲ့ ပြောင်းပြန်ပဲ။
ယွမ်လော့က သူ့ရှေ့မှာ ထိုင်ခုံပေါ်ကို ဖြည်းညင်းစွာ ထိုင်လိုက်တယ်။ အဘိုးကြီး မျက်နှာက အပျော်ကြီး ပျော်ပြီး ပြုံးနေတယ်။ သူက ဒီဘုရင်ကို မလေးစားတော့ ဘူးပေါ့။
ကွမ်တုမျက်လုံးတွေ မည်းမှောင်လာတယ်။ သူ့မျက်လုံးမှာ လူသတ်ချင်နေတဲ့ အရိပ်ယောင်တွေ တဖျတ်ဖျတ် လက်နေတယ်။
ထိုအချိန်မှာ စစ်သူကြီး ယွမ်လော့ဘက်ကလည်း ကွမ်တုကို လူသတ်ချင်တဲ့ အကြည့်နဲ့ ပြန်ကြည့် လာတယ်။ သူရှေ့မှာ ထိုင်ခုံနဲ့ ထိုင်ရဲတယ် ဆိုတော့ ရဲတင်းလိုက်တာ။ သူနဲ့ ခြေရာတိုင်းချင် နေတာလား။
အရာရာကို အမြဲ အလွယ်တကူ မယုံကြည်တတ်တဲ့ ကွမ်တုက အဘိုးအိုကို သူ့ထီးနန်းကို လုယူချင်နေတယ်လို့ သံသယ ဖြစ်နေတယ်။ မဟုတ်ရင် ခြေရာချင်းတိုင်းတယ်လို့ တွေးနေမှာ မဟုတ်ပေ။ 
"အရှင်မင်းကြီး”
စူးရှရှအသံကို အပြင်ဘက်မှ ကြားလိုက်ရတယ်။
မိန်းမစိုးက ကျာပွတ်ကို ကိုင်ပြီး အခန်းထဲကို အလျင်အမြန် ဝင်ရောက်လာတယ်။ သူ့ကို ရိုသေ လေးစားစွာ ဂါရဝပြုတယ်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ အမတ်ချုပ်မုနဲ့ မုဝူစွမ်း ခန်းမဆောင် အပြင်ဘက်မှာ စောင့်နေပါတယ်။
ကွမ်တု မျက်မှောင် ကြုတ်လိုက် ပြီးတော့ ထိုင်နေတဲ့ ရုန်အကြီးအကဲကို ကြည့်လိုက်တယ်။ အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
"သူတို့ကို ဝင်ခွင့်ပေးလိုက်”
"အရှင်မင်းကြီး အမိန့်တော် အတိုင်းပါ”
ခန်းမအပြင်ကို အလျင်အမြန် မထွက်ခွာခင်မှာ မိန်းမစိုးက မတ်တတ် ရပ်လိုက်ပြီး ဂါရဝပြုလိုက်တယ်။
တစ်ခဏ အတွင်းမှာ အမတ်ဝတ်စုံနဲ့ မုချင်ချောင် ခန်းမဆောင် အတွင်းကို ဖြည်းညင်းစွာ လျှောက်လာတယ်။ လက်ကို နောက်ဘက်ထားကာ မတ်တတ်ရပ် လိုက်တယ်။ မာန ဝင့်ကြွားနေတဲ့ ပုံစံနဲ့ပေါ့။ အသက်ရွယ် ကြီးရင့်နေတဲ့ မျက်နှာက ခန်းမဆောင် အတွင်းမှာ ထိုင်ခုံနဲ့ ထိုင်နေတဲ့ လူတွေကို တွေ့တော့ အံ့ဩမှင်တက်နေတယ်။ ဘာတွေ ဖြစ်နေလည်းဆိုတာ နားမလည် နိုင်တော့ပေ။
သူ့နောက်ဘက်က နီးကပ်စွာ မုဝူစွမ်းက လိုက်ပါလာတယ်။ မုဝူစွမ်း တစ်ချက် လှမ်းကြည့် လိုက်တာနဲ့ ယွမ်လော့ဖုန်းကို တွေ့တယ်။  သူမရဲ့လှပတဲ့ မျက်ဝန်းမှာ မနှစ်သက်တဲ့ အလင်းတန်းတွေ ဖြတ်သန်းသွားတယ်။ စိတ်မသက်သာ သလို ခံစားရတယ်။
 
***

အပိုင်း(၁၃၂)

အလွန် အရှက်မဲ့ခြင်း(၃)

 
မုချင်ချောင်နဲ့ မုဝူစွမ်း နှစ်ယောက်က ကွမ်တူရှေ့နား အထိ လျှောက်လှမ်း လာပြီးတော့ ရိုသေ လေးစားစွာ ကွမ်တုကို ဂါရဝပြုတယ်။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
"ထပါ”
ကွမ်တု သူ့လက်ကို မလိုက်တယ်။
"မုဝူစွမ်း... မင်း ယွမ်လော့ဖုန်းကို ဒီနှစ်တွေ အနိုင်ကျင့်ခဲ့တယ် ဆိုတာ အမှန်ပဲလား။
မုဝူစွမ်း အံ့ဩစွာ ကြည့်လိုက်တယ်။ ယွမ်လော့ဖုန်းဘက်ကို မှင်တက်စွာ လှည့်ကြည့် လိုက်တယ်။ သူမဒဏ်ရာ ပြန်လည် သက်သာဖို့ အချိန် အများကြီး ယူခဲ့ရတယ်။ ဖြောင့်မတ် မှန်ကန်စွာ
 ပြန်လည် ပြောကြားတယ်။
"ယွမ်လော့ဖုန်း ... နင့်အင်အားက ဘာမှ အသုံးမဝင်ဘူး။ ဒါကြောင့်လည်း နင့်ကို တခြားလူတွေက အနိုင်ကျင့်ရုံတင် မဟုတ်ဘူး။ အိမ်ရှေ့စံ မင်းသားကလည်း နင်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းတာပေါ့။ ငါ့ကြောင့်လို့ ဘာလို့ ထင်နေတာလဲ။ ဖျက်လို ဖျက်ဆီး ငါ့ကို နင်က သိက္ခာချနေတာလား။ ငါဆိုတဲ့ မုဝူစွမ်းက နင့်ကို ထိခိုက်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ငါလုပ်ခဲ့တယ် ဆိုလည်း ငါ ငြင်းဆိုနေမှာ မဟုတ်ဘူး”
ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တွေမှာ သူမ ယွမ်လော့ဖုန်းကို ထိခိုက်အောင် လုပ်ခဲ့တာကို ယွမ်လော့ဖုန်း သိနိုင်မှာ မဟုတ်ပါဘူး။ ယွမ်လော့ဖုန်း ဘုရင်ကို သူမအကြောင်း လာတိုင်လည်း သူမ ဝန်မခံသရွေ့ ဘာမှ ခြားနားမှုရှိမှာ မဟုတ်ပါဘူး။
ယွမ်ရှောင်... မုဝူစွမ်းကို ခံစားချက် ကင်းမဲ့သော မျက်နှာနဲ့ ကြည့်လိုက်တယ်။ သူ့အေးစက်တဲ့ မျက်ဝန်းတွေက နက်ရှိုင်းလွန်းပြီ။ သူ ဘာတွေးနေလဲ ဆိုတာ ခန့်မှန်းလို့ မရဘူး။
"ယွမ်လော့ဖုန်း"
မုချင်ချောင်က မုဝူစွမ်းမေးတဲ့ မေးခွန်းကို ဘယ်သူမှ ဆက်ဖြေခွင့် မပေးဘူး။ မုဝူစွမ်း ပြောပြီးတာနဲ့ ချက်ချင်း မုချင်ချောင် ဆက်ပြောတယ်။
"နင်လို အမှိုက်မကို မုဝူစွမ်းက ထိခိုက်အောင် တစ်ကြိမ်လောက် ပြုလုပ်တယ် ဆိုတာတောင် ဖြစ်နိုင်ချေ မရှိဘူး။ နင် ပစ်မှတ်ထားပြီး နှိပ်စက်ဖို့ ဆိုတာ ဝေးသေး။ မုဝူစွမ်းကို ပြဿနာ ရှာနေတဲ့လူက နင်။ ကိုယ့်ဘာသာ အရှက်ကွဲအောင် ဖန်တီးမနေနဲ့လို့ ငါ အကြံပေးချင်တယ်။ နင်တို့ အိမ်တော်က အစောင့်ကို ကြည့်ထိန်းသင့်တယ်။ မုဝူစွမ်းကို နောက်ထပ် တစ်ကြိမ် ထပ်ကြည့်မယ်ဆိုရင် ငါ့ကို သနားညှာတာမှု မရှိတဲ့လူလို့ လာအပြစ်မတင်နဲ့။ မုအိမ်တော်က သမီးတစ်ယောက် အဆင့်အတန်းနဲ့ အစောင့် တစ်ယောက်က မျှော်မှန်းလို့ မရဘူး”
မုဝူစွမ်းလည်း သူ့အဘိုးစကားကို ကြားပြီးနောက် သူမအကြည့်ကို ယွမ်ရှောင်ဘက်ကို လှည့်လိုက်တယ်။ ခန့်ညားချောမောတဲ့ ရုပ်သွင်က သူမမျက်လုံးထဲ ဝင်ရောက်လာတယ်။
အရင်က ကွမ်လန် တစ်ယောက်တည်းက လုံယွမ်မှာ ချောမော ခန့်ညားတဲ့ ယောက်ျား တစ်ယောက်လို့ ယူဆခဲ့တာ။ 
ဒါပေမဲ့ ယွမ်အိမ်တော်မှာ ကွမ်လန်ထက် ချောမောတဲ့ ယောက်ျားတစ်ယောက် ရှိမယ်လို့ မထင်ထားခဲ့ဘူး။ ထိုအမျိုးသား ပုံစံက နတ်ဘုရားတွေ မနာလိုဖြစ်နိုင်တဲ့ ရုပ်သွင်ကို ပိုင်ဆိုင်တယ်။ သူ့ပုံစံ ပြီးပြည့်စုံတယ်။ ကြည့်မိသူ့ရဲ့ သွေးပြန်ကြောတွေ ပေါက်ကွဲလု နီးပါးပဲ။ မျက်ဝန်းနက်တွေနဲ့ ခန့်ညား ချောမောတယ်။ လူတွေကို မျက်ဝန်းနက်ထဲမှာ နှစ်ထားတော့မယ့် အတိုင်းပဲ။
ဒီအေးတိအေးစက် အမျိုးသားက ယွမ်လော့ဖုန်း ဘေးနားမှာ သက်တော်စောင့် တစ်ယောက် အဖြစ်သာ ရပ်မနေရင် ထိုလူအဆင့်အတန်း နိမ့်တာကို ဘယ်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ ထိုလူရဲ့ ဖြုံလောက်တဲ့ အရှိန်ဝါက တိုင်းပြည်တစ်ခုရဲ့ ဘုရင်တစ်ယောက်နဲ့ တူတယ်။ ဘုရင်ဖြစ်တဲ့ ကွမ်တုတောင် ထိုကဲ့သို့သော အရှိန်ဝါမျိုး မရှိပေ။
သူမ အံ့ဩစွာ ငေးကြည့်နေခြင်းမှ အသိပြန်ဝင် လာချိန်မှာ အေးတိအေးစက် လှောင်ပြောင် ရယ်မောလိုက်တယ်။
ထိုအေးတိအေးစက် လူက သန်မာတဲ့ အင်အားရှိလည်း ဘာဖြစ်လဲ။ သူက ယွမ်အိမ်တော်က အစောင့် တစ်ယောက်ပဲ။ ထူးချွန်တဲ့လူ မဟုတ်လို့သာ အစောင့် ဖြစ်နေတာပေါ့။ အသုံးဝင်တာ ဘာမှ မရှိဘူး။ သိသာထင်ရှားမှုမရှိတဲ့ သက်တော်စောင့် တစ်ယောက်က သူမနဲ့ မထိုက်တန်ဘူး။
သူမက တိုင်းပြည်မိခင်ဖြစ်ဖို့ ကံကြမ္မာပါလာတဲ့ မိန်းကလေး တစ်ယောက်။ တခြားလူတွေက သူမကို အလွယ်တကူ နှစ်သက်ခွင့် မရှိဘူး။
"ဟား..."
နင်ရှင်း ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာမှာ အပြုံးလေး ပေါ်ပေါက်လာတယ်။
"ဘိုးဘိုးရေ... တချို့လူတွေက သူတို့ကိုယ်သူတို့ ဘာတွေ အရမ်း အထင်ကြီး၊ ဘဝင်မြင့်နေလည်း မသိဘူး။ ယွမ်ရှောင်က သူမကို ကြည့်လိုက်ရုံလေးနဲ့ သူ့ကို ကြိုက်နေတယ် ထင်နေတယ်။ တစ်ယောက်ယောက်က သူမကို တစ်ချက်လောက် ငေးကြည့်ရုံနဲ့ အဆုံးအစမဲ့ သူမကို နှစ်သက် နေမယ်လို့ ယူဆနေတာလား”
သူမ ယွမ်အိမ်တော်မှာ ခြောက်လနေခဲ့တယ်။ ယွမ်ရှောင် မျက်လုံးထဲမှာ ယွမ်လော့ဖုန်း တစ်ယောက်တည်း ရှိနေတယ်ဆိုတာ မသိနိုင်စရာ မရှိဘူး။ ယွမ်ရှောင်က ယွမ်လော့ဖုန်း ပေးတဲ့ အမိန့်ကိုသာ နာခံတယ်။ သူမအဘိုးနဲ့ ရုန်အကြီးအကဲကို အာရုံထဲ မထားပေ။
ဒီလိုလူစားမျိုးက မုဝူစွမ်းကို စိတ်ကူးယဉ် နေမယ်တဲ့လား။
ထိုလူစုလူဝေး အသံကို ကြားတဲ့အချိန်မှာ ယွမ်ရှောင် မုဝူစွမ်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။ မျက်နှာက အရင်လို ခံစားချက်မဲ့နေဆဲပါ။ အေးစက်တဲ့ အမည်းရောင် မျက်ဝန်းတွေက တည်ငြိမ်နေတယ်။
 

***

အပိုင်း(၁၃၃)

အလွန် အရှက်မဲ့ခြင်း(၄)

 
"မင်း အလွန် တုံးအတာပဲ”
သူ့အသံ ခပ်သြသြဖြစ်ပြီး သံလိုက်လို ဆွဲဆောင်မှု ရှိတယ်။ တိတ်ဆိတ်နေတဲ့ ခန်းမဆောင်မှာ သူ့အသံက ဖြည်းညင်းစွာ ပျံ့လွင့်သွားတယ်။ ထိုအသံက ကန်ရေပြင်ပေါ် ကျောက်တုံးတစ်ခု ပစ်လိုက်လို့ လှိုင်းထန် သွားသလိုပဲ။
မုဝူစွမ်း မျက်နှာပုံစံ ပြောင်းလဲ သွားပြီးတော့ လက်သီး ကျစ်ကျစ် ဆုပ်ထားတယ်။ အေးစက်တဲ့ အလင်းရောင်တွေက လှပတဲ့ သူမမျက်ဝန်းမှာ ဖြာဆင်းနေတယ်။
ဒီလူက သူမကို သိက္ခာကျဆင်းအောင် ပြောဆိုရဲတယ်ပေါ့။ သူမက တုံးအတယ်ဆိုရင် ဒီလောကကြီးမှာ ဉာဏ်ကောင်းတဲ့လူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ 
"ရှင်... ကျွန်မကို တုံးအတယ်လို့ ပြောလိုက်တာလား”
ရုတ်တရက် မုဝူစွမ်း အေးစက်စွာ ရယ်မောလိုက်တယ်။
"ကျွန်မက တုံးအတယ်ဆိုရင်... ကျွန်မထက် ပိုတော်တယ်ဆိုတဲ့ ယွမ်လော့ဖုန်းက အိမ်ရှေ့စံမင်းသား ချစ်ခင်မှုကို မပိုင်ဆိုင်နိုင်ပါဘူး။ အိမ်ရှေ့စံမင်းသား နှလုံးသားကို အနိုင်မရနိုင်ပါဘူး”
ထိုအမျိုးသားက ခဏတာ တိတ်ဆိတ်နေပြီး ရိုးသားစွာ ပြန်လည် တုံ့ပြန်တယ်။
"သူလည်း တုံးအတယ်။ မိုက်မဲတယ်”
သူ့စကားလုံးတွေက အမြဲတမ်း လိုရင်းတိုရှင်း ဖြစ်တယ်။ သူက အမြဲ စကားနည်းတယ်။ သူနဲ့ စကားအများကြီး ပြောနိုင်မှာ မဟုတ်ဘူး။
"အမှန်ပဲ။ ယွမ်ရှောင် အရမ်း မှန်တယ်။ ဒီအရူး နှစ်ယောက်က ကောင်းကင် သတ်မှတ်ထားတဲ့ စုံတွဲတွေပဲ။ သူတို့နှစ်ယောက် အတူတူမရှိရင် ကောင်းကင်ဘုံ အတွက် စိတ်ပျက်စရာ ဖြစ်သွားမယ်”
ယွမ်လော့ဖုန်း ပျင်းရိစွာ ထိုင်ခုံကို နောက်မှီ ထိုင်လိုက်တယ်။ သူမနှုတ်ခမ်းမှာ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးရှိတယ်။ ယွမ်ရှောင်ကို ငေးကြည့်လိုက်တယ်။ သူမဘေးနားက ယွမ်ရှောင် စနောက်လိုက်တယ်။
"အခုချိန်က စပြီးတော့ ကြည့်ချင်တယ် ဆိုရင် ကျွန်မကို ကြည့်ရမယ်။ ကျွန်မကို ကြည့်တာက လုံလောက်တာထက် ပိုတယ်။ တခြားလူတွေက သူ့ကို ကြိုက်နေတယ်လို့ အရှက်မဲ့စွာ ယူဆနေဦးမယ်”
ထိုစကားကို ပြောနေချိန်မှာ ယွမ်လော့ဖုန်းရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံးတွေက အေးတိအေးစက် မုဝူစွမ်းကို ကြည့်ပြီး  ကျေနပ်စွာ ပြုံးနေတယ်။
သို့သော်လည်း ထိုစကားက ခန်းမဆောင် အတွင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတယ်။ အားလုံးက ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ကို အံ့ဩစွာ ငေးကြည့်နေတယ်။ သူတို့အကြည့်က ပြဇာတ်တစ်ခုကို ကြည့်နေသလိုပဲ။
သူတို့ ကြားဖူးတာက ယွမ်လော့ဖုန်းက ချောမောတဲ့ ယောက်ျားလေးတွေကို နှစ်သက်တယ်တဲ့။ သူမက အိမ်ရှေ့စံမင်းသား နောက်ကို တကောက်ကောက် လိုက်ရုံတင် မဟုတ်ဘူး အများရှေ့မှာ ယောက်ျား တစ်ယောက်ကို လုနေတယ်ပေါ့။ သူမကိုယ်ပိုင် သက်တော်စောင့်ကိုတောင် အလွတ် မပေးဘူးလို့ မထင်ထားခဲ့ဘူး။
ယွမ်လော့လည်း အံ့ဩနေတဲ့ အကြည့်တွေကို ခံစားမိတယ်။ အသက်ရွယ် ကြီးရင့်နေတဲ့ မျက်နှာမှာ အရှက်ရနေမှုကို ဖော်ပြနေတယ်။  ထိုကြောင့် ယွမ်လော့ဖုန်းကို ဒေါသထွက်စွာ ကြည့်လိုက်တယ်။
ဒီမြေးဆိုးလေးက ဘေးနားမှာ ဘယ်သူမှ မရှိဘူးလို့ ယူဆပြီးတော့ အားလုံးရှေ့မှာ ယွမ်ရှောင်နဲ့ ကလူနေတာလား။ ဒီလိုသာဆိုရင် သူ့မျက်နှာကို ဘယ်နားမှာ ဖွက်ထားရမလဲ။
"ကောင်းပြီ”
ယွမ်လော့ဖုန်း စကားကို ကြားပြီးနောက် ယွမ်ရှောင် တည်ကြည် လေးနက်စွာ ခေါင်းညိတ်သည်။ ယွမ်လော့ဖုန်း နားလည်မှု လွဲသွားမှာ သူကြောက်တယ်။ အေးဆေး တည်ငြိမ်စွာနဲ့ စိတ်အား ထက်သန်စွာ ရှင်းပြတယ်။
"သူမက မျက်နှာ ထူတယ်လို့ကို ကြားတယ်။ ဒါကြောင့် သူမမျက်နှာနဲ့ မြို့တော်နံရံ ဘယ်အရာက ပိုထူလဲသိချင်လို့ ကြည့်နေတာ။ အံ့ဩစရာ မရှိပါဘူး။ သူ့မျက်နှာ ပိုထူတယ်လို့ကို ထင်နေဆဲပဲ”
အလွန် လေးနက်သော သူ့ပုံစံနဲ့ အမှန်တရားကို ပြောနေသလိုပါပဲ။ တခြားလူတွေ စကားတစ်ခွန်းမှ သံသယ မဝင်မိပေ။
အခုတော့ စကားတွေ အများကြီး ပြောလာပြီပေါ့။ ပြောတဲ့စကားက မုဝူစွမ်းကို ဝေဖန် ပြစ်တင်ဖို့ပေါ့။ ဒါကို မုဝူစွမ်းက ဂုဏ်ယူစရာ အဖြစ် ယူဆသင့် နေပြီမလား။
"ယွမ်လော့ဖုန်း"
မုဝူစွမ်း တည်ငြိမ်ချင်ယောင် ဟန်ဆောင် နေသော်လည်း ယွမ်ရှောင် စကားလုံးတွေကြောင့် ဒေါသ ထွက်လာတယ်။ ဒေါသ ထွက်လွန်းလို့ အသက်ရှူသံ မမှန်ချင်သလို ဖြစ်လာတယ်။ ဒေါသထွက်စွာ စကားပြောလိုက်တယ်။
"နင့်လူကို ထိန်းထားလိုက်ရင် ပိုကောင်းမယ်။ ကိုယ့်လူကိုယ် ဘယ်လို သင်ကြား ပြသပေးရမလဲ ဆိုတာ မသိရင် ငါ နင့်အစား သင်ကြား ပေးလိုက်ရမလား။ နောက်မှ ငါ့ကိုလာပြီးတော့ အပြစ်မတင်နဲ့”
ယွမ်လော့ဖုန်း သူမကို မျက်လုံး ထောင့်စွန်းနားက လှမ်းကြည့် လိုက်တယ်။ သူမထိုင်ခုံမှ ဖြည်းညင်းစွာ ထရပ်လိုက်တယ်။ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီးတော့
"ငါ့လူတွေ နင်သင်ကြားပေးဖို့ မလိုအပ်ဘူး။ မုချင်ချောင်နဲ့ မုဝူစွမ်း ... ရှင်တို့ မိသားစုက ပေးဆပ်ရမယ့် သွေးကြွေးကို တဖြည်းဖြည်း ပြန်လည် ပေးဆပ်စေရမယ်”
အမတ်ချုပ် အိမ်တော်က ယွမ်အိမ်တော် အပေါ်မှာ အကြွေးတွေ အများကြီး ရှိတယ်။ မုချင်ချောင် ကြောင့်သာ ဒီခန္ဓာကိုယ် မူလပိုင်ရှင် မိဘတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရတယ်။ ကလေးငယ်လေး ယွမ်လော့ဖုန်းကို ထားရစ်ခဲ့ရတယ်။
"ယွမ်လော့ဖုန်း"
မုချင်ချောင် မျက်လုံးတွေ ရဲရဲနီလာတယ်။
"မှန်ပါတယ်။ မင်းမိဘတွေ သေဆုံးမှုက တကယ်ကို မုအိမ်တော်နဲ့ ဆက်စပ်မှု ရှိပါတယ်။ ထိုကိစ္စအတွက် ငါ တောင်းပန်ပြီးပါပြီ။ နင်က ဘာလိုချင်သေးတာလဲ။ စကားတစ်ခွန်း မကြားဖူးဘူးလား။ သေနေ့စေ့နေတဲ့လူက သေရမှာပဲ။ နောက်နေ့မှ သေချင်လို့ မရဘူး။ နင့်မိဘတွေက သေဖို့ ကံကြမ္မာ ပါလာတာလေ။ ငါသတင်းပြန့်အောင် မလုပ်ခဲ့လည်း သေမှာပဲ။ သေမင်းက သူတို့ကို လိုအပ်တော့လည်း သူတို့တွေ သေရတာပေါ့”
 
***

အပိုင်း(၁၃၄)

အလွန် အရှက်မဲ့ခြင်း(၅)

 
သူ့စကား အဓိပ္ပာယ်က ယွမ်လော့ဖုန်း မိဘတွေ သေရတာ သူ ဘာမှ ဆက်ပြီးတော့ တောင်းပန်နေစရာ မလိုအပ်သလို သူနဲ့လည်း မသက်ဆိုင်တော့ပေ။
သူ သတင်း ပေါက်ကြားအောင် ဖြန့်လိုက်တော့ ရော် ဘာဖြစ်လဲ။ သေနေ့စေ့တဲ့လူက သေမှာလေ။ သေမင်းက သူတို့ကို ခေါ်ချင်လို့ ခေါ်သွားတာလေ။ နောက်ပြီးတော့ သူ တောင်းပန်ခဲ့ပြီးပြီလေ။ ယွမ်မိသားစုက ခုချိန်ထိ မကျေနပ်နိုင် သေးဘူးလား။
ထိုအချိန်က ယွမ်လော့ သူ့အိမ်တော်ကို စစ်တပ်နဲ့ ဝိုင်းခဲ့တာကို ပြန်တွေးလိုက်တိုင်း မကျေမနပ် ဖြစ်ရတယ်။
"ယွမ်လော့ဖုန်း … နင့်မိဘတွေလည်း သေပြီ။ နင့်မိဘတွေ ဘာမကောင်းတာတွေ ကျူးလွန်ခဲ့လည်း ဆိုတာ သေချာ တွေးသင့်တယ်။ မဟုတ်ရင် သေမင်းက သူတို့ကို ခေါ်သွားမှာ မဟုတ်ဘူး။ ငါတို့ မုမိသားစုကို အပြစ်လာတင်မနေနဲ့။ ငါဆိုတဲ့ မုချင်ချောင်က အသိစိတ် ရှိတာကြောင့် လိုအပ်တဲ့ တောင်းပန်ချက်ကို ပြုလုပ်ပြီးပြီ”
ယွမ်လော့ဖုန်း စတင်ပြီး ရယ်မောလိုက်တယ်။
"စစ်ပွဲမှာ စစ်တပ်နှစ်ခု ခွဲခဲ့တယ်။ သူတို့ စစ်ပွဲမှာ ပိတ်မိပြီး ပြန်လည် တိုက်ခိုက်ခံရတယ်။ သို့သော်လည်း စစ်ဗျူဟာမှာ တခြားလူတွေက သူတို့ကို စစ်ကူဖို့ လိုအပ်တယ်။ ဒါကြောင့် ထိုညက ငါ့အဖေကို တော်ဝင်မြို့တော်ကို စာပို့ခဲ့တယ်။ ဒါပေမဲ့ ဘုရင်က ရှင်ကို အရမ်း ယုံကြည်တယ်။ ငါ့မိဘတွေနဲ့ တွေ့ဆုံပြီးတော့ ပူးပေါင်း တိုက်ခိုက်ဖို့ အမိန့်ပေးတယ်”
“ရှင်က တဏှာရူးဆိုတော့ ရန်သူတိုင်းပြည်ရဲ့ ပျားရည် ထောင်ချောက်မှာ ကျဆုံးသွားတယ်။ လျှို့ဝှက်ချက်ကို ပျံ့နှံ့သွားစေတယ်။ ငါ့မိဘတွေကို သေဆုံး သွားစေခဲ့တယ်။ ဒါကို ရှင့်အမှား မဟုတ်ဘူးတဲ့လား”
မုချင်ချောင် မျက်နှာပုံစံ ပြောင်းလဲသွားတယ်။ ခေါင်းမာစွာ ငြင်းဆိုနေတယ်။
"ငါပြောချင်တာတော့ နင့်မိဘတွေက မကောင်းတဲ့အရာကို ပြုလုပ်ခဲ့လို့ သေမင်းက သူတို့ကို ခေါ်သွားတယ် ဆိုတာပဲ။ ငါဘာအမှားမှ မပြုလုပ်ခဲ့ဘူး။  စစ်ပွဲမှာ  စစ်တပ်နှစ်ခွဲပြီး တိုက်ခိုက်တဲ့ အခါမှာ သေဆုံးတာက ပုံမှန်ဖြစ်သည်။  ငါနဲ့ ဘာမှမသက်ဆိုင်ဘူး”
မုချင်ချောင်ရဲ့ အရှက်မဲ့တဲ့ ငြင်းဆိုမှုကို ကြားရတာတော့ အမတ်အားလုံး စိတ်ပျက် ရွံရှာမိတယ်။ ဒါပေမဲ့ တစ်ဖက်လူမှာ ကြင်ရာတော်မု ကဲ့သို့သော သမီးရှိနေတော့ သူတို့ ဘာလုပ်နိုင်မလဲ။ သူတို့ မကျေနပ်မှုကို ခံစားရလည်း ထိုခံစားချက်ကို မျက်နှာပေါ်မှာ မဖော်ပြရဲဘူး။
ယွမ်လော့ဖုန်း ခံစားချက်မဲ့စွာ ရယ်မောလိုက်တယ်။ သူမနောက်ဘက်မှ အကြီးအကဲ နှစ်ယောက်ကို  လှည့်ကြည့် လိုက်တယ်။ သူမ နှုတ်ခမ်းထောင့် အနည်းငယ် မြင့်တက်သွားတယ်။
"ရုန်အကြီးအကဲ၊ နင်အကြီးအကဲ... ဘိုးဘိုးတို့ နှစ်ယောက်က ဖုန်းအာအတွက် ကလဲ့စား ချေပေးချင်တယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ကလဲ့စားချေတာ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်။ အဘိုးတို့ ဒီကိစ္စမှာ ဝင်ပါဖို့ မလိုအပ်ပါဘူး။ ဖုန်းအာ ဖြေရှင်းလိုက်ပါမယ်။ စိတ်အေးအေး ထားပါ”
အကြီးအကဲ နှစ်ယောက် ခေါင်းညိတ်သည်။ မုချင်ချောင်ကို ကြည့်တဲ့ သူတို့ အကြည့်တွေမှာ လှောင်ပြောင် သရော်မှုနဲ့ ပြည့်နေတယ်။ အရင်က ဒီလောက် အရှက်မဲ့တဲ့လူ မတွေ့ဖူးခဲ့ဘူး။ ဒီနေ့အဖြစ်ပျက်က သူတို့ကို အစစ်မှန် မျက်လုံး ဖွင့်စေခဲ့တာပဲ။
"မုဝူစွမ်း"
ထိုစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေက မုဝူစွမ်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။
"မုဝူစွမ်း... နင်က ဆေးပညာမှာ ဂုဏ်မောက်နေတယ် ဆိုတော့  ဒီနေရာမှာ ငါနဲ့ ယှဉ်ပြိုင်ရဲလား။ ငါရှုံးခဲ့ရင် ငါကံကြမ္မာက နင့်လက်ထဲမှာ ဖြစ်မယ်။ နင်ရှုံးရင်  နင်တို့အမှားကို ငါ့မိဘတွေ အုတ်ဂူရှေ့မှာ ဒူးထောက်ပြီး ဝန်ချ တောင်းပန်ရမယ်။ ပြီးတော့ ဒီနှစ်တွေမှာ နင်နဲ့ မုမိသားစုက ကျူးလွန်ခဲ့တဲ့ ပြစ်မှု အားလုံးကို ချရေးပြီး အားလုံး မြင်အောင် မြို့တော်နံရံမှာ ကပ်ထားရမယ်”
မုဝူစွမ်း မျက်နှာပုံစံ လုံးဝ ပြောင်းလဲသွားတယ်။ ယွမ်လော့ဖုန်း တောင်းဆိုချက် နှစ်ခုကို လက်ခံဖို့ သူမအတွက် ခဲယဉ်းတယ်။
သူမအမှားကို ဒူးထောက်ပြီးတော့ မတောင်းပန်ချင်ဘူး။ အမတ်ချုပ်မု အိမ်တော်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတိုင်းကို အများရှေ့မှာ မဖော်ပြချင်ဘူး။ သူမ ဒီလိုလုပ်ခဲ့ရင် တစ်နေ့တည်းနဲ့ မုအိမ်တော် ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တာနဲ့ အတူတူ ဖြစ်နေသည်။
အကျိုးဆက်အနေနဲ့ အိမ်ရှေ့စံမင်းသား ကြင်ရာတော် နေရာကို သူမ ပိုင်ဆိုင်ရတော့မှာ မဟုတ်ဘူး။
မုဝူစွမ်း သူမနှုတ်ခမ်းကို ရက်စက်စွာ ကိုက်နေတယ်။ ချောမောလှပတဲ့ မျက်နှာမှာ စိတ်ဒွိဟဖြစ်နေတဲ့ အရိပ်ယောင်ကို မြင်နေရတယ်။ သူမ မျက်ခုံးကို တွန့်လိုက်တယ်။ ယွမ်လော့ဖုန်း စိန်ခေါ်တာကို သေချာ စဉ်းစား တွေးခေါ်နေပုံပဲ။
ယွမ်လော့ ဟားတိုက် ရယ်မောလိုက်တယ်။
"ဟား ဟား။ မုချင်ချောင် မင်း ငါ့ကိုပြောခဲ့တာကို မှတ်မိသေးလား။ မင်းတို့ မုအိမ်တော်က ကြင်ရာတော်မုနဲ့ မုဝူစွမ်းကို မွေးထုတ်ထားတယ်။ ငါတို့ ယွမ်အိမ်တော်မှာ ပါရမီရှင်တွေရှိနေလည်း မင်းတို့ကို မမီနိုင်ဘူးဆို။ အရှင်မင်းကြီး နှစ်သက်မှုကို မရနိုင်ဘူး ပြောခဲ့တယ်။ မင်းမြေးက ငါ့မြေးလေး တောင်းဆိုတာကို ငြင်းရင် မင်းတို့ မုအိမ်တော်က လူတွေက ငါ့မြေးလေးကို ကြောက်လို့ ဆိုပြီးတော့ ငါယူဆလိုက်မယ်”
 
***

အပိုင်း(၁၃၅)

ကုသမှုတစ်ခုတည်းနဲ့ နာမည် ကျော်ကြားလာခြင်း(၁)

"မင်း...."
မုချင်ချောင် အရမ်း ဒေါသထွက်နေတယ်။ သူ့မျက်လုံးက မီးတောက်တွေ ထွက်နေတဲ့ အတိုင်းပဲ။သူ ... မုဝူစွမ်းဘက်ကို လှည့်ပြီးတော့ မျက်နှာချင်းဆိုင် မရင်ဆိုင်ခင်မှာ သူ ခံစားချက်မဲ့စွာ လှောင်ပြောင် သရော်လိုက်တယ်။ ဒေါသထွက်စွာ အမိန့်ပေးလိုက်တယ်။
"မုဝူစွမ်း... သုံးစားမရတဲ့ ယွမ်မိသားစုက ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာပဲ။ သူတို့ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်ပါ။ ယွမ်လော့ဖုန်းမှာ ကိုယ်ပိုင်စွမ်းအား ရှိမယ်ဆိုတာ မယုံကြည်ဘူး။ ဝူစွမ်းကို အနိုင်ယူနိုင်မယ်လို့ မထင်ဘူး”
မုဝူစွမ်း စိတ်ကျေနပ် သွားပြီးတော့  သူမမျက်ခုံးကို အနည်းငယ် တွန့်ကွေး လိုက်တယ်။ သူမအကြည့်က ခန်းမဆောင် အလယ်မှာ ထိုင်နေတဲ့ အကြီးအကဲဘက်ကို ရွေ့လျားသွားတယ်။ သူမမျက်လုံးက ထူးခြားတဲ့ အလင်းရောင်နဲ့အတူ တဖျတ်ဖျတ် လက်နေတယ်။
ဒီအကြီးအကဲက ချင်မြစ်နားက သင်္ဘောပေါ်မှာ မူးလဲတဲ့ အဘိုးအိုပဲ။ ဒါပေမဲ့ သူခံစားနေရတဲ့ ရောဂါကို သူမအတိကျ စမ်းသပ်လို့ မရခဲ့ဘူး။ ယွမ်လော့ဖုန်းက... သူမရှေ့မှာ ထိုအဘိုးအိုကို ကယ်ဆယ်ပြီး ထိုအဘိုးအို သတိပြန်ဝင်လာတယ်။ ထိုကိစ္စကြောင့်လည်း မုဝူစွမ်း စိန်ခေါ်တာကို လက်ခံသင့်/ မသင့် ဆိုတာ တွေဝေ မိနေတာပေါ့။
"ဝူစွမ်း...”
မုချင်ချောင် ... သူ့မြေးလေး တွေဝေနေတာ သတိထားမိ နေခဲ့တယ်။  သူ... မုဝူစွမ်း အနားကို လျှောက်လှမ်း သွားတယ်။ သူ့မျက်လုံးက အမည်းရောင် အလင်းတန်းတွေကို ဖော်ပြနေတယ်။
"ယွမ်လော့ဖုန်း... စိန်ခေါ်တာကို လက်ခံလိုက်။ သူမနဲ့ ယှဉ်ပြိုင်ရင် ဝူစွမ်း မရှုံးဘူး ဆိုတာ အဘိုး ယုံကြည်တယ်။ တကယ်လို့ ဝူစွမ်း ရှုံးလည်း ငါတို့ မုမိသားစုပြစ်မှုတွေ သူ့လက်ထဲမှာ မရှိနိုင်ပါဘူး။ သူမက ငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူး”
မုချင်ချောင် စကားတွေက မုဝူစွမ်းကို ယုံကြည်မှုရှိအောင် ထောက်ပံ့ပေး နေသောကြောင့် သူမရဲ့ လှပတဲ့ မျက်ဝန်းတစ်စုံက အနည်းငယ် မြင့်တက်သွားပြီး ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
"ယွမ်လော့ဖုန်း.... နင်... ဒီယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်ခဲ့ရင် နင်.. ငါ့အစေခံ ဖြစ်လာပြီး နင် တစ်ဘဝလုံး ငါ့ကို ခစားစေရမယ်”
သူမ အိမ်ရှေ့စံမင်းသားကို မကြိုက်နှစ်သက် ခဲ့ဖူးလား။
ယွမ်လော့ဖုန်းက သူမကို စောင့်ကြည့်နေခဲ့တာ ဖြစ်ရမယ်။ အိမ်ရှေ့စံမင်းသားနဲ့ သူမက တစ်ယောက်နဲ့တစ်ယောက် ချစ်ခင် ကြင်နာခဲ့တာက ယွမ်လော့ဖုန်း နှလုံးသားကို ဓားနဲ့ထိုးနေသလို ခံစားရနေမှာပေါ့။ သူမဘဝက သေတာထက် ဆိုးတဲ့ဘဝ ရောက်နေရှာမှာပဲ။ သူတို့ရဲ့ ရန်သူက ပေးဆပ်ရ တန်ကြေးပဲ။ ယွမ်လော့ဖုန်း နာကျင်နေတဲ့ပုံစံကို မုဝူစွမ်း မြင်ဖူးတာကြောင့် သူမနှုတ်ခမ်းကို ပျော်ရွှင်စွာ တွန့်ကွေး လိုက်တယ်။
"ကောင်းပြီလေ”
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင် ခန္ဓာကိုယ်ကို မှီတွဲထားလိုက်တယ်။ သူမအနားမှာ မည်သူမှ မရှိတဲ့ ပုံစံနဲ့ပေါ့။ မုဝူစွမ်းကို ပျင်းရိစွာ ကြည့်လိုက်ပြီးတော့
"နင့်မှာ ငါ့ကို နင့်ကျွန်တစ်ယောက် အဖြစ် ခစားစေဖို့ အရည်အချင်း ရှိတယ်လို့ ပြောချင်တာပေါ့”
မုဝူစွမ်း လှောင်ပြောင် သရော်လိုက်တယ်။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ဇီဇာကြောင် မနေတော့ဘူး။
အေးတိအေးစက် ပြုံးပြီးတော့ မေးလိုက်တယ်။
"ယွမ်လော့ဖုန်း... နင်က ဒီလောင်ကစားကို အရင် စတင်ခဲ့တာ။ ဒီလောင်ကြေးအပေါ် မူတည်ပြီး ငါက ဘယ်လိုလုပ်ပြီးတော့ ဆုံးဖြတ်မလဲ။ ယွမ်လော့ဖုန်းလည်း မုဝူစွမ်းကို မျက်စောင်းထိုး ကြည့်လိုက်ပြီး သူမနှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်။
"ယှဉ်ပြိုင်တာပေါ့”
ယွမ်လော့ဖုန်း အလွယ်တကူ လှည့်စားလို့ ရတာကြောင့် မုဝူစွမ်း နှလုံးသားထဲမှာ ပျော်ရွှင်မှု ဖြစ်ပေါ်လာတယ်။ သူမအမြင်အာရုံက ဘေးနားမှာ တိတ်ဆိတ်စွာ ရပ်နေတဲ့ မိန်းမစိုးဘက်ကို လှည့်လိုက်တယ်။ သူမမျက်နှာ ကျက်သရေရှိတဲ့ အပြုံးလေး ဆင်မြန်းလိုက်တယ်။
"မိန်းမစိုးလင်း နန်းတော် ဝင်ရောက်ခဲ့တဲ့အချိန်က သင်းကွပ်ခံခဲ့ရတယ်။ သူ့စွမ်းဆောင်ရည်ကို ပြန်လည် ကောင်းမွန်အောင် ကုသပေးနိုင်တဲ့ အရည်အချင်းရှိရင် မုဝူစွမ်းဆိုတဲ့... ငါကအရှုံးကို လက်ခံလိုက်မယ်။ ငါတို့ သဘောတူထားတဲ့ အလောင်းအစားကို ဖြည့်ဆည်းပေးရုံသာ မဟုတ်ဘူး နင် လိုအပ်သလို ငါ့ကို အပြစ်ပေးဖို့ ခွင့်ပြုပေးမယ်”
မိန်းမစိုး တစ်ယောက် ဖြစ်ပြီးတဲ့ ယောက်ျား တစ်ယောက်ကို ထာဝရ ရှင်သန်သူ တစ်ယောက် အနားမှာ ရှိနေလည်း သူတို့ကို စွမ်းဆောင်ရည် ပြန်ရရှိအောင် ကုသပေးနိုင်မှာ မဟုတ်ဘူး။
ထိုကိစ္စက မဖြစ်နိုင်ဘူး ဆိုတာထက် ပိုနေတယ် ယွမ်လော့ဖုန်း။
ယွမ်လော့ဖုန်းလည်း မုဝူစွမ်းကို ပြုံးပြီး ကြည့်လိုက်တယ်။
"နင်နဲ့ငါ နှစ်ယောက်စလုံး မကုသနိုင်ဘူး ဆိုရင် အနိုင်ရရှိသူ မရှိဘူး ဖြစ်သွားမှာပေါ့"
မုဝူစွမ်း မဲ့ပြုံး ပြုံးလိုက်တယ်။
"ယွမ်လော့ဖုန်း... ငါနင့်ကို နားလည်စေချင်ခဲ့တာ။ နင့်ဆေးပညာ အရည်အချင်းနဲ့ဆိုရင် ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ နင် အခုချိန်မှာ အရှုံးကို လက်ခံလိုက်ရင် နင် မျက်နှာ မပျက်တော့ဘူးပေါ့။ နင် သေချာ စဉ်းစားကြည့်မယ် ဆိုရင်တော့  နင် တစ်ယောက်တည်းသာ နင့်သိက္ခာ နင်ချတာ ဖြစ်လိမ့်မယ်”
သူမအသံက သင်ခန်းစာ ပို့ချနေသလိုပဲ။ ယွမ်လော့ဖုန်းကို စာသင်ခိုင်း နေတယ်များ ထင်နေလား။
"ဒီပွဲမှာ ငါသိချင်တာက ငါတို့နှစ်ယောက်လုံး မကုသပေးနိုင်ရင် ရှုံးတယ်လူကို ဘယ်လို သတ်မှတ် ယူဆမလဲ”
ယွမ်လော့ဖုန်း မျက်ခုံးနှစ်ဖက်ကို မြှင့်တင်လိုက်ပြီး မုဝူစွမ်းရဲ့ ကျက်သရေရှိပြီး အေးချမ်းတဲ့ မျက်နှာကို ကြည့်လိုက်တယ်။ သူမနှုတ်ခမ်းထောင့်ကို ဆွဲဆောင်မှုရှိစွာ တွန့်ကွေးလိုက်တယ်။
 
***

Bạn đang đọc truyện trên: Truyen247.Pro